ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၈
Vol. 45 Ch. 443
အနက်ရောင်စက်လုံးပုံ အလင်းတန်းသူ့ထံသို့ ဦးတည်လာသည်နှင့် ထိုအထဲတွင် မမျှော်မှန်းနိုင်သည့် စွမ်းအင်များ ပါဝင်နေကြောင်း စုချနိး ချကိချင်းလိုလို အာရုံခံမိလိုက်သည်။
ထိုအလင်းတန်းသာ ထိမှန်ခံလိုက်ရပါက သူ့တကိုယ်လုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်၏။
သု့ိသော် လက်ရှိအခြေအနေတွင် စုချန်းအနေနှင့် ရှောင်တိမ်းရန်သော်လည်းကောင်း၊ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို အသုံးပြုရန်သော်လည်းကောင်း အချိန်မရှိတော့။ စက်လုံးမှ ထွက်ပေါ်နေသည့် စွမ်းအင်များ စုချန်းဆီသို့ ရိုက်ခတ်လာစဉ်မှာပင် သူ့နောက်ကျောတွင် သွေးကဲ့သို့ ရဲရဲနီနေသော အရှိန်အဝါတခု ပေါ်ပေါက်လာ၏။ သွေးရောင်အလင်းတန်းများထဲတွင် မှုန်ဝါးဝါး အရိပ်သဏ္ဍာန်တခုကို လှမ်းမြင်နေရလေသည်။ သို့သော် ထိုအရိပ်သဏ္ဍာန်မှာ ဘာဆိုသည်ကို အတိအကျ ပြောပြရန် ခက်လှသည်။
ထိုအချိန်မှာပင် စုချန်းကို ခေါင်းကိုမော့ကာ အသက်ကို အားရပါးရ ရှုသွင်းလိုက်၏။ ထို့နောက် ပါးစပ်ကို ဟကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
အော်သံနှင့်အတူ စုချန်း၏ အံခေါင်တွင်းမှ အဖြူရောင်စွမ်းအင်လှိုင်းများ တိုးထွက်လာပြီး အနက်ရောင်စက်လုံးကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားတော့သည်။
အဖြူရောင်အားလှိုင်းများနှင့် အနက်ရောင်စက်လုံး ဆုံတွေ့မိချိန်တွင်တော့ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။ ပေါက်ကွဲမှုကြောင့် စုချန်း၏ တကိုယ်လုံး နောက်ဘက်သို့ လွင့်စင်သွားတော့သည်။
တိတ်ဆိတ်သူကလည်း ငယ်သံပါအောင်ပင် အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး"
ပေါက်ကွဲမှုကြောင့် တိတ်ဆိတ်သူအနေနှင့်် ဒဏ်ရာတော့မရ။ သို့သော် ကျန်လူများအပေါ် ထိန်းချုပ်ထားသည့် သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ပြယ်လွင့်သွားသည် မဟုတ်ပါလား။ ထိုအချိန်မှာပင် အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြသူများသည် အသိဝင်လာကြ၏။ သူတို့ ဘာတွေလုပ်မိနေမှန်း ချက်ချင်းပင် သဘောပေါက်ကုန်ကြလေသည်။
