← Chapters

စွဲမက်ဖွယ်ဆွဲဆောင်မှု

Vol. 45 Ch. 447

စွဲမက်ဖွယ်ဆွဲဆောင်မှု

Vol. 45 Ch. 447

ဖွီး!!!!

စုချန်း၏ စကားကြောင့် ညတစ္ဆေတယောက် လဖက်ရည်များပင် သီးကုန်၏။ စုချန်းကား ထိုအဖြစ်ကို ကြိုမြင်ထားပြီးသားပင်။ သူ့ရှေ့တွင် သလင်းနံရံတခု ထွက်ပေါ်လာကာ လဖက်ရည်များ မပေကျံစေရန် ကာကွယ်ထားလိုက်လေသည်။ ပိတ်လော့ထံမှ သင်ယူထားသည့် နည်းစနစ်တခုပင်။

ထို့နောက် သူက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

"ခင်ဗျားအနေနဲ့ ဒီလောက်လဲ အံ့သြပြနေစရာမလိုပါဘူးဗျာ"

"မူလကျောက်တုံးသန်းငါရာ ဟုတ်လား"

ညတစ္ဆေက တအံ့တသြနှင့် ပြောလိုက်သည်။

"ရှင် ရူးများရူးနေလား ဒီလောက်များတဲ့ ငွေတွေကို ရှင်သန်ခြင်းကျောင်းတော်က ရှင့်ကို ဘယ်လိုလုပ်ပေးမှာလဲ"

ရှင်သန်ခြင်းကျောင်းတော်တွင် မူလကျောက်တုံး သန်းငါးရာ အမှန်တကယ်ပင် ရှိလေသလား။

အဖြေမှာ ရှိသည်ဟုပင် ဖြေရပေလိမ့်မည်။

ရှင်သန်ခြင်းကျောင်းတော်ကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းမျိုးအတွက် ထိုငွေပမဏလောက်မှာ ပြသနာမဟုတ်ချေ။

သို့သော် သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တယောက်အတွက်မူ ဤငွေကြေးသည် များပြားလှသော ချီစွမ်းအားပညာရှင်အုပ်စုကြီးကိုပင် ချုပ်ကိုင်ရန် လုံလောက်နေ၏။

စုချန်းထံတွင်သာ ဤငွေကြေး၏ ငါးပုံတပုံခန့်ရှိပါက ရှင်သန်ခြင်းကျောင်းတော်မှ ချီစွမ်းအားပညာရှင်များသည် ငွေကြေးအတွက် စုချန်းထံတွင် ၎င်းတို့၏အသက်ကို ရောင်းစားကြပေလိမ့်မည်။ ထိုအခါ တော်ဝင်မျိုးနွယ်စုများသည်လည်း ကိတ်မုန့်ကို ဓားနှင့်ခွဲလိုက်သကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားဖွယ်ရာရှိသည်။

မှန်၏။ ရှင်သန်ခြင်းကျောင်းတော်အတွက် တော်ဝင်မျိုးနွယ်စုများသည် မူလကျောက်တုံး သန်းငါးဆယ်လောက်ပင် တန်ဖိုးမရှိချေ။

ယခုတော့ စုချန်းသည် ရှင်သန်ခြင်းကျောင်းတော်ထံတွင် မူလကျောက်တုံး သန်းငါးရာအား ရူးရူးမိုက်မိုက်ပင် တောင်းဆိုလိုက်လေပြီ။

ရူးများရူးနေရော့သလား စုချန်း...

