← Chapters

ပြီးဆုံးခြင်း ၂

Vol. 45 Ch. 446

ပြီးဆုံးခြင်း ၂

Vol. 45 Ch. 446

သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ရောက်ရှိနိုင်မည့်နည်းလမ်းကား အဆုံးသတ် အောင်မြင်ခဲ့လေပြီ။

ထိုစကားကို ကြားလိုက်သည်နှင့် စုချန်း၏ နှလုံးသားသည် ဆတ်ခနဲ့ တုန်ခါသွား၏။

သူ့အနေနှင့် ဤနေ့ရက်ကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည့်တိုင် တကယ်တမ်း ကြားလိုက်ရသည့်အခါ ဝမ်းသာစရာသတင်းကြောင့် စိတ်ကို မနည်းထိန်းနေရလေသည်။

လူသားမျိုးစိတ်များ၏ အောင်မြင်ရေးလမ်းကြောင်းပေါ်ရှိ ပိတ်ဆို့နေသော နောက်ထပ် အတားအဆီးတခုကို ဖယ်ရှားနိုင်ခဲ့ပြန်ပြီ မဟုတ်ပါလား။ ကုန်လွန်ခဲ့သည့် ရှစ်နှစ်တာကာလပတ်လုံး ကြိုးစားအားထုတ်ခဲ့သမျှသည် အောင်မြင်မှုအသီးအပွင့်တို့ စတင်ဖူးပွင့်လာကြချေပြီတကား။

ဝမ်းသာလွန်း၍ စုချန်းတယောက် မျက်ရည်များပင် လည်လာ၏။ အလွန်တရာ အေးဆေးတည်ငြိမ်သော ပုံစံမျိုးဖမ်းထားသည့်တိုင် ရှီကိုင်းဟွမ်ကိုယ်တိုင်လည်း အတော်လေး စိတ်လှုပ်ရှားနေကြောင်း စုချန်း တွေ့မြင်နေရလေသည်။

သူတို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်မည့်နည်းလမ်းကို ဖော်ထုတ်နိုင်ခဲ့လေပြီ။

ဤတကြိမ်သည် သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်သည့်နည်းလမ်းကို သူတို့ တွေ့ရှိခဲ့သည်နှင့် အတော်ပင် ခြားနားနေ၏။

အကြောင်းမှာ ကိုင်းဟွမ်ကောင်းကင်ဘုံ မပေါ်မီကတည်းကပင် လူသားများအနေနှင့် သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ကြသောကြောင့်ပင်။ သို့သော် အောင်မြင်ချေနည်းပါးလှသော ယခင်နည်းလမ်းဟောင်းများကြောင့် လူသားများသည် အောင်မြင်မှု၏ အထွပ်အထိပ်ဆီသို့ ဘယ်သောအခါမှ မတက်လှမ်းနိုင်ခဲ့ကြပေ။

မည်သို့ဆိုစေ လောကပေါ်တွင် မရှိသေးသည့် တီထွင်မှုမျိုး မဟုတ်သောကြောင့် ကိုင်းဟွမ်ကောင်းကင်ဘုံကို တော်ဝင်တီထွင်မှုမျိုးဟု မသတ်မှတ်နိုင်ချေ။ ၎င်းသည် ပိုမိုကောင်းမွန်သော အောင်မြင်မှုဆီသို့ တက်လှမ်းရန် လှေကားထစ်တထစ်မျှသာ ဖြစ်လေသည်။

ယခု ရှီကိုင်းဟွမ် ဖော်ထုတ်နိုင်ခဲ့သည့် သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကတော့ မူလကမ္ဘာကြီးဝယ် ရှေးယခင်က မရှိခဲ့ဖူး။ ထို့ကြောင့် ၎င်းကို တော်ဝင်တီထွင်မှုဟု သတ်မှတ်နိုင်ပေသည်။

မူလကမ္ဘာကြီးဝယ် မည်သည့်ချီစွမ်းအားပညာရှင်မဆို သွေးဗီဇမရှိပါက ၎င်းရောက်ရှိနိင်သည့် အမြင့်ဆုံး နယ်ပယ်မှာ သွေးဆူပွက်ခြင်းနယ်ပယ်မျှသာ ဖြစ်လေသည်။ သွေးဝိညာဉ်ဆေးဝါးတမျိုးမျိုးကို မှီဝဲမှသာလျင် ၎င်းတို့အနေနှင့် အလင်းတုန်ခါခြင်းနယ်ပယ်ထိ တက်လှမ်းနိုင်ခွင့် ရှိကြလေသည်။

