← Chapters

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၂

Vol. 44 Ch. 437

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၂

Vol. 44 Ch. 437

ဟောခန်းမမှာ အံ့သြစရာကောင်းလောက်အောင် ကျယ်ဝန်း၏။ ခန်းမ၏ အလယ်တွင်တော့ တဟုန်းဟုန်းတောက်လောင်နေသော မီးပုံကြီးတပုံ ရှိနေလေသည်။ မီးပုံမှ အလင်းရောင်ကြောင့် တခန်းလုံး လင်းလင်းရှင်းရှင်း ရှိပေသည်။

ခန်းမကြီး၏ ရှေ့တွင်တော့ ကြီးမားလှသော အလုပ်စားပွဲကြီး ရှိနေပြီး ထိုစားပွဲမှာ မျှော်စင်ကဲ့သို့ ထိုးထိုးထောင်ထောင်နှင့် ရှိလေသည်။ စားပွဲပေါ်တွင်တော့ ထူးဆန်းသော အရာမျိုးစုံ ရှိနေ၏။

ဝိညာဉ်မျိုးစိတ်ဝင်သည်ကား ထိုအလုပ်စားပွဲကြီး၏ နောက်ဘက်ရှိ လေထဲတွင် ဝိညာဉ်တကောင်ကဲ့သို့ လွင့်မျောလျက်ရှိလေသည်။

ဝိညာဉ်မျိုးစိတ်ဟူသည် စိတ်ဝိညာဉ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့တွင် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာဟူ၍ မရှိပဲ တကိုယ်လုံးတွင် စွမ်းအင်များဖြင့်သာ အတိပြီးနေ၏။

တဖန် ၎င်းတို့အားလုံးလိုလိုသည် တူညီသော အသွင်အပြင်များ ရှိနေကြ၏။ ၎င်းတို့၏ ခြေလက်များသည် အလွန်ရှည်လျားပြီး တကိုယ်လုံးတွင် ထူဆန်းသော ဆေးမင်များနှင့် ပြည့်နှက်နေ၏။ ၎င်းတို့ အသားအရေမှာလည်း အလွန်ပင် နက်မှောင်နေလေသည်။

ယခုလည်း ၎င်းသည် မြေပြင်မှ မီတာဝက်ခန့် မြင့်သော လေထဲတွင် ပေါ့ပါးစွာ ပျံဝဲလျက်ရှိသည်။ ၎င်း၏ ရှည်လျားသော လက်များကတော့ နာရီလက်တံကဲ့သို့ တွဲလောင်းကျလျက် ရှိ၏။

၎င်းကိုကြည့်ရင်း စုချန်းက အောက်ပါအတိုင်း တွေးတောလိုက်သည်။

ကြည့်ရသလောက် ဝိညာဉ်တွေဟာ အဝတ်အစား ဝတ်ဖို့ လိုပုံမရဘူး ဒီသဘောက သူတို့ဟာ မပြောင်းလဲခံရသေးခင်က စရိုက်လက္ခဏာတွေကို မေ့ပျောက်ကုန်တဲ့သဘောပဲ ဒါမှမဟုတ် ဝိညာဉ်တွေ ဖြစ်ကုန်လို့ အဝတ်အစား ဝတ်စရာမလိုတော့ဘူးလို့ ယူဆတာလဲ ဖြစ်ကောင်းဖြစ်မယ် ...

ဝိညာဉ်မျိုးစိတ်ဝင်သည်ကား သူတို့ရောက်လာသည်ကို အနည်းငယ်မျှ အံ့သြပုံမရ။

တကယ်တော့ ဤသည်မှာပင် ဝိညာဉ်မျိုးစိတ်များ၏ အမှတ်အသားလက္ခဏာပင် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်ခံစားချက်ကိုမှ သိမ်းဆည်းမထားတတ်သော သတ္တဝါများ ဖြစ်သလို တဦးတည်းနေရသည်ကိုလည်း အလွန်ပင် နှစ်သက်ကြကုန်၏။

သူ့ရှေ့၌ ကောင်းကင်ကြီး ပြိုကျလာလျင်ပင် ဝိညာဉ်မျိုးစိတ်ဝင်များက စိတ်လှုပ်ရှားလိမ့်မည် မဟုတ်ပေ။

