ရှာဖွေတွေ့ရှိခြင်း
Vol. 44 Ch. 433
တစ္ဆေကျားအဖွဲ့၏ သိုလှောင်အိမ်အတွင်းတွင် ဖြစ်သည်။
ယုဝေသည် ကန့်သတ်ချက်များအား ဂရုတစိုက်နှင့် ပယ်ဖျက်နေ၏။ မူလပုံစံငွေပြားမှ တောက်ပသော အလင်းရောင်များ ပေါ်ထွက်နေလေသည်။
ဒီရေတက်သည့်ပမာ အလင်းရောင်များ ကျယ်ပြန့်လာသည်နှင့်အမျှ သိုလှောင်အိမ်၏ လျှို့ဝှက်တံခါးသည် ငြင်သာစွာ ပွင့်လာ၏။
ယုဝေ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားဟန်ပေါ်လာသည်။
တစ္ဆေကျားအဖွဲ့၏ ပင်မသိုလှောင်အိမ်သည် အစောင့်အကျပ် အလွန်များသော နေရာဖြစ်သည်။ ယုဝေအနေနှင့် သိုလှောင်အိမ်စောင့်ရှောက်သူ ဖြစ်သည့်တိုင် အထဲမှ ပစ္စည်းများကို ဆန္ဒရှိသလို ယူငင်၍ မရပေ။ အတိအကျ ပြောရလျင် သူသည် ပြင်ပလုံခြုံရေးကိုသာ တာဝန်ယူရသူ ဖြစ်သည်။ အထဲရှိ ရတနာများကိုကား ကျင်ဟွန်းယီတယောက်သာ ကြည့်ရှုခွင့် ရှိ၏။
ကျင်ဟွန်းယီ အသတ်ခံလိုက်ရပြီး နောက်ပိုင်းတွင်ကား အရာအားလုံးသည် ကပ်ကြီးဆိုက်သကဲ့သို့ပင်။ ဒုတိယတန်းခေါင်းဆောင်များသည် ခေါင်းဆောင်ကြီးနေရာအတွက် အချင်းချင်း ပြန်လည်တိုက်ခိုက်ကြကုန်၏။ ထိုခေါင်းဆောင်များသည် တယောက်နှင့်တယောက်လည်း အဆင့်ချင်းမကွာလှရာ မည်သူ့ကိုမည်သူကမှ အနိုင်မယူနိုင်ပဲ ပင်မခန်းမဆောင်အတွင်းတွင် ယခုတိုင် တိုက်ခိုက်လျက်ရှိကြ၏။
ဤအခြေအနေတွင် ယုဝေအတွက် အကွက်ဆိုက်လာခြင်းပင်တည်း။
တံခါးပွင့်လာသည်နှင့် ယုဝေသည် သိုလှောင်ခန်းအတွင်းသို့ စွပ်ခနဲ ဝင်ချသွား၏။
အခန်းထဲ၌ ရွှေ၊ငွေနှင့် မည်သည့် ကျောက်သံပတ္တမြားမှ မရှိပေ။ မူလကိရိယာတချို့သာ ရှိနေ၏။ မည်သို့ဆိုစေ ၎င်းကိရိယာများသည် ချီစွမ်းအားပညာရှင်များအတွက် တန်ဖိုးကြီးသော အရာများပင်။
ထို့ပြင် အခန်းထဲ၌ မူလကိရိယာများအပြင် တန်ဖိုးကြီး ကျင့်ကြံခြင်းဆိုင်ရာ ပါဝင်ပစ္စည်းတချို့နှင့် အခြားပစ္စည်းများ ရှိနေ၏။ ဥပမာအားဖြင့် မူလစွမ်းအင်ဆေးဝါးများသည် ကျင့်ကြံရမည့်အချိန်ကို တိုတောင်းစေပြီး တန်ဖိုးကြီးပါဝင်ပစ္စည်းများကတော့ဘတစုံတဦးကို အင်အားကြီးမားလာစေရန် အထောက်အကူပြုနိုင်လေသည်။
သို့သော် ယုဝေကား ထိုပစ္စည်းများကို အနည်းငယ်မျှ စိတ်မဝင်စား။
