ဝါးမြိုခြင်း
Vol. 45 Ch. 444
ပြသနာဖြေရှင်းပြီးပြီဖြစ်၍ လူတိုင်း အိမ်ပြန်နှင့်ကြပြီ ဖြစ်သည်။
စုချန်းသာလျင် တိတ်ဆိတ်သူ၏ သုတေသန ကိရိယာများအား သိမ်းဆည်းနေရ၍ ကျန်နေခဲ့ခြင်း ဖြစ်သည်။ ထိုကိရိယာများသည် အရေးကြီးကြောင်း၊ ဂရုတစိုက် သိမ်းဆည်းသည့်ကြောင်း၊ မဟုတ်လျင် အလဟသ ဖြစ်ကုန်မည်ဖြစ်ကြောင်း၊ တိတ်ဆိတ်သူ ကျန်ရစ်ခဲ့သည့် ဆေးပင်များမှာလည်း မည်သည့်ဆေးပင်များ ဖြစ်ကြောင်း စုချန်းက ကျကျနနပင် ရှင်းပြလေရာ ကျန်လူများမှာခေါင်းရှုပ်ကုန်ကြ၏။
မပြန်ခင် ဂျီဟန်းယင်က စုချန်းအား မေးလာ၏။
"ရှင် ခုနက သုံးလိုက်တာ ဘာစွမ်းရည်များလဲရှင့်"
"ဘာကိုပြောတာတုန်းဗျ"
စုချန်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"အမလေးနော် ရှင်ကလည်း ဟန်ဆောင်နေပြန်ပါပြီ"
ဂျီဟန်းယင်က မျက်စောင်းထိုးရင်း ပြောလိုက်၏။
"အဖြူရောင်စွမ်းအင်တွေက ဘာတွေလဲ ရှင် ဒီနည်းစနစ်ကို အရင်က ထုတ်သုံးတာ ကျွန်မ တခါမှ မမြင်ဖူးဘူး"
စုချန်းက ရယ်မောလိုက်သည်။
"လူတိုင်းမှာ လျှို့ဝှက်ချက်ရှိတယ်ဗျ ခင်ဗျားအနေနဲ့ အကုန်လုံး သိချင်နေလို့ မရဘူးလေဗျ"
ဂျီဟန်းယင်က စုချန်းကို တွန်းထိုးရင်း ပြောလိုက်ပြန်သည်။
"ဒါကို မြင်သွားတာ ကျွန်မ တယောက်တည်း မဟုတ်ဘူးနော် ရှင် သတိလဲထားအုံး"
"ကျုပ်အတွက် စိတ်မပူပါနဲ့ဗျာ ဘာလုပ်ရမယ်ဆိုတာ ကျုပ် ကောင်းကောင်းသိပါတယ်"
စုချန်းက မပွင့်တပွင့် ပြုံးရင်း ပြန်ပြောလိုက်သည်။
ထို့နောက် ဂျီဟန်းယင် ထွက်ခွာသွားလေသည်။
လူတိုင်း ထွက်ခွာသွားပြီးနောက် စုချန်း၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။
တိတ်ဆိတ်သူကြောင့် သူ၏ ဝှက်ဖဲျတချပ် ပေါ်ပေါင်သွားမှန်း စုချန်း ကောင်းကောင်းသိ၏။ သို့သော် အခြေအနေက ဆိုးဝါးလှသည်ဖြစ်လေရာ သူ မည်သို့မှ မတတ်နိုင်ခဲ့။
ထို့နောက် စုချန်းသည် တိတ်ဆိတ်သူ ကျန်ရစ်ခဲ့သည့် ပစ္စည်းကိရိယာများကို သူ့မူလလက်စွပ်အတွင်း ဂရုတစိုက် သိမ်းဆည်းလိုက်၏။ တဖန် သူက မြေကွက်လပ်တခုဆီသို့ ဦးတည်လိုက်ပြန်သည်။
ထိုမြေကွက်လပ်အတွင်းတွင် ဝေရှောက်ဖန်း၏ အုတ်ဂူဟု ရေးထိုးထားသော သချိ ၤုင်းဂူတဂူ ရှိနေ၏။ စုချန်းနှင့် ဂျီဟန်းယင်တို့ ဖန်တီးပေးထားသည့် ဂူပင် ဖြစ်သည်။
