← Chapters

အကျပ်ကိုင်ခြင်းနှင့် ပရိယာယ်

Vol. 44 Ch. 435

အကျပ်ကိုင်ခြင်းနှင့် ပရိယာယ်

Vol. 44 Ch. 435

ပြင်းပြင်းထန်ထန် တိုက်ခတ်နေသော လေသည် ပြာမှုန်များအား သယ်ဆောင်သွား၏။ နောက်ဆုံးတွင်တော့ ကွေ့တာရှန်းနှင့် ကျန်နှစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့လေသည်။

လီမှာကား အသက်ဆုံးရှုံးသွားရရှာ၏။

လီမှာ ယုဝေ၏ ဓားဒဏ်ရာကြောင့် သေဆုံးသွားခြင်းမဟုတ်။ ယုဝေ ဖန်တီးလိုက်သည့် သတ္တဝါများ၏ ကိုက်ခဲမှုကြောင့် သေဆုံးသွားရခြင်း ဖြစ်သည်။ စုချန်း၏ လက်ချက်ကြောင့် အဆိုပါ သတ္တဝါများ ပြာကျသွားချိန်တွင် လီ၏ ကိုယ်ခန္ဓာမှာလည်း တဝက်မျှသာ ကျန်ရစ်တော့သည်။

ထိုမြင်ကွင်းကို ကြည့်ပြီး စုချန်း၏ ရင်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရရှာသည်။

အကယ်၍ လီ၏ စွမ်းအင်အဆင့်အတန်းသာ ဤထက် အနည်းငယ် ပိုမြင့်နေပါက သေလိမ့်မည်မဟုတ်။ ၎င်းတို့ စွမ်းအင်အဆင့်အတန်း မြင့်မားလာစေရန် စုချန်းအနေနှင့် အလွယ်တကူ ကူညီနိုင်သော်လည်း လစ်လျှုရှုခဲ့မိချေသည်တကား။

"လီကတော့ သေသွားရှာပြီ ဒါကြောင့် လီရမဲ့ ဆုလဘ်တွေကို မင်းတို့အားလုံး ခွဲဝေခံစားရမယ် သိုလှောင်ရုံထဲက ပစ္စည်းတွေမှန်သမျှကို သိမ်းယူကြ ဒါတွေကိုသုံးပြီး မင်းတို့ရဲ့ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းကို မြှင့်တင်ရမယ်"

စုချန်းသည် ကွေ့တာရှန်းတို့သုံးဦးအား ဒဏ်ရာသက်သာပျောက်ကင်းစေသည့် ဆေးများ တိုက်ကျွေးရင်း ပြောလိုက်သည်။

သိုလှောင်အိမ်အတွင်းရှိ ပစ္စည်းများအားလုံးကို သူတို့ ပိုင်ဆိုင်သွားကြပြီ ဆိုပါကလား...

ကွေ့တာရှန်းတို့သုံးဦး မျက်လုံးပြူးသွား၏။

"သခင်"

"စကားမရှည်တော့နဲ့ ယူစရာရှိတာ မြန်မြန်ယူကြ ဒါမှ မင်းတို့ ကျုပ်အတွက် အလုပ်ကောင်းကောင်း လုပ်ပေးနိုင်မှာပေါ့"

စုချန်းက ခံစားချက်မရှိသည့် လေသံနှင့် ပြောလိုက်သည်။

ကွေ့တာရှန်းတို့သုံးဦးမှာ ထခုန်မိမတတ် ဝမ်းသာကုန်ကြလေသည်။

အပြင်ဘက်တွင်တော့ ဂျီဟန်းယင်က ယုဝေအား ဖမ်းဆီးရမိထားလေပြီ။ သို့သော် ယုဝေကား အနည်းငယ်မျှ ကြောက်ဟန်မတူ။ သူက စုချန်းကို စူးရဲသော မျက်လုံးအစုံနှင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။

"စုချန်း မင်းဟာ တယောက်တည်းနဲ့ အလုပ်တွေအများကြီး လုပ်နေတာပဲကွ"

"ခင်ဗျားလည်း ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ခရီးအတော်နှံ့နေပုံရတယ်"

စုချန်းက ယုဝေ၏ ဝတ်ရုံအတွင်းမှ အနက်ရောင်သလင်းကို ဆွဲထုတ်ပြီး ပြောလိုက်သည်။ ၎င်းကို မြင်သည်နှင့် ဂျီဟန်းယင်က မျက်မှောင်ကုတ်လိုက်၏။