သို့သော် စုချန်း၏ ပုံစံမှာကား အနည်းငယ်မှ ရူးသွပ်နေဟန်မရှိ။

ထို့နောက် သူက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်ပြန်သည်။

"ကျုပ် သန်းရှစ်ရာ ပြန်ပေးမယ်"

စုချန်း၏ စကားကြောင့် ညတစ္ဆေ၏ မျက်လုံးသည် သပိတ်အိုးပမာ ပြူးကျယ်သွား၏။

အတန်ကြာမှ သူမက အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်သည်။

"ရှင်...ရှင် တကယ် ပြောနေတာလား"

"ဟုတ်တယ် ကျုပ် တကယ်ပြောနေတာ"

"တကယ်ပြောနေလဲ ဘာမှမထူးပါဘူးလေ"

ထိုအချိန်ကျမှ ညတစ္ဆေက မူလတည်ငြိမ်မှုကို ပြန်ရသွားဟန်ဖြင့် ပြောလိုက်သည်။

"ရှင့်အနေနဲ့ မူလကျောက်တုံး သန်းတထောင် ပြန်ပေးမယ်ဆိုရင်တောင် ရှင်သန်ခြင်းကျောင်းတော်က ဒီလောက်များတဲ့ ပမာဏကို ရှင့်အတွက် ရင်းနှီးမှာ မဟုတ်တာ သေချာတယ်"

ဤမျှ များပြားသော မူလကျောက်တုံးပမာဏကို စုချန်း ပြန်ပေးနိုင်လိမ့်မည် ရှင်သန်ခြင်းကျောင်းတော်အနေနှင့် မယုံကြည်နိုင်သည်မှာ ဘာမှမဆန်းချေ။ ထို့ပြင် ရှင်သန်ခြင်းကျောင်းတော်မှ လူများသည် ကလေးများမဟုတ်။ စုချန်းအနေနှင့် အလွန်အမင်း ချမ်းသာနေသည့်တိုင် သူတို့အနေနှင့် မူလကျောက်တုံး သန်းငါးရာကို လွယ်လင့်တကူ ပေးလိမ့်မည်မဟုတ်ချေ။

"ဒါဖြင့် မူလကျောက်တုံး သန်းငါးရာလောက် တန်ကြေးရှိတဲ့ တခြားပစ္စည်းတမျိုးမျိုးနဲ့ လှဲလှယ်မယ်ဆိုရင်ကောဗျာ"

"ဟင် စုချန်း ရှင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ညတစ္ဆေက စိတ်ဝင်စားလာဟန်ဖြင့် မေးလိုက်သည်။

စုချန်းကား မဖြေ။ သူက ထပ်ပြောလိုက်ပြန်သည်။

"ခင်ဗျားရဲ့ ခေါင်းဆောင်ကို ပြောလိုက်ပါ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကိစ္စတခုနဲ့ ပတ်သက်ပြီး သူနဲ့ကျုပ် ဆွေးနွေးချင်တယ်လို့ သူသာ လူတော်ဆိုရင် ဒီအခွင့်အရေးကို လက်မလွှတ်သင့်မှန်း ကောင်းကောင်းသိမှာပဲ"

____________×××_____________×××_____________

နှစ်ရက်ခန့်အကြာတွင် ညတစ္ဆေ ပြန်လည်ရောက်ရှိလာ၏။ သူမ၏ ခေါင်းဆောင်သစ်လည်း သူမနှင့်အတူ ပါလာလေသည်။

အနှီခေါင်းဆောင်သစ်သည် သက်လတ်ပိုင်းအရွယ်ခန့်ရှိပြီး အထူးပင် ယဉ်ကျေးသိမ်မွေ့ဟန်ရှိ၏။ သို့သော် ၎င်း၏ ကိုယ်တွင်းမှ အထူးပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်နေကြောင်း စုချန်း ခံစားလိုက်ရသည်။

မာရန်းချီထက်ပင် သန်မာအားကောင်းမည့် ပုဂ္ဂိုလ်ပေတကား။

၎င်းက စုချန်းကို တွေ့သည်နှင့်် သိမ်မွေ့စွာ ပြုံးရင်း ပြောလိုက်သည်။

"မင်းသားလေးစုရဲ့အကြောင်းကို ကျုပ် အများကြီး ကြားဖူးတယ် တွေ့ရတာ ဝမ်းသာပါတယ်ဗျာ မင်းသားလေးက နဂါးတကောင်လို ခန့်ညားလှပါပေတယ် ဒါနဲ့ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးရအုံးမယ် ကျုပ်နာမည် ချီမင်းဖန်လို့ ခေါ်တယ်"

