← Chapters

ပြီးဆုံးခြင်း ၁

Vol. 45 Ch. 445

ပြီးဆုံးခြင်း ၁

Vol. 45 Ch. 445

လူတယောက်အနေနှင့် မိမိ စားသောက်လိုက်သည့် အစားအစာထဲမှ အဟာရ အကုန်လုံးကို တစက်မကျန် စုပ်ယူဖို့ ဟူသည်မှာ မဖြစ်နိုင်။

ထိုနည်းတူစွာ ပိတ်လော့သည်လည်း တိတ်ဆိတ်သူ၏ မှတ်ညဏ်နှင့် အသိပညာများကို တစက်မကျန်အောင် ရယူဖို့ဟူသည်မှာ မဖြစ်နိုင်။ သို့တိုင်အောင် အတော်အတန်တော့ ရယူထားနိုင်လိုက်၏။

တိတ်ဆိတ်သူ၏ အသိပညာများမှာ ကျယ်ပြန့်လှသ ည်။ ထို့ကြောင့် ပိတ်လော့က မလိုအပ်သည်များကို ဖယ်ထုတ်ပြီး စုချန်း လိုချင်နေသည့် တိတ်ဆိတ်သူ၏ သုတေသနအမြင်များနှင့် ရှေးဟောင်းအာကင်နာနည်းစနစ်များကိုသာ ဆွဲထုတ်စုစည်းလိုက်လေသည်။

၎င်းမှာ မပြည့်စုံသည့်တိုင် အတော်ပင် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ လိုအပ်နေသည့် ကွက်လပ်တချို့အား သူကိုယ်တိုင် ဖြည့်ဆည်းနိုင်လိမ့်မည်ဟု စုချန်း ယုံကြည်ထား၏။

တဖန် တိတ်ဆိတ်သူ၏ မှတ်ညဏ်များအရ ၎င်းအနေနှင့် အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရမှန်း စုချန်းက သိရှိလိုက်ရပြန်သည်။

တိတ်ဆိတ်သူကား အလွန်လမ်းများသော ဝိညာဉ်မျိုးစိတ်ဝင်တဦး ဖြစ်သည်။ ဤသည်မှာလည်း သိပ်မဆန်းလှ။ ဝိညာဉ်မျိုးစိတ်ဝင်တိုင်းလိုလိုသည် ဤကဲ့သို့ပင် တလောကလုံး လှည့်လည်သွားလာနေကြသည် မဟုတ်ပါလား။

ထိုသို့ လှည့်လည်သွားလာနေခြင်းမှအပ တိတ်ဆိတ်သူ လုပ်ချင်သည်မှာ မျိုးဆက်ပွားကျောင်းတော်ကို ပြန်လည် တည်ဆောက်နိုင်ရေးပင် ဖြစ်သည်။

ဤသည်မှာလည်း သိပ်မဆန်းလှ။ အနက်ရောင်သတ္တုတုံးကို မြင်ကတည်းက စုချန်းက ထိုအကြောင်းကို သဘောပေါက်ပြီး ဖြစ်သည်။

တိတ်ဆိတ်သူသည် အမွှာအမေများ၏ နေရာကို အစားထိုးရန် နည်းလမ်းပေါင်းစုံကို ကြိုးစားကြည့်ခဲ့၏။ ထိုအထဲတွင် လူသားမျိုးစိတ်များလည်း ပါဝင်လေသည်။ ထိုအတွက်ကြောင့်ပင် တိတ်ဆိတ်သူသည် ကြီးမားလှသော သုတေသနခန်းကြီးကို တည်ဆောက်ခဲ့ပြီး များပြားလှသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းပင်။

သို့သော် တိတ်ဆိတ်သူကား ကံမကောင်းခဲ့ချေ။ တနေ့တွင် သူ၏ သုတေသနခန်းသည် အမှားတခုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့၏။ တဖန် ထိုအခန်းကလည်း မြစ်တစင်း၏ ဘေးနားတွင် တည်ဆောက်ထားမိ၍ တိတ်ဆိတ်သူ တသက်လုံးလေ့လာခဲ့ရသည့် သုတေသနရလဒ်များမှာ ရေထဲသို့ မျောပါကုန်တော့သည်။