"ဒီအထဲမှာ အတော်လေး အင်အားကြီးတဲ့ အမှောင်အင်အားစုတမျိုး ရှိနေသလိုပဲရှင့်"

"ကျုပ်ကတော့ ဒါကြီးဟာ သက်ရှိအမှောင်အမျိုးအစားကြားခံပစ္စည်းတမျိုးလို့ ထင်နေတယ်ဗျ"

ဂျီဟန်းယင် ဘာမှ ထပ်မပြောတော့။ တကယ်တမ်း သူမ၏ အာရုံသည်လည်း ထိုပစ္စည်းအပေါ်တွင် မရှိလှပေ။

သူမက ယုဝေ၏ ဆံပင်များကို နောက်လှန်ဆွဲပြီး တင်းမာပြတ်သားသော လေသံနှင့် မေးလိုက်ပြန်၏။

"ရှင့်သခင် ဘယ်မှာလဲ"

ယုဝေ အားရပါးရ ရယ်မောလိုက်၏။

"ငါ့သခင်က ဝိညာဉ်မျိုးစိတ်မှန်း မင်းတို့ သိနေရဲ့သားနဲ့ ခြိမ်းခြောက်ပြီး မေးနေရသလားကွာ"

"မှန်တယ် မင်းတို့ ရုပ်သေးရုပ်တွေဟာ သေရမှာကို မကြောက်တတ်ဘူး ဒါနဲ့ပဲ မင်းဆီက ကျုပ်လိုချင်တဲ့ အဖြေကို မရတော့ဘူးလို့ မထင်နဲ့ကွ"

ပြောပြောဆိုဆို စုချန်းက ယုဝေ၏ နဖူးပေါ်တွင် သူ့လက်ကို တင်လိုက်၏။

"ကျုပ်မှာ မှတ်ညဏ်တွေကို ပြန်ရှာနိုင်တဲ့ နည်းလမ်းတမျိုး ရှိတယ် ဒီတော့ ကျုပ်လိုချင်တဲ့ အဖြေကို ကျုပ်ဟာကျုပ် ရှာယူနိုင်တယ်ကွ"

"မလုပ်နဲ့"

ယုဝေ ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။

ထိုအချိန်မှာပင် ပတ်ဝန်းကျင်တခုလုံး အနက်ရောင်မြူခိုးများ ယှက်သန်းလာပြီး တစုံတရာကို ဝါးစားနေသကဲ့သို့ အသံများ ထွက်ပေါ်လာ၏။

"ဘယ်သူလဲကွ"

စုချန်းက စူးရှသော အသံနှင့် အော်ဟစ်မေးမြန်းလိုက်သည်။

ဖြေသံအစား မည်သည့်နေရာမှ ပေါ်ထွက်လာမှန်း ခွဲခြားရန်ခက်ခဲ့သည့် ထူးဆန်းသော ရယ်သံတမျိုးသာ ပတ်ဝန်းကျင်တခုလုံးကို ရိုက်ခတ်လာ၏။

ဂျီဟန်းယင်လည်း တုံ့ဆိုင်းနေသည်မဟုတ်။ နှင်းခါးရေခဲလက်ဝါးကို ဖော်ထုတ်လိုက်ရာ ပတ်ဝန်းကျင်တခုလုံး နှင်းမှုန်များနှင့် ပြည့်နှက်သွားပြီး ကြောက်စရာကောင်းလှသော အအေးဓာတ်က လူတိုင်းကို ရိုက်ခတ်လာလေသည်။ သို့သော် ရယ်သံမှာ ပျောက်မသွားသည့်အပြင် ပို၍ပင် ကျယ်လောင်လာ၏။

ထိုအချိန်မှာပင် စုချန်းကလည်း မီးလျံသိမ်းငှက်ကို ဖော်ထုတ်တိုက်ခိုက်လိုက်လေသည်။ မီးနှင့် ရေခဲ၏ ပေါင်းစပ်မှုမှာကား ပြင်းထန်လှပေရာ အနက်ရောင်မြူခိုးများ တဖြည်းဖြည်း လွင့်စင်ပပျောက်သွား၏။

သူတို့အနေနှင့် လက်ရှိအချိန်တွင် ယုဝေအား ဂရုမစိုက်နိုင်တော့။

ထိုအချိန်မှာပင် လျှို့ဝှက်သော အသံတသံက ယုဝေ၏ အကြားအာရုံအတွင်းသို့ တိုးဝင်လာ၏။

"မင်း ထွက်မပြေးပဲ ဘာလုပ်နေတာလဲ ပစ္စည်းကို ငါ့ဆီလာပေးတော့"