"ခွေးမသား"
အန်းစီယွမ် အကြီးအကျယ် ဒေါသထွက်ကာ အော်ဟစ်ဆဲဆိုလိုက်၏။ သူ့အနေနှင့် တိတ်ဆိတ်သူ၏ လှည့်စားမှုကို နှစ်ကြိမ်တိုင်တိုင် ခံလိုက်ရသည် မဟုတ်ပါလား။
အင်အားချင်း ယှဉ်စတမ်းသာဆိုလျင် အန်းစီယွမ်သည် တခြားအလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်များထက်ပင် သာလွန်နေသေး၏။ သူသည် ကြည်လင်မြစ်မြို့တော်တခွင်တွင် အင်အားအကြီးဆုံးဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။ သို့သော် သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာကား အားနည်းလှ၏။ လူအများစုသည် အင်အားကြီးမားလာကြစေရန် ဘဝတလျှောက်လုံး ကြိုးစားခဲ့ကြသော်လည်း ဝိညာဉ်မျိုးစိတ်ဝင်တယောက်နှင့် ရင်ဆိုင်ချိန်ဝယ် ထိုအင်အားများမှာ ထင်သလောက် အသုံးမတည့်တော့ချေ။
ဤမျှ အရှက်ခွဲခံရသည့် အဖြစ်မျိုးကို အန်းစီယွမ် မည်သို့ လက်ခံနိုင်ပါအံ့နည်း။
"သေပေတော့"
ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး အန်းစီယွမ်သည် တိတ်ဆိတ်သူကို လက်သီးနှင့် လှမ်းထိုးလိုက်၏။ ကြောက်စရာကောင်းလှသော လက်သီးချက်ကား လေဟုန်ကိုခွင်းကာ တိတ်ဆိတ်သူထံသို့ တိုးဝင်လာခဲ့လေပြီ။
"ကျွနု်ပ်ကို ဒီလောက်လွယ်လွယ်နဲ့ ဘယ်သတ်လို့ရပါ့မလဲကွ"
တိတ်ဆိတ်သူက ခပ်ထေ့ထေ့လေး ပြောလိုက်သည်။ စကားဆုံးသည်နှင့် သူ့ခြေဖဝါးအောက်မှ အမဲရောင်မြူခိုးများ တလူလူ ထွက်ပေါ်လာ၏။ သူ့တကိုယ်လုံးမှာလည်း လှစ်ခနဲ ပျောက်ကွယ်သွားလေသည်။
ဟာ ဒီကောင် ဘယ်ရောက်သွားတာလဲ...
အန်းစီယွမ် ကြောင်အန်းအန်း ဖြစ်သွား၏။ ထိုအချိန်မှာပင် စုချန်း၏ စကားသံကို သူ ကြားလိုက်ရသည်။
"သူ ဒီမှာ"
ထို့နောက် စုချန်းက လက်တဖက်ကို တွန်းထုတ်လိုက်ရာ ဖြူဖွေးသော အလင်းရောင်များ လေထဲသို့ ဖြန့်ကျက်သွား၏။
အား!!!
အူသည်းလှိုက်သည်း နာကျင်စွာ အော်ဟစ်လိုက်သံကြီးနှင့်အတူ တိတ်ဆိတ်သူ ကောင်းကင်ပေါ်မှ ပြုတ်ကျလာ၏။ ရုတ်တရက် အငိုက်မိသွားခြင်းကြောင့် ဤတကြိမ်တွင်တော့ တိတ်ဆိတ်သူ အတော်လေး ခံစားလိုက်ရဟန်ပေါ်သည်။
"မင်း...မင်း...ကျွနု်ပ် ရှိနေတဲ့ နေရာကို ဘယ်လိုလုပ်သိသွားသလဲ"
တိတ်ဆိတ်သူက အံ့သြတကြီးနှင့် မေးလိုက်သည်။ တချိန်တည်းမှာပင် သူက နောက်ကို ဆုတ်လိုက်၏။ တိတ်ဆိတ်သူကား နောက်တကြိမ် ထပ်မံထွက်ပြေးရန် ကြိုးစားပြန်ချေပြီတကား။