ဤရလဒ်များကား တိတ်ဆိတ်သူ နှစ်ပေါင်း ထောင်နှင့်ချီအောင် လေ့လာခဲ့ရသည့် ရလဒ်များ ဖြစ်သည်။ ၎င်းတို့ကို အလဟသတော့ တိတ်ဆိတ်သူ ဆုံးရှုံးမခံနိုင်။ ထို့ကြောင့် သူသည် ၎င်းတို့ကို နေရာအနှံ့ လိုက်လံရှာဖွေနေခဲ့လေသည်။

အနက်ရောင်သတ္တုတုံးနှင့် ခရမ်းရောင်သလင်းတို့သည် ပေါက်ကွဲမှု၏ အကြွင်းအကျန်များ ဖြစ်ပြီး ထိုအတွက်ကြောင့်ပင် ဝေလျန်ချန်းနှင့် ကျန်လူများက တိတ်ဆိတ်သူ၏ ညွှန်ကြားချက်အတိုင်း ၎င်းတို့ကို လိုက်လံရှာဖွေနေခြင်းပင်။

သို့သော် စုချန်း စိတ်အဝင်စားဆုံး အရာမှာကား ပေါက်ကွဲမှု၏ ရင်းမြစ်ဖြစ်သော အမှောင်သလင်းပေတည်း။

အမှောင်သလင်းကား တိတ်ဆိတ်သူ မမျှော်လင့်ပဲ ရရှိခဲ့သည့် ရတနာတပါးပင် ဖြစ်သည်။ ၎င်းသည် စွမ်းအင်များအား စုဆောင်းနိုင်သည့် စွမ်းရည်ရှိသော်လည်း အမှောင်စွမ်းအင်ကိုသာ စုဆောင်းနိုင်၏။ ထိုအခါ တိတ်ဆိတ်သူက ၎င်းကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုစမ်းသပ်မှုများကြောင့်ပင် အမှောင်စွမ်းအင်ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့ပြီး မြစ်ကျောတခုလုံးကို ပြားပြားဝပ်သွားစေ၏။ တိတ်ဆိတ်သူထံတွင် ရှောင်တိမ်းနိုင်သည့် စွမ်းရည်မရှိခဲ့လျင် သူသည်လည်း ထိုပေါက်ကွဲမှုကြောင့် တစစီ ဖြစ်သွားပေလိမ့်မည်။

ထိုနေ့ထိုအချိန်မှစ၍ တိတ်ဆိတ်သူသည် အမှောင်သလင်းအား နေရာအနှံ့တွင် လိုက်လံရှာဖွေတော့သည်။ သို့သော် ၎င်း၏ စစ်မှန်သော အသုံးချပုံကိုကား ယနေ့အထိ သူ မသိသေးချေ။

ကံမကောင်းအကြောင်းမလှသည်မှာကား တိတ်ဆိတ်သူ၏ သုတေသနနှင့်ဆိုင်သည့်် မှတ်ညဏ်အများစုမှာလည်း ပျောက်ဆုံးကုန်၏။ သို့သော် ထိုသို့ ပျောက်ဆုံးမသွားလျင်လည်း မှတ်ညဏ် အများကြီးတော့ ကျန်ရစ်မည်မဟုတ်ပေ။ သက်ရှိတို့၏ မှတ်ညဏ်မှာ အကန့်အသတ်နှင့််သာ မဟုတ်ပါလား။ အကယ်၍ မှတ်ညဏ်သာ အကန့်အသတ် မရှိခဲ့လျင် တိတ်ဆိတ်သူအနေနှင့် ပေါက်ကွဲမှု၏ အကြွင်းအကျန်များကို လိုက်ရှာနေစရာ မလိုတော့ပေ။

