ပိတ်ဆို့ခြင်း
Vol. 44 Ch. 434
အနက်ရောင်အခိုးအငွေ့များအတွင်း၌ မရေမတွက်နိုင်သော ဝိညာဉ်များ ရှိနေသကဲ့သို့ အော်ဟစ်သံများ၊ ငိုကြွေးငြီးငြူသံများ အဆက်မပြတ် ကြားနေရ၏။
"မြူခိုးတွေထဲမှာ တခုခုရှိနေတယ်"
ကျင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မီးခိုးငွေ့များအကြားမှ ထူးခြားသော အခြေအနေကို ပထမဆုံး သတိထားမိသူမှာလည်း ကျင်းပင် ဖြစ်သည်။
အဆိုပါ တည်ရှိမှုများသည် ဖော်ပြရန် ခက်ခဲ၏။ မျက်စေ့နှင့် မမြင်နိုင်သလို လက်နှင့် ထိတွေ၍လည်း မရပေ။ သို့သော် သူတို့အား ဒုက္ခပေးနိုင်သည်ကတော့ အမှန်ပင်။ တစုံတရာသည် သူ့အား အရှင်လတ်လတ် ဝါးစားတော့မည့်ကဲ့သို့ ကျင်း ခံစားနေရ၏။ ထိုအခါ သူ့အနေနှင့် ဓားကို ရေပက်မဝင်အောင် ဝေ့ယမ်းထားရန်သာ တတ်နိုင်တော့သည်။ သို့တိုင်အောင် သူ့လက်တဖက်သည် စတင်ပုပ်သိုးလာကြောင်း ကျင်း မြင်တွေ့လိုက်ရ၏။
"အားလုံး ချက်ချင်း နောက်ဆုတ်ကြစမ်းဟေ့"
ကွေ့တာရှန်းက အော်ဟစ်သတိပေးလိုက်သည်။
"မင်းတို့ ခုချိန်ထိ ထွက်ပြေးလို့ရမယ် ထင်နေသေးတာလား"
မီးခိုးများအကြားမှ ယုဝေ၏ အသံ ထွက်ပေါ်လာ၏။
"တစ္ဆေမီးခိုးက ကောင်းကောင်းကြီး ပျံ့နှံ့သွားပြီ မင်းတို့ ငြိမ်ငြိမ်လေးထိုင်ပြီး သူတို့အစားခံလိုက်တာ ပိုကောင်းမယ်ကွ"
သူ့စကားဆုံးသည်နှင့် အေးစိမ့်သော အရှိန်အဝါတခု၏ ြခိမ်းခြောက်မှုမှာ ပို၍ ထင်သာမြင်သာ ရှိလာ၏။
ထိုအခါကျမှ သူတို့ ပြေးစရာမြေမရှိတော့မှန်း ကွေ့တာရှန်းတို့လေးယောက် သဘောပေါက်လိုက်သည်။ မီးခိုးများသည် နှောင်ကြိုးများပမာ သူတို့အား တင်းကျပ်စွာ ရစ်ဖွဲ့ထားခဲ့လေပြီ။
မျက်စေ့နှင့် မမြင်နိုင်သောအရာများ၏ ကိုက်ခဲခြင်းသည် ပို၍ ပြင်းထန်လာ၏။ ကျင်း နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူက ဓားကို သွေးရူးသွေးတန်းနှင့် ဝေ့ယမ်းပြီး ကျန်လက်တဖက်နှင့် သံချပ်ကာဖောက်ထွင်းရေးဆူးချွန်၊ မီးလျံလက်သီးတို့ကို တဆက်တည်း ဖော်ထုတ်လိုက်၏။ သို့သော် ကျင်း၏ တိုက်ခိုက်မှုများသည် အဟောသိကံသာ ဖြစ်သွားရလေသည်။ သို့သော် သူသည် အန္တရာယ်ကို သိမြင်နိုင်သည့် မသိစိတ်အရ အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်အပါအဝင် တတ်ကျွမ်းထားသမျှ မူလစွမ်းရည်များကို ဆက်တိုက်လိုပင် ဖော်ထုတ်မိနေတော့သည်။
အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်ကို ဖော်ထုတ်မိသည်နှင့် သူ့ပတ်ဝန်းကျင်တခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားကြောင်း ကျင်း တွေ့ရှိလိုက်ရသည်။ သူ့အား အဆက်မပြတ် ကိုက်ခဲနေသည့် အရာများပါ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ကျင်း ခံစားရနေသည့် တခုတည်းသော ခံစားမှုမှာ အဆုံးအစမရှိသော တိတ်ဆိတ်ခြင်းသာ ဖြစ်လေတော့သည်။
"ဒါ...ဒါ"
မည်သည့် တိုက်ခိုက်မှုမှ ထပ်မံ ထွက်ပေါ်မလာတော့၍ ကျင်း အံ့သြသွား၏။
အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်သည် ဤနေရာတွင် အလုပ်ဖြစ်နေရော့သလား။
ထို့နောက် ကျင်းက ကျယ်လောင်သော အသံနှင့် ထအော်လိုက်၏။
"အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်ကိုသုံး ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားကြ ဒီကောင်တွေနဲ့ဆိုရင် ဒီနည်းစနစ်က အလုပ်ဖြစ်တယ်ဗျ"
ကျင်း၏ အော်ဟစ်သံကို ကြားသည်နှင့် ကွေ့တာရှန်းနှင့် ကျန်လူများကလည်း အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်ကို အသီးသီး ဖော်ထုတ်လိုက်ကြရာ သူတို့အား တိုက်ခိုက်နေသည့်အရာများ ပျောက်ကွယ်သွားကြ၏။ ကျယ်လောင်သော အော်ဟစ်သံများကိုတော့ ဆက်လက်ကြားနေရလေသည်။
"အိုး"
ယုဝေထံမှ အာမေဋိတ်သံ ထွက်ပေါ်လာ၏။
"လက်စသတ်တော့ ဒီနည်းစနစ်က ကျုပ်ရဲ့ တစ္ဆေတွေ မတွေ့အောင် ဖုံးကွယ်ထားနိုင်တာကိုး ဒီအတိုင်းဆိုင်ရင် မင်းတို့ကို ကျုပ် သတ်လို့မရတော့ဘူးပေါ့ စိတ်ပျက်စရာပါပဲကွာ"
တကယ်တော့ ယုဝေ စိတ်မရှည်တော့ခြင်း ဖြစ်သည်။ အချိန် ထပ်ကြာသွား၍ စုချန်းသာ ရောက်လာပါက သူ့အတွက် အခြေအနေ မကောင်းနိုင်မှန်း သူ သဘောပေါက်ထားသည် မဟုတ်ပါလား။
အထက်ပါအတိုင်း တွေးမိသည်နှင့် ဤနေရာမှ ချက်ချင်းထွက်ခွာရန် ယုဝေ ဆုံးဖြတ်လိုက်သည်။ အရိပ်အစေခံများအား သတ်ဖြတ်ရန် စိတ်ကူးကို သူ လက်လွှတ်လိုက်ပေပြီ။
သို့ရာတွင် ယုဝေကား မထင်မှတ်ပဲ အမှားတခု ကျူးလွန်မိခဲ့လေပြီ။ ဘာမှ မပြောပဲ ကနဦးကတည်းကသာ ထွက်ခွာသွားပါက ယုဝေအား တားဆီးရန် ကွေ့တာရှန်းတို့ မည်သို့မှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။ ယခုတော့ နောက်ကျသွားလေပြီ။ ယုဝေသာ ယခုအချိန်တွင် ထွက်ပြေးရန် ကြိုးစားပါက ကွေ့တာရှန်းတို့က အသေအလဲ တားဆီးပေတော့မည်။
