ဝိညာဉ်မျိုးစိတ်နောက်သီု့လိုက်ပါခြင်း ၇
Vol. 45 Ch. 442
အန်းစီယွမ်၏ လစ်လျူရှုခြင်းသည် စုံစမ်းစစ်ဆေးရေးဗျူရိုမှလူများအား အကြီးအကျဟ် ဒု္ခရောက်သွားစေ၏။
မြူခိုးများအတွင်းမှ နာကျင်စွာ အော်ဟစ်သံများ၊ အသားစကို ကိုက်ဖြတ်စားသောက်သံများကို လူတိုင်းလိုလို ကြားနေရလေသည်။
ချန်းဝမ်ဟွေ၏ နှလုံးသားသည် ပြင်းထန်စွာ နာကျင်လာ၏။ သို့သော် သူ့လူတချို့ကို မစတေးရပဲ ဤတိုက်ပွဲ မပြီးနိုင်မှန်းကိုတော့ သူ ကောင်းကောင်းသဘောပေါက်ထားလေသည်။
အသက်ပေါင်း ဘယ်နှစ်ချောင်း စတေးရမည်ကိုတော့ ချန်းဝမ်ဟွေ မဝေခွဲတတ်ချေ။ ဆုံးရှုံးမှုအနည်းဆုံး ဖြစ်ရန်ကိုတော့ သူ့စိတ်ထဲတွင် မျှော်လင့်နေ၏။
အတွေးနှင့်အတူ ချန်းဝမ်ဟွေ စတင်လှုပ်ရှားလိုက်လေသည်။
ချန်းဝမ်ဟွေ စတင်လှုပ်ရှားလိုက်သည်နှင့် လေထဲတွင် စိမ်းပြာရောင်ကြာပန်းများ ပေါ်ပေါက်လာပြီး ၎င်းကြာပန်းများသည် မြူခိုးများ၏ အလယ်ဗဟိုသို့ ကျရောက်သွားက အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာလေသည်။ အလင်းရောင်များ ထွက်ပေါ်လာသည်နှင့် မြူခိုးများအတွင်းမှ သတ္တါအစုအဝေးသည် နောက်သို့ ဆုတ်ကုန်ကြ၏။
ဤသည်မှာ ချန်းဝမ်ဟွေ၏ ရှင်းလင်းရေးအလင်းရောင်နှင်းပန်းနည်းစနစ်ပင် ဖြစ်လေသည်။
စုချန်း ယခင် ကြုံတွေ့ဖူးသည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်များနှင့် မတူညီပဲ ချန်းဝမ်ဟွေသည် တော်ဝင်မျိုးနွယ်စုများအတွင်း မွေးဖွားလာသူဖြစ်ပြီး အဆင့်မြင့်နတ်ဆိုးသတ္တဝါသွေးဗီဇကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မိုးပြာရောင်နှင်းပန်းသစ်ပင်ဝိညာဉ်သွေးဗီဇသည် အလွန်စွမ်းအင်ကြီးမားပြီး သွေးဗီဇကလည်း သန့်စင်လှ၏။ ထို့ကြောင့် ချန်းဝမ်ဟွေ၏ တိုက်ခိုက်မှုကလည်း သူမတူအောင် ထက်မြက်နေခြင်းပင်။
ရှင်းလင်းရေးအလင်းရောင်များ၏ အောက်ဝယ် မြူခိုးများ၏ စွမ်းအားမှာ လျော့နည်းသွား၏။ ယုတ်စွအဆုံး မြူခိုးများအတွင်း ကိုက်ခဲခံနေရသည့် လူတချို့ပင် ပြန်လည်သက်သာလာကြလေသည်။
ရှင်းလင်းရေးနှင်းကြာပန်းများသည် နတ်ဆိုးများကို မောင်းထုတ်နိုင်သည့်အပြင် ဒဏ်ရာပျောက်ကင်းစေသည့် စွမ်းရည်ပါ ရှိနေသည် မဟုတ်ပါလား။
ချန်းဝမ်ဟွေ စတင်လှုပ်ရှားလိုက်ပြီဆိုသည်နှင့် အခြေအနေမှာ မြန်မြန်ဆန်ဆန်ပင် တည်ငြိ်မ်သွား၏။ ချန်းဝမ်ဟွေ တချက်ပြုံးပြီး တိတ်ဆိတ်သူကို လှမ်းကြည့်လိုက်သည်။ ထိုအခါ တိတ်ဆိတ်သူကလည်း သူ့ကို ပြန်ကြည့်နေကြောင်း ချန်းဝမ်ဟွေ တွေ့လိုက်ရ၏။ တိတ်ဆိတ်သူ၏ မျက်လုံးများသည်ကား ထူးဆန်းသော အရောင်တမျိုးနှင့် ဝင်းလက်တောက်ပနေလေသည်။
