← Chapters

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၄

Vol. 44 Ch. 439

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၄

Vol. 44 Ch. 439

အန်းစီယွမ်ကား အကြီးအကျယ် ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။

မြို့တော်အရှင်သခင်တယောက်အနေနှင့် သူ့တွင် ဂုဏ်သိက္ခာရှိ၏။ သူ့လက်အောက်ငယ်သားများသာ ဤကိစ္စကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပါက သူ့အနေနှင့် ကိုယ်တိုင် ဝင်ရောက်လှုပ်ရှားရန်ပင် မလိုချေ။

သို့သော် လက်ရှိအခြေအနေမှာကား ထိုသို့ မဟုတ်။ သူ့လက်အောက်ငယ်သား ကိုင်တွယ်နိုင်သည့် အခြေအနေထက် ပိုနေ၏။ မျက်စေ့တမှိတ်အတွင်း သူတို့ဘက်မှ လူလေးဦး ဆုံးရှုံးခဲ့ပြီ ဖြစ်သလို တိတ်ဆိတ်သူကိုလည်း လက်ဖျားနှင့်ပင် မတို့နိုင်သေး။

သူတို့ဘက်မှ အင်အားအရ တိတ်ဆိတ်သူထက် များစွာသာလွန်နေသော်လည်း လက်ရှိပုံစံအရ သူတို့၏ ဦးခေါင်းများအား တိတ်ဆိတ်သူလက်ထဲသို့ ဝကွက်အပ်ထားရသလို ဖြစ်နေသည် မဟုတ်ပါလား။

သူတို့ဘက်မှ လူတဦးစီ သေဆုံးသွားတိုင်း အန်းစီယွမ်၏ ဂုဏ်သိက္ခာများ တစစီ ပဲ့ကြွေကျသွားသလို ဖြစ်နေ၏။ ထို့ကြောင့် လုချိန်ကွမ်း လှမ်းမအော်ပါကလည်း အန်းစီယွမ်အနေနှင့် ဖြစ်သည့်နည်းဖြင့် ဝင်တိုက်တော့မည်သာ။

ထို့နောက် အန်းစီယွမ်သည် ညာဖက်လက်ကိုမြောက်ကာ သူ့ရှေ့ရှိ သလင်းနံရံအား လက်သီးနှင့် ထိုးချလိုက်၏။

အန်းစီယွမ်၏ ရိုးရှင်းလှသော လက်သီးချက်တွင် အံ့သြစရာကောင်းလောက်သည့် စွမ်းအင်များ ပါဝင်နေ၏။ တကယ်တော့ အန်းစီယွမ်၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းမျိုးထိ ရောက်ရှိလာပါက ဤကဲ့သို့သော လက်သီးချက်တမျိုးတည်းနှင့် ကိစ္စအတော်များများကို ပြီးစီးစေနိုင်ပေသည်။ တခြား မည်သည့်ထူးခြားသော နည်းဗျူဟာမျိုးမှ မလိုလှ။

လက်သီးကား ကြောက်စရာကောင်းသော စွမ်းအင်များကို ဖော်ကျူးကာ ပေါ်ထွက်လာနေခဲ့ပေပြီ။ လက်သီးချက်ကြောင့် ထူထည်းသိပ်သည်းနေသော လေထုသည်ပင် နှစ်ခြမ်းကွဲကာ မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားလေသည်။

၎င်းကိုကြည့်ရင်း လူတိုင်း၏ ရင်ထဲတွင် အင်အားများ ပြည့်ဖြိုးလာသလို ခံစားလိုက်ရလေသည်။ တချို့ဆိုရင် အောင့်အည်းမနေနိုင်တော့ပဲ ဝမ်းသာအားရ အော်ဟစ်မိကြကုန်၏။

"တယ်လဲ အားကောင်းလှပါကလား"

တိတ်ဆိတ်သူက ချီးကျူးလိုက်သည်။

ထိုအချိန်မှာပင် ကျောက်သလင်းများ တဖြောင်းဖြောင်းနှင့် အက်ကွဲသံကို လူတိုင်းကြားလိုက်ရသည်။ အန်းစီယွမ်၏ ပထမဆုံး တိုက်ကွက်ကိုပင် သလင်းနံရံများအနေနှင့် တောင့်ခံနိုင်ပုံ မရချေ။

