သဲလွန်စများ
Vol. 44 Ch. 432
ကျင်ဟွန်းယီကို သတ်ပြီးသည်နှင့် သံမဏိက အလောင်းကို လွှင့်ပစ်ပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
"အသက်ရှင်နေတဲကောင်တွေကို ဖမ်းထားလိုက်ဟေ့"
လမ်းပေါ်တွင်ကား လူအများကြီး ရှိမနေတော့။ ထွက်ပြေးနိုင်သူတို့မှာ ကနဦးကတည်းက ထွက်ပြေးသွားပြီ ဖြစ်သည်။ မထွက်ပြေးနိုင်သူတို့မှာကား မြေကြီးပေါ်တွင် တွားဝပ်ကား ငိုယိုငြီးတွားနေကြကုန်၏။
ကျူးဟုန်သည် ထိုလူများအား တယောက်ပြီးတယောက် ဖမ်းဆီးပြီး တွန်းလှည်းပေါ်သို့ ပစ်တင်လိုက်၏။ ၎င်းတို့ကား ခါတိုင်းကဲ့သို့ပင် စုချန်း၏ အစမ်းသပ်ခံများ ဖြစ်သွားကြပေလိမ့်မည်။
အကယ်၍ စုချန်းအနေနှင့် ကြည်လင်မြစ်မြို့တော်ရှိ ဒုစရိုက်အဖွဲ့များအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေရန် မလိုအပ်ပါက ကျင်ဟွန်းယီသည်လည်း ထိုအထဲမှ အစမ်းသပ်ခံတယောက် ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။ ပို၍ ကံကောင်းထောက်မပါက စုချန်း၏ တပည့်လက်သားတဦးပင် ဖြစ်သွားနိုင်သေးသည်။
ကံမကောင်းအကြောင်းမလှစွာပင် စုချန်း၏ အစီအစဉ်က ပြတ်သားလှသည်။ ထိုအစီအစဉ်အရ ကျင်ဟွန်းယီ မုချသေရပေလိမ့်မည်။
ထိုအချိန်တွင် ကျူးဟုန်သည် လမ်းပေါ်တွင် ဒဏ်ရာရနေသော ချီစွမ်းအားပညာရှင်တဦးအား မယူရန် ဟန်ပြင်လိုက်စဉ် သံမဏိက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မြန်မြန်ရှောင်စမ်း"
ကျူးဟုန် ရုတ်တရက်မို့ ဘာလုပ်ရမှန်းမသိပဲ ကြောင်အန်းအန်း ဖြစ်သွား၏။ သို့သော် သံမဏ်ိက လျင်မြန်စွာ ခုန်ဝင်လာပြီး ကျူးဟုန်အား ဘေးသို့ ထွန်းထုတ်လိုက်လေသည်။ ထိုအချိန်မှာပင် သူတို့ရှေ့ရှိ လူထံမှ အနက်ရောင်အရိပ်တရိပ် တိုးထွက်လာပြီး သံမဏိ၏ ရင်ဝသို့ တည့်တည့်မတ်မတ်ပင် ထိမှန်သွားလေသည်။
အုန်းခနဲ မြည်သံနှင့်အတူ သံမဏိ၏ လေလံလှသော ကိုယ်ခန္ဓာသည် နောက်ဘက်သို့ လွင့်စင်သွား၏။ သူ့ရင်ဝရှိ ဒဏ်ရာမှလည်း သွေးများ ယိုစီးကျလာလေသည်။
အလစ်ကြံသူသည် ထိုအခွင့်အရေးကို အမိအရ ရယူကာ ရှေ့သို့ ခုန်ထွက်လိုက်၏။ လရောင်အောက်တွင် ဓားရောင်များ ဖွေးခနဲ ဝင်းလက်သွားလေသည်။