တိတ်ဆိတ်သူ၏ မျက်လုံးကို ကြည့်ရင်း ချန်းဝမ်ဟွေ၏ ခေါင်းထဲသို့ အတွေးတရပ် ဝင်လာ၏။
ဒီကောင် အန်းစီယွမ်ဟာ ငါ့ကို သက်သက်မဲ့ ဒုက္ခပေးချင်လို့ ဒီကို ခေါ်လိုက်တာပဲ ဒီကောင်က ရန်သူကို ငါနဲ့တည်ပေးပြီး ငါ့ကို အားနည်းသွားစေချင်တယ်ပေါ့လေ ခွေးမသား ဒီကောင် အတော်ကောက်ကျစ်တဲ့ကောင်ပါလား ငါလဲ သာမာန်လူမှမဟုတ်တာ ဒီကောင် ဒုက္ခပေးတိုင်း ခေါင်းငုံ့ခံနေရမှာလား ဒီကောင် ငါ့ကို ဒုက္ခပေးရင် ငါကလဲ ဒီကောင့်ကို ပြသနာပြန်ပေးမှရမယ်...
စဉ်းစားရင်းနှင့်ပင် ချန်းဝမ်ဟွေ ပို၍ ဒေါသထွက်လာ၏။ အတန်ကြာသော် သူသည် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ ထိုအခါ စိမ်းပြာရောင်ကြာပန်းများသည် ရုတ်တရက်ဆိုသလို မြွေကြီးဆီသို့ ဦးတည်သွားတော့သည်။
တကယ်တော့ ထိုအချိန်တွင် မြွေကြီးသည် အန်းစီယွမ်၏ လက်ချက်ကြောင့် သေလုမြောပါး အခြေအနေသို့ ဆိုက်ရောက်နေခဲ့လေပြီ။ သို့သော် ရှင်းလင်းခြင်းနှင်းကြာပန်း၏ အလင်းရောင်များရောက်လာသည်နှင့် ၎င်း၏ ဒဏ်ရာများသည် ရုတ်တရက် သက်သာလာပြီး ခွန်အားမှာလည်း ပြန်လည်ပြည့်ဖြိုးလာတော့သည်။
အန်းစီယွမ်ကား ထိုအခြေအနေကို မျှော်လင့်မထားလေရာ မည်သို့မှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိချေ။ ထိုအခါ မြွေကြီး၏ ရုတ်တရက် ပြန်လည်တိုက်ခိုက်မှုကြောင့် မြို့တော်အစောင့် ရှစ်ယောက်ခန့်သည် အရိုးများ ကျိုးကြေကာ လွင့်ထွက်သွားတော့သည်။ ၎င်းတို့အနေနှင့် မည်သည့်နည်းလမ်းနှင့်မျှ အသက်ရှင်နိုင်စရာ အကြောင်းမရှိတော့။
ချန်းဝမ်ဟွေ၏ လုပ်ရပ်ကြောင့် အန်းစီယွမ် အကြီးအကျယ် ဒေါသထွက်သွား၏။
"ဟေ့ကောင် ချန်းဝမ်ဟွေ မင်း ဘာလုပ်တာလဲ"
"ခင်ဗျား ကျုပ်ကို အသက်အန္တရာယ်ပြုဖို့ ကြိုးစားရင် ခင်ဗျားရဲ့ နောက်လိုက်တွေလဲ အသက်ရှင်နိုင်လိမ့်မယ်မထင်နဲ့"
ချန်းဝမ်ဟွေကလည်း အားကျမခံ ပြန်အော်လိုက်သည်။ တချိန်တည်းမှာပင် ၎င်း၏ နောက်ကျောတွင် မိုးပြာရောင်နှင်းပန်းသစ်ပင်ဝိညာဉ် ပေါ်ပေါက်လာပြီး အလင်းရောင်များ ဝင်းလက်တောက်ပလာကာ အန်းစီယွမ်အား စတင်ဖိအားပေးလာတော့သည်။
အန်းစီယွမ် မျက်လုံးပြူးသွား၏။ ထို့နောက် သူက တွေးလိုက်သည်။
ဒီခွေးမသားက ဒီလောက်တောင် ဦးနှောက်မရှိမှတော့ ဒင်းကို ဒီနေရာမှာပဲ အပြတ်ရှင်းပစ်တော့မယ်...
