← Chapters

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၁

Vol. 44 Ch. 436

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၁

Vol. 44 Ch. 436

ကြည်လင်မြစ်မြို့တော်၏ တောင်ဘက်အရပ်ရှိ တောင်ကုန်းတွင် ဖြစ်သည်။

စုချန်းက ကျောက်တုံးကျောက်ဆောင် ထူထပ်လှသည့် တောင်တက်လမ်းကို ညွှန်ပြရင်း ပြောလိုက်သည်။

"ယုဝေဟာ အဲဒီလမ်းကြောင်းအတိုင်း သွားဖို့ ရွေးခဲ့တာပဲ ဒါပေမဲ့ ဒီနေရာကို ကျုပ်မသိတော့ ပုံရိပ်ယောင်ဖန်တီးရတာလဲ မတူပဲ ဖြစ်သွားတယ် ဒါကြောင့် ယုဝေ အဆုံးထိ ဆက်မသွားခဲ့ဘူး ကျုပ်အနေနဲ့လည်း ဒီနေရာကစပြီး အသေးစိတ် မပြောပြနိုင်တော့ဘူး"

"ဒီလောက်ဆိုရင်ပဲ အတော်ကို လုံလောက်နေပါပြီရှင် ကျန်တာ ကျွန်မရဲ့လူတွေ ဆက်လုပ်ကြပါစေ"

ပြောပြောဆိုဆို ဂျီဟန်းယင်က သူမနောက်ရှိလူများအား ခေါင်းတချက်ဆတ်ပြလိုက်လေရာ စုံစမ်းစစ်ဆေးရေးဗျူရိုဝတ်စုံ ဝင်ဆင်ထားသည့် ကင်းထောက်သူတချို့သည် စုချန်းညွှန်ပြသည့်လမ်းအတိုင်း ဝင်သွားကြလေသည်။

ဂျီဟန်းယင်သည် ဤခရီးတွင် သူမနှင့်အတူ ချီစွမ်းအားပညာရှင် ၁၂ယောက်တိတိ ခေါ်လာခဲ့၏။ အရေအတွက်အားဖြင့် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း တဦးချင်းစီ၏ စွမ်းရည်မှာကား မညံ့လှပေ။ သူတို့အထဲမှ အင်အားအနည်းဆုံးလူသည်ပင် ချီစုဆောင်းခြင်းနယ်ပယ်တွင် ရှိနေ၏။

ထို့ပြင် သူတို့အားလုံးလိုလိုသည် ထောက်လှမ်းရေးနည်းစနစ်များကို အထူးပင် ကျွမ်းကျင်သူများဖြစ်ပြီး လူတယောက်ကို လိုက်ရှာရာတွင် အတွေ့အကြုံရင့်ကျက်ကြသူများပင်တည်း။

သိပ်မကြာမီ လူ၁၂ဦးသည် လမ်းကြောင်းအသီးသီးခွဲကာ ပျောက်ကွယ်သွားကြ၏။ လက်ရှိတွင် သူတို့အတွက် လုပ်စရာဟူ၍ စောင့်ဆိုင်းရန်သာ ရှိတော့သည်။

တကယ်တမ်းတွင်တော့ သူတို့ ထိုနေရာတွင် သုံးရက်တိုင်တိုင် စောင့်ဆိုင်းနေခဲ့ရ၏။

သုံးရက်ကြာပြီးနောက်တွင်တော့ သံသယဖြစ်ဖွယ် တစုံတရာကို ရှာဖွေ့တွေ့ရှိခဲ့ဟန်ဖြင့် လူတဦး ပြန်ရောက်လာ၏။ ထိုသူ၏ စကားအရ တောင်အတွင်းပိုင်းတနေရာတွင် စပျစ်နွယ်များဖြင့် ဖုံးလွှမ်းနေသည့် လှိုဏ်ဂူတဂူ ရှိနေကြောင်း သူတို့ သိလိုက်ရလေသည်။

"ဒီစပျစ်နွယ်တွေဟာ သဘာဝအလျောက် ပေါက်ရောက်နေတာမျိုး မဟုတ်ပဲ ပြုပြင်ဖန်တီးထားတာကို တွေ့ရတယ် အနီးအနားမှာရဲ့ လူ့မစင်တွေ တွေ့ရတယ် ဂူရှေ့မှာလဲ ခြေရာတွေ အများကြီးပဲဗျ လောလောဆယ်တော့ ဒီဂူဟာ သံသယဖြစ်စရာ အကောင်းဆုံးပဲ"