သံမဏိကလည်း လက်သီးတလုံး ပစ်သွင်းလိုက်၏။ အနီရောင်အခိုးအငွေ့များသည် ချက်ချင်းဆိုသလို လက်သီးပုံသဏ္ဍာန်ဖြစ်ပေါ်လာပြီး အနီးအနားရှိ လေထုတခုလုံးကို တုန်ခါစေကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။
အလစ်ကြံသူသည် ထိုလက်သီးချက်ကိုတော့ ထိပ်တိုက်ရင်မဆိုင်ရဲချေ။ ရှောင်တိမ်းပေးလိုက်ရ၏။ ထို့ကြောင့် သူ့အနေနှင့် သံမဏိအား သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အနီရောင်အခိုးအငွေ့များက သံမဏိ၏ တကိုယ်လုံးအား ဖုံးအုပ်သွားခဲ့လေပြီ။
ထိုလူက ကောက်ကျစ်ယုတ်မာသော အသံဖြင့် ရယ်မောလိုက်၏။
"မင်းမှာ စွမ်းရည်တချို့တော့ ရှိနေပုံပဲ ဒါပေမဲ့ နောက်ဆုံးတော့ မင်း သေရမှာပါကွာ"
ထို့နောက် သူသည် အမှောင်ထုအတွင်းသို့ တိတ်ဆိတ်စွာ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် ကျူးဟုန်က အပြေးတပိုင်းနှင့် လှမ်းလာရင်း မေးလိုက်၏။
"သံမဏိ မင်း အဆင်ပြေရဲ့လား"
သံမဏိကား ပြန်မဖြေ။ သူ့ရှေ့ရှိ အမှောင်ထုကိုသာ စူးရှသော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေ၏။
ထိုအခိုက်မှာပင် သံမဏိက သွေးတချို့ကို ပွက်ခနဲ အန်ထုတ်လိုက်သည်။ သွေးထဲတွင် တစုံတရာသည် လူးလွန့်လှုပ်ရှားနေ၏။ ၎င်းကိုကြည့်ရင်း ကျူးဟုန် ကျောစိမ့်သွားလေသည်။
သံမဏိကား တဖြည်းဖြည်း အားလျော့လာခဲ့လေပြီ။
"ငါ့ကို သခင့်ဆီ အမြန်ပို့ပေး ဒဏ်ရာမှာ အဆိပ်ပါနေတယ်"
____________×××___________×××___________
စုအိမ်တော်အတွင်းတွင် ဖြစ်သည်။
ကျူးဟန်ကား စိုးရိမ်ပူပန်စွာ စောင့်စားလျက်ရှိ၏။
နောက်ဆုံးတွင်တော့ တံခါးသည် တကျွီကျွီနှင့် ပွင့်လာ၏။
အခန်းထဲမှာ စုချန်း ထွက်လာ၏။ သူ့လက်ထဲတွင်လည်း ပုလင်းငယ်တလုံးကို ကိုင်ထားလေသည်။ ပုလင်းထဲတွင်တော့ နီစွေးသော သွေးမျာနှင့် ပြည့်နှက်လျက်ရှိသည်။
ကျူးဟုန်က အနီးသို့ တိုးကပ်ရင်း မေးလိုက်သည်။
"သခင်လေး သံမဏိရဲ့ အခြေအနေ"
"သူ အဆင်ပြေပါတယ် နည်းနည်းအနားယူလိုက်ရင် ကောင်းသွားလိမ့်မယ်"
စုချန်းက ပြန်ဖြေလိုက်သည်။
