← Chapters

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၅

Vol. 44 Ch. 440

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၅

Vol. 44 Ch. 440

အလွန်ကြီးမားလှပြီး သွေးကဲ့သိ့ ရဲထဲနီနေသည့် နတ်ဆိုးသတ္တဝါကြီးသည် အန်းစီယွမ်၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံပေးလိုက်၏။ အန်းစီယွမ်အနေနှင့် အလွန်အင်အားကြီးမားသည် မှန်သော်လည်း နတ်ဆိုးသတ္တဝါကြီးကိုတော့ တချက်တည်းနှင့် အသာစီးရအောင် မစွမ်းဆောင်နိုင်ချေ။

ဝိညာဉ်မျိုးစိတ်များအနေနှင့် တခြားသက်ရှိများအား ထိန်းချုပ်နိုင်စွမ်းရှိကြောင်းကိုတော့ သူတို့ သိထားပြီးသားပင်။ သို့သော် အဆင့်နိမ့် ဝိညာဉ်မျိုးစိတ်ဝင်တယောက်က နတ်ဆိုးသတ္တဝါကြီးကို ထိန်းချုပ်ထားနိုင်သောအခါ သူတို့အားလုံး ထိတ်လန့်ကုန်ကြ၏။

ထိုအချိန်တွင် အန်းစီယွမ်သည် သူ၏ ပြင်းထန်အားပါလှသော လက်သီးချက်များကို အဆက်မပြတ် ဖော်ထုတ်ရင်း ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။

"လူတိုင်း အားကုန်သုံးပြီး တိုက်ကြစမ်းဟေ့ သူ့ရဲ့သလင်းနံရံတွေ ဘယ်လောက်ထိ ပြန်ဖွဲ့စည်းနိုင်မှာလဲ"

အမိန့်သံ ထွက်ပေါ်လာသည်နှင့် လူတိုင်းသည် ရှေ့သို့ ခုန်ဝင်တိုက်ခိုက်လိုက်ကြ၏။

သူတို့အားလုံးသည် အန်းစီယွမ်ကဲ့သို့ပင် အားကုန်သုံးကာ တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။ သလင်းနံရံများကို ပြန်လည် ဖွဲ့စည်းနေရသမျှ တိတ်ဆိတ်သူအနေနှင့် စွမ်းအင်များ ကုန်ဆုံးနေလိမ့်မည်ဟု သူတို့ အားလုံး ယုံကြည်ထားကြသည် မဟုတ်ပါလား။ ထိုသို့ အားအင်ကုန်ဆုံးသွားမည့်အချိန်သည် သူတို့ဘက်မှ တိတ်ဆိတ်သူအား အနိုင်ယူရမည့်အချိန် ဖြစ်သည်။

သို့သော် ထိုအထဲတွင် စုချန်းတော့ မပါချေ။

ဘာကြောင့်မှန်းမသိ တစုံတခု မှားယွင်းနေသကဲ့သို့ စုချန်း ခံစားနေရသည် မဟုတ်ပါလား။

ဤနည်းအားဖြင့် ခန်းမအတွင်းရှိ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေ၏။ တိတ်ဆိတ်သူသည်လည်း ယခင်နည်းအတိုင်းပင် အန်းစီယွမ်ဘက်မှ လူများအား တယောက်ပြီးတယောက် သတ်ဖြတ်နေလေသည်။ သေဆုံးသူများ၏ နံဘေးတွင်တော့ သွေးများ အိုင်ထွန်းလျက်ရှိချေပြီတည်း။

တခြားလူများ၏ သေဆုံးမှုသည် အသက်ရှင်ကျန်ရစ်သူများအား ပို၍ သွေးရူးသွေးတန်း ဖြစ်လာစေ၏။ ထိုအခါ သူတို့အားလုံးသည် သလင်းနံရံများကို မီးကုန်ယမ်းကုန် ဖြိုဖျက်ကြတော့သည်။ ဤနံရံများကိုသာ အချိန်မီ မဖြိုဖျက်နိင်ခဲ့လျင် နောက်တကြိမ် အသတ်ခံရမည့်သူမှာ သူတို့ထဲမှ မည်သူမဆို ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