ထိုလူငယ်က အနီးရှိ သစ်ပင်ပေါ်မှနေ၍ လှိုဏ်ဂူရှိရာသို့ ညွှန်ပြရင်း ဂျီဟန်းယင်ကို သတင်းပို့လိုက်သည်။

ဂျီဟန်းယင်၏ မျက်နှာပေါ်တွင် နှစ်သိမ့်ကျေနပ်ဟန်များ ပေါ်လာသည်။

"သိပ်ကောင်းတယ်အပြာရောင်လေး မင်းရဲ့ ညီအစ်ကိုတွေကို ခေါ်ပြီး အဲဒီ လှိုဏ်ဂူရဲ့ ပတ်ပတ်လည်ကို ဂရုတစိုက်နဲ့ ထပ်စစ်ဆေးကြည့်စမ်းပါအုံး တခြား ဝင်ပေါက် ထွက်ပေါက်တွေများ ရှိနေသလားပေါ့ တိတ်တဆိတ်တော့ရှိပါစေ ကျွန်မတို့အနေနဲ့ မြွေကို ခြောက်လှန့်မထုတ်ချင်သေးဘူး"

တချိန်တည်းမှာပင် ဂျီဟန်းယင်သည် စစ်ကူတောင်းခံရန် စတင်ပြင်ဆင်တော့သည်။

ဝိညာဉ်မျိုးစိတ်သာ အမှန်တကယ် ရှိနေပါက သူတို့အနေနှင့် ရင်ဆိုင်ရန် အတော်လေး ခက်ခဲသည့် အနေအထားပင်။ စုချန်းနှင့် ဂျီဟန်းယင်ကိုယ်တိုင်ပင် ဤပြသနာကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်မထားချေ။

ထို့ပြင် အန်းစီယွမ်ကိုယ်တိုင်လည်း ဤတောင်ကုန်းတဝိုက်တွင် ဝိညာဉ်မျိုးစိတ်များ ရှိနေသည်ဟု ကြားကတည်းက တပ်ကူများ စေလွှတ်ရုံတင်မက သူကိုယ်တိုင်ပင် လာရောက်မည်ဟု အကြောင်းကြားထားခဲ့၏။ ဤပြသနာမှာ လူသားနှင့် တခြားမျိုးစိတ်များအကြား ပြသနာဖြစ်နေ၍ အန်းစီယွမ်အနေနှင့် အနည်းငယ်မျှ လစ်လျူမထားရဲ။ ဤပြသနာမျိုးကို လစ်လျုရှုခြင်းသည် နိုင်ငံတော်သစ္စာဖောက်မှု မည်နေသည် မဟုတ်ပါလား။

သိပ်မကြာမီ တောင်ကုန်းအစပ်ရှိ တောအုပ်အတွင်းဝယ် အန်းစီယွမ်၊ လုချိန်ကွမ်းနှင့် စုချန်း၊ ဂျီဟန်းယင်တို့ တွေ့ဆုံမိကြလေသည်။ သိပ်မကြာမီ တိမ်တိုက်ကျားသစ်ပါ ရောက်လာ၏။ နိုင်ငံ၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တာဝန်ရှိသည့် လျှို့ဝှက်အဖွဲ့၏ တာဝန်ထဲတွင် ဝိညာဉ်မျိုးစိတ်ပြသနာလည်း ပါဝင်နေသည် မဟုတ်ပါလား။

သို့သော် ဝိညာဉ်မျိုးစိတ်ဝင်သည် ရင်ဆိုင်ရန်ခက်ခဲလွန်း၍ ဤမျှ များပြားသော ကျွမ်းကျင်သူများ စုပြုံရောက်ရှိခြင်းတော့ မဟုတ်ချေ။ အခြေခံအကြောင်းတရားတခုကြောင့်သာ ဤနေရာသို့ ကျွမ်းကျင်သူအများအပြား စုပြုံရောက်ရှိလာခြင်းသာ ဖြစ်သည်။

အကယ်၍ အစိုးရအနေနှင့် ရာဇဝတ်သားတယောက်ကို ဖမ်းဆီးရန် အမှုလိုက်အရာရှိတယောက်သာ စေလွှတ်လိုက်သည်ဆိုပါက ၎င်းမှာ မည်သို့မှ သဘာဝမကျချေ။ မလိုလားအပ်သော ဖြစ်စဉ်များကို ကာကွယ်ရန်အလို့ငှာ အမှုလိုက်အရာရှိအပါအဝင် အနည်းဆုံး လူဆယ်ယောက်ခန့် စေလွှတ်မှသာ သဘာဝကျပေလိမ့်မည်။