"ဒါ ကျွန်တော်အသုံးမကျလို့ အစ်ကိုသံမဏိ ဒဏ်ရာရသွားတာ"
ကျူးဟုန်ကား အတော်ပင် စိတ်မကောင်းဖြစ်နေဟန် ရှိလေသည်။
"ဒါ မင်းအပြစ်မဟုတ်ပါဘူး မင်းမှ သိပ်အင်အားမကောင်းသေးတာ တကယ်တမ်း အပြစ်တင်ရမဲ့လူက ကျုပ်ပဲ မင်းနဲ့ မင်ချူးဟာ ကျုပ်နောက်ကို နှစ်ပေါင်းများစွာ လိုက်နေခဲ့တယ် ဒါပေမဲ့ မင်းတို့ကို ထိုက်သင့်တဲ့ အင်အားတိုးလာအောင် ကျုပ် မလုပ်ပေးခဲ့မိဘူး"
ကျူးဟုန်က ကပျာကယာ ဒူးထောက်ရင်း ပြောလိုက်သည်။
"သခင်လေးက ကျွန်တော်တို့ကို ဂရုစိုက်တာထက်တောင် ပိုနေပါပြီ ကျူးဟုန် ဒီလို မတွေးရဲပါဘူးခင်ဗျာ"
"ကောင်းပြီ ခုလောလောဆယ် ဒီအကြောင်းကို နောက်မှပြောကြမယ်"
စုချန်းက လက်တဖက်ကို ဝေ့ယမ်းရင်း ပြောလိုက်သည်။
"တကယ်တော့ မင်းတို့ရဲ့ အင်အားကို ဂရုမစိုက်ပဲ နေခဲ့မိတဲ့အတွက် ကျုပ်မှာ အကြောင်းရှိတယ် ပထမတချက်က ကျုပ်ရဲ့ သုတေသနဟာ အားရကျေနပ်ဖွယ် အခြေအနေကို မရောက်သေးလို့ပဲ ဒုတိယက မင်းတို့ဟာ ကျုပ်ရဲ့ မိသားစုဝင်တွေ ဖြစ်နေတယ် ဒါကြောင့် ကျုပ်က မင်းတို့ကို အန္တရာယ်တွေကြားထဲ ဆွဲမသွင်းချင်လို့ပဲ ဒါပေမဲ့ ကမ္ဘာလောကကြီးရဲ့ နေရာတိုင်းလိုလိုမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ် မင်းတို့ကို အမြဲတမ်း နောက်မှာနေစေတာဟာ နည်းလမ်းမဟုတ်ဘူးဆိုတာ ကျုပ် သဘောပေါက်လာပြီ ကံကောင်းတာက ကျုပ်လုပ်နေတဲ့ သုတေသနတွေဟာလည်း အတော်ကို တိုးတက်လာတယ် မင်းတို့ အရင်ထက် အင်အားကြီးမားရမဲ့ အချိန်ရောက်ပြီ"
စုချန်း၏ စကားကြောင့် ကျူးဟုန် အလွန် စိတ်လှုပ်ရှားသွား၏။ စုချန်းက စကားဆက်လိုက်ပြန်သည်။
"ဒီမတိုင်ခင်မှာတော့ မင်းအနေနဲ့ ကျုပ်ကိုလုပ်ပေးရမှာ တခုရှိတယ်"
"အမိန့်ရှိပါ သခင်လေး"
"ဂျီဟန်းယင်ကို သွားပြော သူရှာနေတဲ့သူကို ကျုပ် တွေ့ထားပြီးပြီလို့"
စုချန်းက သူ့လက်ထဲရှိ သွေးပုလင်းကို ဂရုတစိုက်နှင့် ကြည့်ရှုရင်း ပြောလိုက်လေသည်။
___________×××______________×××___________
စုအိမ်တော်၏ ပင်မခန်းမဆောင်တွင် ဖြစ်သည်။
"ဘာပြောတယ် ရှင် ဝိညာဉ်မျိုးစိ်တ်တကောင်ကို တွေ့နေပြီ ဟုတ်လား"