သို့သော် ရှေးဟောင်းအာကင်နာနည်းစနစ်အများအပြားကိုတော့ တိတ်ဆိတ်သူ မှတ်မိနေခဲ့၏။

ထိုအထဲတွင် ပုံရိပ်ယောင်နယ်ပယ်ကိုတော့ စုချန်း အထူးပင် စိတ်ဝင်စားမိ၏။

တိုက်ပွဲစဉ်တလျှောက် ပုံရိပ်ယောင်နယ်ပယ်ကို တိတ်ဆိတ်သူ အသုံးပြုခဲ့ပုံကို စုချန်း မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။ ထိုပုံရိပ်ယောင်နယ်ပယ်ဖြင့် တိတ်ဆိတ်သူသည် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်ကိုပင် ဖက်ပြိုင်အံတုနိုင်ခဲ့၏။ ထိုအချက်သည် စုချန်းကို အထူးတလည်ပင် စိတ်ဝင်စားစေတော့သည်။

"သခင့်ကို ကြည့်ရတာ သေစေနိုင်သောစုန်းမကို အဆင့်မြှင့်နိုင်ဖို့ ကြံဆနေတာနဲ့ တူတယ်"

ပိတ်လော့က စုချန်း ဘာလုပ်နေမှန်း သဘောပေါက်ဟန်ဖြင့် ပြောလိုက်၏။

"သုတေသနအသစ်တွေကတော့ တခုပြီးတခု ပေါ်လာနေတာပါပဲဗျာ ကျုပ်မှာ အချိန်တောင်မလောက်ချင်ဘူး ဖြစ်နေတယ်"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။

"တော်ဝင်မျိုးနွယ်စုတွေနဲ့သာ သိပ်ရန်မဖြစ်ဘူးဆိုရင် သခင့်မှာ အချိန်တွေ ဒီထက်ပိုလာမှာပဲ"

ပိတ်လော့က ပြန်ပြောလိုက်၏။

မမျှော်လင့်ပဲ ပိတ်လော့၏ စကားကို စုချန်း သဘောတူလိုက်၏။

"ခင်ဗျား ပြောတာမှန်တယ် ဒါပေမဲ့ ဒဏ်ရာက ပွင့်နေခဲ့ပြီ ကျုပ်တို့အနေနဲ့ အားလျော့လိုက်လို့တော့ မရသေးဘူး ကျုပ်ရဲ့အင်အား မလုံလောက်သေးခင်ထိတော့ ရနိုင်သမျှ အရန်နည်းလမ်းတွေကို ရှာဖွေထားရမှာပဲဗျ"

အမှန်တော့ လွန်ခဲ့သည့် တနှစ်ခန့်အကြာက ကမောက်ကမ ဖြစ်ရပ်များ နောက်တွင်တော့ ကြည်လင်မြစ်မြို့တော်သည် အရင်နှင့် မတူတော့ပေ။

မူလဗျူရိုသည် စုချန်း၏ လက်ထဲသို့ အလုံးစုံ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အနောက်မြစ်တောအုပ်ရှိ ခံတပ်ရွာတရွာကလည်း စုချန်းနှင့် သဘောတူညီမှု ယူထားပြီး ဖြစ်သည်။ ရေလမ်းကြောင်းသည်လည်း တော်ဝင်မျိုးနွယ်စုများ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့။ မြို့ပေါ်ရှိ ဆိုင်တချို့ကိုလည်း စုချန်း ထိန်းချုပ်ထားနိုင်ခဲ့၏။ စုံစမ်းစစ်ဆေးရေးဗျူရိုသည်ပင် ဤတပွဲတွင် အထိနာသွားခဲ့ပြီ မဟုတ်ပါလား။ အန်းစီယွမ်သာ အရူးမဟုတ်ခဲ့လျင် သိပ်မကြာမီ ချန်းဝန်ဟွေအတွက် အလားအလာမကောင်းတော့မည်မှာ သေချာလှသည်။

ယခင်က တော်ဝင်မျိုးနွယ်စုများတွင် ရှိခဲ့ဖူးသည့် သြဇာအာဏာမှာ များစွာ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

သို့သော် အရာအားလုံးမှာ ဤအတိုင်းသာ ဖြစ်ပျက်နေသောကြောင့် အနှီသံသရာအား ရပ်တန့်ရတော့မည့် အချိန်ဆိုက်နေပေပြီဟု စုချန်း ခံစားနေရ၏။