ပြင်းထန်သော ဒေါသက ဖုံးလွှမ်းနေပြီ ဖြစ်လေရာ အန်းစီယွမ်သည် လာမည့် အကျိုးဆက်များကို မစဉ်းစားနိုင်တော့။ သူ၏ ပြင်းထန်သော လက်သီးချက်က ချန်းဝမ်ဟွေထံသို့ ပြေးဝင်သွားတော့သည်။
မမျှော်လင့်ပဲ အချင်းချင်း ရန်ဖြစ်ကုန်ကြသည် ဖြစ်လေရာ လူတိုင်းလိုလိုသည် မှင်သက်ကုန်ကြ၏။
တုံ့ပြန်မှုနှေးကွေးသူတချို့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပြီး တုံ့ပြန်မှု မြန်ဆန်သူများမှာကား အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြပေပြီ။
ထိုအခါ တိုက်ပွဲမှာ ရှုပ်ရှက်ခတ်ကုန်တော့၏။
"ရပ်ကြပါဗျို့ ရပ်ကြပါ"
စုချန်းက ကျယ်လောင်စွာ အော်ဟစ်တားမြစ်လိုက်သည်။ သို့သော် ဤမျှ ရှုပ်ရှက်ခတ်နေသော အခြေအနေတွင် စုချန်း၏ ဟန့်တားမှုအား မည်သူက ဂရုစိုက်နေမည်နည်း။
ထိုအချိန်မှာပင် လုချိန်ကွမ်းသည် ချန်းဝမ်ဟွေထံသို့ ခုန်ဝင်တိုက်ခိုက်လိုက်ပြန်၏။
၎င်းကို စုချန်းက ကြားဝင်ဟန့်တားလိုက်လေသည်။
"ဝိညာဉ်မျိုးစိတ်ဝင်ကို အရင်ဆုံး ရှင်းပစ်ရမယ်ဗျ"
စုချန်းအနေနှင့် အခြေအနေကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစားလိုက်ခြင်းသာ ဖြစ်သည်။ သို့သော် လုချိန်ကွမ်းကား နားမဝင်။ စုချန်းဘက်သို့ ချာခနဲ လှည့်လာပြီး တိုက်ခိုက်လိုက်တော့သည်။ သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာသည့် ပြင်းထန်သော စွမ်းအင်လှိုင်းများက စုချန်းဆီသို့ စတင်ရိုက်ခတ်လာခဲ့ပေပြီ။
မမျှော်လင့်ပဲ တိုက်ခိုက်ခံလိုက်ရခြင်းကြောင့် စုချန်း အငိုက်မိသွား၏။ သူ့တကိုယ်လုံး ကြိုးပြတ်သွားသော စွန်ပမာ နောက်ဘက်သို့ လွင့်စင်သွားပြီး ပါးစပ်မှ သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်လေသည်။
"စုချန်း"
ဂျီဟန်းယင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး စုချန်းကို ဆီး၍ ဖမ်းထားလိုက်၏။ ထို့နောက် သူမက လုချိန်ကွမ်းကို ဒေါသတကြီးနှင့် ပြောလိုက်သည်။
"ရှင်ဘာလုပ်တာလဲ"
လုချိန်ကွမ်း၏ မျက်လုံးများမှာကား ရဲရဲနီနေ၏။ သူက ဟိန်းဟောက်လိုက်သည်။
"မင်း သေကိုသေရမယ်ကွ"
ပင်လယ်သမုဒ္ဒရာမှ လှိုင်းလုံးကြီးများ ပေါ်ထွန်းလာသကဲ့သို့ လုချိန်ကွမ်း၏ ကိုယ်အတွင်းမှ စွမ်းအင်လှိုင်းများ ထပ်မံ ပေါ်ထွက်လာပြန်သည်။