ပတ်ဝန်းကျင်တခုလုံးကား အလင်းရောင်များဖြင့် ဝင်းဝင်းတောက်နေ၏။

မျက်စေ့ကျိန်းစပ်မတတ် စူးရှလှသော အလင်းရောင်များပင် ဖြစ်သည်။

စုချန်းက မျက်စေ့ကို ဖျတ်ခနဲမှိတ်ပြီး စဉ်းစားလိုက်သည်။

တိတ်ဆိတ်သူသည် အဘယ်ကြောင့် အင်အားကြီးသူများအား သတ်ပစ်ရန် မကြိုးစားပဲ လက်အောက်ငယ်သားများကိုသာ ရွေးချယ်သတ်ဖြတ်နေသနည်း။

အကယ်၍ စုချန်းသာ တိတ်ဆိတ်သူနေရာမှာဆိုလျင် အန်းစီယွမ်ကိုသာ အရင်ဆုံး သတ်ပစ်ရန် ကြိုးစားပေလိမ့်မည်။ အန်းစီယွမ်၏ အင်အားအရ ထိုသို့ လုပ်ဆောင်ရန် ခက်ခဲနေသည်ကတော့ အမှန်ပင်။ သို့သော် အနည်းဆုံး တကြိမ်တော့ ကြိုးစားသင့်သည် မဟုတ်ပါလား။ ထိုသို့မဟုတ်ပဲ တိတ်ဆိတ်သူအနေနှင့် ခွန်အားကို ချွေတာလိုပါက အန်းစီယွမ်ကို မဟုတ်ပဲ လုချိန်ကွမ်း၊ ဂျီဟန်းယင်တို့ကို သတ်ပစ်နိုင်သေးသည် မဟုတ်ပါလား။

ယခုတော့ တိတ်ဆိတ်သူသည် လက်ရှိလူအုပ်စုထဲတွင် အင်အားအနည်းဆုံးဟု ဆိုနိင်သည့် မြို့တော်အစောင့်များနှင့် ကင်းထောက်သမားများကိုသာ ရွေးချယ်သုတ်သင်နေ၏။ အဘယ်ကြောင့်ပေနည်း။

ကြောင်တကောင်က သေခါနီး ကြွက်တကောင်အား ဆော့ကစားနေသလိုမျိုးပေလော။

မိမိဘက်မှ အနိင်ရလိမ့်မည်ဟု သေချာပေါက် အာမခံချက်ရှိသော လူမျိုးသာလျင် ထိုလုပ်ရပ်မျိုးကို လုပ်ပေလိမ့်မည်။

စုချန်းအနေနှင့် တိတ်ဆိတ်သူသည် ဤမျှ အင်အားကြီးမားလိမ့်မည်ဟု လုံးဝ ယူဆမထား။

ဤအတိုင်းဆိုလျင် တိတ်ဆိတ်သူတွင် အကြောင်းပြချက်တခုခုတော့ ရှိနေပေပြီ။

မည်သို့သော အကြောင်းပေနည်း။

စုချန်းသည် အထက်ပါအတိုင်း အနုလုံပဋိလုံ စဉ်းစားလျက်ရှိသည်။ ထိုအချိန်တွင် သူ့ပတ်ပတ်လည်၌ နာကျင်စွာ အော်ဟစ်ငြီးငြူသံများနှင့် ဆူညံလျက် ရှိလေသည်။

"စုချန်း ရှင် ဘာလုပ်နေတာလဲ ဝင်တိုက်လေ"

ဂျီဟန်းယင်က စုချန်းကို အော်ဟစ်သတိပေးလိုက်၏။

စုချန်းက ခေါင်းကို ဖြတ်ခနဲ မော့ကြည့်လိုက်ရာ ဂျီဟန်းယင်သည် သူမရှေ့ရှိ သလင်းနံရံအား နှင်းခါးရေခဲလက်ဝါးဖြင့် ရိုက်ချနေကြောင်း တွေ့လိုက်ရသည်။

ရေခဲနှင့်သလင်းနံရံများ ဆုံတွေ့မိချိန်ဝယ် စူးရှတောက်ပလှသည့် အလင်းရောင်များ ထွက်ပေါ်လာ၍ စုချန်းပင် မျက်စေ့ကို မှိတ်ထားလိုက်ရသည်။