ထို့ကြောင့် စုံစမ်းစစ်ဆေးရေးဗျုရိုတွင် နေရာလွတ်များစွာ ဖြစ်ပေါ်လာခဲ့ပါ ချိန်သာကိုက်လက်ဝင်လျှိရန် စဉ်းစားထားသည့် အကြံအစည်ကိုပင် စုချန်း စွန့်လွှတ်လိုက်၏။

နေရာအတော်များများတွင် ရှေ့မှ ဦးဆောင်မည့်သူများမှာ သိပ်မရှားလှ။ ဘယ်အချိန် နောက်ဆုတ်ရမည်မှန်း သိသူကတော့ မရှိသလောက် ရှားပါးသည် မဟုတ်ပါလား။

ထိုနေ့ညနေမှာပင် စုချန်းသည် စုအိမ်တော်သို့ ပြန်လာကာ တိတ်ဆိတ်သူ၏ သုတေသနများကို ခွဲခြမ်းစိတ်ဖြာ၏။ အန်းစီယွမ်၏ ဖိတ်ခေါ်ချက်ကိုပင် သူ ငြင်းပယ်လိုက်လေသည်။ တနည်းအားဖြင့် သူသည် မည်သည့်အခွင့်အရေးကိုမှ မမက်မောကြောင်း အန်းစီယွမ်အား ပြသလိုက်ခြင်းပင်။

သိပ်မကြာမီ စုချန်းသည် သတင်းတခုကို ကြားလိုက်ရပြန်၏။ ထိုသတင်းမှာ အန်းစီယွမ်သည် စုံစမ်းစစ်ဆေးရေးဗျူရိုအတွင်း သူ့ထောက်ခံသူ အများအပြားအား သွပ်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် သူက ချန်းဝမ်ဟွေအား ဖိအားပေးလိုက်ခြင်းပင် ဖြစ်သည်။

နောက်ဆုံးတွင်တော့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရသွားကြပုံရ၏။ ချန်းဝမ်ဟွေသည်လည်း သူ့ပိုင်နက်နယ်မြေကိုပင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့လေသည်။ သို့သော် စုံစမ်းစစ်ဆေးရေးဗျုရိုသည်ကား ယခင်ကဲ့သို့ ရေပက်မဝင်သည့် အဖွဲ့အစည်းမျိုး မဟုတ်တော့။

ကြည်လင်မြစ်မြို့တော်ရှိ ဒုစရိုက်သမားများမှာလည်း အလွန်ပင် အနေအစားကျပ်လာ၏။ အကြောင်းမှာ အန်းစီယွမ်နှင့် လုချိန်ကွမ်းသည် တော်ဝင်မျိုးနွယ်စုများ၏ လွှမ်းမိုးမှုကို ထိန်းချုပ်ရန် မြို့တော်ရှိ ဒုစရိုက်အဖွဲ့အများအပြားကို မြေလှန်ပစ်ကြသောကြောင့်ပင်။

သို့သော် စုချန်းကား မည်သည့် အရှုပ်အထွေးတွင်မှ ဝင်မပါတော့။ သူသည် သုတေသနခန်းထဲတွင် ငြိမ်းချမ်းစွာ နေထိုင်ရင်း စမ်းသပ်မှုများ ပြုလုပ်လိုက်၊ မူလစွမ်းရည်များအား ခွဲခြမ်းစိတ်ဖြာလိုက်နှင့် အချိန်ကို ကုန်ဆုံးစေခဲ့လေသည်။

နှစ်ရက်ခန့်အကြာတွင်တော့ ဂျီဟန်းယင်သည်လည်း စုချန်းအား နှုတ်ဆက်ကာ မြို့တော်မှ ထွက်ခွာသွား၏။