ဂျီဟန်းယင်သည် နှင်းခါးရေခဲလက်ဝါးကိုသုံးကာ လုချိန်ကွမ်း၏ တိုက်ခိုက်မှုကို ခုခံလိုက်၏။ သို့သော် သူမ၏ ပြိုင်ဘက်မှာကား ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် ဖြစ်နေ၏။ အင်အားချင်း ကွာခြားနေပေရာ ဂျီဟန်းယင်၏ တကိုယ်လုံးသည် နတ်ပူးသကဲ့သို့ တုန်ခါသွားလေသည်။
သို့သော် ဂျီဟန်းယင်ကား အလွန်ပင် ခေါင်းမာသူ ဖြစ်လေရာ လုချိန်ကွမ်းအား ထပ်မံ တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် စုချန်းက ဂျီဟန်းယင်အား ဟန့်တားလိုက်သည်။
"ဟန်းယင် သူနဲ့ တိုက်မနေနဲ့ သူ့ ဝိညာဉ်မျိုးစိတ်ဝင်ရဲ့ ထိန်းချုပ်မှုကို ခံထားရလို့ ဒီလို ဖြစ်နေတာ"
ထိုအခါကျမှ သူတို့အချင်းချင်း ဘာအကြောင်းမှ မယ်မယ်ရရမရှိပဲ ပြန်လည်တိုက်ခိုက်မိနေကြသည်ကို ဂျီဟန်းယင် ပြန်လည် သတိပြုမိလာ၏။ လက်စသတ်တော့ ဝိညာဉ်မျိုးစိတ်ဝင်၏ စနက်ပေတကား။
"ဟုတ်ပါပြီ ဒါပေမဲ့ ဘယ်လိုလုပ်လိုက်တာလဲ"
ဂျီဟန်းယင်က သူမတို့ရှိရာဘက်သို့ ခုန်ဝင်လာသော လုချိန်ကွမ်းကို ကြည့်ရင်း မေးလိုက်သည်။
"သူ့ကို အရင်တားရအောင်"
စုချန်းက ဘယ်ဖက်လက်ကို ဝေ့ယမ်းကာ အရိပ်မီးတောက်ဘီလူးကို ဖော်ထုတ်ရင်း ပြန်ဖြေလိုက်၏။
အင်အားကြီးမားလှသည့် အရိပ်မီးတောက်ဘီလူးငည် နောက်တကြိမ် ပြန်ပေါ်လာပြီး လုချိန်ကွမ်းအား တားဆီးထားလိုက်၏။ သာမာန်အားဖြင့်ဆိုလျင် လုချိန်ကွမ်း၏ အဆင့်အတန်းအရ အရိပ်မီးတောက်ဘီလူးအား မှုစရာမဟုတ်။ သို့သော် လက်ရှိတွင် လုချိန်ကွမ်း၏ စိတ်အခြေအနေက ပုံမှန်မဟုတ်လေရာ သူ့အင်အားမှာလည်း လျော့နည်းသွားတော့သည်။
ထိုအခါကျမှ စုချန်းနှင့် ဂျီဟန်းယင်လည်း အသက်ကို ဝဝလင်လင် ရှုခွင့်ရတော့သည်။
သူတို့၏ ပတ်ဝန်းကျင်ရှိ လူများမှာကား အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြလေရာ တိုက်ပွဲမှာ များစွာ ရှုပ်ထွေးလျက်ရှိ၏။
ထိုအခါ ဂျီဟန်းယင်က မေးလိုက်သည်။
"ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"
"ကျုပ်တု့ိ ဘာလုပ်ရမှာလဲ ဝိညာဉ်မျိုးစိတ်ဝင်ကို ရအောင်သတ်ဖို့ပဲ ရှိတော့တာပဲ"
စုချန်းက အံတင်းတင်းကြိတ်ကာ ပြောလိုက်ရင်း မြူခိုးအတွင်းသို့ တည့်တည့်မတ်မတ်ကြီးပင် ခုန်ဝင်သွားတော့သည်။
"စုချန်း သတိထား"
ဂျီဟန်းယင်က စိုးရိမ်တကြီးနှင့် အော်ဟစ်သတိပေးလိုက်၏။
သို့သော် စုချန်း၏ ကိုယ်ခန္ဓာသည် ရိပ်ခနဲ ပျောက်ကွယ်သွားပြီး မြူထု၏ တဖက်ခြားတွင် ပြန်ပေါ်လာ၏။
အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ပေတည်း။