တကယ်တော့ ၎င်းမှာ လူသဘာဝသာ ဖြစ်သည်။ လူဟူသည်မှာ ကိုယ်က ဦးဆောင်နေချိန်တွင် လက်လျော့မည့်အကြောင်းကို မည်သူမှ တွေးတောလေ့မရှိကြပေ။
ယုဝေ လစ်ပြေးရန်ဟန်ပြင်နေသည်ကို မြင်သည်နှင့် ကွေ့တာရှန်းက ကြုံးဝါးလိုက်သည်။
"ငါ့ ညီအစ်ကိုတွေကို ဒဏ်ရာရစေပြီးမှ အလွယ်တကူ ထွက်ပြေးလို့ရမယ်လို့ မင်း ထင်နေတယ်ပေါ့ စဉ်းတောင်မစဉ်စားနဲ့ကွ မင်းအနေနဲ့ ဒီမှာ ဆက်နေတာ ပိုကောင်းလိမ့်မယ်"
ထို့နောက် သူက သူ့လက်ထဲရှိ ရှစ်မြောင့်တူကြီးနှင့် ယုဝေကို ထုချလိုက်၏။
ယုဝေ၏ ဓားမြောင်ထံမှလည်း အနက်ရောင်အလင်းတန်းများထွက်ပေါ်လာပြီး တူကြီးအား ထိမှန်သွားကာ မီးပွင့်မီးဖွားများ ဖွာခနဲ ပေါ်ထွက်လာ၏။ ယုဝေကိုယ်တိုင်လည်း နောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်ပေးလိုက်ရလေသည်။
နောက်ဆုံးတွင်တော့ ယုဝေသည် ချီစုဆောင်းခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်လေရာ သူ့အင်အားကလည်း ထိုမျှသာ ရှိလေသည်။ အင်အားစစ်စစ်ချင်းသာ ယှဉ်စတမ်းဆိုပါက သူ့အနေနှင့် ကွေ့တာရှန်းထက် နိမ့်လေသည်။
"ခွေးမသား သေချင်လို့"
ယုဝေ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူက ကွေ့တာရှန်းကို စိုက်ကြည့်လိုက်ရာ ကွေ့တာရှန်းမှာ ကျောက်ရုပ်ပမာ ဖြစ်သွားလေသည်။ ထိုအချိန်မှာပင် ယုဝေ၏ ဓားမြောင်က ကွေ့တာရှန်း၏ ကိုယ်ထဲသို့ စိုက်ဝင်သွား၏။ အနက်ရောင်မြူခိုးများ၏ ပိုင်းခြားထားမှုကြောင့် ကျန်လူများမှာ ကွေ့တာရှန်းအား ကယ်ဆယ်နိုင်စွမ်းမရှိပဲ လက်ပိုက်ကြည့်နေရသော အခြေအနေသို့ ဆိုက်ရောက်သွားလေသည်။
"အစ်ကိုကြီး"
ကျန်အရိပ်အစေခံများသည် ကျယ်လောင်စွာ အော်ဟစ်ပြီး ရှေ့သို့ တဟုန်ထိုး ခုန်ထွက်လိုက်ကြ၏။
ယုဝေက ဓားမြောင်ကို ဆွဲနှုတ်ပြီး နောက်ကို လျင်မြန်စွာ ဆုတ်လိုက်သည်။ တဆက်တည်းမှာပင် ကွေ့တာရှန်းကို ကန်ထုတ်လိုက်ရာ ကွေ့တာရှန်း၏ ကိုယ်ခန္ဓာသည် ကြိုးပြတ်သွားသည့် စွန်ပမာ နောက်သို့ လွင့်စင်သွားတော့သည်။
ကျန်အရိပ်အစေခံသုံးယောက်မှာလည်း ကွေ့တာရှန်းအား ဆီးဖမ်းပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်ကြ၏။ ထိုအချိန်မှာပင် ယုဝေက ရှေ့သို့ တဟုန်ထိုး ခုန်ဝင်လာပြန်သည်။
ဤတကြိမ်တွင်တော့ ယုဝေက ထွက်ပြေးရန် ကြိုးစားခြင်း မဟုတ်ပေ။ သူ့ဖက်က အသာစီးရလိုက်ပြီ ဖြစ်လေရာ ထွက်မပြေးခင် တလက်စတည်း ကျန်အရိပ်အစေခံသုံးယောက်ကိုပါ ရှင်းပစ်ရန် ကြိုးစားလာခြင်း ဖြစ်သည်။