ကျောက်သလင်းအစအနများ နေရာအနှံ့သို့ လွင့်စင်ကုန်၏။ အနှီသလင်းစများထံမှ မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်များလည်း တပြိုင်နက်တည်းလိုလို ပေါ်ထွက်နေလေသည်။

ထိုအချိန်မှာပင် အနှီကျောက်သလင်းစများသည် သူ့အလိုလိုပင် ပြန်လည်ပေါင်းစပ်ဖွဲ့စည်းနေကြောင်း လူတိုင်း မြင်တွေ့လိုက်ရ၏။ တနည်းအားဖြင့် အချိန် နောက်ပြန်သွားသည့်နှယ်ပင်။ အချိန်တိုအတွင်းတွင် သလင်းနံရံများသည် မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားလေသည်။

မြင်ကွင်းကြောင့် လူတိုင်း သွေးပျက်ကုန်၏။

"အချိန်ပြောင်းပြန်နည်းစနစ်ပါလား ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

စုချန်း လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။

တိတ်ဆိတ်သူအနေနှင့် အဆင့်မြင့် အာကင်နာနည်းစနစ်များကို အသုံးပြုနေသည်မှာ အံ့သြစရာမရှိလှ။ သို့သော် အချိန်ပြောင်းပြန်နည်းစနစ်ကို အသုံးပြုနိင်သည်ကတော့ အထူးပင် အံ့သြဖွယ်ရာကောင်းလှသည်။ အကြောင်းမှာ ထိုနည်းစနစ်သည် ကန့်သတ်ထားသော နည်းစနစ်တမျိုး ဖြစ်နေသောကြောင့်ပင်။ အာကင်နာပညာရှင်ကြီးများအနေနှင့် ဤနည်းစနစ်ကို အသုံးပြုနိုင်ရန် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရလေ့ရှိ၏။

မည်သို့ပင်ဖြစ်စေ တိတ်ဆိတ်သူအနေနှင့် ဤနည်းစနစ်ကို အသုံးပြုနိုင်ခြင်းမှာ မည်သို့မှ ဖြစ်နိုင်ဖွယ်ရာမရှိပေ။

စုချန်း၏ စကားကို ကြားသောအခါ တိတ်ဆိတ်သူက ရယ်မောလိုက်သည်။

"ဒီနည်းစနစ်က အချိန်ပြောင်းပြန်နည်းစနစ်မှ မဟုတ်တာပဲကွ ဒါကြောင့် ကျွနု်ပ်ပြောတာပေါ့ကောင်လေး မင်းရဲ့ဗဟုသုတဟာ မပြည့်စုံသေးပါဘူးလို့ မူလအခြေအနေကို ပြန်ဖန်တီးနိုင်တဲ့နည်းစနစ်ဟာ အချိန်ပြောင်းပြန်နည်းစနစ်တခုပဲ ရှိတယ်လို့ မင်း ထင်နေတာလား ကောင်လေး"

"ဒါဆိုရင် ဘာနည်းစနစ်လဲဗျ"

စုချန်းက လွှတ်ခနဲ မေးမြန်းလိုက်သည်။

"မင်းကမှ သူတို့ကို မတားပေးနိုင်တာ ကျွှန်ုပ်မှာလဲ မင်းကို ဖြေနေဖို့ အချိန်မရှိဘူးကွ"

တိတ်ဆိတ်သူအနေနှင့် သူ့ရန်သူများအား ရပ်တန့်သွားစေရန် ဆန္ဒရှိပုံရသည်။ လူအားလုံးကို တပြိုင်နက်တည်း ရပ်တန့်သွားစေရန်လည်း သူ့အနေနှင့် စွမ်းဆောင်နိုင်ပုံမရချေ။ ထိုအချိန်တွင် အန်းစီယွမ်က သလင်းနံရံကို နောက်တကြိမ် ဖျက်ဆီးလိုက်ပြန်သည်။ တိတ်ဆိတ်သူကလည်း နောက်ထပ်လူနှစ်ယောက်၏ အသည်းနှလုံးကို ဖောက်ထုတ်လိုက်ပြန်၏။ သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်သည်နှင့်အမျှ ရက်စက်ကြမ်းကြုတ်လှသည်။