ထို့နောက် သူက ခေါင်းကို ဖြတ်ခနဲမော့ကာ ခန်းမ၏ မျက်နှာကျက်ကို လှမ်းကြည့်လိုက်၏။ ဖြူဖွေးသော အလင်းရောင်များသည် ခန်းမ မျက်နှာကျက်ဆီမှ တွဲလွဲကျနေကြောင်း သူ တွေ့လိုက်ရသည်။

ထို့နောက် သူက လက်တဖက်ကို မြှောက်ပြီး အလင်းရောင်များ တွဲလွဲကျနေသည့် နေရာဆီသို့ ရိုက်ချလိုက်၏။ အုန်းခနဲ မြည်သံနှင့်အတူ အလင်းရောင်သည် မှိတ်တုတ် မှိတ်တုတ်ဖြစ်လာပြီး အက်ကွဲသွားလေသည်။

စုချန်းက နောက်ထပ် အလင်းနံရံတခုကို ထပ်မံဖျက်ဆီးရန် ဟန်ပြင်လိုက်ရာ လေတိုးသံတချက်ကို ကြားလိုက်ရ၏။ အရှိန်အဟုန်ပြင်းစွာနှင့် ပျံသန်းလာသော မီးလျံစက်လုံး တလုံးပေတည်း။

စုချန်းက အနှီ မီးလျံစက်လုံးကို အလွယ်တကူပင် ရှောင်တိမ်းလိုက်ပြီး ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။

"ဒီတော့ ခင်ဗျားက ကျုပ် ဒီလိုလုပ်တာကို မကြိုက်ဘူးပေါ့ ဒါဆိုလဲ ခင်ဗျားရဲ့ ဖုံးကွယ်ခြင်းနည်းစနစ်ကိုသုံးပြီး ကျုပ်ကို သတ်လိုက်လေဗျာ"

သူ့ဆီသို့ ဦးတည်ကာ ပျံသန်းလာသည့် မီးလျံစက်လုံးများမှအပ မည်သည့် တုံ့ပြန်သံမှ စုချန်း မကြားရ။

တဖက်တွင် စုချန်းသည် ပို၍ပင် အေးဆေးတည်ငြိမ်လာ၏။ူသူက မီးလျံစက်လုံးများအား အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး ဘယ်ဖက်လက်ကို လှုပ်ရှားလိုက်ရာ အရိပ်မီးတောက်ဘီလူးထွက်ပေါ်လာပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သို့သော် စက္ကန့်ပိုင်းမျှအကြာမှာပင် စုချန်း၏ အရိပ်မီးတောက်ဘီလူးသည် မည်သည့်အရိပ်အယောက်မှ မတွေ့ရတော့ပဲ ပြန်လည်ပျောက်ကွယ်သွားပြန်၏။

စုချန်း၏ အပြုအမူကိုကြည့်ရင်း ဂျီဟန်းယင်မှာကား နားမလည်နိုင်ပဲ ဖြစ်နေလေသည်။

"စုချန်း ရှင်ဘာတွေလုပ်နေတာလဲ"

"ဘာမှမဟုတ်ဘူး ဒီနည်းစနစ်ကို ကျုပ် သုံးဖို့မလိုမှန်း တွေးမိလို့"

စုချန်းက ပြန်ဖြေလိုက်သည်။ ထို့နောက် သူက စကားဆက်လိုက်ပြန်၏။

"ဟန်းယင် ကျန်းစီချွေ့က ကျုပ်ဆီမှာ ခင်ဗျားအတွက် မူလစွမ်းရည်နှစ်မျိုး ဖန်တီးပေးဖို့ အကူအညီတောင်းထားတယ် ခု အဲဒီထဲက တမျိုးကို ကျုပ်ပြမယ် လိုက်ကြည့်ထား ကျုပ်က ဒီနည်းစနစ်ကို ရေခဲရနံ့ပန်းလို့ နာမည်ပေးထားတယ်"