လွန်ခဲ့သော ရှေးအတီတေကာလမှစ၍ ယနေ့တိုင်အောင် ရန်သူထက် မိမိဘက်မှ အင်အားသာလွန်အောင် စီမံပြီး ရင်ဆိုင်ခြင်းသည် အမြဲတစေ မှန်ကန်သော နည်းလမ်း ဖြစ်ခဲ့သည်မဟုတ်ပါလား။

"ဒီတော့ မင်းတို့က အဲဒီ ဝိညာဉ်မျိုးစိတ်ဝင်နဲ့ မတွေ့ရသေးဘူးပေါ့ ဟုတ်လား ဒါဆို ဝိညာဉ်မျိုးစိတ်ဝင် တကယ်ရှိမရှိဆိုတာလဲ ယတိပြတ် မပြောနိုင်သေးဘူးပေါ့"

အန်းစီယွမ်က အသံတိုးတိုးနှင့်မေးလိုက်သည်။

"အမှန်ပဲ ကျုပ်တို့ ရန်သူကို မမြင်ရသေးဘူး ကျုပ်တို့ ရောက်ရောက်ချင်း ဝင်သွားပြန်ရင်လည်း ရန်သူကို သတိပေးသလို ဖြစ်နေမှာ စိုးရိမ်ရတယ်"

စုချန်းက ပြန်ဖြေလိုက်၏။

ထိုစဉ် လုချိန်ကွမ်းက ပြောလိုက်ပြန်သည်။

"ဒါဆို ကျုပ်တို့ဘက်က အများကြီးပြင်ဆင်လာပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်မဲ့သဘောသက်ရောက်နေတာပေါ့ ကျုပ်တို့ အရူးလုပ်ခံရမဲ့သဘောမျိုး ဖြစ်နေတာပေါ့ ဟုတ်ရဲ့လား"

စုချန်းက လုချိန်ကွမ်းကို အံ့သြသော အကြည့်နှင့်ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"ဝိညာဉ်မျိုးစိတ်တွေဟာ အင်မတန်ထူးဆန်းတယ် ကျုပ်တို့ဘက်က အများကြီးပြင်ဆင်ထားတာတောင် တော်ကာကျချင်မှကျမယ် နောက်ဆုံး ကျုပ်တို့ လက်ချည်းသက်သက် အိမ်ပြန်ရတာမျိုးလဲ ဖြစ်သွားနိုင်တယ် ဒီအခြေအနေမှာ ဆရာလုအနေနဲ့ ၁၀၀ရာခိုင်နှုန်း မျှော်လင့်ချက်ထားနေတာ တမျိုးကြီး ဖြစ်မနေဘူးလား"

စုချန်း၏ စကားကြောင့် လုချိန်ကွမ်း တွေခနဲ ဖြစ်သွား၏။ ပြီးမှ ဟင့်ခနဲ အသံတချက်ပြုပြီး ဂရုမစိုက်ဟန်ဖြင့် တဖက်သို့ လှည့်ထွက်သွားလေသည်။

လုချိန်ကွမ်း၏ အမူအရာကိုကြည့်ပြီး စုချန်း မျက်မှောင်ကုတ်သွား၏။

ထိုစဉ် အန်းစီယွမ်က အခြေအနေကို သဘောပေါက်ဟန်ဖြင့် လုချိန်ကွမ်းကို ဖြတ်ခနဲ လှမ်းကြည့်ကာ ဝင်ပြောလိုက်လေသည်။

"စုချန်းပြောတာ မှန်တယ်ကွ ဝိညာဉ်မျိုးစိတ်တွေနဲ့ ပတ်သက်လာပြီဆိုရင် ကျုပ်တို့ နည်းနည်းမှ ပေါ့လို့မရဘူး ကဲ ခုဆိုရင် အားလုံးလည်း ပြင်ဆင်ပြီးပြီဆိုတော့ ကျုပ်တို့ ဝင်ကြမလား"

"ခနစောင့်ပါအုံး မြို့တော်အရှင်သခင်"

စုချန်းက ဟန့်တားလိုက်၏။

"ဘာဖြစ်လို့တုန်းကွ"

"နောက်ထပ် လူတချို့ ရောက်လာအုံးမယ်ခင်ဗျ"

"ဘယ်သူတွေလဲ"

"စုံစမ်းစစ်ဆေးရေးဗျူရိုက လူတွေပါ မြို့တော်အရှင်သခင်"