"အိုး လက်စသတ်တော့ စီယွမ်မိုးသခင်ကိုး စုချန်း နှုတ်ခွမ်းဆက်သပါတယ်ဗျာ"

ပြောပြောဆိုဆို စုချန်းက ချီမင်းဖန်ကို ဦးညွတ်အရိုအသေပေးလိုက်၏။

ချီမင်းဖန်ကား လူသိများသူ တဦးဖြစ်သည်။ သူ့ဘွဲ့နာမည်မှာ စီယွမ်မိုးသခင် ဟူ၏။ ရေအမျိုးအစားမူလစွမ်းရည်များကို အလွန်ကျွမ်းကျင်သောကြောင့် အဆိုပါနာမည်ကို ရထားခြင်းပင်။ မည်သည့် စစ်မြေပြင်ကိုမဆို ဗွက်များနှင့် အတိပြီးသွားအောင် ချီမင်းဖန် လျင်မြန်စွာ ပြောင်းလဲနိုင်သောကြောင့် စီယွမ်မိုးသခင်ဟူသော နာမည်မှာ သူနှင့် လိုက်ဖက်လှပေသည်။

စုချန်းအနေနှင့် ချီမင်းဖန်ကို ရှင်သန်ခြင်းကျောင်းတော်အဖွဲ့သားတယောက် ဖြစ်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။

ချီမင်းဖန်မှာ မာရန်းချီကဲ့သို့ ရာဇဝတ်ကောင်မဟုတ်။ လွတ်လပ်သူတဦးဖြစ်ရာ ၎င်းဆန္ဒရှိသည်ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိနေ၏။ အကယ်၍ ချီမင်းဖန်နှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်မှုသာ ပေါက်ပေါက်သွားပါက အခြေအနေမှာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်၏။

ယခုတောာ ချီမင်းဖန်သည် သူ၏ ဇာတိရုပ်ကို စုချန်း၏ ရှေ့တွင် ပွင့်ပွင့်လင်းလင်းပင် ဖော်ပြလိုက်လေပြီ။ ၎င်း၏ စိတ်နေစိတ်ထားကို စုချန်း လေးစားသွား၏။

ချီမင်းဖန် အားရပါးရ ရယ်မောလိုက်၏။

"မင်းသားလေးစု ယဉ်ကျေးလွန်းနေပြီ စီယွမ်မိုးသခင်ဆိုနဲ့ ဂုဏ်ပုဒ်က ဘာမှမပြောပလောက်ပါဘူးဗျာ မင်းသားလေးစုရဲ့ ဒီဘက်နှစ်ပိုင်းတွေက လုပ်ရပ်တွေကသာ ကျုပ်ကို ညဏ်အလင်းပွင့်စေခဲ့တာပါ"

ထို့နောက် စုချန်းက ချီမင်းဖန်အား လဖက်ရည်သောက်ရန် ဖိတ်ခေါ်လိုက်၏။ အတန်ကြာ စကားပြောဆိုပြီးနောက် ချီမင်းဖန်က လိုရင်းကို တည့်တည့်ပင် မေးလိုက်သည်။

"မင်းသားလေးစုအနေနဲ့ မူလကျောက်တုံးသန်းငါးရာ လိုနေတယ်လို့ ပြောတယ် ဘာအတွက်များလဲ"

"ကျုပ် ဆေးတဖုံကို အမြောက်အများ ထုတ်လုပ်ချင်လို့"

"ဘယ်လိုဆေးမျိုးလဲ မင်းသားလေးစုရဲ့"

"ယန်သုံးပါးဆေး"

"ယန်သုံးပါးဆေး ဟုတ်လား မင်းသားလေးစု"

ချီမင်းဖန် အံ့သြသွား၏။ အတန်ကြာ စဉ်းစားလိုက်သည့်တိုင်အောင် ထိုဆေးမှာ ဘာဆေးမှန်း သူ စဉ်းစား၍မရချေ။

