← Chapters

တွေ့ဆုံပွဲ

Vol. 45 Ch. 448

တွေ့ဆုံပွဲ

Vol. 45 Ch. 448

ချီမင်းဖန်ကားသဘောတူခဲ့လေပြီ။

စုချန်းသည် သူ၏ ဝှက်ဖဲကိုထုတ်ပြလိုက်သည်နှင့် ကြိုတင်မျှော်လင့်ထားသည့်အတိုင်း ချီမင်းဖန်၏ သဘောတူညီမှုကို ရယူနိုင်ခဲ့ပြီဖြစ်သည်။

တကယ်တော့ ချီမင်းဖန်သည် တော်ဝင်မျိုးနွယ်စုဝင်တဉီးသာ ဖြစ်သည်။ သို့သော် တော်ဝင်မျိုးနွယ်စုဝင်တဉီး ဖြစ်ရသည့် အကျိုးကျေးဇူးထက် စုချန်း ကမ်းလှမ်းလာသည့် အကျိုးကျေးဇူးက များစွာသာလွန်နေရာ ချီမင်းဖန် မည်သို့မှ လွန်ဆန်နိုင်စွမ်းမရှိတော့။

သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့်နည်းလမ်းသည် လူသားများအပေါ် မည်သို့သက်ရောက်မှုမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း ချီမင်းဖန် ကောင်စွာ သဘောပေါက်ထားပြီးသားပင်။ သို့သော် သန်းနှင့်ချီသော မူလကျောက်တုံးများနှင့်စာလျင် ထိုကိစ္စကို ချီမင်းဖန် အနည်းငယ်မှ ဂရုမစိုက်။

ယုတ်စွအဆုံး လူသားမျိုးနွယ်၏ အနာဂတ်ကိုပင် သူ ဂရုမစိုက်။ ငွေအမြောက်အများ ရှာဖွေရန်သာ သူ စိတ်ဝင်စား၏။ ဤငွေကြေးနှင့်ဆိုလျင် သူသည် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များစွာ ဝယ်ယူနိုင်လိမ့်မည်။ သူ့စွမ်းအားကို မြှင့်တင်နိုင်လိမ့်မည်။ ဤအတိုင်းဆိုလျင် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရမည်ဟူသော သူ့အိပ်မက်မှာ သိပ်မဝေးလှတော့။

သိပ်မကြာမီ ချီမင်းဖန်နှင့် စုချန်းအကြား အပြန်အလှန် သဘောတူညီမှု ရရှိသွားလေသည်။

ရှင်သန်ခြင်းကျောင်းတော်ဘက်မှ အရင်းအမြစ်များ ဝယ်ယူရန် အဆင့်နိမ့်မူလကျောက်တုံး သန်းငါးရာ ထောက်ပံ့ပေးမည့်အပြင် စုချန်းအား ကူညီလုပ်ကိုင်ပေးရန် ဆေးဝါးပညာရှင်တချို့ပါ ပို့ဆောင်ပေးမည်ဖြစ်သည်။ ထို့ပြင် စုချန်း ဖန်တီးလိုက်သည့် ဆေးဝါးများကိုလည်း သူ့တို့၏ ဆေးဆိုင်အများအပြားတွင် ဖြန့်ဖြူးရောင်းချပေးအုံးမည် ဖြစ်သည်။

ထိုအတွက် ရှင်သန်ခြင်းကျောင်းတော်မှ အရင်းသန်းငါးရာအပြင် သန်းလေးရာ အပိုဆောင်းရရှိပေလိမ့်မည်။ စုချန်းကတော့ ကျန်သော သန်းခြောက်ရာကို ရရှိသွားပေလိမ့်မည်။

အထက်ပါ ညှိုနှိုင်းမှုကို ချီမင်းဖန်ဘက်မှ သဘောတူလိုက်သည်နှင့် စုချန်းကလည်း ချီမင်းဖန်အား နောက်ထပ် မူလကျောက်တုံး သန်းသုံးဆယ် ထပ်မံပေးအပ်အုံးမည်ဟု လျှို့ဝှက်စွာ ကတိပြုလိုက်လေသည်။

အပြန်အလှန်အနေဖြင့် ချီမင်းဖန်ဘက်မှ စုချန်း၏ အကြွေးများကို ရှင်သန်ခြင်းကျောင်းတော်အနေနှင့် လျှော်ပစ်ရန် သဘောတူခဲ့လေပြီ။

အနာဂတ်တွင် ရှင်သန်ခြင်းကျောင်းတော်ဘက်မှ ဝိညာဉ်သန့်စင်ခြင်းဆေးဝါးများ လိုအပ်လာပါက ဆေးတပုလင်းချင်းစီအလိုက် ပေါက်ဈေးနှင့်သာ ဝယ်ယူရတော့မည် ဖြစ်သည်။