"စုံစမ်းစစ်ဆေးရေးဗျူရို ဟုတ်လား"

အန်းစီယွမ် အံ့သြသွား၏။

"သူတို့ ဘာကြောင့် လာမှာလဲ"

စုံစမ်းစစ်ဆေးရေးဗျူရိုခေါင်းဆောင် ချန်းဝမ်ဟွေသည် တော်ဝင်မျိုးနွယ်စုဝင်ဖြစ်ပြီး ဝမ်မျိုးနွယ်စု၏ တူတော်သူ ဖြစ်သည်။ ၎င်းသည် အန်းစီယွမ်အား ဘယ်တုန်းကမှ မလေးစားသလို အမိန့်နာခံတတ်သူလည်း မဟုတ်ချေ။

ထို့ကြောင့် စုချန်းအနေနှင့် စုံစမ်းစစ်ဆေးရေးဗျူရိုကို စစ်ကူခေါ်ထားခြင်းမှာ အတော်ပင် ထူးဆန်းနေ၏။

စုချန်းက ပြန်ဖြေလိုက်သည်။

"ဒုအုပ်ချုပ်ရေးမှုးဂျီဟာ ပါချွန်စုံစမ်းစစ်ဆေးရေးဗျူရိုကဆိုတာ မြို့တော်အရှင်သခင်အနေနဲ့ မမေ့သင့်ဘူးလေ သူ့အနေနဲ့ ဒေသခံ စုံစမ်းစစ်ဆေးရေးဗျူရိုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ် သူတို့အနေနဲ့လည်း ဒုအုပ်ချုပ်ရေးမှုးဂျီကို အကူအညီပေးဖို့ တာဝန်ရှိပါတယ်"

စုချန်း၏ စကားမှာ အကြောင်းသင့်အကျိုးသင့်နိုင်လှသည်။ သို့သော် အန်းစီယွမ်ကတော့ စုချန်း၏ အတွေးကို ချက်ချင်းပင် ဖတ်လိုက်နိုင်လေသည်။

"မင်း ဆိုလိုတာ..."

စုချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

"ဝိညာဉ်မျိုးစိတ်တွေဟာ အင်အားကြီးမားပြီး လျှော့တွက်လို့မရပါဘူးခင်ဗျာ တိုက်ပွဲသာ ဖြစ်လာခဲ့ရင် လူတွေအများကြီး သေသွားနိုင်တယ်"

အန်းစီယွမ် သဘောပေါက်လိုက်ပေပြီ။

သိပ်မကြာမီ စုံစမ်းစစ်ဆေးရေးဗျူရိုမှလူများ ရောက်ရှိလာ၏။

ချန်းဝမ်ဟွေနှင့်အတူ လူ၇၀ခန့် ပါလာ၏။ အန်းစီယွမ်ကို မြင်သည်နှင့် ၎င်း၏ မျက်နှာပင် ကြည့်ရဆိုးလောက်အောင်ပင် ပျက်ယွင်းသွားလေသည်။

အန်းစီယွမ်က လက်နှစ်ဖက်ကို ဆန့်တန်းကာ နှုတ်ဆက်လိုက်၏။

"ဟာ အကြီးအကဲချန်း မတွေ့ရတာတောင် ကြာပါပေါ့လားဗျ"

ချန်းဝမ်ဟွေကတော့ ဘာမှ ပြန်မပြော။ နှာခေါင်းတချက်ရှုံ့ကာ မျက်နှာလွှဲလိုက်၏။

ထိုအချိန်တွင် ဂျီဟန်းယင်က ဝင်ပြောလိုက်သည်။ သူမ၏ စကားက ပြတ်သားပြီး အလုပ်သဘောဆန်လှသည်။

"ရှင်တို့အချင်းချင်း ဘာတွေပဲ ဖြစ်ထားဖြစ်ထား ကျွန်မ ဂရုမစိုက်ဘူး ဒီကနေ့ရဲ့ အဓိကတာဝန်က ဝိညာဉ်မျိုးစိတ်နဲ့ ရင်ဆိုင်ဖို့ပဲ တကယ်အရေးကြီးတဲ့အချိန်ကျမှ ရှင်တို့ကြောင့် ကိစ္စကြီး ပျက်စီးရရင် အထက်အကြီးအကဲတွေဆီ ကျွန်မ သတင်းပို့ရလိမ့်မယ် အဲဒီကျမှ ကျွန်မကို အပြစ်မတင်ကြနဲ့"