ပထမကတော့ ကျန်းစီချွေ့တယောက် ဂျီဟန်းယင်နောက်သို့ သေချာပေါက်လိုက်သွားလိမ့်မည်ဟု စုချန်းက ထင်နေမိခဲ့သေးသည်။ လက်တွေ့တွင်တော့ ထိုသို့ ဖြစ်မလာချေ။ ကျန်းစီချွေ့ကား ဆုံးဖြတ်ချက်ပြတ်သားသွားပုံရ၏။ သူသည် ဓားပြများနှင့် အတူကျန်ရစ်ကာ သူ့နာမည်ဂုဏ်သတင်းကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့၏။ ယခုဆိုလျင် ဓားပြများအကြားဝယ် ကျန်းစီချွေ့၏ အရှိန်အဝါမှာ စုချန်းထက်ပင် ကြီးထွားနေခဲ့လေပြီ။

သို့သော် ၎င်းကို စုချန်း မည်သို့မှ သဘောမထား။ သူ၏ ရည်ရွယ်ချက်က တခြားနေရာတွင်သာ ရှိနေငည် မဟုတ်ပါလား။ အကယ်၍ ကျန်းစီချွေ့ကသာ တတိယမြစ်တပ်ဖွဲ့ကို အပြီးတိုင် အုပ်ချုပ်လိုသည်ဆိုပါက စုချန်းအဖို့ ဝမ်းပင်သာနေအုံးမည်။

ယခုဆိုလျင် စုချန်းအတွက် အချိန်များစွာ ပိုလာ၏။ ထိုအခါ သူသည် စမ်းသပ်မှုများကို ပို၍အာရုံစိုက်ကာ ဆောင်ရွက်နိုင်လာခဲ့လေသည်။

ဤအတောအတွင်းဝယ် စုချန်း၏ သွေးနီဥပြိုကွဲဆေးမင်မှာ များစွာ တိုးတက်လာ၏။ သွေးဗီဇဆိုင်ရာ စမ်းသပ်မှုများကလည်း အတော်ပင် အခြေအနေကောင်းနေခဲ့လေသည်။ ထိုမျှသာမကသေး စုချန်းသည် အနက်ရောက်ကျောက်တုံးများအတွင်းမှ မူလပစ္စည်းများကိုပါ အသုံးချနိုင်လာခဲ့လေသည်။ ယုတ်စွအဆုံး သူသည် တိတ်ဆိတ်သူ၏ ပုံရိပ်ယောင်နယ်ပယ်ကို လေ့လာခြင်းအားဖြင့် သေစေနိုင်သောစုန်းမကိုပါ ဆထက်တံပိုး တိုးတက်လာအောင် ဖန်တီးနိုင်ခဲ့လေသည်။

အရေးအကြီးဆုံးအချက်မှာကား စုချန်း၏ အင်အားသည် အံ့သြစရာကောင်းလောက်အောင် တိုးတက်လာခြင်းပင်။

ယခုဆိုလျင် စုချန်းသည် လူအတော်များများ မသိနိုင်သည့် လျှို့ဝှက်ချက်အများအပြားကို ပိုင်ဆိုင်ထားနိုင်သည့် လူတယောက် ဖြစ်လာခဲ့လေပြီ။

ဤသို့ဖြင့် စုချန်းသည် အချိန်တိုင်းလိုလိုတွင် သူ့ကမ္ဘာလေးအတွင်း၌သာ နစ်မြုပ်နေခဲ့၏။

နေ့ဆိုလျင် သူသည် စမ်းသပ်မှုများ ဆောင်ရွက်၏။ ညရောက်လျင်တော့ အိပ်မက်နယ်ပယ်သို့ သွားရောက်လေသည်။

အိပ်မက်နယ်ပယ်ထဲတွင် စုချန်းသည် ရှေးဟောင်းအာကင်နာနည်းစနစ်များကို ဦးစားပေးလေ့ကျင့်နေခဲ့၏။ ကျန်အချိန်များတွင်တော့ သူသည် အိပ်မက်နယ်ပယ်အတွင်း လှည့်လည်သွားလာကာ တခြားနယ်မြေများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းနေခဲ့လေသည်။

ယနေ့မှာကား သာမာန်နေ့တနေ့ပင် ဖြစ်သည်။ စုချန်းသည် အိပ်မက်နယ်ပယ်အတွင်းရှိ လမ်းလေးအတိုင်း တရွေ့ရွေ့နှင့် လျှောက်လာ၏။ လမ်းအဆုံးတွင်တော့ တံခါးတချပ် ရှိနေလေသည်။