စုချန်းက ပြောလိုက်၏။

"စီယွမ်မိုးသခင်ကြီးအနေနဲ့ သိပ်လဲ ခေါင်းရှုပ်ခံမနေပါနဲ့လေ ဒီဆေးက ခုမှ ကျုပ် တီထွင်ဖော်စပ်ထားတဲ့ဆေးဗျ လူထုကြားထဲကို ရောက်မလာသေးဘူး"

"ဆေးဖော်ရတာ အဲလောက်ထိ ငွေကုန်ကြေးကျများသလား မင်းသားလေးစု"

"ဒီလိုလဲ မဟုတ်သေးဘူးဗျ ကျုပ်အထင် ဆေးတဖုံစာအတွက်ဆိုရင် ပါဝင်ပစ္စည်းတွေ ပေါင်းစပ်ရတာနဲ့ ဘာနဲ့ဆိုတော့ ခန့်မှန်းချေ အဆင့်နိမ့်မူလကျောက်တုံး ငါးရာလောက် ကျသင့်မှာပေါ့"

"ဒါနဲ့ မူလကျောက်တုံး သန်းငါးရာဆိုတာက"

"ကျုပ်က ဆေးပုလင်းပေါင်း သန်းနဲ့ချီပြီး ထုတ်မလို့ စီစဉ်ထားလို့ပေါ့ဗျာ"

ထိုအရေအတွက်သည် ချီမင်းဖန်ကိုပင် တုန်လှုပ်သွားစေ၏။

"ဘယ်လို ဘယ်လို မင်းသားလေးစုက တကြိမ်တည်းနဲ့ ဆေးပုလင်းပေါင်းသန်းချီထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ပြောလိုက်တာလား"

"ဟုတ်တယ်ဗျ ကျုပ်အနေနဲ့ အချိန်သိပ်အများကြီးမရဘူး ဒါကြောင့် အဖွဲ့အစည်းအနေနဲ့ ကျုပ်လိုအပ်တဲ့ အကူအညီမျိုး ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"

"မင်းသားလေးစုအနေနဲ့ ဆေးပုလင်းရေသန်းချီထုတ်လုပ်ဖို့ စီစဉ်နေတယ် ပြီးရင် တကြိမ်တည်းနဲ့ ရောင်ူမယ် ဘာဖြစ်လို့ ဖြေးဖြေးချင်း မရောင်းတာလဲ"

"ဘာကြောင့်လဲဆိုတော့ အချိန်မလုံလောက်လို့ပေါ့ဗျာ ကျုပ် သေသေချာချာ တွက်ချက်ပြီးပြီ ဒီဆေး ဈေးကွက်ထဲရောက်တာနဲ့ သုံးလအတွင်း အတုတွေ ပေါ်လာလိမ့်မယ် ပြိုင်ဆိုင်မှု ပြင်းထန်လာလိမ့်မယ် ဈေးနှုန်းကလည်း ထိုးကျသွားလိမ့်မယ် ဒါကြောင့် ကျုပ်တို့အနေနဲ့ များနိုင်သမျှ များအောင် ထုတ်လုပ်ထားပြီး တချိန်တည်းတပြိုင်တည်း ဖြန့်ကျက်ရောင်းချဖို့ လိုအပ်တယ်"

ချီမင်းဖန်သည် စုချန်းအား မျက်လုံးကြီးပြူးကာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဘာဆေးမို့လို့ မင်းသားလေးစု ဒီလောက်ထိ တန်ဖိုးထားနေတာလဲ"