စကားသံအဆုံးမှာပင် အနက်ရောင်သလင်းသည် ယုဝေ၏ လက်ထဲသို့ ပျံဝဲရောက်ရှိလာ၏။ ယုဝေ ထိတ်လန့်တကြား ထအော်လိုက်သည်။

"သခင်"

ယုဝေ နောက်လှည့်မကြည့်ပဲ အားသွန်ခွန်စိုက် ပြေးလေပြီ။ လက်ရှိအချိန်မှာ သူ့တာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်ရမည့်အချိန်မှန်း ယုဝေ သဘောပေါက်လိုက်ပေပြီ။

ယုဝေ မရပ်မနား ပြေးနေ၏။ ဘဝတသက်တာတွင် အမြန်ဆုံး အပြေးနှုန်းဟု ယုဝေ ခံစားနေရလေသည်။ မျက်စေ့တမှိတ်အတွင်းမှာပင် သူသည် ကြည်လင်မြစ်မြို့တော်အပြင်ဘက်သို့ရောက်လာပြီး အနီးအနားရှိ တောင်ကုန်းငယ်တကုန်းသို့ ရောက်လာ၏။

တောင်ကုန်းငယ်သို့ရောက်သည်နှင့် ယုဝေက အထဲသို့ ပြေးဝင်လိုက်သည်။ သို့သော် ပြေးနေရင်းနှင့်ပင် တစုံတခု မှားယွင်းနေသကဲ့သို့ ယုဝေ ခံစားလာရ၏။ ဤနေရာသည် သူရင်းနှီးဖူးသော နေရာနှင့် မတူပဲ ဖြစ်နေခြင်းပင်။

သွားပြီ။ သူ အလိမ်ခံလိုက်ရပြီမှန်း ယုဝေ သဘောပေါက်လိုက်ပေပြီ။

"မဟုတ်ဘူး"

ယုဝေ အူသည်းလှိုက်သည်း အော်ဟစ်လိုက်၏။

ထိုသို့ အော်ဟစ်ပြီးသည်နှင့် သူ ကနဦး မြင်တွေ့နေသည့် မြင်ကွင်းသို့ ရုတ်ချည်းပျောက်ကွယ်သွားပြီး သူသည် လူတယောက်ရှေ့တွင် ဒူးထောက်လျက်သား ရှိနေကြောင်း ယုဝေ သိလိုက်ရသည်။ ထိုလူမှာ စုချန်းပေတည်း။

စုချန်းက ပြောလိုက်သည်။

"ကျုပ်ပြောသားပဲ ကျုပ် သိချင်တဲ့အရာကို အချိန်မရွေး သိအောင်လုပ်လို့ ရပါတယ်လို့"

ထို့နောက် သူက ယုဝေ၏ နဖူးပေါ်တွင် တင်ထားသော သူ့လက်ကို ရုတ်သိမ်းရင်း ဂျီဟန်းယင်အား လှမ်းပြောလိုက်၏။

"ဝိညာဉ်မျိုးစိတ်ဝင်ဟာ တောင်ဘက်အရပ်က တောင်ကုန်းငယ်မှာ ရှိနေတယ် ဒါပေမဲ့ ကျုပ်က အဲဒီဒေသကို သိပ်ပြီးအကျွမ်းမဝင်လေတော့ ပုံရိပ်ယောင်ဖန်တီးတဲ့နေရာမှာ မတူဘူး ဖြစ်သွားတယ် ဒါကြောင့် ဒီကောင် သိသွားတာပဲ"

"ဒီလောက်ဆိုရင်ကို လုံလောက်ပါပြီရှင်"

ဂျီဟန်းယင်က ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာပင် ယုဝေသည် စုချန်းအား မုန်းတီးစွာ စိုက်ကြည့်ပြီး နေရာမှ ခုန်ထကာ ဝါးလုံးထိုး ပြေးဝင်လာ၏။ စုချန်းကလည်း ချက်ချင်းပင် ယုဝေ၏ ဦးခေါင်းကို လက်ဝါးဖြင့်် ရိုက်ချလိုက်သည်။

ယုဝေခမျာ အသံပင် မထွက်နိုင်ပဲ အသက်ပျောက်သွားရှာသည်။

ယုဝေကား ဝိညာဉ်မျိုးစိတ်၏ အစေခံ ဖြစ်လေရာ မည်သို့မှ ကယ်၍မရတော့။ သေခြင်းသည်သာ သူ့အတွက် တခုတည်းသော လွတ်မြောက်ရာလမ်း ဖြစ်သည်။