သူက နံရံဘေးတဖက်ရှိ သစ်သားစားပွဲခုံဆီသို့လျှောက်သွားပြီး အံဆွဲအတွင်းမှ အနက်ရောက်သလင်းစက်လုံးငယ်ကို ဂရုတစိုက်နှင့် ဆွဲထုတ်လိုက်သည်။
"နောက်ဆုံးတော့ အမှောင်သလင်းက ငါ့လက်ထဲ ရောက်လာပြီ"
ယုဝေ ဝမ်းသာအားရနှင့် ဟစ်ကြွေးလိုက်သည်။ ထို့နောက် သူက အမှောင်သလင်းကို သိမ်းဆည်းပြီး အခန်းထဲမှ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်သည်။ ထိုအချိန်မှာပင် သူ့လက်ထဲတွင် ဓားမြောင်တလက်ပေါ်ပေါက်လာ၏။ သူက ဓားမြောင်ကို သူ့ရှေ့ရှိ အမှောင်ထုအတွင်းသို့ ပစ်လွှတ်လိုက်လေသည်။
ရွှီခနဲ မြည်သံနှင့်အတူ လေထဲတွင် သွေးများ ရဲခနဲ ဖြစ်သွားပြီး လူရိပ်တရိပ် ဒယိမ်းဒယိုင်နှင့် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွား၏။ ဒုတိယမြောက်အရိပ်အစေခံ ဖန်းပေတည်း။ သူ့ရင်ဘတ်တွင်ကား ရှည်လျားနက်ရှိုင်းသော ဒဏ်ရာကြီးတခု တွေ့ရှိရ၏။ အရှောင်သာမမြန်ပါက ယုဝေ၏ ဓားချက်ကြောင့် သူ့ကိုယ်မှာ ထက်ပိုင်းပြတ်သွားလောက်သည်။ ယခုလည်း ဒဏ်ရာက မသေးလှ။ ဖန်းက ရင်ဘတ်ကို လက်ဝါးဖြင့်ဖိကာ မေးလိုက်သည်။
"မင်း...မင်း ဘယ်လိုလုပ် သိသွားတာလဲ"
အရိပ်အစေခံတယောက်၏ ဖုံးကွယ်ထားမှုကို တဖက်လူ သိသွားသည်မှာ ဤတကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်နေသည် မဟုတ်ပါလား။
ယုဝေက မနှစ်မြို့ဟန်ဖြင့် ပြောလိုက်သည်။
"မင်းဆရာက သင်မပေးထားဘူးလား မင်းရဲ့ အပူချိန် နှလုံးခုန်သံ ခြေလှမ်း ဒါတွေက မင်းရှိနေတာကို ပြောပြနေသလိုပဲ ဖုံးကွယ်ခြင်းနည်းစနစ်မှာ သက်ဆိုင်ရာစွမ်းရည်တွေကို ပေါင်းစပ်မထားဘူးဆိုရင် အမှောင်ထဲမှာ ဖယောင်းတိုင်ထွန်းထားသလိုပဲကွ"
စကားဆုံးသည်နှင့် သူက ကျယ်လောင်စွာ အော်ဟစ်ပြီး ချာခနဲလှည့်ကာ ဓားမြောင်ကို လှုပ်ရှားလိုက်ပြန်သည်။
ရွှီခနဲမြည်သံနှင့်အတူ နောက်ထပ်လူတယောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြန်၏။ ကွေ့တာရှန်းပေတည်း။
ကွေ့တာရှန်းကား တောင်ပေါ်ဓားပြအဖွဲ့ခေါင်းဆောင်ဖြစ်၍ အတော်အသင့် အင်အားကြီးမားသည့်တိုင် ယုဝေ၏ ရှေ့တွင် ကြက်ကလေး ငှက်ကလေးတကောင်လို ခံလိုက်ရ၏။ ကြိုတင်ပြင်ဆင်ထားသဖြင့်သာ ဒဏ်ရာမရလိုက်ခြင်း ဖြစ်သည်။ ထိုအခါ ကွေ့တာရှန်းက ယုဝေကို ထိတ်လန့်တကြားနှင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းဟာ ချီစုဆောင်းခြင်းနယ်ပယ်ပဲ ရှိသေးတာကို"