စုချန်းက ခေါင်းခါပြလိုက်၏။

"မမေးပါနဲ့ဗျာ မမေးတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ဒီဆေးကို ဘာအတွက် သုံးသလဲဆိုတာ သိပ်မကြာခင်မှာပဲ ခင်ဗျား သိရပါလိမ့်မယ် ကျုပ်ဖက်က ကျုပ် ဖော်စပ်ထားတဲ့ ဆေးပုလင်းမှန်သမျှကို ခင်ဗျားဆီ အပေါင်အနေနဲ့ ပေးမယ် ခင်ဗျားက ဒီဆေးတွေကို ဆိုင်ပေါင်းစုံမှာတင်ပြီး ဖြန့်ကျက်ရောင်းချပေတော့ တခုတော့ရှိတယ် ဒီဆေးတွေဟာ ခင်ဗျားဆီက လာတယ်ဆိုတာတော့ လျှို့ဝှက်ထားနိုင်ရန် ပိုကောင်းမယ်ဗျ မလိုလားအပ်တဲ့ ပြသနာတွေကို ရှောင်တိမ်းနိုင်တာပေါ့ ဆေးပုလင်း တန်ဖိုးကိုတော့ မူလကျောက်တုံး ၁၅၀၀ သတ်မှတ်မယ် ကိစ္စပြီးသွားချိန်မှာ ကျုပ်တို့လက်ထဲ မူလကျောက်တုံး သန်း၁၅၀၀ ရောက်လာလိမ့်မယ် ခင်ဗျားအတွက် သန်းရှစ်ရာရမယ် ကျုပ်က ခုနှစ်ရာယူမယ်"

"မဖြစ်နိုင်ဘူး"

ချီမင်းဖန်က ခေါင်းကိုတွင်တွင်ခါရင်း ပြောလိုက်သည်။

"ဒီဆေး ဘာဆေးလဲဆိုတာ ကျုပ်အနေနဲ့ တိတိကျကျ သိရမှဖြစ်မယ် ဒါမှ ဖြစ်လာမဲ့အကျိုးဆက်ကို ကျုပ်ခန့်မှန်းနိုင်တယ် ဒါမှမဟုတ်ရင် ကျုပ်ဘက်က စွန့်စားရမှာ အရင်းအနှီးကြီးလွန်းတယ် ဒါ့အပြင် မင်းသားလေးစုရဲ့ အစီအစဉ် အောင်မြင်မယ် ရှုံးနိမ့်မယ်ဆိုတာ မသိပဲ ကျုပ်ဘက်က အသလွတ် မူလကျောက်တုံး သန်းငါးရာ ကြိုပြီး မြှုပ်နှံထားရအုံးမယ် ပြန်ရတော့ ကျုပ်တို့က အပို သုံးရာပဲရမယ် ဒါ ဘယ်လိုမှ မမျှတဘူး"

မိမိဖက်မှ တခုခု သက်သေမပြနိင်ပါက ချီမင်းဖန် မည်သို့မှ သဘောတူလိမ့်မည်မဟုတ်ကြောင်း စုချန်းသဘောပေါက်လိုက်လေပြီ။

"ဒီဆေး ဘာအတွက် သုံးရသလဲဆိုတာ ကျုပ် ခင်ဗျားကို ပြောပြမယ် ဒါပေမဲ့ ခင်ဗျားဘက်က ဒီသတင်း မပေါက်ကြားစေရဘူးလို့ ကျုပ်ကို ကတိပေးရမယ်"

ချီမင်းဖန် ခေါင်းညိတ်လိုက်၏။

"ကျုပ် ကတိပေးတယ်"

ထိုအခါ စုချန်းက စာရွက်တရွက်ကို ဆွဲထုတ်ကာ ချီမင်းဖန်ထံသို့ လှမ်းပေးလိုက်သည်။

စာရွက်ပေါ်တွင် ရေးသားထားသည်များကို မြင်သည်နှင့် ချီမင်းဖန်၏ တကိုယ်လုံး မိုးကြိုးပစ်ခံရသည့်နှယ် တုန်ခါသွား၏။

"ဒါ...ဒါ"

"ခင်ဗျား မြင်တဲ့အတိုင်း ဒါ သေချာပေါက် ချမ်းသာကြွယ်ဝမဲ့ လမ်းကြောင်းပဲ ခင်ဗျား ဒီလမ်းကို ကျုပ်နဲ့အတူ လျှောက်မလား မလျှောက်ဘူးလား ကျုပ်ကတော့ ကျုပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ချင်မဲ့လူတွေ အများကြီးရှိမယ်လို့ ယုံကြည်ထားတယ်"

All Chapters