ဝိညာဉ်မျိုးစိတ်ဝင်၏ စကားကိုကြားသည်နှင့် ဂျီဟန်းယင်က ဟင့်ခနဲ အသံပြုပြီး ပြောလိုက်သည်။

"နောက်ဆုံးတော့ ရှင့်ကို ရှာတွေ့ခဲ့ပြီ လက်စသတ်တော့ ရှင်ကို ကြွက်လိုတွင်းအောင်းနေတာကိုး"

၎င်းတို့၏ သီးခြားနေထိုင်တတ်သော ပုံစံအရ ဝိညာဉ်မျိုးစိတ်ဝင်များသည် အမြဲတစေ လူနှင့် ဝေးကွာသော နေရာများတွင်သာ နေထိုင်လေ့ရှိကြသည်။ ထို့ကြောင့် မြေအောက်သည် ၎င်းတို့၏ အိမ်များသဖွယ်ပင် ဖြစ်နေလေ့ရှိရာ ၎င်းတို့ကို ကြွက်နှင့် ခိုင်းနှိုင်းခြင်းမှာ မမှားလှပေ။

ဂျီဟန်းယင်၏ စကားကြောင့် တိတ်ဆိတ်သူ (ဝါ) ဝိညာဉ်မျိုးစိတ်ဝင်ကား အနည်းငယ်မှ စိတ်ဆိုးဟန်မတူ။ သူက ပြောလိုက်၏။

"အဆိပ်ရှိတဲ့စကားလုံးတွေက မင်းကို ဘာမှမကူညီနိုင်ဘူး ရှိရင်းစွဲ ဂုဏ်သိက္ခာကိုတောင် ဆုံးရှုံးသွားစေနိုင်သေးတယ်ကွဲ့"

"ဒါပေမဲ့ ဒီလို ပြောလိုက်ရလို့ ကျွန်မ ပျော်တယ်လေ"

ဂျီဟန်းယင်က ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်သည်။

တိတ်ဆိတ်သူ ခေါင်းတချက်ခါယမ်းလိုက်၏။

"အိုး ကျွှန်ုပ်ရဲ့ လျှာစောင်းအင်မတန်ထက်တဲ့ သိုးကလေးတွေ မင်းအနေနဲ့ စိတ်နှလုံးကို နည်းနည်းပါးပါး ပြောင်းလဲလိုက်ရုံနဲ့ တကယ့််ပျော်ရွှင်မှုအစစ်ကို ရှာတွေ့နိုင်လိမ့်မယ်ကွဲ့"

ထိုစကားကြောင့် ဂျီဟန်းယင်၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ယှက်သန်းလာ၏။

"ကျွန်မတို့က ရှင့််ရဲ့ သိုးကလေးတွေ မဟုတ်ဘူးရှင့်"

စကားဆုံးသည်နှင့် သူမသည် နှင်းခါးရေခဲလက်သီးကို ဖော်ထုတ်ကာ တိတ်ဆိတ်သူအား ရုတ်ချည်းဆိုသလို တိုက်ခိုက်လိုက်တော့သည်။

လက်သီးချက်ကား တချက်တည်းဖြစ်၍ အထင်ကြီးစရာမရှိဟု ထင်ရသည်။ သို့သော် လက်သီးချက်တွင် ပါဝင်လာသည့် အင်အားကတော့ ထူထဲသိပ်သည်းလှသည်။ လက်သီး၏ နောက်မှ နှင်းခဲများ အမျှင်တန်း၍ လိုက်ပါလာလေရာ တလောကလုံး အေးခဲသွားသကဲ့သို့ ထင်မှတ်ရ၏။

သို့သော် ထိုလက်သီးချက်သည် မမြင်နိုင်သည့် အကာအကွယ်တခုနှင့် တွေ့ဆုံကာ ဖြုတ်ခနဲ ပျောက်ကွယ်သွား၏။ ထိုအကာအကွယ်က ဂျီဟန်းယင်၏ လက်သီးချက်အား အလုံးစုံ စုပ်ယူလိုက်သည့် သဘောပင်။