ယုဝေ ခေါင်းမော့ကာ အားရပါးရ ရယ်မောလိုက်၏။
"ဟား ဟား ဟား မင်းတို့သခင်ကော သူကိုယ်တိုင်က သွေးဆူပွက်ခြင်းနယ်ပယ်မှာပဲ ရှိနေသားနဲ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တွေကို အနိုင်မရဖူးဘူးလား ဘာလဲ ဒါမျိုးကို မင်းတို့သခင်တယောက်ပဲ လုပ်နိုင်မယ် ထင်ထားတာလား"
"ဒီတော့ မင်းက ငါတို့ ဘယ်သူတွေမှန်း သိထားပြီးသားပေါ့"
စတုတ္တမြောက် အရိပ်အစေခံဖြစ်သူ လီက ဝင်မေးလိုက်ခြင်း ဖြစ်သည်။
"မင်းတို့သခင်က မူလဗျူရိုအကြီးအကဲစုမလား ဒါ လျှို့ဝှက်ချက်မှ မဟုတ်တာပဲကွ"
"သခင်က မင်းကို စောင့်နေတာကြာပြီ ဒါပေမဲ့ မင်းကတော့ တခါမှ ပေါ်မလာခဲ့ဘူး"
ပဉ္စမမြောက်အရိပ်အစေခံဖြစ်သူ ကျင်းက ပြောလိုက်ခြင်း ဖြစ်သည်။ ဖုံးကွယ်ခြင်းနည်းစနစ်သည် ရန်သူအား မလှည့်စားနိုင်သည့်နောက်တွင်တော့ သူတို့အနေနှင့် ထပ်၍ ဖုံးကွယ်ထားရန် မလိုအပ်တော့။
"ကံကြမ္မာသေတ္တာကက ပွင့်သွားခဲ့ပြီးပြီ စိတ်ဝိညာဉ်စွမ်းအင်တွေကလည်း နေရာအနှံ့ကို ရောက်သွားခဲ့ပြီ ငါက ဘာဖြစ်လို့ ပြန်လာရမှာလဲ တကယ်တော့ ငါပြန်လာမယ်လို့ ပြောခဲ့တာကလည်း သူ ငါ့ကို လိုက်မရှာအောင် လှည့်စားလိုက်တာပဲကွ ဒါပေမဲ့ နောက်ဆုံးတော့ သူ ငါ့ကို ရှာတွေ့သွားသေးတာပဲ"
ကွေ့တာရှန်းက အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။
"တကယ်တော့ ငါတို့က မင်းကို လိုက်ရှာနေတာမဟုတ်ဘူး မင်းက ကိုယ့်သေမင်းကို လိုက်ရှာနေတာပဲကွ အရင်ကိစ္စတွေက ရှင်းပြီးပြီဖြစ်လို့ သခင့်အနေနဲ့ မင်းကို တကူးတက လိုက်ရှာနေမှာ မဟုတ်ဘူး ဒါပေမဲ့ ခုကျတော့ မင်းက သံမဏိကို ဒဏ်ရရအောင် လုပ်လိုက်တယ် ဒီအတွက် သခင်က မင်းကို အလွယ်တကူ လွှတ်ပေးမယ် ထင်သလား"
"သံမဏိဆိုတဲ့ကောင်က အစေခံသက်သက်ပဲဟာ စုချန်းသာ အစေခံလိုချင်ရင် ငါက အများကြီး ပို့ပေးနိုင်တယ်"
ယုဝေက ပြန်ပြောလိုက်သည်။
ယုဝေကား ရုပ်သေးရုပ်မျှသာ ဖြစ်သော်လည်း လေသံက မြင့်လှ၏။
ဖန်းက ရက်စက်ကြမ်းကြုတ်သော လေသံနှင့် ဝင်ပြောလိုက်သည်။
"အဲဒီအစေခံအတွက် ထိုက်သင့်တဲ့ အဖိုးအခကို မင်း ဒီနေရာမှာပဲ ပေးချေရလိမ့်မယ်"
"မင်းတို့ကောင်တွေလောက်နဲ့ ဒါမျိုးပြောရဲသလား"