ဂျီဟန်းယင်က အံ့သြတကြီးနှင့် မေးလိုက်ခြင်းပင်။
စုချန်းက လဖက်ရည်ကို အေးအေးဆေးဆေး သောက်ရင်း ပြန်ဖြေလိုက်၏။
"အမှန်အတိုင်းပြောရရင် ဝိညာဉ်မျိုးစိတ်လို့ ယူဆရတဲ့ သဲလွန်စတချို့ တွေ့တာပါ"
"ဘာသဲလွန်စလဲရှင့်"
စုချန်းက သွေးပုလင်းကို ဂျီဟန်းယင်၏ ရှေ့တွင် ချပြလိုက်၏။
"ဒါက"
ဂျီဟန်းယင် နားမလည်နိုင်ပဲ ဖြစ်နေလေသည်။
"ဒါ သံမဏိရဲ့သွေးပဲ လူဆိုးအဖွဲ့ဝင်တချို့ ကျုပ်ဆိုင်ကို ပြသနာရှာတာနဲ့ သံမဏိနဲ့ တိုက်ခိုက်ကြတယ် အဲဒီထဲက တယောက်က သံမဏိကို အလစ်လုပ်ကြံလို့ သူ ဒဏ်ရာရသွားတယ် ကျုပ် သူ့ကို ကုသပေးလိုက်တော့ သူ့သွေးထဲမှာ ထူးခြားတဲ့ ပစ္စည်းတမျိုး ပါနေကြောင်း သိလိုက်ရတယ် ဒီပစ္စည်းဟာ အင်မတန် သေးငယ်တဲ့အတွက် သာမာန်မျက်လုံးနဲ့ မမြင်နိုင်ဘူး ဒါပေမဲ့ သူ့မှာ ထူးခြားတဲ့ အစွမ်းသတ္တိတွေ ရှိတယ် အရှင်းဆုံးပြောရရင်တော့ ဒီပစ္စည်းဟာ မူလစွမ်းအင်နည်းစနစ်တချို့နဲ့ ပေါင်းစပ်လိုက်ရင် ကျိန်စာတမျိုး ဖြစ်ပေါ်လာစေနိုင်တယ်"
"ကျိန်စာ ဟုတ်လား"
"ဟုတ်တယ်ဗျ ဒါမျိုးကို ကျုပ်အရင်က တွေ့ဖူးတယ် ဘယ်သူသုံးသွားတယ်ထင်သလဲ ခင်ဗျား မှန်းကြည့်လေ"
စုချန်းက ပြုံးစေ့စေ့နှင့် ပြောလိုက်၏။
"ဝေလျန်ချန်းမလား"
စုချန်း ခေါင်းညိတ်လိုက်၏။
"တိတိကျကျ ပြောရရင်တော့ ကျိန်စာကို ခံစားလိုက်ရတာက လောင်းရှောက်ယူပဲ ဝေလျန်ချန်း အသုံးပြုခဲ့တဲ့ ကျိန်စာမှာ ဒီပစ္စည်းပါနေတာ ကျုပ်ရှာတွေ့ခဲ့တယ် ဒါကြောင့် တစ္ဆေကျားအဖွဲ့ထဲက တယောက်ယောက်ကတော့ ဝိညာဉ်မျိုးစိတ်တွေရဲ့ ရုပ်သေးရုပ်ဖြစ်နေပြီလို့ ကျုပ်အတည်ပြုနိုင်တယ်"
ဂျီဟန်းယင် ဖြုန်းခနဲ မတ်တပ်ရပ်ပြီး မေးလိုက်သည်။
"တစ္ဆေကျားအဖွဲ့က အဲဒီလူ ခုဘယ်မှာလဲ"
"သူ့နောက်ကိုလိုက်ဖို့ အရိပ်အစေခံတွေကို ကျုပ်လွှတ်လိုက်ပါပြီ အဓိကမေးခွန်းက တိုက်ပွဲပြီးဆုံးတဲ့နောက် ကျုပ်တို့သူ့ကို သတိထားမိသွားပြီဆိုတာ သူ သိသွားပြီလားဆိုတာပဲ ဒါပေမဲ့ ကျုပ်ကတော့ သိပ်မထင်ဘူး ရုပ်သေးဆိုတာ ရုပ်သေးတွေပဲလေဗျာ"
ထိုအချိန်မှာပင် စုချန်းက စကားကို ဆုံးအောင်မပြောပဲ ပြုံးလိုက်သည်။
"သူ ပြန်လာပြီ"