"ကဲ ဘယ်သူမှ မရှိတော့ဘူး မင်း ထွက်လာလို့ရပြီ"
ဂူရှေ့သို့ရောက်သည်နှင့် စုချန်းက ခပ်တိုးတိုးလေး ပြောလိုက်၏။
မည်သည့် တုံ့ပြန်မှုမှ ပေါ်မလာ။
စုချန်း၏ လေသံက အနည်းငယ် တင်းမာလာ၏။
"နောက်တခေါက် ထပ်ခေါ်ရရင် ကျုပ် မယဉ်ကျေးနိုင်တော့ဘူးနော်"
စုချန်း၏ စကားဆုံးသည်နှင့် မြေကြီးအတွင်းမှ လက်တဖက် တိုးထွက်လာ၏။ သိပ်မကြာမီ နောက်ထပ် လက်တဖက် ပေါ်လာပြန်သည်။
မြေကြီးအတွင်းမှ ထွက်ပေါ်လာသူမှာကား လူအများ သေဆုံးပြီဟု သိထားကြသည့် ဝေရှောက်ဖန်းပေတည်း။ ၎င်း၏ ရင်ဘတ်တွင် စုချန်းကြောင့် ရရှိထားသည့်် ဒဏ်ရာမှာ ယခုတိုင် ရှိနေသေးလေသည်။ သွေးကား ခြောက်နေခဲ့ပေပြီ။ သို့သော် ကောင်းကောင်းလှုပ်ရှားနိုင်သေး၏။
၎င်းက ထုံထုံထိုင်းထိုင်းဟန်ဖြင့် စုချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကျွနု်ပ် ဒီမှာ ရှိနေတာ မင်း ဘယ်လိုလုပ် သိသွားပြန်တာလဲ"
"ခင်ဗျားအနေနှင့် ဘာကြောင့် ကျုပ်ကို လှည့်စားနိုင်လိမ့်မယ်လို့ တွေးမိသလဲဆိုတာပဲ ခင်ဗျားကို ခင်ဗျား ပြန်မေးသင့်တယ်"
စုချန်းက ပြန်ပြောလိုက်သည်။
"ဒီကနေ့ ခင်ဗျားရဲ့ အကြံအစည်ကို နှစ်ကြိမ်တိတိ ကျုပ် ဖော်ထုတ်နိုင်ခဲ့တာကို ခင်ဗျား မမေ့နဲ့လေ"
စကားဆုံးသည်နှင့် ဝေရှောက်ဖန်း၏ ကိုယ်တွင်းမှ အရိပ်တရိပ် တိုးထွက်လာ၏။ တိတ်ဆိတ်သူပေတည်း။
သို့သော် ယခင် တိတ်ဆိတ်သူနှင့် မတူတော့။ အရွယ်အားဖြင့် ပို၍ သေးငယ်သွား၏။ တိတ်ဆိတ်သူအငယ်စားလေးဟု ဆိုနိုင်ပေသည်။
တိတ်ဆိတ်သူက လေထဲတွင် ပျံဝဲရင်း ပြောလိုက်သည်။
"ဒီကနေ့ အမှားလုပ်မိတာကိုတော့ ကျွနု်ပ် ဝန်ခံရတော့မှာပဲ ကျွှနု်ပ်စိတ်ထဲမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်က အကြီးမားဆုံး ခြိမ်းခြောက်မှုလို့ ထင်နေခဲ့တာ လက်စသတ်တော့ မင်းကမှ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေခဲ့တာကိုး မင်းဟာ ကျွနု်ပ်ရဲ့ ပုံရိပ်ယောင်နယ်ပယ်ကို ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် ကစဉ့်ကလျားနှလုံးသားနည်းစနစ်ကိုပါ အန်တုနိုင်ခဲ့တယ် ဒါကြောင့် မင်းရဲ့ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းနဲ့စာရင် စိတ်ဝိညာဉ်စွမ်းအားက