စကားဆုံးသည်နှင့် သူက လက်ဖဝါးကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မရေမတွက်နိုင်သော နှင်းပွင့်များ သူ့လက်ဖဝါးအနီးသို့ စုစည်းလာ၏။ သိပ်မကြာမီ အဆိုပါ နှင်းပွင့်များသည် ပန်းပွင့်ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားလေသည်။

နှင်းပွင့်များဖြင့် ဖန်တီးထားသည့် ပန်းပွင့််များသည် ချွန်ထက်သည့် အနားများ ရှိနေပြီး ဖြူဖွေးတောက်ပလျက်ရှိသည်။ ၎င်းမှ ထွက်ပေါ်နေသော အအေးဓာတ်ကလည်း တခန်းလုံးကို အေးစိမ့်သွားစေ၏။

စုချန်းက စကားဆက်ပြန်သည်။

"ဟန်းယင် ခင်ဗျားရဲ့ တိုက်ခိုက်ပုံက မာန်ပါတယ် ရက်စက်တယ် ဒါပေမဲ့ ခင်ဗျားမှာ သက်လုံမရှိဘူး ကျုပ် သိထားသလောက် ကိုယ့်ရဲ့ အားနည်းချက်တွေကို လျော့ချဖို့ဟာ အလွန်အရေးကြီးတဲ့ အချက်ပဲ ဒါကြောင့် ဒီနည်းစနစ်ကို ခင်ဗျားအတွက် ကျုပ် ဖန်တီးထားတာပဲ ခင်ဗျားအနေနဲ့ ဒီနည်းစနစ်ကို အဆက်မပြတ် ဖော်ထုတ်တိုက်ခိုက်နိုင်လိမ့်မယ် ရေခဲမှုန်တွေအထိခံရတဲ့ ရန်သူဟာ မသေသည့်တိုင် လှုပ်ရှားမှုတွေ နှေးကွေးသွားလိမ့်မယ် ပြီးတော့ ဒီနည်းစနစ်ဟာ ကိုယ်ပျောက်ပိုက်ကွန်ကိုပဲ အခြေခံပြီး ဖန်တီးထားတဲ့အတွက် ခင်ဗျားအနေနဲ့ အလွယ်တကူ သုံးစွဲနိုင်လိမ့်မယ်"

ဂျီဟန်းယင်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားဟန်များ ပေါ်လွင်လာ၏။

"တော်တော်ကောင်းတဲ့ နည်းစနစ်ပဲ ရှင့်အနေနဲ့ အချိန်တိုအတွင်း ဒီလို ဖန်တီးနိုင်လိမ့်မယ်လို့ ကျွန်မ ထင်တောင်မထင်ခဲ့ဘူး"

စုချန်းက ခေါင်းခါယမ်းလိုက်သည်။

"ဒီနည်းစနစ်က မပြီးသေးဘူးဗျ"

"ဘာ ရှင့် မပြီးသေးပဲနဲ့ ရှင် ဘယ်လို"

ဂျီဟန်းယင် ကြောင်အန်းအန်း ဖြစ်သွားလေသည်။

စုချန်းက ထပ်ပြောလိုက်ပြန်သည်။

"ဒီနည်းစနစ်က ပုံကြမ်းအဆင့်မှာပဲ ရှိသေးတယ် မပြီးသေးဘူး ဒါတောင်မှ ဘယ်လိုထုတ်သုံးနိုင်တာလဲလို့ ခင်ဗျား မေးမလို့မလား"

စုချန်းက သူ့ရှေ့ရှိ သလင်းနံရံကို လက်ညိုးထိုးရင်း ပြောလိုက်၏။

"ဒီကိစ္စဟာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ ဘယ်လိုလဲ တိတ်ဆိတ်သူ ခင်ဗျား ဒီကိစ္စကို ကျုပ်ကိုယ်စား ရှင်းပြနိုင်မလား"

တိတ်ဆိတ်သူ တိုက်ပွဲစဉ်တလျှောက်လုံးတွင် အလွန်အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့၏။ ဤတကြိမ်တွင်တော့ ထိုသို့ မဟုတ်တော့ပေ။

သလင်းနံရံတိုင်းလိုလိုရှိ တိတ်ဆိတ်သူ၏ ပုံရိပ်ယောင်များသည် အကြီးအကျယ် ဒေါသထွက်နေဟန် ပေါ်လာ၏။