အန်းစီယွမ် အကြီးအကျယ် ဒေါသအိုးပေါက်ကွဲနေခဲ့လေပြီ။ သူက ကျယ်လောင်စွာ အော်ဟစ်ပြီး လက်သီးနှင့် ဆယ်ချက်ကျော်ကျော်ခန့် အဆက်မပြတ် ထိုးချလိုက်၏။

၎င်း၏ လက်သီး တချက်စီတိုင်းသည် တောင်များကို ပြိုကွဲနိုင်လောက်သည်အထိ အားမာန်ပါလှ၏။

သလင်းအစနများ လွင့်ထွက်သွားပုံမှာကား လေထဲတွင် သက်တန့်ကြီးတခု ဖြစ်ပေါ်နေသကဲ့သို့ ကြည့်၍ပင် ကောင်းနေသေးသည်။

သို့သော် မျက်စေ့တမှိတ်အတွင်းမှာပင် အချိန်နောက်ပြန်ဆုတ်ခြင်း ထပ်မံ ဖြစ်ပေါ်လာပြီး တိတ်ဆိတ်သူကလည်း ဆက်လက်လှုပ်ရှားနေ၏။ အန်းစီယွမ်ကား တကယ်ပင် အင်အားကြီးပေ၏။ သို့တိုင်အောင် သူ့လက်အောက်ငယ်သားများကား တယောက်ပြီးတယောက် သေဆုံးနေကြလေသည်။

လက်ရှိအချိန်တွင် ဂျီဟန်းယင်၏ ကင်းထောက်အဖွဲ့ဝင်များနှင့် မြို့စောင့်အတော်များများသည် တိတ်ဆိတ်သူ၏ လက်သည်းချက်ကြောင့် အသက်ပျောက်သွားကြလေပြီ။

တိတ်ဆိတ်သူကား အမှောင်ထဲတွင် ပုန်းခိုနေသည့် ဝံပုလွေနှင့်ပင် တူနေသေးသည်။ သူ့ပစ်မှတ်ကိုလည်း မည်သူမှ ကြိုတင်မှန်းဆနိုင်စွမ်းမရှိလေရာ စုချန်းတို့ဖက်မှ အတော် အကြပ်ရိုက်နေသည့် အခြေအနေပင်တည်း။

သာမန်အနိမ့်စား ဝိညာဉ်မျိုးစိတ်ဝင်တယောက်အဖို့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်၊ ယန်ဖွင့်လှစ်ခြင်းပညာရှင်နှစ်ယောက်၊ များပြားလှသော ချီစုဆောင်းခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်များ ပါဝင်သည့် လူသားအုပ်စုကြီးနှင့် ရင်ဆိုင်နေရသည့်တိုင် ဤမျှ စွမ်းဆောင်နိုင်သည်မှာ တကယ်ပင် ချီးကျူးစရာကောင်းလှချေသည်တကား။

တဖက်မှ ပို၍ အစွမ်းပြနိုင်လာလေလေ အန်းစီယွမ်ကား ပို၍ ဒေါသထွက်လာလေလေပင်။

တစုံတယောက်၏ အောင်မြင်မှုသည် တစုံတယောက်၏ နာကျင်မှုအပေါ်တွင် အခြေခံတတ်သည်မှာ လောက၏ ဓမ္မတာဟုပင် ဆိုရတော့မည် ဖြစ်သည်။

တိတ်ဆိတ်သူ၏ ကြောက်မက်ဖွယ်ရာစွမ်းအားသည် အန်းစီယွမ်၏ အသုံးမကျမှုကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလား။ ဤတပွဲတွင် တိတ်ဆိတ်သူအနေနှင့် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူ့ကို လူတိုင်း မလေးစားပဲ မနေနိုင်တော့။

ဤမြင်ကွင်းကိုကြည့်ရင်း စုချန်း၏ ရင်ထဲတွင် တတောင်ထက်မြင့်သော နောက်ထပ် တောင်တလုံး အမြဲတမ်းလိုလို ရှိနေတတ်သည်ဟူသော စကားကို ပြန်လည်သတိရလာ၏။