အဆမတန် မြင့်မားနေတာကို တွေ့ရတယ် ကျွနု်ပ်ရဲ့ နည်းစနစ်တွေဟာ မင်းနဲ့ကျမှ အသုံးမကျပဲ ဖြစ်သွားခဲ့ရပြီ ဒါပေမဲ့ ကျွနု်ပ်ရဲ့ ဝိညဉ် ဘယ်နားမှ ရှိသလဲဆိုတာကို မင်း ဘယ်လိုလုပ် သိသွားသလဲ ဒါကို ကျွနု်ပ် နားမလည်နိုင်ပဲ ဖြစ်နေတယ် တကယ်ဆို ဒါက စိတ်ဝိညာဉ်စွမ်းအင်နဲ့တောင် အာရုံခံလို့ မရတဲ့ အရာမျိုးပဲဟာကို"
"ကျုပ်အမြင် သိပ်မဆိုးလှဘူးဆိုတာကိုတော့ ခင်ဗျား လက်ခံသွားပြီပေါ့ ဒါပေမဲ့ ခင်ဗျားရဲ့ ကစဉ့်ကလျားနှလုံးသားနည်းစနစ် အလုပ်မဖြစ်တာနဲ့ပဲ ကျုပ်မှာ ထူးခြားတဲ့ နည်းစနစ်တွေ ပိုင်ဆိုင်ထားတယ်လို့တော့ ကျုပ်ကိုယ်ကျုပ် မထင်ပေါင်ဗျာ"
"မဟုတ်သေးဘူးကွ မဟုတ်သေးဘူး"
တိတ်ဆိတ်သူက ခေါင်းကို သွက်သွက်ခါယမ်းရင်း ပြောလိုက်သည်။
"ကျွနု်ပ်ရဲ့ ကစဉ့်ကလျားနှလုံးသားနည်းစနစ်ဟာ လူတချို့အပေါ်မှာ သက်ရောက်မှုမရှိဘူးဆိုတာ အမှန်ပဲ ဒါပေမဲ့ ဒါဟာ သူတို့ ဒါကို ခုခံနိုင်လို့ မဟုတ်ဘူး ဒီနည်းစနစ်ဟာ လူတွေရဲ့ နှလုံးသားထဲက အရိပ်တွေနေရာမှာ အစားထိုးဝင်ရောက်ပြီး သူတို့ရဲ့ မကောင်းတဲ့ အတွေးတွေကို ဆပွားပေးတာကြောင့်ပဲ တချို့လူတွေမှာ ဒီလိုအတွေးတွေ မရှိဘူး ဒီတော့ ဒီနည်းစနစ်ကလည်း အလုပ်မဖြစ်တော့ဘူးပေါ့ ဒါပေမဲ့ မင်းကတော့ မတူဘူး ကျွုနု်ပ်အနေနဲ့ အတိအကျ ပြောနိုင်တာတခုတော့ ရှိတယ် မင်းဟာ လူတချို့ကို မကြိုက်ဘူး သူတို့ကို သတ်ပစ်ချင်တယ် ဒါပေမဲ့ ဒီအတွေးအတိုင်း မင်းက လိုက်မလုပ်ဘူး ဒါကိုကြည့်ရင် ကျွနု်ပ်ရဲ့ နည်းစနစ်က မင်းအပေါ် အလုပ်မဖြစ်တာမဟုတ်ဘူး မင်းကိုက ဒါကို ခုခံနိုင်တဲ့သဘောပဲ"
ဤအတိုင်းဆိုလျင် ဂျီဟန်းယင်နှင့် သူမ၏ နောက်လိုက်များအပေါ်တွင် ဤနည်းစနစ် အလုပ်မဖြစ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့။ သူမ ကြည်လင်မြစ်မြို့တော်သို့ ရောက်လာသည်မှာ မကြာသေး။ ဤမြို့ရှိ လူများနှင့်လည်း ပတ်သက်မှု သိပ်မရှိသေး။ ထို့ကြောင့် ထိုလူများအပေါ်တွင် သူမသည် ချစ်ခြင်းမုန်းခြင်း ကင်းနေ၏။ ထို့ကြောင့် ကစဉ့်ကလျားနှလုံးသားနည်းစနစ်က ဂျီဟန်းယင်တို့အဖွဲ့အပေါ်တွင် အလုပ်မဖြစ်ခဲ့ခြင်းပင်။
ဒါဆိုရင်...လုချိန်ကွမ်းကျတော့ကော...