စုချန်း၏ စကားအဆုံးတွင် လေထဲမှ လူတယောက် ပေါ်ပေါက်လာ၏။ အရိပ်အစေခံချန်းအာပေတည်း။
ချန်းအာက စုချန်းအား သတင်းပို့လိုက်သည်။
"ပစ်မှတ်ကို တွေ့ခဲ့ပါပြီ သခင် သူ့နာမည် ယုဝေလို့ ခေါ်ပါတယ် တစ္ဆေကျားအဖွဲ့ရဲ့ခေါင်းဆောင်ငယ်တွေထဲက တယောက်ပါပဲ သူ အခု တစ္ဆကျားအဖွဲ့မှာပဲ ရှိနေပါတယ် အစ်ကိုကြီးကွေ့နဲ့ ကျန်လူတွေ သူ့ကို မျက်စေ့ဒေါက်ထောက်ကြည့်နေကြပါတယ်"
"သူ ထွက်မပြေးဘူးပေါ့"
ဂျီဟန်းယင်က အံ့သြဟန်ဖြင့် ပြောလိုက်သည်။
"ကြည့်ရတာတော့ သူ့ဇစ်မြစ်ပေါ်သွားပြီဆိုတာ သူ မသိသေးဘူးနဲ့တူတယ် ပြီးတော့ ကြည်လင်မြစ်မြို့တော်မှာ လူဒီလောက်များရဲ့သားနဲ့ သာမာန်ဒုစရိုက်အဖွဲ့လေးက လူတယောက်ကို ဝိညာဉ်မျိုးစိတ်တွေ ထိန်းချုပ်ထားတာဟာ ထူးဆန်းတယ် မထင်ဘူးလား"
ဂျီဟန်းယင်က ပြန်ဖြေလိုက်သည်။
"ဝိညာဉ်မျိုးစိတ်တွေအနေနဲ့ လူတွေကို ထိန်းချုပ်ရာမှာ အကန့်အသတ်ရှိတယ် လူတိုင်းဟာ ထိန်းချုပ်ဖို့အတွက် မသင့်တော်ဘူးရှင့်"
"ဒါနဲ့ပဲ ကြည်လင်မြစ်မြို့တော်မှာ ဒီလူတယောက်ပဲ ထိန်းချုပ်ခံရဖို့ သင့်တော်တယ်လို့ ပြောလို့မရဘူးလေဗျာ"
"ဒီတော့ ရှင်ထင်တာက...."
"ဝိညာဉ်မျိုးစိတ်တွေမှာ တစ္ဆေကျားအဖွဲ့နဲ့ ပတ်သက်ပြီး အစီအစဉ်တချို့ ရှိနေလိမ့်မယ်လို့ ကျုပ်ထင်တယ်"
"ဘာအစီအစဉ်လဲရှင့်"
စုချန်းက ပြန်မဖြေပဲ ချန်းအာကို မေးလိုက်သည်။
"ခေါင်းဆောင်ငယ်တွေက ဘာလုပ်ရသလဲ"
"သူတို့ သိုလှောင်ရေးအိမ်တွေကို စောင့်ရှောက်ရပါတယ်သခင်"
"သိုလှောင်ရေးအိမ်တွေ ဟုတ်လား ဒီအတိုင်းဆိုရင်တော့ တစ္ဆေကျားအဖွဲ့မှာ ဝိညာဉ်မျိုးစိတ်တွေ လိုချင်တဲ့အရာ တခုခုတော့ ရှိနေပြီ"
"ရှင်ပြောတာ အဓိပ္ပါယ်ရှိတယ်"
"ဒါဆိုရင်တော့ မကောင်းတော့ဘူးဗျ သံမဏိက တစ္ဆေကျားအဖွဲ့ခေါင်းဆောင်ကို သတ်လိုက်တဲ့အတွက် သူတို့အဖွဲ့ထဲမှာ အတော်ကို ရှုပ်ရှက်ခတ်နေတယ် ဒီအချိန်ဟာ သူတို့ လိုချင်တဲ့အရာကို လုယူဖို့ အကောင်းဆုံးအချိန်ပဲ"
ထိုစကားကို ကြားသည်နှင့် ဂျီဟန်းယင်က အလျင်စလိုပင် ပြောလိုက်သည်။
"ဒါဆိုရင် ဘာကိုစောင့်နေတာလဲ ကျွန်မတို့ တစ္ဆေကျားအဖွဲ့ဆီ ခုချက်ချင်း သွားရအောင်"