၎င်းကို မြင်သည်နှင့် ထိုအကာအကွယ်သည် ရှေးဟောင်းအာကင်နာနည်းစနစ်တမျိုးဖြစ်သည့် သလင်းနံရံနှင့်် အလွန်ပင် တူနေသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။

တိတ်ဆိတ်သူ စိတ်ပျက်သွားဟန်ဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"မင်းတို့လူသားတွေ အတော်ကို ဦးနှောက်မရှိတာပဲ ကျွနု်ပ်က မင်းတို့နဲ့ စကားပြောဖို့ ကြိုးစားနေတာကွ"

"ကောင်းပြီလေ ကျွန်မတို့ ရှင်နဲ့ စကားပြောမယ် ဒါပေမဲ့ ရှင် အရင်ဆုံး အဖမ်းခံရမယ်"

ဂျီဟန်းယင်က နောက်ထပ် လက်သီးတချက် ပစ်သွင်းရင်း ပြောလိုက်ပြန်သည်။

တိတ်ဆိတ်သူ၏ ရှေ့မှောက်ရှိ အကာအကွယ်သည် သိပ်ပြီး အားကောင်းလှသည်မဟုတ်ပေ။ ဂျီဟန်းယင်၏ ပထမလက်သီးချက်အား ခံနိုင်သော်လည်း ဒုတိယလက်သီးချက်ကိုတော့ တောင့်ခံနိုင်ရန် မလွယ်လှ။

အမှန်တကယ်လည်း ဂျီဟန်းယင်၏ ဒုတိယလက်သီးချက် ထွက်ပေါ်လာသောအခါ သလင်းနံရံသည် အုန်းခနဲမြည်ကာ ပေါက်ကွဲသွားလေသည်။ မရေမတွက်နိုင်သော သလင်းစများ လေထဲသို့ ပျံ့လွင့်သွားပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။

သို့သော် ဂျီဟန်းဟင်၏ တိုက်ခိုက်မှုသည် သူမ ဒဏ်ရာရစေချင်သည့်သူကို ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ခဲ့သည်။ လက်သီးမှ ထွက်ပေါ်လာသော အားလှိုင်းများသည် တိတ်ဆိတ်သူ၏ ရင်ဝကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားသော်လည်း တိတ်ဆိတ်သူကား နာကျင်ဟန်မပြ။ ယုတ်စွအဆုံး ထိုနေရာတွင် တိတ်ဆိတ်သူ တကယ်ရှိနေရဲ့လားဟုပင် ထင်ရလေသည်။

အင်း..ကြည့်ရတာ ဝိညာဉ်မျိုးစိတ်ဝင်တွေမှာ ရုပ်ပိုင်းဆိုင်ရာခန္ဓာ မရှိဘူးနဲ့တူတယ်

ြ်မင်ကွင်းကိုကြည့်ရင်း စုချန်း အထက်ပါအတိုင်း စဉ်းစားမိ၏။

ထိုစဉ် တိတ်ဆိတ်သူက ပြောလိုက်ပြန်သည်။

"ကြည့်ရတာ ကျွနု်ပ်ကို ထိခိုက်အောင်လုပ်ဖို့ မင်းတို့အတွက် သိပ်ခက်နေပုံပဲ အေးလေ မင်းတို့အားလုံးက သိပ်ပြီး အားနည်းကြတာကိုး"

"အားနည်းတယ် ဟုတ်လား"

ထိုစကားကြောင့် အန်းစီယွမ် အေးအေးဆေးဆေး မနေနိင်တော့။

သူသည် ကြည်လင်မြစ်မြို့တော်၏ အရှင်သခင် ဖြစ်သည့်အပြင် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင် ဖြစ်သည်။ အဆင့်နိမ့်ဝိညာဉ်မျိုးစိတ်ဝင်တယောက်၏ ဤကဲ့သို့ ထောင်လွှားမှုမျိုးကိုတော့ သူ လက်မခံနိုင်။