စုချန်းက ခေတ္တစဉ်းစားပြီး အားရပါးရ ရယ်မောလိုက်သည်။
"ခင်ဗျားက တော်တော် ကောက်ကျစ်တာပဲကိုး ခုချိန်ထိ ကျုပ်နဲ့ ကျုပ်ရဲ့ မဟာမိတ်တွေကြား ရန်တိုက်ပေးဖို့ ခင်ဗျား ကြိုးစားနေတာပဲဗျ"
"ကျွနု်ပ်အနေနဲ့ ရန်တိုက်ဖို့ ကြိုးစားသည်ဖြစ်စေ မကြိုးစားသည်ဖြစ်စေ ဘယ်သူက ဘာဆိုတာ မင်း ကောင်းကောင်းသိပါတယ်လေ"
"ဘာပဲဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး"
စုချန်းက တိတ်ဆိတ်သူကို စိုက်ကြည့်ကာပြုံးရင်း ပြောလိုက်သည်။
"ခင်ဗျားရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားထောင်ဖို့ ကျုပ် နောက်ချန်နေခဲ့တာမှ မဟုတ်တာ"
တိတ်ဆိတ်သူ ရယ်မောလိုက်၏။
"ဒါကိုက မင်းရဲ့ အကြီးဆုံးအမှားပဲ လူငယ်လေး မင်းဟာ လောဘကြီးလွန်းတယ် တခြားလူတွေရဲ့ အကူအညီမပါပဲ ကျွနု်ပ်ကို နိုင်လိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား"
"ခင်ဗျား အင်အားအကြီးဆုံးအချိန်မှာ ကျုပ် ရင်ဆိုင်ခဲ့ရရင်တော့ တကယ် မနိုင်လောက်ဘူး ဒါပေမဲ့ အခုဆိုရင်တော့ ပြောဖို့ သိပ်ခက်သွားပြီ"
စကားဆုံးသည်နှင့် စုချန်းက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
အင်အားကြီးမားလှသော အရိပ်မီးတောက်ဘီလူးကား ထပ်မံ ပေါ်ထွက်လာခဲ့ပြန်လေပြီ။ ၎င်းသည် ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သူအား တိုက်ခိုက်လိုက်၏။
ထိုအချိန်မှာပင် တိတ်ဆိတ်သူ၏ ရှေ့တွင် အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။
ပုံရိပ်ယောင် သလင်းနံရံမဟုတ်ပဲ တကယ့် အစစ်အမှန် သလင်းနံရံပင် ဖြစ်သည်။
အရိပ်မီးတောက်ဘီလူး၏ တိုက်ခိုက်မှုကို သလင်းနံရံဖြင့် ခုခံပေးလိုက်ရင်း တိတ်ဆိတ်သူက ရယ်မောလိုက်သည်။
"လူငယ်လေး မင်းဟာ အတော်ကို တုံးတာပဲ ကျွနု်ပ်ဟာ ခုနကလောက် အားမရှိတော့တဲ့အတွက် မင်းက နိုင်မယ် ထင်နေတယ်ပေါ့ ကျွနု်ပ်မှာ အင်အား သုံးပုံတပုံပဲ ရှိရင်တောင် မင်းကို အလွယ်တကူ ရင်ဆိုင်နိုင်တယ်ကွ"