မည်သို့ဆိုစေ အနိမ့်စား ဝိညာဉ်မျိုးစိတ်ဝင်တယောက်က သူ့အထက်တွင် ရှိနေသည်ကိုတော့ အန်းစီယွမ်အနေနှင့် မည်သို့မှ လက်မခံနိင်။ သူ့ဂုဏ်သိက္ခာအရ၊ အလင်းတုန်ခါခြင်းနယ်ပညာရှင်တယောက်၏ အဆင့်အတန်းအရ ဤအနေအထားကို အန်းစီယွမ် ခွင့်မပြုနိုင်။

ခွန်အားအစစ်အမှန်ချင်းသာ ရင်ဆိုင်ရပါက တိတ်ဆိတ်သူကို သူ့အနေနှင့် အမှုန့်ချေပစ်နိုင်မည်ဟု အန်းစီယွမ် ယုံကြည်ထား၏။ သို့သော် ၎င်း၏ ဖုံးကွယ်ခြင်းနည်းစနစ်က ထူးဆန်းလွန်းနေပြီး သလင်းနံရံကလည်း ဖြိုခွဲ၍ မရပဲ ဖြစ်နေလေရာ အန်းစီယွမ်အနေနှင့် အတော်ပင် အခက်တွေ့နေရ၏။

"မင်း သတ္တိရှိရင် ငါ့ကို လာတိုက်လေကွ"

အန်းစီယွမ် ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

သို့သော် ရယ်သံတချို့သာ ထွက်ပေါ်လာပြီး မည်သည့် တုံ့ပြန်မှုမှမပေါ်လာ။

ရန်သူ့ထံမှ မည်သည့် တုံ့ပြန်မှုမှ မရသောကြောင့် အန်းစီယွမ်သည် သူ့လက်ကောက်ဝတ်ရှိ ပုတီးကိုရုတ်တရက် ဆွဲဖြုတ်လိုက်၏။

ထိုပုတီးမှာ အန်းစီယွမ်၏ လက်ကောက်ဝတ်တွင် အမြဲတစေ ရှိနေတတ်သော အရာဖြစ်သည်။ ပျင်းရိနေသည့် အချိန်တိုင်း အန်းစီယွမ်တယောက် ထိုပုတီးနှင့် ဆော့ကစားနေလေ့ရှိသည်။ ထို့ကြောင့် အန်းစီယွမ်တယောက် ရယ်စရာလုပ်ပြီဟု လူတိုင်း ထင်မှတ်လိုက်ကြသည်။ သို့သော် လုချိန်ကွမ်းကဲ့သို့ အန်းစီယွမ်နှင့် အနီးကပ် လူယုံတော်များကတော့ သူတို့သခင်တယောက် ဖမ်းဆီးခြင်းပုတီးစေ့များကို ထုတ်သုံးပြီဖြစ်ကြောင်း တပ်အပ်သဘောပေါက်လိုက်ကြသည်။

ဖမ်းဆီးခြင်းပုတီစေ့ဆယ်နှစ်စေ့ကား စုလိုက်ကျဲလိုက်နှင့် လေဟုန်ကိုခွင်း၍ ပျံသန်းလာခဲ့လေပြီ။ တဆက်တည်းမှာပင် မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်များ ထွက်ပေါ်နေပြီး မိုးခြိမ်းသံများကိုလည်း ကြားနေရ၏။ ၎င်းမှာ မိုးကြိုးတိမ်တိုက်တခုနှင့်ပင် တူနေသေးတော့သည်။

အန်းစီယွမ်သည် ပုတီးစေ့များကို ပစ်လွှတ်ပြီးသည်နှင့် လက်သီးကွက်ကို ထပ်မံဖော်ထုတ်လိုက်ပြန်၏။ အန်းစီယွမ်၏ လက်သီးချက်ကား အနည်းငယ်မျှပင် အားလျော့မသွားသည့်အပြင် ပို၍ပင် ပြင်းထန်လာသေးသည်။ ရှေးနည်းအတိုင်း သလင်းနံရံသည် ပြိုကွဲသွားပြီး သလင်းစများ လေထဲသို့ လွင့်စင်လာပြန်၏။