ထို့နောက် သူက ရွှီခနဲ အသံပြုပြီး စုချန်းကို ညွှန်ပြလိုက်ရာ အန်းစီယွန်နှင့် တိုက်ခိုက်နေသော နတ်ဆိုးသတ္တဝါကြီးသည် တိုက်ခိုက်ခြင်းကို ရပ်တန့်ပြီး စုချန်းဖက်သို့ ချာခနဲ လှည့်လာတော့သည်။

သို့သော် အန်းစီယွမ်ကား သတ္တဝါကြီးကို အနည်းငယ်မှ အလျော့မပေးပဲ ပြင်းထန်စွာ တိုက်ခိုက်နေလေရာ သတ္တဝါကြီးမှာ စုချန်းဘက်သို့ လှည့်မလာနိုင်ပဲ ရှိလေသည်။

"ဘာတွေဖြစ်နေတာလဲဗျ"

စုချန်းက ဟက်ခနဲ တချက်ရယ်ပြီး လှောင်ပြောင်လိုက်သည်။ ထို့နောက် သူက လေထဲသို့ ရုတ်တရက် ခုန်တက်ပြီး ခန်းမမျက်နှာကျက်ပေါ်ရှိ ထူထည်းသော ကျောက်တုံးတတုံးကို လက်သီးနှင့် လှမ်းထိုးလိုက်လေသည်။

ထိုအချိန်မှာပင် ကျောက်တုံးမျက်နှာကျက်သည် ဖျတ်ခနဲ အရောက်လက်သွားပြီး ကြမ်းတမ်းလှသော လက်ကြီးတချောင်း ကျောက်တုံးအတွင်းမှ တိုးထွက်လာကာ စုချန်းအား ရိုက်ချလာတော့သည်။

"ကျုပ်ကို ကူညီပြီး ဒါကြီးကို တားပေးကြအုံး"

ဂျီဟန်းယင်၊လုချိန်ကွမ်းနှင့် ကျန်လူများကလည်း တပြိုင်နက်တည်း လှုပ်ရှားကာ ထိုလက်ကြီးအား တားဆီးလိုက်ကြလေသည်။

ထိုအချိန်မှာပင် စုချန်း၏ လက်သီးက ထိုကျောက်တုံးအား တည့်တည့်မတ်မတ်ပင် ထိမှန်သွားလေသည်။

သာမာန်လက်သီးတော့မဟုတ်။ သံချပ်ကာ ဖောက်ထွင်းရေးဆူးချွန်ပေတည်း။

"မလုပ်နဲ့"

တိတ်ဆိတ်သူ ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။

ထို့နောက်တွင်တော့ လူတိုင်း မြင်တွေ့နေသည့် မြင်ကွင်းသည် ုဖြုတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

အနီရောင်နတ်ဆိုးသတ္တဝါကြီး၊ သလင်းနံရံများ။

ဘာဆိုဘာတခုမှ မရှိတော့ပဲ အားလုံးပျောက်ကွယ်သွားခြင်းပေတကား။ နောက်ဆုံးတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ကျန်ရစ်ခဲ့လေသည်။

သူတို့အားလုံးသည် စပျစ်နွယ်များ ဝန်းရံနေသည့် တောင်ကုန်း၏ အလယ်ဗဟိုတွင် မတ်တပ်ရပ်လျက်သား ရှိနေ၏။ စပျစ်နွယ်တချို့ကား လူတချို့၏ ရင်ဝကို ဖောက်ထွက်းလျက်ရှိလေသည်။

သူတို့နှင့် သိပ်မဝေးလှသည့် ကမူလေးပေါ်တွင်တော့ ဝိညာဉ်မျိုးစိတ်ဝင်က မတ်တပ်ရပ်လျက်သား ရှိနေပြီး အရူးတယောက်ပမာ အော်ဟစ်လျက်ရှိသည်။

"ခွေးမသား မင်း ခွေးမသား ငါ့ရဲ့ ပုံရိပ်ယောင်ပုံစံကွက်ကို ဖျက်ဆီးပစ်တယ် မင်းသေရမယ် မင်း သေကိုသေရမယ်ကွ"

All Chapters