ယုတ်စွအဆုံး ရှီကိုင်းဟွမ်သည်ပင် ထိုလူစားမျိုးများထဲမှ တဦး ဖြစ်သည်။ ၎င်းသည် သွေးနှောအလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တဦး ဖြစ်နေသည်မဟုတ်ပါလား။ ၎င်းအနေနှင့် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ထိုထက်မြင့်မားသော နယ်ပယ်ဆီသို့ မတက်လှမ်းနိုင်တော့။

ရှီကိုင်းဟွမ်၏ စကားကို ကြားလိုက်သည်နှင့် စုချန်း ကြက်သေသေသွား၏။ ထို့နောက် သူက လွှတ်ခနဲ မေးလိုက်သည်။

"ဆရာတကယ်ပြောတာလား တကယ်ပဲ အောင်မြင်သွားပြီလား"

"ဟုတ်တယ်ကွ အောင်မြင်နိုင်ချေကတော့ ၃၀ရာနှုန်းလောက် ရှိတယ် ဒါပေမဲ့ ပြသနာမရှိဘူး မအောင်မြင်ရင်းမင်းထပ်ကြိုးစားလို့ ရတာပဲလေ တခုတော့ရှိတယ် မင်း တကြိမ်ကြိုးစားတိုင်း ယန်သုံးပါးဆေးကို ဖြည့်စွက်သုံးစွဲပေးဖို့ လိုအပ်တယ် ဒီအတွက်လဲ မင်း အဖြေရှာပြီးပြီနဲ့ တူတယ်"

တကယ်တော့ ယန်သုံးပါးဆေးအား စုချန်းတယောက် တီထွင်ပြီးဖြစ်သည်။ တနည်းအားဖြင့် သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့်နည်းလမ်းသည် စုချန်းက သွေးဝိညာဉ်ဆေးဝါးများနေရာတွင် အစားထိုးနိုင်ရန် ဖော်စပ်ခဲ့သည့် ယန်သုံးပါးဆေး တီထွင်နိုင်ခဲ့ခြင်း၏ တစိတ်တဒေသဟုပင် ဆိုနိုင်လေသည်။

ရှီကိုင်းဟွမ်၏ စကားကို ကြားသောအခါ စုချန်းက ပြောလိုက်၏။

"မှန်ပါတယ်ဆရာ ဒီအချိန်ဟာ ကြွယ်ဝချမ်းသာလာအောင် လုပ်ရမဲ့ အချိန်ပဲ ဒီငွေတွေနဲ့သာဆိုရင် ကျွန်တော်တို့ ဒီထက်ပိုတဲ့ စမ်းသပ်မှုတွေ အများကြီး လုပ်နိုင်လာလိမ့်မယ်"

"အင်း"

ရှီကိုင်းဟွမ်က စုချန်း၏ အမြင်ကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"မင်းရဲ့ ပြီးခဲ့တဲ့ စမ်းသပ်မှုတချို့ကို ကျုပ် ကြည့်ပြီးသွားပြီ အတော်ကို စိတ်ဝင်စားစရာကောင်းတာပဲကွ ပဏာမမူလကမ္ဘာဦးသွေးဗီဇဆေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကတော့ တကယ်ကို အထင်ကြီးစရာကောင်းလှပါပေတယ် ခက်တာက အဲဒီဆေးဝါး အတော်များများဟာ သွေးဝိညာဉ်ဆေးတွေနဲ့ ခပ်ဆင်ဆင်တူနေတာပဲကွ ဒါပေမဲ့ သွေးဝိညာဉ်ဆေးတွေနဲ့ မတူတာက ဒီဆေးတွေဟာ အစားထိုးအသုံးပြုနိုင်တယ် ဖြည့်စွက်အသုံးပြုနိုင်တယ် ပိုပြီး လူးသာလွန့်သာရှိတာပေါ့ကွာ"

"ကံဆိုးတာက ဒီဆေးတွေဟာ သွေးဗီဇမရှိတဲ့ လူတွေအတွက်သာ အသုံးဝင်တာပဲဆရာ ဥပမာပေးရရင် ဆရာဟာ ဒီဆေးကို သုံးလို့မရဘူး"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့အနေနဲ့ ဒီဆေးတွေကို ပိုပြီး တိုးတက်လာအောင် ဖန်တီးဖို့ ဆုံးဖြတ်ထားတယ်"