တစ္ဆေမီးခိုး၏ လွှမ်းမိုးမှုအောက်ဝယ် ကွေ့တာရှန်းတို့သုံးယောက်မှာ နောက်သို့ ခက်ခက်ခဲခဲပင် ဆုတ်လိုက်ရ၏။ ထိုအချိန်မှာပင် ယုဝေ၏ နောက်ထပ်ဓားချက်က ဝင်လာပြန်သည်။
ဤတြကိမ် သူ့ဓားချက်က လီထံသို့ ဦးတည်နေ၏။ ဝိညာဉ်ကျောက်ရုပ်ပြောင်းလဲခြင်းနည်းစနစ်ကြောင့် ယုဝေ၏ ဓားချက်ကို လီမရှောင်နိုင်ရှာ။ ဓားက သူ့ ရင်ဘတ်ကို ဖြတ်တောက်သွားလေသည်။
ယုဝေ အားရပါးရ ရယ်မောပြီး ဓားမြောင်ကို နောက်တကြိမ် ဝေ့ယမ်းလိုက်သည်။ သို့သော် ဘာကြောင့်မှန်းမသိပဲ ဓားမြောင်မှာ လှုပ်ရှားမရပဲ ဖြစ်နေ၏။ ယုဝေ ထိတ်လန့်သွားလေသည်။ ထိုအခါကျမှ လီသည် သူ့ဓားမြောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြောင်း ယုဝေ တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် ဖန်းနှင့်ကျင်းတို့သည် ယုဝေအား ဘေးတဖက်တချက်စီမှ ဝင်ရောက်တိုက်ခိုက်လိုက်လေသည်။
"အား"
ယုဝေ၏ အူသည်းလှိုက်သည်း အော်သံကြီး ထွက်ပေါ်လာ၏။
တကယ်တော့ သူသည် ထူးခြားသည့်မူလစွမ်းရည်တချို့ကို တတ်ကျွမ်းထားသော်လည်း ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်မျှသာ ဖြစ်သည်။ သူ့ခံနိုင်ရည်မှာလည်း သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်များထက် နိမ့်ကျနေ၏။ ထို့ကြောင့် ကျင်းနှင့်ဖန်း၏ တိုက်ခိုက်မှုသည် သူ့အား ပြင်းထန်သော ဒဏ်ရာကို ရသွားစေတော့သည်။
ယုဝေ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွား၏ သူကား သေရမည်ကို မကြောက်။ သခင်ပေးအပ်လိုက်သည့်တာဝန် မအောင်မြင်မည်ကိုသာ ကြောက်သည်။ သူသာ သေဆုံးသွားပါက သူ့တာဝန်မှာလည်း မည်သို့မျှ မအောင်မြင်နိုင်တော့ချေ။
ထိုအခါ သူက ဓားမြောင်ကို လက်လွှတ်လိုက်ပြီး နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်သည်။ မဖြစ်မနေ ထွက်ပြေးရန် ယုဝေ ဆုံးဖြတ်လိုက်လေပြီ။
သို့သော် တဖက်မှ ကွေ့တာရှန်းတို့ကလည်း သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးလေပြီ။ ယုတ်စွအဆုံး အပြင်းထန်ဆုံး ဒဏ်ရာများ ရရှိထားသည့် လီနှင့် ကွေ့တာရှန်းတို့သည်ပင် ၎င်းတို့ဒဏ်ရာများကို အမှုမထားပဲ ရှေ့သို့ခုန်ဝင်လာကာ ယုဝေအား ဝိုင်းပတ်ပိတ်ဆို့ထားလိုက်ကြလေသည်။
"ခွေးမသားတွေ"