စုချန်းက တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးနောက်ကွယ်တွင် အခန်းကျဉ်းလေးတခန်း ရှိနေ၏။ အခန်းထဲတွင်တော့ ရှီကိုင်းဟွမ်တယောက် အခန့်သား ထိုင်လျက်ရှိလေသည်။

"ဆရာ့စီကို လာတွေ့တိုင်း ဒီအခန်းကျဉ်းလေးထဲမှာပဲ တွေ့ရတယ် ဒီလိုတွေ့ရတာ တပည့်နှလုံးသားထဲမှာ နာကျင်ရတယ် ဒီတခါတော့ ဆရာ့အနေနဲ့ တပည့်စကားကို နားထောင်သင့်ပြီ"

"အခန်းလေး ကျဉ်းနေတာ ဘာများဖြစ်လို့လဲကွ ကျုပ် သည်းခံနိုင်တယ် ကိစ္စကြီးကြီးမားမားကို ဆောင်ရွက်ချင်တဲ့လူက ဒါလေးကိုမှ သည်းမခံနိုင်လို့ ဘယ်ဖြစ်ပါ့မလဲ"

ကိုင်းဟွမ်ကောင်းကင်ဘုံကို ရောင်းချခြင်းမှ သူတို့ဆရာတပည့်နှစ်ယောက်သည် အမြတ်အစွန်းအများအပြား ရရှိခဲ့သော်လည်း ရှီကိုင်းဟွမ်ကား တပြားမှ မယူခဲ့။ ထို့ကြောင့် သူ့အဆင့်အတန်းကလည်း အိပ်မက်နယ်ပယ်တွင် စုချန်းထက် နိမ့်နေ၏။ သူရရှိထားသည့် အခန်းကလည်း အတော်ပင် ကျဉ်းမြောင်းလေသည်။

စုချန်းက ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက အိပ်မက်နယ်ပယ်လေ ဆရာ ကျွန်တော်တို့အနေနဲ့ အပြင်လောကမှာ သည်းခံတာနဲ့တင် မလုံလောက်သေးဘူးလား ဘာကြောင့် အိပ်မက်နယ်ပယ်ထဲမှာရော သည်းခံနေရမှာလဲ"

စုချန်း၏ စကားစစ်ထိုးမှုကို ရန်သူများပင် သည်းမခံနိုင်သော်လည်း ခေါင်းမာလှသော အဖိုးကြီးကတော့ အနည်းငယ်မှပင် ဂရုမစိုက်ချေ။

ရှီကိုင်းဟွမ်က လက်ကာပြရင်း ပြောလိုက်၏။

"ဟေ့ ဟေ့ ကျုပ်ရှေ့မှာ ဒီလို အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့ကွ အရာအားလုံးဟာ စိတ်ထဲက စတာချည်းပဲ ကျုပ်သာ အိပ်မက်နယ်ပယ်မှာ ဇိမ်ခံလိုက်ရင် အပြင်မှာလည်း စည်းစိမ်ဥစ္စာကို မက်မောလာလိမ့်မယ်"

"ကောင်းပြီလေ ကျွန်တော်သာ ဆက်ပြောနေရင် ဆရာက ကျွန်တော့ကို မကောင်းတဲ့ကောင်လို့ စွပ်စွဲတော့မယ့်ပုံပဲ ဆရာ ဒီအခန်းထဲမှာပဲ နေချင်သပဆိုရင် နေပေတော့ ကျွန်တော် ဘာမှ မပြောတော့ဘူး ဒါနဲ့ ဆရာ ကျွန်တော့ကို ဘာဖြစ်လို့ ခေါ်တာလဲ မဟုတ်မှလွဲရော သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းကိုများ တွေ့သွားပြီလား"

"ဟုတ်တယ်ကွ ကျုပ် အောင်မြင်သွားပြီ"

ရှီကိုင်းဟွမ်က ပြန်ဖြေလိုက်လေသည်။

All Chapters