သို့သော် ရှီကိုင်းဟွမ်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။

"မဟုတ်သေးဘူးစုချန်း မင်းအနေနဲ့ ဒီဆေးတွေဟာ သွေးဗီဇနဲ့ သဟဇာတ မဖြစ်တဲ့ ပြသနာကိုသာမက သူနဲ့ ပတ်သက်သမျှ အရာအားလုံးကို တိုးတက်လာအောင် လုပ်ရလိမ့်မယ်"

စုချန်း ခေါင်းရှုပ်သွား၏။

"ဘာကြောင့်များလဲဆရာ"

"ဘာကြောင့်လဲဆိုတာ ဒါဟာ သွေးဗီဇမရှိတဲ့ လူတွေရဲ့ဘဝကို တိုးတက်လာစေဖို့ တခုတည်းသော နည်းလမ်း ဖြစ်နေလို့ပေါ့ကွာ ခု မင်းက သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ပြီဆိုတော့ ဒီလို ဘဝတူတွေအတွက် အခွင့်အလမ်း အများကြီးရှိလာပြီလို့ ဆိုနိုင်တာပေါ့ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ဒါက တော်ဝင်သွေးဗီဇတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး အားနည်းနေသေးတယ် ဒီနေရာမှာပင် ပဏာမမူလကမ္ဘာဦးဆေးတွေက အရေးကြီးလာတာပဲကွ မင်းအနေနဲ့ သွေးဗီဇမရှိတဲ့လူတွေရဲ့ အဆင့်အတန်းကို ပြောင်းလဲချင်ရင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မမြှင့်တင်ပဲ ကိုယ်တွင်းစွမ်းအင်အဆင့်အတန်းကို မြှင့်တင်ပေးလို့ရမှာမဟုတ်ဘူး ကျုပ်အနေနဲ့ကတော့ အစပျိုးနိုင်ခဲ့ပြီ ဒါကို အဆုံးသတ်ဖို့ကတော့ မင်းအပေါ်မှာပဲ မူတည်နေပြီ ဆေးနဲ့ နည်းစနစ် ဒီနှစ်မျိုး ပြီးပြည့်စုံမှသာ ဒီလူတွေအတွက် မျှော်လင့်ချက်ရှိလိမ့်မယ် တကယ်လို့များ အနာဂတ်မှာသာ ပဏာမမူလကမ္ဘာဦးဆေးဝါးတွေ ပျောက်ကွယ်သွားတဲ့ အချိန်ကျရင် သွေးဗီဇမရှိတဲ့လူတွေက ဒီကမ္ဘာကြီးကို လွှမ်းမိုးသွားလိမ့်မယ် အဲဒီအချိန်ကျရင် သာမာန်လူတွေဟာ သန့်စင်သောသွေးသားပိုင်ရှင်တွေ ဖြစ်လာလိမ့်မယ် သွေးဗီဇပိုင်ရှင်တွေကတော့ သွေးနှောတွေအဖြစ် သတ်မှတ်ခံရလိမ့်မယ် ဒီအတွက် လူသားမျိုးနွယ်တခုလုံး မူလအစကိုပြန်ရောက်သွားတာနဲ့ အတူတူပဲမလားလို့ မင်းက မေးခွန်းထုတ်ကောင်းထုတ်ချင်လိမ့်မယ် ကျုပ်အနေနဲ့ကတော့ ဒါဟာ လူသားတွေ နဂိုကတည်းက ရှိသင့်ရှိထိုက်တဲ့ အခြေအနေလို့ ဆိုချင်တယ်"

"ဘယ်လို ဘယ်လို ဆရာ သွေးဗီဇမရှိတဲ့လူတွေက သန့်စင်သော သွေးသားပိုင်ရှင်တွေ ဖြစ်လာပြီး သွေးဗီဇပိုင်ရှင်တွေကတော့ သွေးနှောတွေအဖြစ် သတ်မှတ်ခံရလိမ့်မယ် ဟုတ်လား"