စုချန်းသည် မြူထု၏ တဖက်ခြားသို့ ရောက်သည်နှင့် လက်တဖက်ကို မြောက်ကာ မီးလျံသိမ်းငှက်ကို ဖော်ထုတ်လိုက်၏။ အလွန်ကြီးမားသော မီးလျံသိမ်းငှက်သည် လေထဲတွင် ကွေ့ဝိုက်ပျံသန်းသွားလေသည်။ ၎င်း၏ နောက်တွင်ကား မီးတောက်မီးလျံများ အမြှင်တန်းလျက် ရှိလေ၏။
စုချန်းကား မီးတောက်မီးလျံများ၏ နောက်မှာ မြားတစင်းကဲ့သို့သော အရှိန်အဟုန်ဖြင့် ကပ်လျက် လိုက်ပါသွားလေသည်။
သူ့ဆီသို့ ဦးတည်ပျံသန်းလာသော မီးလျံသိမ်းငှက်ကို ကြည့်ရင်း တိတ်ဆိတ်သူက အော်ဟစ်လိုက်သည်။ ထိုအခါ မီးလျံသိမ်းငှက်သည် မမြင်ရသော နံရံတခုနှင့် ဝင်တိုက်မိသည့်ပမာ အရှိန်သေကာ ပျောက်ကွယ်သွား၏။
ထိုအချိန်မှာပင် မီးတောက်မီးလျံများနောက်မှ ကပ်ပါလာသော စုချန်းက ရှိသမျှ အင်အားကို စုစည်းကာ တိတ်ဆိတ်သူအား လက်သီးနှင့် ထိုးချလိုက်တော့သည်။
တကယ်တော့ မီးလျံသိမ်းငှက်သည် ရှေ့ပြေးမျှသာ ဖြစ်ပြီး စုချန်း၏ တကယ့်တိုက်ကွက် အစစ်အမှန်ကတော့ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ပင် ဖြစ်သည်။
တိတ်ဆိတ်သူ လုံးဝ အငိုက်မိသွားလေပြီ။ ထိုအချိန်မှာပင် သူ့ရှေ့၌ လူတယောက်၏ အရိပ် ဖြတ်ခနဲ ပေါ်လာပြီး စုချန်း၏ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကို ခံပေးလိုက်၏။
စုချန်း၏ လက်သီးသည် လူတယောက်၏ ကိုယ်ခန္ဓာကိုသာ ထိုးချမိသွားလေသည်။ သို့သော် ထိုလူကား ဒဏ်ရာကို လုံးဝ အမှုမထားပဲ စုချန်းအား ဓားနှင့် ပြန်ခုတ်လာ၏။ စုချန်းကလည်း ဓားချက်ကို ရှောင်တိမ်းပြီး ထိုလူ၏ ကိုယ်တွင်း၌ စိုက်ဝင်နေသော သူ့လက်ကို ကြမ်းတမ်းစွာ လှုပ်ရှားလိုက်သည်။ူသာမာန်လူဆိုလျင် စုချန်း၏ လုပ်ရပ်ကြောင့် ပြင်းပြင်းထန်ထန် နာကျင်ခံစားရကာ သတိမေ့သွားပေလိမ့်မည်။ ယခုတွင်ကား ထိုလူသည် မည်သည့်ဝေဒနာကိုမှ ခံစားရဟန်မတူ။ ရှေ့သို့ပင် ထပ်မံတိုးလာပြီး စုချန်းကို ဓားနှင့်ပြန်ခုတ်ရုံသာမက ခြေထောက်နှင့်ပါ လှမ်းကန်လိုက်လေသည်။
ထို့နောက် သူတို့နှစ်ယောက်သည် ထိုအနေအထားနှင့်ပင် အကြိတ်အနယ် တိုက်ခိုက်နေကြတော့သည်။ စုချန်းသည် ထိုလူထက် အင်အားသာ၏။ သို့သော် ထိုလူသည် သေရမည်ကို မကြောက်သည့်ဟန်ဖြင့် စုချန်း၏ ထိုးနှက်ချက်များအား ကြံ့ကြံ့ခံလျက် ရှိလေသည်။
ထိုအချိန်မှာပင် တိတ်ဆိတ်သူက စုချန်းကို စိုက်ကြည့််ပြီး "သေပေတော့" ဟု အော်ဟစ်လိုက်ရာ အနက်ရောင်စက်လုံးပုံ အလင်းတန်းတခုက စုချန်းထံသို့ ပြေးဝင်လာတော့သည်။