စကားဆုံးသည်နှင့် လက်သည်းပုံသဏ္ဍာန်ရှိသည့် အနက်ရောင်အလင်းတန်းတခု စုချန်းထံသို့ လွင့်ပျံလာ၏။
စုချန်းက ၎င်းကို အလွယ်တကူ ရှောင်ပေးရင်း ပြောလိုက်သည်။
"သုံးပုံတပုံ ဟုတ်လား ခင်ဗျားမှာ အင်အား သုံးပုံတပုံ ကျန်နေသေးတာ တကယ်ကော ဟုတ်လို့လား"
စုချန်း၏ ဒုတိယတိုက်ကွက်မှာကား မီးလျံသိမ်းငှက်ဖြစ်သည်။ ကြီးမားလှသော သိမ်းငှက်ကြီးသည် လေထဲတွင် ကွေ့ဝိုက်ပျံသန်းကာ တိတ်ဆိတ်သူထံသို့ ဦးတည်သွား၏။
တိတ်ဆိတ်သူသည် နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်၏။ သလင်းနံရံကား မီးလျံသိမ်းငှက်ကို မခံနိုင်။ တချက်တည်းနှင့် ပေါက်ကွဲသွားလေသည်။ ထိုအချိန်မှာပင် အရိပ်မီးတောက်ဘီလူးက တိတ်ဆိတ်သူကို လှမ်းဆွဲလိုက်၏။
တိတ်ဆိတ်သူ၏ ကိုယ်ခန္ဓာသည် ရုတ်ချည်းလိုပင် အလင်းတန်းအဖြစ် ပြောင်းလဲသွား၏။ သူက ထွက်ပြေးရန် ကြိုးစားလိုက်ခြင်းပင်။ တချိန်တည်းမှာပင် ပါးစပ်မှလည်း လှမ်းအော်လိုက်လေသည်။
"မင်း ဘာလိုချင်သလဲ အကုန်ပေးမယ် ကျွနု်ပ်ကိုသာ သွားခွင့်ပြုပါ"
တိတ်ဆိတ်သူကား ဟန်မဆောင်နိုင်တော့။ တကယ်လည်း အလင်းကိုယ်ခွဲနည်းစနစ်ကို ထုတ်သုံးလိုက်ကတည်းက တိတ်ဆိတ်သူမှာ အားအတော်ကုန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် တိတ်ဆိတ်သူတွင် အင်အားသုံးပုံတပုံပင် မရှိနိုင်တော့ဟူသော စုချန်း၏ ခန့်မှန်းချက်မှာ သွေးထွက်အောင်မှန်လှသည်။
တိတ်ဆိတ်သူ၏ စကားကို ကြားသောအခါ စုချန်းက ပြုံးလိုက်သည်။
"ကျုပ် လိုချင်တာမှန်သမျှ ပေးမယ် ဟုတ်လား ကျုပ် ခင်ဗျားသိထားသမျှ အသိပညာတွေ အကုန်လုံးကို လိုချင်တယ်"
"မင်းသာ ဆက်မတိုက်တော့ဘူးဆိုရင် ကျုပ် သိထားသမျှ အသိပညာတွေအကုန်လုံး မင်းကို ပြောပြမယ်"
ထိုအခါ စုချန်းက အရိပ်မီးတောက်ဘီလူးကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။
တိတ်ဆိတ်သူက ပြောလိုက်ပြန်သည်။
"မင်းအနေနဲ့ ကျွနု်ပ်ရဲ့ အသိပညာတွေကို ရယူချင်ရင် လွယ်ပါတယ် မင်းရဲ့နဖူးပေါ်မှာ ကျွနု်ပ်လက်ကို တင်လိုက်ရုံပဲ ကျွနု်ပ် ဘဝတလျှောက်လုံး လေ့လာထားတဲ့ အသိပညာတွေအကုန်လုံး မင်းဦးနှောက်ထဲကို စီးဝင်သွားလိမ့်မယ်"