စုချန်းက ၎င်းကို ကြည့်ရင်း ရယ်မောလိုက်သည်။
"ခင်ဗျားလဲ သိနေပါပြီ ကျုပ်ဟာ ရှေးဟောင်းအာကင်နာနည်းစနစ်တွေမှာ သိပ်ပြီး ကျွမ်းကျင်တယ်ဆိုတာကိုလေ ဒီတော့ ခင်ဗျား ဒီနေရာမှာပဲ ဆက်နေတာ ကောင်းလိမ့်မယ်"
စုချန်း၏ စကားဆုံးသည်နှင့် များပြားလှသော ဆူးခြုံရိုင်းများ တိတ်ဆိတ်သူ နောက်တွင် ပေါ်ပေါက်လာပြီး ၎င်းအား ရစ်ပတ်လာ၏။
ပိတ်လော့က စုချန်းအား သင်ပေးထားသော ဆူးခြုံရိုင်းများ နည်းစနစ်ပေတည်း။ သို့သော် ဤနည်းစနစ်အား စုချန်း မကျွမ်းကျင်လှ။ ထို့ကြောင့် ထိရောက်မှုလည်း သိပ်မရှိပေ။ တိတ်ဆိတ်သူအား အနည်းငယ် နှောင့်နေးနိုင်စေရုံလောက်သာ တတ်နိုင်ပေသည်။
သို့သော် ဤမျှလောက်သော အချိန်ကလေးနှင့်ပင် အန်းစီယွမ်အတွက် လုံလောက်ပေပြီ။
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းရည်မျိုး ပါဝင်နေသော အန်းစီယွမ်၏ လက်သီးသည် ကြောက်စရာကောင်းသည့် အရှိအဟုန်ဖြင့် တိတ်ဆိတ်သူထံသို့ ဦးတည်လာခဲ့ပေပြီ။
အန်းစီယွမ်၏ ကြောက်စရာလက်သီးချက်ကို မြင်သည်နှင့် တိတ်ဆိတ်သူ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"အိုး ကျွနု်ပ် မသေချင်သေးဘူး"
အန်းစီယွမ်၏ လက်သီးချက်ကား တိတ်ဆိတ်သူထံသို့ ကျရောက်လာခဲ့ပေပြီ။ ထိုအချိန်မှာပင် တိတ်ဆိတ်သူ၏ ကိုယ်ခန္ဓာသည် အရပ်ရှစ်မျက်နှာသို့ ဆယ်ကိုယ်ခန့် ခွဲထွက်သွား၏။
"အလင်းကိုယ်ခွဲတွေပါလား"
စုချန်း အထိတ်တလန့်နှင့် ရေရွတ်လိုက်သည်။
အလင်းကိုယ်ခွဲဟူသည်ကား အလွန်ရှားပါးပြီး လေ့ကျင့်ရန် ခက်ခဲလှသည့် ရှေးဟောင်းအာကင်နာနည်းစနစ်တရပ်ပင် ဖြစ်သည်။ ၎င်းကို အသုံးပြုလိုက်သည်ပါ အသုံးပြုသူသည် ကိုယ်ခန္ဓာကို ကိုယ်ခွဲပေါင်းများစွာ ခွဲထွက်နိုင်၏။ အားသာချက်မှာ ရန်သူ့လက်မှ အလွယ်တကူ ထွက်ပြေးနိုင်ခြင်းပင် ဖြစ်သည်။ သို့သော် ဤနည်းစနစ်တွင် အားနည်းချက်တခုလည်း ရှိနေပြန်၏။ ၎င်းမှာ အသုံးပြုသူကို အားလျော့သွားစေခြင်းပင်တည်း။
သို့သော် တိတ်ဆိတ်သူကဲ့သို့ ဝိညာဉ်မျိုးစိတ်ဝင်များက ဤနည်းစနစ်ကို အသုံးပြုလိုက်သောအခါ အားနည်းချက် မရှိသလောက် ဖြစ်သွား၏။ အကြောင်းမှာ ဝိညာဉ်မျိုးစိတ်ဝင်များ၏ ပင်ကိုယ် ခန္ဓာသည် သဘာဝအားဖြင့် ထိုသို့ အလိုအလျောက် ခွဲထွက်နိုင်ခြင်းကြောင့်ပင်။