ထိုအချိန်တွင် တစ္ဆေကျားအဖွဲ့သားများသည် စုချန်းတို့၏ ရုပ်ရုပ်သဲသဲ ဖြစ်နေပုံကို စတင်သတိထားမိသွားပြီ ဖြစ်သည်။ ထိုအခါ စုချန်းက ပြောလိုက်၏။

"ကဲ ပြသနာမဖြစ်ခင် ကျုပ်တို့ သွားကြရအောင်"

ထို့နောက် သူတို့အုပ်စုသည် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြ၏။ မထွက်ခွာခင် ကွေ့တာရှန်းက သိုလှောင်အိမ်အတွင်းမှ ပစ္စည်းများကို တခုမကျန် ယူခဲ့ရုံမက သိုလှောင်ရုံကိုပါ မီးရှို့ပစ်ခဲ့လေသည်။

သိပ်မကြာမီ တစ္ဆေကျားအဖွဲ့ခေါင်းဆောင် အသတ်ခံရသည့်သတင်းနှင့် သိုလှောင်အိမ် ဓားပြအတိုက်ခံရသည့်သတင်းက တမြို့လုံးကို တောမီးပမာ ပျံ့နှံ့သွားလေသည်။

တချိန်တည်းမှာပင် နောက်ထပ် ထူးဆန်းသောဟသတင်းတပုဒ် ထပ်မံပေါ်ထွက်လာပြန်၏။ ထိုသတင်းမှာ တစ္ဆေကျားအဖွဲ့၏ ခေါင်းဆောင်နေရာအား ကြည်လင်ခြင်းအဖွဲ့ခေါင်းဆောင် ဝန်ဝေစင်းက ရယူလိုက်သည် ဟူ၏။ တစ္ဆေကျားအဖွဲ့မှ လက်ထောက်ခေါင်းဆောင်များ အချင်းချင်းတိုက်ခိုက်နေကြစဉ် ဝန်ဝေစင်းက ၎င်းတို့အား ထိန်းသိမ်းပြီး တစ္ဆေကျားအဖွဲ့အား သိမ်းပိုက်လိုက်ခြင်းပင်။ ထို့ကြောင့် တစ္ဆေကျားအဖွဲ့၏ ပိုင်နက်နယ်မြေများအားလုံးမှာ ဝန်ဝေစင်းလက်ထဲသို့ ကျရောက်သွားတော့သည်။

တခြားလူဆိုးအဖွဲ့များအနေနှင့် ထိုသတင်းကို ကြားလိုက်သည့်အချိန်တွင် များစွာ နောက်ကျသွားခဲ့လေပြီ။ သူတို့ ရောက်သွားသည့်အချိန်တွင် တစ္ဆေကျားအဖွဲ့အိမ်တော်တွင် ကြည်လင်ခြင်းအဖွဲ့၏ အလံတော်ပင် လွှင့်ထူလျက်ရှိချေပြီ။

ကြည်လင်ခြင်းအဖွဲ့၏ ထိုလုပ်ရပ်ကို မကျေနပ်သော သဘောထားတင်းမာသူတချို့သည် ဝန်ဝေစင်းအား တိုက်ခိုက်ရန်ပင် ကြံစည်လာကြ၏။ ၎င်းတို့အား ဝန်ဝေစင်းကလည်း ခပ်မာမာပင် ပြန်လည်တုံ့ပြန်ခဲ့လေသည်။ ဤသို့နှင့် ကြည်လင်မြို့တော်တခုလုံးသည် ကသောင်းကနင်းနှင့် မငြိမ်မသက် ဖြစ်နေတော့သည်။

တကယ်တော့ ထိုအဖွဲ့များ အားလုံးလိုလိုသည် တော်ဝင်မျိုူးနွယ်စုများအား ကျောထောက်နောက်ခံပြုထားကြသည့် အဖွဲ့များချည်းသာ ဖြစ်သည်။ သူတို့အချင်းချင်း ပြသနာတက်နေသည့်အခါ တော်ဝင်မျိုးနွယ်စုများအဖို့ အလိုအလျောက် အားနည်းသွားသည်နှင့် အတူတူသာ။

အထက်ပါအတိုင်း ကြည်လင်မြစ်မြို့တော်တခွင်လုံးသည် ရှုပ်ရှက်ခတ်နေသောကြောင့် ဂျီဟန်းယင်နှင့် စုချန်းတို့ လူတချို့ကိုခေါ်ကာ မြို့တော်မှ ထွက်ခွာသွားသည်ကို မည်သူမှ သတိမထားမိတော့ချေ။

All Chapters