စုချန်း အတော်ပင် အံ့သြသွား၏။

ရှီကိုင်းဟွမ်ကား သူ့အတွက် ရည်မှန်းချက်ပန်းတိုင်သစ်ကို ချမှတ်ပေးခဲ့ချေပြီတကား။

စုချန်း တွေဝေငေးမောနေ၏။

ရှီကိုင်းဟွမ်က ခေါင်းတချက်ညိတ်ရင်း ပြောလိုက်ပြန်သည်။ သူ့လေသံမှာကား နူးညံ့လှ၏။

"ဟုတ်တယ်ကွ ပဏာမမူလကမ္ဘာဦးဆေးဝါးတွေ ပေါ်ပေါက်လာတာကြောင့် ကျုပ်အနေနဲ့ အနာဂတ်ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိင်လာခဲ့တယ် မင်းအနေနဲ့ ဒါကို လုပ်နိုင်မယ်လို့ ကျုပ်က အပြည့်အဝ ယုံကြည်ထားတယ် မင်းကြောင့်ပဲ လူသားမျိုးနွယ်တွေဟာ အလင်းနတ်ဘုရားပလ္လင်တော်ရဲ့ တကယ့် စစ်မှန်တဲ့ သွေးမျိုးဆက်တွေ ဖြစ်လာကြလိမ့်မယ်"

ထိုနေ့မှာပင် ရှီကိုင်းဟွမ်နှင့် စုချန်းသည် စကားများ မရေမတွက်နိုင်အောင် ပြောဖြစ်ခဲ့ကြလေသည်။

ရှီကိုင်းဟွမ်သည် အနာဂတ်ကို မျှောမှန်းလျက် ရင်ခုန်နေ၏။ သွေးဗီဇမရှိသည့် လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာပုံကို မျှော်တွေးရင်ခုန်နေ၏။

ထိုနေ့တွင် လူသားတိုင်းလိုလိုသည် မိမိ၏ အင်အားကြီးမားလာစေရန် ကိုယ်တိုင်သာ ကြိုးစားအားထုတ်ရတော့မည်ဖြစ်သည်။ သွေးဗီဇသည် လူသားများ၏ အဆင့်အတန်းကို သတ်မှတ်နိုင်စွမ်းမရှိတော့။ လူသားများ၏ အဆင့်အတန်းသည် ကိုယ်ခန္ဓာတွင်း စွမ်းအင်စုဆောင်းနိုင်စွမ်းအပေါ်တွင်သာ မူတည်နေတော့မည် ဖြစ်သည်။

အတွေးနှင့််အတူ ဆရာတပည့်နှစ်ယောက်သည် အားရပါးရ ရယ်မောလိုက်ကြ၏။ ရယ်သံကြောင့် ကောင်းကင်ကြီးတခုလုံး လင်းထိန်သွားသည်ဟု ထင်မှတ်ရလေသည်။

ထို့နောက် ရှီကိုင်းဟွမ်သည် သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုင်မည့်နည်းလမ်းကို စုချန်းအား ပေးရစ်ကာ အိပ်မက်နယ်ပယ်မှ ထွက်ခွာသွားလေသည်။ ထိုအချိန်တွင် စုချန်းကား ဘာလုပ်ရမည်မှန်း ဆုံးဖြတ်ထားပြီးလေပြီ။

ပြင်ပလောကသို့ ပြန်ရောက်သည်နှင့် စုချန်းသည် အချက်ပြမှုကို ထုတ်လွှတ်လိုက်ပြီး အိပ်ခန်းထဲတွင် စိတ်ရှည်လက်ရှည်နှင့်် စောင့်ဆိုင်းနေ၏။ သိပ်မကြာမီ ပြတင်းပေါက်တွင် အက်ကွဲရာလေး ပေါ်ပေါက်လာပြီး မီးခိုးငွေ့များ အခန်းထဲသို့ တိုးဝင်လာ၏။

ထိုမီးခိုးငွေ့များသည် ရုတ်ချည်းဆိုသလိုပင် အမျိုးသမီးတဦးအဖြစ် ပုံစံပြောင်းလဲသွားလေသည်။ ညတစ္ဆေပင်တည်း။

အခန်းထဲသို့ ရောက်သည်နှင့် ညတစ္ဆေက မေးလိုက်သည်။

"ဘယ့်နှယ်လဲ ကျွန်မရဲ့ မီးခိုးပုံစံပြောင်းလဲခြင်းနည်းနစ်က သိပ်မဆိုးဘူးမလား"