"ထွက်ပြေးချင်တယ်ပေါ့ ဟုတ်လား"
လုချိန်ကွမ်းက အော်ဟစ်ပြီး ရှေ့တိုးလာပြန်သည်။
လုချိန်ကွမ်း၏ ကိုယ်ပေါ်မှလည်း စွမ်းအင်လှိုင်ဂယက်များ ထပ်မံ ထွက်ပေါ်လာပြန်၏။ လုချိန်ကွမ်း၏ တိုက်ခိုက်နည်းသည် လူအများနှင့် တိုက်ခိုက်ရာတွင် အလွန်အသုံးဝင်သော နည်းစနစ်တရပ်ပင် ဖြစ်သည်။ သူ၏ အားလှိုင်းဂယက်များကြောင့် တိတ်ဆိတ်သူ၏ ကိုယ်ခွဲများသည် နေလာ၍ နှင်းပျောက်ရသည့်ပမာ ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်မှာပင် မြွေကြီးသည် လေချွန်သံပေးလျက် လုချိန်ကွမ်းအား ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။ မမျှော်လင့်ပဲ အငိုက်မိခံလိုက်ရ၍ လုချိန်ကွမ်း၏ ကိုယ်ခန္ဓာသည် နောက်ဘက်သို့ လွင့်စင်သွား၏။
လက်ရှိအချိန်တွင် လူတိုင်း၏ သွေးများမှာ ပွက်ပွက်ဆူလျက် ရှိကြလေပြီ။ သူတို့အနေနှင့် တိတ်ဆိတ်သူအား မည်သည့်နည်းနှင့်မှ လက်လွတ်မခံနိုင်တော့။
ထိုစဉ် ချန်းဝမ်ဟွေကလည်း ရှင်းလင်းခြင်းနှင်းကြာပန်းကိုသုံးကာ တိတ်ဆိတ်သူ၏ ကိုယ်ခွဲများကို တိတ်ခိုက်လိုက်ပြန်သည်။
နောက်ဆုံးတွင်တော့ သူတို့အားလုံး ဝိုင်းဝန်းတိုက်ခိုက်ကြလေရာ တိတ်ဆိတ်သူ၏ ကိုယ်ခွဲများသည် နာကျင်စွာ အော်ဟစ်ငြီးငြူပြီး ပူဖောင်းများသဖွယ် ပေါက်ကွဲပျက်စီးကုန်ကြလေသည်။
တိုက်ပွဲကား ပြီးဆုံးသွားချေပြီ။
မည်သို့ဆိုစေ လက်ရှိအချိန်တွင် လူသားများဘက်မှ အတော်ပင် အထိနာလျက် ရှိနေခဲ့လေပြီ။ လူအတော်များများ ထိခိုက်ဒဏ်ရာရထားသလို သိုင်းသမားဆယ်ယောက်ကျော်နှင့် ချီစွမ်းအားပညာရှင်တချို့ တိုက်ပွဲအတွင်း အသက်ပေးခဲ့ရပြီ ဖြစ်သည်။
သာမန် အဆင့်နိမ့် ဝိညာဉ်မျိုးစိတ်ဝင်အတွက် လူသားများဘက်မှ ဤမျှ စတေးခဲ့ရသည်ကိုကြည့်လျင် ဝိညာဉ်မျိုးစိတ်များနှင့် ရင်ဆိုင်ရသည်မှာ မည်မျှ ခက်ခဲကြောင်း မြင်သာနေ၏။
ထိုအခါ အန်းစီယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
"နောက်ဆုံးတော့ ဒီကောင် သေသွားပြီ ဒုအုပ်ချုပ်ရေးမှု ဂျီ မင်း မြို့တော်ကိုပြန်ရောက်လို့ အစီရင်ခံစာရေးတဲ့အခါ ဝိညာဉ်မျိုးစိတ်ဝင်ကိုသတ်နိုင်ဖို့ ကျုပ်တို့ ကြည်လင်မြစ်မြို့တော်က အများကြီး ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာလေး ထည့်ပြီး ရေးပေးပါ"