စကားဆုံးသည်နှင့် တိတ်ဆိတ်သူက သူ့လက်ကို စုချန်း၏ နဖူးပေါ်တွင် တင်ရန် ဟန်ပြင်လိုက်၏။
စုချန်း၏ နဖူးနှင့် တိတ်ဆိတ်သူ၏ လက် ထိမိချိန်မှာပင် အုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အလင်းရောင်များ တောက်ပဝင်းလက်သွား၏။ မီးတောက်မီးလျံများကလည်း တိတ်ဆိတ်သူအား ဖုံးလွှမ်းသွားလေသည်။
ပေါက်ကွဲမှု၏ အရှိန်ကြောင့် တိတ်ဆိတ်သူသည် နောက်ဘက်သို့ လွင့်စင်သွား၏။ သူသည် စုချန်းအား မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေလေသည်။
"မင်း...မင်း..."
"ခင်ဗျား ဒီလောက်လွယ်လွယ်နဲ့ အညံ့ခံတာကို ကျုပ် ယုံလိမ့်မယ် ထင်နေတာလား ခုချိန်ထိ ခင်ဗျားက ကျုပ်ကို လျော့တွက်နေသေးတာကိုး ကျုပ်လိုချင်တာကို ကိုယ့်ဟာကိုယ် ယူနိုင်တယ်ဗျ"
စုချန်းက ရယ်မောရင်း ပြောလိုက်၏။
စကားဆုံးသည်နှင့် သူက ဝိညာဉ်ကျောက်ပြားကို ဆွဲထုတ်လိုက်ရာ ပိတ်လော့၏ ပုံရိပ် ပေါ်လာလေသည်။
"ဒါ...ဒါ...ဝိညာဉ်"
"ဟုတ်တယ် တကယ့် ဝိညာဉ်အစစ်ပဲ သူ့အတွက် ခင်ဗျားလို သတ္တဝါတွေဟာ တကယ့် ပွဲတော်ကြီးပဲဗျ"
"မဟုတ်ဘူး"
တိတ်ဆိတ်သူကား အခြေအနေကို သဘောပေါက်သွားဟန်တူသည်။ သွေးရူးသွေးတန်းနှင့် ထွက်ပြေးရန် ကြိုးစားတော့၏။
သို့သော် အဘယ်မှာ လွတ်နိုင်အံ့နည်း။ ဝိညာဉ်မျိုးစိတ်များ အလွန်ကြောက်ရသော တကယ့် ဝိညာဉ်အစစ်ဖြစ်သည့် ပိတ်လော့သည် လေထဲမှာပင် ကြီးမားသော သားရဲကြီးတကောင်အဖြစ် ပြောင်းလဲသွားကာ တိတ်ဆိတ်သူအား တဂျွတ်ဂျွတ်နှင့် ဝါးစားလိုက်တော့သည်။
အတန်ကြာမှ အားရသွားဟန်ဖြင့် ပိတ်လော့က သူဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ဒီလို အစားကောင်းအသောက်ကောင်းမျိုး ဝဝလင်လင် မစားရတာ နှစ်ပေါင်းသုံးထောင်တောင် ကြာသွားခဲ့ပြီကော သခင်"
"ကျုပ်က ခင်ဗျား ဘာတွေရလိုက်သလဲ ပိုပြီး စိတ်ဝင်စားနေတာဗျ"
"ကြောက်စရာကောင်းတဲ့ မှတ်ညဏ်တချို့နဲ့ အသိပညာပင်လယ်ပြင်ကြီးပေါ့ သခင်"
ဟု ပိတ်လော့က ပြန်ပြောလိုက်လေသည်။