ချန်းဝမ်ဟွေက အေးစက်စက်အမူအရာနှင့် ပြန်ဖြေလိုက်သည်။

"ဘာလုပ်ရမယ်ဆိုတာ ကျုပ် ကောင်းကောင်းသိပါတယ်"

"ဒါဆိုရင် သွားကြမယ်"

စကားဆုံးသည်နှင့် ဂျီဟန်းယင်သည် ရှေ့ဆုံးမှ ဦးဆောင်ကာ လှိုဏ်ဂူဆီသို့ လျှောက်သွားတော့သည်။

ဤမိန်းကလေးကား ကိုယ့်ကိုယ့်ကို ယုံကြည်မှု ပိုလှသည်။ များပြားလှသော ယောကျာ်းသားများကိုပင် ဦးဆောင်ကာ လုပ်ရဲကိုင်ရဲသော သတ္တိ ရှိနေ၏။ သို့သော် စုချန်းကတော့ ဂျီဟန်းယင်အတွက် စိုးရိမ်မကင်းဖြစ်ကာ သူမနောက်မှ ကပ်လျက်လိုက်ပါသွားလေသည်။ တိမ်တိုက်ကျားသစ်ကလည်း မလှမ်းမကမ်းမှ လိုက်ပါလာ၏။

ထိုအခါ စုံစမ်းစစ်ဆေးရေးဗျူရိုမှ လူများအား ရှေ့တွက်ထားမည့် စုချန်းတို့၏ အစီအစဉ်မှာ လွဲချော်သွားတော့သည်။ ထို့အတူ ချန်းဝေဟွမ်၏ သံသယမှာလည်း အတော်အတန်ပင် လျော့ပါးသွား၏။

လှိုဏ်ဂူမှာ မှောင်မဲပြီး စိုစွတ်နေ၏။ အဆိပ်သင့်နေသော လေထုမျိုး ရှိနေသည့်သဘောပင်။ ဂူလမ်းကြောင်းမှာလည်း ကွေ့ကောက်ရှည်လျားလှ၍ အမှောင်ထုထဲဝယ် မည်မျှ ရှည်လျားကြောင်း မှန်းဆရန်ပင် ခက်ခဲနေ၏။

ကင်းထောက်သမားတဦးက ရှေ့မှနေ၍ မီးအိမ်ဖြင့် လမ်းပြနေ၍သာ တော်ပေတော့သည်။

မည်မျှကြာအောင် လျှောက်နေမိသည်မသိ။ လင်းနို့အုပ်တအုပ်က ရုတ်တရက် တိုးထွက်လာရာ သူတို့ထဲမှ လူတချို့သည် ကြောက်လန့်တကြားနှင့် တိုက်ခိုက်မိကြတော့သည်။ တချိန်တည်းမှာပင် တိုက်ခိုက်မှုကြောင့် ဆူဆူညံညံအသံများ ထွက်ပေါ်လာလေသည်။

"သေစမ်း ခွေးမသားတွေ မင်းတို့ ဒီလင်းနို့အုပ်လောက်ကို ကြောက်နေရသလား"

ချန်းဝမ်ဟွေက မျက်နှာကြီး နီရဲကာ သူ့တပည့်လက်သားများကို အော်ဟစ်ဆဲဆိုလိုက်သည်။ ကြောက်လန့်တကြားနှင့် တိုက်ခိုက်မိသူများမှာ သူ့တပည့်လက်သားများ ဖြစ်နေ၍ ချန်းဝမ်ဟွေ နေရင်းထိုင်ရင်း အရှက်ရသွားရှာသည်။

"ထားလိုက်ပါ ဝိညာဉ်မျိုးစိတ်တွေဟာ သာမညောင်ညမှ မဟုတ်ပဲ ကျုပ်တို့လာတာ သိနေလောက်ပြီ"

အန်းစီယွမ်က တည်ငြိမ်အေးဆေးသော လေသံနှင့် ဝင်ပြောလိုက်၏။

နောက်ဆုံးတွင်တော့ ကျောက်တုံးများနှင့် ပြုလုပ်ထားသည့် အခန်းတခန်းသို့ သူတို့ ရောက်ရှိလာ၏။

အခန်းရှေ့တွင်တော့ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်တဦးသည် သူတို့အား ကျောပေးကာ မတ်တပ်ရပ်လျက်ရှိသည်။

တချိန်တည်းမှာပင် ထူးဆန်းသော အသံတသံက ပျံ့လွင့်လာ၏။

"ဆိတ်ငြိမ်ခြင်းသုတေသနခန်းမက ကြိုဆိုပါတယ် မိတ်ဆွေများ"

All Chapters