အန်းစီယွမ်၏ စကားကြောင့် ဂျီဟန်းယင် ပြုံးလိုက်သည်။
"ဒီတိုက်ပွဲမှာ မြို့တော်အကြီးအကဲကိုယ်တိုင် ပါဝင်ခဲ့တယ်ဆိုတာ ကျွန်မ ကောင်းကောင်း မှတ်တမ်းျင်ထားပါတယ် ဒါတင်မကသေးဘူး ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ လူတိုင်းကိုလည်း မှတ်တမ်းတင်ပေးပါမယ်ရှင်"
"ဟား ဟား ဟား"
အန်းစီယွမ်က အားရကျေနပ်ဟန်ဖြင့် ရယ်မောလိုက်သည်။ ချန်းဝမ်ဟွေ၏ မျက်နှာမှာကား ပုပ်သိုးနေ၏။
တကယ်တော့ ဤတိုက်ပွဲတွင် အသေအပျောက်အများဆုံးမှာ ချန်းဝမ်ဟွေ၏ စုံစမ်းစစ်ဆေးရေးဗျုရိုပင် ဖြစ်နေသည် မဟုတ်ပါလား...
ခွေးမသားကြီး...
ချန်းဝမ်ဟွေ ကြိတ်၍ ကျိန်ဆဲလိုက်သည်။
ဝိညာဉ်မျိုးစိတ်ဝင် သေဆုံးသွားပြီဖြစ်၍ သူတို့အနေနှင့် လုပ်စရာဟူ၍ ၎င်းကျန်ရစ်ခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းယူငင်ရန်သာ ရှိတော့သည်။
သို့သော် ဝိညာဉ်မျိုးစိတ်ဝင်ဟူသည်ကား တကယ်တမ်းတွင် ဘာကိုမှ မက်မောလေ့ရှိကြသူများ မဟုတ်ချေ။ ထို့ကြောင့် မည်သည့် ရတနာပစ္စည်းမှ မကျန်ရစ်ခဲ့။ တောင်ကုန်းတခုလုံးတွင် သုတေသနပစ္စည်းများနှင့်သာ ပြည့်နှက်နေ၏။
ထို့နောက် သူတို့အားလုံးသည် အပြန်ခရီးကို စတင်ရန် ပြင်ဆင်ကြ၏။
ထိုအချိန်တွင် စုချန်းနှင့် ဂျီဟန်းယင်တို့သည် အလောင်းတလောင်း၏ ရှေ့တွင် မတ်တပ်ရပ်နေကြ၏။ အသက်သေမည်၊နာကျင်မည်ကို မကြောက်ပဲ တိတ်ဆိတ်သူအား ဝင်ရောက်ကယ်တင်ခဲ့သူ၏ အလောင်းပင် ဖြစ်သည်။
ဂျီဟန်းယင်၏ ထူးဆန်းသော အမူအရာကို ကြည့်ရင်း စုချန်းက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ဂျီဟန်းယင်က အလောင်းကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။
"ဒါ ဝေရှောက်ဖန်းပဲရှင့်"
"........."
နောက်ဆုံးတော့ ဝေရှောက်ဖန်းသည်လည်း သူာအဖေနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ရလေပြီ။
စုချန်း သက်ပြင်းချလိုက်သည်။
"ဒါကိုက သူတို့ သားအဖနှစ်ယောက်ရဲ့ ကံကြမ္မာပဲနဲ့ တူပါတယ်ဗျာ"
"မဟုတ်ဘူး ဒီအဖြစ်ဆိုးက ဝိညာဉ်မျိုးစိတ်တွေကြောင့်ပဲရှင့်"
ဂျီဟန်းယင်က တင်းမာပြတ်သားသော လေသံနှင့် ပြောလိုက်သည်။
"တနေ့ကျရင် ဒီကောင်တွေအကုန်လုံးကို ကျွန်မ သတ်ပစ်မယ်"