သလင်းစများသည် ယခင်ပုံစံအတိုင်း ပြန်လည်စုစည်းလာပြန်၏။ ထိုအချိန်မှာပင် မိုးကြိုးတိမ်တိုက်က ကျယ်လောင်သော အသံကြီးနှင့် မိုးကြိုးများ အဆက်မပြတ် ပစ်ချလိုက်တော့သည်။

ကြောက်စရာကောင်းလှသည့် ဖိအားကြီးများကြောင့် သလင်းစများသည် အမှုန်အမွှားအဖြစ် လွင့်စင်ကုန်၏။

မိုးကြိုးများ အဆက်မပြတ် ပစ်ချနေခြင်းကြောင့် တိတ်ဆိတ်သူအနေနှင့် မည်သည့်နည်းစနစ်ကို အသုံးပြုနေစေကာမူ သလင်းနံရံများနောက်တွင်တော့ ပုန်းကွယ်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်မှာပင် လူတိုင်း ရင်သပ်ရှုမောလောက်စရာ မြင်ကွင်းတခု ဖြစ်ပေါ်လာတော့သည်။

၎င်းမှာ မိုးကြိုးများ အဆက်မပြတ် ပစ်ချနေသည့်ကြားမှပင် သလင်းမှုန်များသည် နဂိုမူလအတိုင်း သလင်းနံရံများအဖြစ် ပြန်လည်စုစည်းသွားခြင်းပင်။

သလင်းနံရံများအကြားမှ တိတ်ဆိတ်သူ၏ အဆက်မပြတ် ရယ်မောသံများ ထွက်ပေါ်လာပြီး မြို့တော်အစောင့်တချို့နှင့် ကင်းထောက်သမားတချို့ မြေကြီးပေါ်သို့ လဲကျသွားပြန်၏။

"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

အန်းစီယွမ် အတော်လေး ထိတ်လန့်သွား၏။

"ကိုယ့်အခြေအနေ ကိုယ်သဘောပေါက်သင့်နေပြီ လူမိုက်ကလေးတွေရဲ့"

တိတ်ဆိတ်သူက ရယ်မောရင်း ပြောလိုက်၏။

ထိုအချိန်မှာပင် အန်းစီယွမ်၏ နောက်ကျောတွင် အလွန်ကြီးမားလှသည် သားရဲသတ္တဝါကြီးတကောင်၏ ပုံရိပ် ထွက်ပေါ်လာ၏။

သခင်အဆင့် သွေးဗီဇ နတ်ဆိုးသတ္တဝါ အဖြူရောင်ခြင်္သေ့ပေတည်း။

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဖြစ်သူ အန်းစီယွမ်သည် အနိမ့်စား ဝိညာဉ်မျိုးစိတ်ဝင်တယောက်အတွက် သူ၏ သွေးဗီဇကိုပင် စတင်ထုတ်သုံးခဲ့ရလေပြီ။

အန်းစီယွမ်၏ သွေးဗီဇမှာ ပြင်းထန်လှသောကြောင့် လူတိုင်း၏ နှလုံးသားသည် သိမ့်သိမ့်မြည်အောင် တုန်ခါသွား၏။

ထိုအချိန်တွင် အန်းစီယွမ်ကား ဒေါသထွက်လွန်း၍ အရူးတပိုင်း ဖြစ်နေခဲ့လေပြီ။

လာစမ်း...ခွေးမသား...မင်းကိုငါ အရိုးတခြား အသားတခြား လုပ်ပစ်လိုက်မယ်...

ထိုအချိန်မှာပင် အလားတူ ကြီးမားလှသော နီနီရဲရဲ သားရဲကြီးတကောင် ဟောခန်းမတနေရာမှ ပေါ်ပေါက်လာ၏။

"ကောင်လေး ဒီလူသားတွေကို နည်းနည်းပါးပါး ပညာပေးလိုက်စမ်းပါကွာ"

တိတ်ဆိတ်သူက ရက်စက်ကြမ်းကြုတ်သော လေသံနှင့် အမိန့်ပေးလိုက်၏။

အာဝူး...

နတ်ဆိုးသတ္တဝါကြီး၏ အော်သံက ဥမင်လှိုဏ်ခေါင်းတလျှောက် ပျံ့လွင့်သွားလေသည်။

All Chapters