အန်းစီယွမ်အနေနှင့် သူတို့ ရင်ဆိုင်နေရသည့် ဝိညာဉ်မျိုးစိတ်ဝင်သည့် အဆင့်နိမ့်ပါးသူဖြစ်ကြောင်း ခန့်မှန်းရသည်မှာ တကယ်တော့ အတော်ပင် လွယ်ကူပေသည်။ ဝိညာဉ်မျိုးစိတ်ဝင်တိုင်းတွင် မိခင်၊ဖခင်ဟူ၍ မရှိပေ။ ထို့ကြောင့် ၎င်းတို့တွင် မျိုးနွယ်စုနာမည်လည်း မရှိကြပေ။ ဝိညာဉ်မျိုးစိတ်ဝင်အများစုသည် ၎င်းတို့၏ နာမည်ကို ဝိသေသလက္ခဏာတခုအပေါ်တွင်သာ အထူးပြု၍ သတ်မှတ်ကြလေ့ရှိပြီး အဆင့်မြင့် ဝိညာဉ်မျိုးစိတ်ဝင်၏ နာမည်တွင်သော ဝိသေသလက္ခဏာ နှစ်မျိုးမှ သုံးမျိုးထိ ပါဝင်လေ့ရှိသည်။ ခေါင်းဆောင့်အဆင့် ဝိညာဉ်မျိုးစိတ်ဝင်များ၏ နာမည်တွင်တော့ ဝိသေသလက္ခဏာ လေးမျိုးထိ ပေါင်းစပ်ပါဝင်နေလေ့ရှိသည်။ ထို့ကြောင့် ဝိညာဉ်မျိုးစိတ်ဝင်များတွင် ၎င်းတို့၏ နာမည်သည် ၎င်းတို့၏ အဆင့်အတန်းကို ပြဆိုနေခြင်းဟု ဆိုနိုင်၏။

ယခု အန်းစီယွမ်တို့ရှေ့ရှိ ဝိညဉ်မျိုးစိတ်ဝင်၏ နာမည်မှာ တိတ်ဆိတ်ခြင်းဟူသော စိတ္တဇနာမ်တခုတည်းအပေါ် အမှီပြု စွဲမှည့်ထားခြင်း ဖြစ်လေရာ ၎င်းသည် အဆင့်နိမ့် ဝိညာဉ်မျိုးစိတ်ဝင်သာ ဖြစ်နေကြောင်း ဗေဒင်မေးနေစရာမလိုတော့။

ဝိညာဉ်မျိုးစိတ်ဝင်တဦးစီတိုင်းသည် အင်အားကောင်းလှသော်လည်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ကို လစ်လျုရှုရလောက်အောင်တော့ အားမကောင်းလှ။ သို့မဟုတ်လျင် ဝိညာဉ်နိုင်ငံတော်ကြီး အဘယ်ကြောင့် ပျက်သုန်းသွားမည်နည်း။

"ဟုတ်တယ် သိပ်အားနည်းတယ်"

တိတ်ဆိတ်သူက ပြန်ဖြေလိုက်သည်။

သူက အန်းစီယွမ်ကို ဖြတ်ခနဲ လှမ်းကြည့်ပြီး ပြောလိုက်သည်။

"မင်းရဲ့အင်အားကို ကျွနု်ပ် ခံစားမိနေတယ် မင်းကိုယ်ထဲက အင်အားဟာ မြစ်တွေ ပင်လယ်တွေကို ပြောင်းပြန်လှန်ပစ်နိုင်လောက်တဲ့အထိ ပြင်းထန်လှပါပေတယ် မင်းသာ ပုံအောတိုက်ခိုက်လိုက်ရင် ဒီတောင်ကြီးတောင် ပြိုကျသွားလောက်တယ်"

"ဒီလိုကျတော့လဲ ခင်ဗျား အသိသားပဲ"