ယုဝေ ဒေါသတကြီးနှင့် ဆဲဆိုလိုက်သည်။
သူ့အတွက် အချိန် သိပ်မကျန်တော့မှန်း ယုဝေ သဘောပေါက်လိုက်သည်။ ထိုအခါ သူက ရက်စက်ကြမ်းကြုတ်သော လေသံနှင့် ပြောလိုက်၏။
"မင်းတို့ သိပ်သေချင်နေတယ်ဆိုရင်လဲ ဒီမှာပဲ အားလုံးအတူတူ သေကြတာပေါ့ကွာ"
စကားဆုံးသည်နှင့် သူက ချောင်းတချက်ဟန့်ပြီး သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်၏။ အဆိုပါ သွေးများသည် အနက်ရောင်မြူခိုးများနှင့် ပေါင်းစပ်သွားပြီး အနီရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားလေသည်။ မြူခိုးများအတွင်း၌ကား ပုံစံမျိုးစုံရှိသည့် သတ္တဝါများ လူးလွန့်လှုပ်ရှားနေလေ၏။ အဆိုပါ သတ္တဝါများသည် ပုံသဏ္ဍာန်အားဖြင့် ဖော်ပြရန် ခဲယဉ်းလှပြီး စက္ကန်ပိုင်းအတွင်း ပုံစံမျိုးစုံ ပြောင်းလဲလျက်ရှိလေသည်။
ဤတကြိမ်တွင်တော့ ကွေ့တာရှန်းတို့၏ အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်မှာ အလုပ်ဖြစ်ပုံမပေါ်တော့။ အဆိုပါသတ္တဝါများကား ကွေ့တာရှန်းတို့ထံသို့ တဟုန်ထိုး ဦးတည်လာခဲ့လေပြီ။
တိုက်ပွဲ၏ ချိန်ခွင်လျှာကား ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကွေ့တာရှန်းတို့ဘက်မှ အခြေအနေ မလှတော့။
သို့တိုင်အောင် ယုဝေကား သူ့စိတ်ကူးကို မစွန့်လွှတ်သေးပေ။ ချက်ချင်းပင် ဆုတ်ခွာရန် ဟန်ပြင်လိုက်၏။
ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ လူရိပ်နှစ်ရိပ် ပေါ်ပေါက်လာ၏။
အခြေအနေ မကောင်းတော့မှန်း ယုဝေ ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုအခါ သူက အမြန်နှုန်းကို အပြည့်အဝထုတ်ကာ စတင်ထွက်ပြေးတော့သည်။
"သခင် ဒီကောင် ထွက်ပြေးသွားပြီ သူ့ဆီမှာ တခုခု ပါသွားတယ်"
ကွေ့တာရှန်းက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။
"ခင်ဗျား သူ့နောက်လိုက် ကျုပ်က သူတို့တို့ ကယ်လိုက်မယ်"
စုချန်းက တာဝန်ခွဲလိုက်သည်။
"ရတယ်လေ"
ဂျီဟန်းယင်ကလည်း ချက်ချင်းပင် သဘောတူလိုက်သည်။ သူမ၏ အပြင်းပြဆုံး ဆန္ဒကလည်း ယုဝေအား ဖမ်းဆီးရန်ပင် မဟုတ်ပါလား။
ထို့နောက် စုချန်းသည် လက်တဖက်ကို ဝေ့ယမ်းပြီး မီးတောက်မီးလျံများကို ဖော်ထုတ်လိုက်၏။
တဟုန်းဟုန်းတောက်လောင်နေသော မီးလျံများ၏ အပူရှိန်ကိုတော့ ယုဝေ၏ သတ္တဝါများ ခံနိုင်ပုံမရ။ ချက်ချင်းလိုလိုပင် ပြာကျကုန်ကြလေသည်။