ယုဝေကား ကွေ့တာရှန်းနှင့် ကျန်လူများကို အနည်းငယ်မျှပင် ဂရုစိုက်ဟန်မတူ။
ယုဝေက စကားဆက်လိုက်ပြန်သည်။
"မင်းတို့အမှိုက်လေးကောင် အပိုတွေလုပ်ပြီး ငါ့ရှေ့မှာ ဟန်ဆောင်မနေစမ်းပါနဲ့ကွ မသေချင်ဘူးဆိုရင် ဒီက ထွက်သွားကြ မင်းတို့ အသာတကြည် ထွက်သွားရင်ဒီထဲက ပစ္စည်းတွေ အကုန်လုံးဟာ မင်းတို့အတွက်ပဲ"
ယခင်ကသာဆိုရင် ဤစကားမျိုးအား ကွေ့တာရှန်းတို့ကို ပြောနေစရာပင် မလိုချေ။ သို့သော် စုချန်းနောက်မှ နှစ်အတော်ကြာအောင် လိုက်ပါပြီးနောက် သူတို့အားလုံး ပြောင်းလဲသွားခဲ့လေပြီ။ သူတို့အနေနှင့် စုချန်းကို ဘယ်တော့မှ သစ္စာဖောက်တော့မည် မဟုတ်။
ယုဝေ၏ စကားကြောင့် ထွက်ပေါ်လာသော ရလဒ်မှာကား သူတို့အားလုံး လက်နက်အသီးသီးကို ဆွဲထုတ်လိုက်ကြခြင်းပင်တည်း။
"မင်းတို့ သေဖို့သာပြင်ပေတော့"
ယုဝေ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပေါ်ပေါက်လာ၏။ တချိန်တည်းမှာပင် သူက လက်ထဲရှိ အနက်ရောင်ဓားမြောင်ကို ဝေ့ယမ်းလိုက်ရာ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
သူကား ချီစုဆောင်းခြင်းနယ်ပယ်တွင်သာ ရှိနေသေးလေရာ သူ့သွေးဗီဇစွမ်းအင်မှာ ကွေ့တာရှန်းနှင့် ကျန်လူများထက် နိမ့်ပါးနေ၏။ သို့သော် ဓားမြောင်မှ ထွက်ပေါ်လာသော အငွေ့အသက်များကတော့ တကယ်ပင် ကြောက်စရာကောင်းလှသည်။
ကွေ့တာရှန်း၏ အာရုံထဲတွင် အေးစက်သော အငွေ့အသက်တချို့ကို ခံစားလိုက်ရသည်။ သူက ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ သို့သော် သူ၏ လှုပ်ရှားမှုက မဆိုစလောက် နှေးကွေးသွားဟန်တူသည်။ သူ စတင်လှုပ်ရှားရန် ဟန်ပြင်လိုက်သည်နှင့် ဓားချက်က သူ့ထံသို့ ကျရောက်လာခဲ့ချေပြီတည်း။
"အစ်ကိုကြီး သတိထား"
ဒုတိယအရိပ်အစေခံ ဖန်းက ကျယ်လောင်စွာ အော်ဟစ်သတိပေးပြီး ကွေ့တာရှန်းအား ဘေးသို့ တွန်းထုတ်ကယ်ဆယ်လိုက်ရ၏။ သူကိုယ်တိုင်လည်း ဓားချက်မထိအောင် ကြိုးစားရှောင်တိမ်းလိုက်ရလေသည်။
ဖန်းက ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
"သတိထားကြဟေ့ ဒီကောင်ဟာ ကျုပ်တို့ရဲ့ တုံ့ပြန်မှုကို နှေးကွေးသွားစေတဲ့ ဝိညာဉ်ကျောက်ရုပ်ပြောင်းလဲခြင်းနည်းစနစ်ကို တတ်ကျွမ်းထားတယ် ခုနက ကျုပ် အဲဒါကြောင့် ခံလိုက်ရတာပဲ"
ယုဝေ အော်ဟစ်ရယ်မောလိုက်သည်။