"သိတယ်လေ ဒီတော့ ဘာဖြစ်သလဲ"ိတိတ်ဆိတ်သူက ပြုံးစေ့စေ့နှင့် ပြောလို်က်သည်။

"ရုပ်ဝတ္တုစွမ်းအားတွေဟာ တချိန်မဟုတ် တချိန်မှာ ပြိုလဲပျက်စီးကုန်ကြပြီး နောက်ဆုံးမှာ စိတ်ဝိညာဉ်စွမ်းအင်တွေသာ ကျန်နေရစ်စမြဲပဲ မင်းတို့လူသားတွေကတော့ တချိန်လုံး ရုပ်ဝတ္တုတွေရဲ့နောက်ကိုပဲ အမောတကောနဲ့ လိုက်နေကြတယ် စိတ်ဝိညာဉ်ရဲ့စွမ်းအင်ကိုတော့ ဘယ်တုန်းကမှ မင်းတို့ နားမလည်ခဲ့ကြဘူး တကယ်တော့ မင်းတို့လူသားတွေဟာ တံလျှပ်ကို ရေထင်တဲ့ သမင်မိုက်လိုပဲ မင်းတို့မှာ ရုပ်ဝတ္တုတွေ ဘယ်လောက်ပဲ ပြည့်စုံလာပစေ တချိန်ကျရင် ပုပ်သိုးဆွေးမြည့်ကုန်မှာပဲကွ ဘာကြောင့်လဲဆိုတော့ မင်းတို့ မြင်နေရတာ ပုံရိပ်ယောင်တွေ ဖြစ်နေလို့ပဲ"

"လျှောက်ပြောနေတယ်"

လုချိန်ကွမ်း ရုတ်တရက်ထအော်လိုက်၏။ အော်သံဆုံးသည်နှင့် သူက လှုပ်ရှားလိုက်ရာ သူ့ကိုယ်ဆီမှ ခရမ်းနက်ရောင် အလင်းရောင်တန်းတခု ထွက်ပေါ်လာပြီး တိတ်ဆိတ်သူထံသို့ ပျံ့လွင့်သွား၏။

လုချိန်ကွမ်း အသုံးပြုလိုက်သည့်် နည်းစနစ်မှာ လှိုင်းဂယက်နည်းစနစ်မှန်း စုချန်း သဘောပေါက်လိုက်သည်။

လှိုင်းဂယက်နည်းစနစ်တွင် အလွန်အားကောင်းသည့် တုန်ခါလှိုင်းများ ပါဝင်၏။ ၎င်း၏ ထူးခြားသော ဂုဏ်သတ္တိမှာ ရန်သူကို စတင်တိုက်ခိုက်ချိန်တွင် အင်းမှာ ပျမ်းမျှ မျှသာ ဖြစ်သော်လည်း လှိုင်းဂယက်များ ထပ်ခါထပ်ခါ ရိုက်ခါလာခြင်းကြောင့် နောက်ဆုံးတွင် အလွန်ပြင်းထန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်လာစေခြင်းပင်။ ထို့ပြင် ဤတိုက်ခိုက်မှုမျိုးသည် မည်သည့် ရန်သူမျိုးပေါ်တွင်မဆို သက်ရောက်မှုရှိနိုင်ပြီး ထိုအထဲတွင် ဝိညာဉ်မျိုးစိတ်များလည်း ပါဝင်လေသည်။

တိတ်ဆိတ်သူသည်လည်း ဝိညာဉ်မျိုးစိတ်ဝင်တဦး ဖြစ်နေသဖြင့် တခြားနည်းစနစ်များနှင့် တိုက်ခိုက်ရန် ခက်ခဲ၏။ လှိုင်းဂယက်နည်းစနစ်သာလျင် ၎င်းအပေါ်တွင် ထိရောက်မှု ရှိပေလိမ့်မည်။

သို့သော် တကယ်တမ်း တိုက်ခိုက်လိုက်ချိန်တွင်ကား လုချိန်ကွမ်း၏ တိုက်ခိုက်မှုသည် ငြိမ်သက်နေသော ရေပြင်ကို ကျောက်ခဲနှင့် ပစ်ပေါက်လိုက်သည့်သဖွယ် တိတ်ဆိတ်သူ၏ ကိုယ်ခန္ဓာကို ဖြတ်ဝသန်းသွား၏။ လှိုင်းဂယက်တချို့ ဖြစ်ပေါ်လာသည်မှအပ မည်သည့် ထူးခြားသော သက်ရောက်မှုမျိုးမှ ပေါ်ထွက်လာခဲ့ခြင်း မရှိချေ။

All Chapters