စုချန်းက မျက်လုံးကိုပင် ဖွင့်မကြည့်ပဲ ဖြေလိုက်သည်။

"မဆိုးပါဘူး အတော်ကို ကောင်းပါပေတယ်"

"ရှင့်နှယ် တခါတလေများ ကျွန်မကို စိတ်လိုလက်ရ ချီးကျူးပါအုံးလား""

စုချန်း၏ အမူအရာကို သဘောမကျဟန်ဖြင့် ညတစ္ဆေက ပြောလိုက်၏။

"မဆိုင်တာတွေလျှောက်မပြောမနေနဲ့ ခင်ဗျားကို ကျုပ် အလကားခေါ်တာမဟုတ်ဘူး အလုပ်ရှိလို့ဗျ"

"သိတယ်လေ အလုပ်ကိစ္စမဟုတ်ပဲ ရှင် ကျွန်မကို ဘယ်တုန်းက ခေါ်ဖူးလို့လဲ ဒီနေ့ ဆေးတွေ ပေးရမဲ့နေ့ မဟုတ်ဘူး ဒီတော့ ဘာကိစ္စလဲ"

အင်း မဆိုးဘူး...ဒီငတိမ စဉ်းစားညဏ်ရှိလာပြီပဲ..

စုချန်းက သိပ်အရေးမကြီးသည့် ဟန်ပန်နှင့် ဖြေလိုက်သည်။

"တခြားတော့မဟုတ်ပါဘူး ကျုပ် ရှင်သန်ခြင်းကျောင်းတော်ဆီက ငွေနည်းနည်းလောက် ချေးချင်လို့"

"ငွေချေးမလို့ ဟုတ်လား ဟိုတလောက ငွေတွေကုန်သွားပြီလား"

ညတစ္ဆေက အံ့သြသွားဟန်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ်ဗျ"

"ဘယ်လောက်လိုတာလဲ ကျွန်မ ထုတ်ချေးပေးမယ်"

ညတစ္ဆေကား အနည်းငယ် ရယ်စရာကောင်းသော်လည်း သစ္စာရှိလှ၏။

"ကျုပ်လိုတာ များတယ် ခင်ဗျား တတ်နိုင်မှာမဟုတ်ဘူး"

"မူလကျောက်တုံး တသိန်းလောက်တော့ ကျွန်မမှာ ရှိတယ်"

လူသတ်သမားတဦးအတွက် ထိုမျှလောက်သော မူလကျောက်တုံး ပမာဏ စုဆောင်းထားနိုင်သည်မှာ တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။

"ဒါ...မလုံလောက်ဘူးဗျ"

"ဒါတောင် မလုံလောက်ဘူးလား ဒါဆိုလဲ ကျွန်မ တခြားလူတွေဆီက ရှင့်အတွက် ချေးငှားပေမယ်"

စုချန်းအတွက် အတော်လေးကောင်းမွန်သည့် အခွင့်အရေးပင်တည်း။

သို့သော် စုချန်းက ညတစ္ဆေကို ဖြတ်ခနဲ လှမ်းကြည်ရင်း ပြောလိုက်ပြန်သည်။

"ကျုပ်အတွက် ဒီလောက်ထိလဲ ခေါင်းရှုပ်ခံနေစရာ မလိုပါဘူးဗျာ ပြီးတော့ ကျုပ် လိုအပ်နေတဲ့ ငွေကြေးက အတော်ကို များတယ် ခင်ဗျား ရှာပေးနိုင်မှာမဟုတ်ဘူး"

ညတစ္ဆေကား အထူးပင် စိတ်ဝင်စားလာဟန်ရှိသည်။

"ရှင်က ဘယ်လောက်တောင်လိုနေတာတုန်း"

စုချန်းက လက်ငါးချောင်းထောင်ပြလိုက်သည်။

"ငါးသန်း ဟုတ်လား အဲလောက်တောင် လိုနေတာလား"

မမျှော်လင့်ပဲ စုချန်းက ခေါင်းခါပြလိုက်၏။

"သန်းငါးဆယ် ဟုတ်လား"

ညတစ္ဆေကား မျက်လုံးပြူးသွားလေပြီ။

စုချန်းက သက်ပြင်းချရင်းပြောလိုက်ပြန်သည်။

"မဟုတ်ဘူးဗျ"

"ဒါ...ဒါဆို...သန်းငါးရာပေါ့"

All Chapters