"သတိထားရုံနဲ့ မင်းတို့က ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပြီလို့ ထင်တယ်ပေါ့"
စကားဆုံးသည်နှင့် သူက သူ့လက်ထဲရှိ အနက်ရောင်ဓားမြောင်ကို ဝေ့ယမ်းလိုက်ပြန်သည်။ ဤတကြိမ်တွင်တော့ သူ့ဓားချက်က ပဉ္စမအရိပ်အစေခံကျင်းထံသို့ ဦးတည်နေ၏။
ယုဝေ ပြောခဲ့သလိုပင် ကျင်းအနေနှင့် အတတ်နိုင်ဆုံး ပြင်ဆင်ထားသော်လည်း တကယ်တမ်း တိုက်ခိုက်ခံရချိန်တွင်တော့ မည်သို့မှ ရှောင်နိုင်စွမ်းမရှိပဲ ဖြစ်နေ၏။ စတုတ္တအရိပ်အစေခံလီက ကြိုးစားကယ်ဆယ်လိုက်ရ၏။
သို့သော် လီမှာကား အန္တရာယ်စက်ဝိုင်းအတွင်းသို့ တည့်တည့်မတ်မတ်ပင် ကျရောက်သွားလေသည်။ လီကိုတော့ ကွေ့တာရှန်းက ဝင်ကယ်လိုက်ရ၏။
ဤသို့ဖြင့် ကွေ့တာရှန်းတို့ဘက်မှ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်နှင့် ချီစုဆောင်းခြင်းနယ်ပယ်ပညာရှင်နှစ်ယောက် ပေါင်း ၄ယောက် ဖြစ်သော်လည်း ယုဝေတယောက်ကိုပင် မနိုင်ပဲ အသက်လုတိုက်ခိုက်နေရသော အခြေအနေသို့ ကျရောက်သွားတော့သည်။ ယုဝေအပေါ် သူတို့ အထင်သေးခဲ့သမျှ မှားချေပြီတကား။
ထိုစဉ် ယုဝေက ပြောလိုက်သည်။
"မင်းတို့ကောင်တွေ ငါ့ပြိုင်ဘက်မဟုတ်တာ သိသာနေပြီ ဒါတောင် အားတင်းတိုက်နေသေးတယ်ဆိုတော့ စစ်ကူစောင့်နေတာပေါ့ ဟုတ်လား ဒီအတိုင်းဆိုရင် မင်းတို့ကို အမြန်ဆုံး ရှင်းပစ်မှ ရတော့မယ် မင်းတို့ မြန်မြန်သေလေ ငါ့အတွက် ပြသနာအေးလေပဲပေါ့ကွာ"
စကားဆုံးသည်နှင့် ယုဝေက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ လေထဲတွင် ဆေးမင်စာလုံးပေါင်းများစွာ ပေါ်ပေါက်လာ၏။ တဖန် သူက ထိုလက်ကိုပင် ကြမ်းပြင်နှင့် ထိလိုက်ရာ ကြမ်းပြင်ပေါ်မှ မရေမတွက်နိုင်သော အနက်ရောင်အခိုးအငွေ့များစွာ ထွက်ပေါ်လာ၏။
တချိန်က လောင်းမျိုးနွယ်စုအား တဦးတည်းရင်ဆိုင်ခဲ့သည့် ဝေလျန်ချန်း အသုံးပြုခဲ့သော နည်းစနစ်ပေတည်း။
ထိုနေ့က မြင်ကွင်းကို အရိပ်အစေခံများလည်း ကောင်းကောင်းမှတ်မိလေသည်။
ကြမ်းပြင်ပေါ်မှ ထွက်လာသော အနက်ရောင်အခိုးအငွေ့များကို မြင်သည်နှင့် ဖန်းက ထိတ်လန့်တကြားနှင့် ထအော်လိုက်သည်။
"ဂရုစိုက် အားလုံး နောက်ဆုတ်မယ်"
ထိုအချိန်မှာပင် မြူခိုးများအတွင်းမှ ငိုကြွေးမြည်တမ်းသံများ စတင်ထွက်ပေါ်လာ၏။