သဘေတူညီမှုကြောင့် လူတိုင်း ဝမ်းသာပျော်ရွှငွသွားကြ၏။ ချီမင်းဖန်သည်လည်း သူ့အကြီးအကဲကို သတင်းပို့ရန် ပြန်သွားလေသည်။အပြီးသတ်ဆုံးဖြတ်ချက်ကို ချီမင်းဖန်၏ အကြီးအကဲကသာ ချမှတ်ရမည် မဟုတ်ပါလား။

ကံကောင်းထောက်မသည်မှာ ရှင်သန်ခြင်းကျောင်းတော်သည် ဤအစီအစဉ်ကို လူသားများ အင်အားတိုးပွားလာစေမည်ဟူသော အကြောင်းပြချက်နှင့် ငြင်းပယ်လိုက်သည်အထိ မရူးသွပ်ခြင်းပင်။ နောက်ဆုံးတွင် သူတို့ စုချန်း၏ အစီအစဉ်ကို သဘောတူလိုက်ကြ၏။

သို့တိုင်အောင် ယန်သုံးပါးဆေး၏ ဈေးနှုန်းမှ အတော်လေး နည်းပါးနေသည်ဟု ယူဆဟန်ဖြင့် ရှင်သန်ခြင်းကျောင်းတော်သည် ဆေးတန်ဖိုးကို မြှင့်ပေးရန် စုချန်းအား အကြံပြုလာခဲ့လေသည်။

သူတို့၏ အမြင်မှာ သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်မည့်နည်းလမ်းသည် အလွန်အရေးပါသဖြင့် ဤနည်းစနစ်အတွက် အခရာကျနေသည့် ယန်သုံးပါးဆေး၏ ဈေးနှုန်းမှာလည်း မူလကျောက်တုံး ထောင့်ငါးရာတော့ မဖြစ်သင့်ဟူ၏။

သို့သော် ဤတကြိမ်တွင်တော့ စုချန်းက ရှင်သန်ခြင်းကျောင်းတော်ဘက်မှ အကြံပြုချက်ကို ငြင်းပယ်ကာ ယန်သုံးပါးဆေးကို မူလတန်ဖိုးအတိုင်း သတ်မှတ်ရန်သာ အတည်ပြုခဲ့လေသည်။

ယန်သုံးပါးဆေးသည် လူသားမျိုးနွယ်၏ အနာဂတ်နှင့် သက်ဆိုင်နေ၏။ ဤအပေါ်တွင် စုချန်းအနေနှင့် အမြတ်အစွန်းယူမည်ဖြစ်သော်လည်း ၄မှာ အတိုင်းအတာနှင့်သာ ဖြစ်သည်။ သူ့အနေနှင့် ဆေးတန်ဖိုးကို အဆမတန်မြှင့်၍ ရောင်းချပါက ၄သည် စုချန်း၏ မူလရည်ရွယ်ချက်နှင့် လွဲချော်သွားမည်ဖြစ်သည်။ ရှီကိုင်းဟွမ်၏ ရည်ရွယ်ချက်နှင့်လည်း ကိုက်ညီတော့မည် မဟုတ်။

သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်နှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းများသည် ရှီကိုင်းဟွမ် တီထွင်ခဲ့ခြင်းဖြစ်ကြောင့် စုချန်း ဘယ်တော့မှ မမေ့ချေ။ ဤနည်းလမ်းများ သူ့လက်ထဲသို့ ရောက်လာခြင်းမှာလည်း စမ်းသပ်မှုတခုဟုသာ စုချန်းက ခံယူထားလေသည်။

ထို့ကြောင့် စုချန်းအနေနှင့် ရှီကိုင်းဟွမ်ကို စိတ်မပျက်စေလို။ ငွေကြေးကြောင့် တိမ်တိုက်လင်းနို့၏ ဂုဏ်သိက္ခာကိုလည်း မညှိုးနွမ်း မပျက်စီးစေလို။ ယ

တကယ်တော့ ငွေကြေးဟူသည် အရေအတွက်တခုသာ ဖြစ်ပြီး ၄၏ အဓီပ္ပာယ်ကလည်း သုံးဖြုန်းရန်သာ ဖြစ်သည်။ မိမိ လိုအပ်သော ပမာဏထိ ရရှိပြီးပါက လုံလောက်ပေပြီ။

သို့တိုင်အောင် ရှင်သန်ခြင်းကျောင်းတော်က ထပ်ခါတလဲလဲ လောဆော်နေသောကြောင့် စုချန်းက ဆေးတပုလင်းတန်ဖိုးကို မူလကျောက်တုံး သုံးထောင်ထိ တိုးမြှင့်ရန် သဘောတူလိုက်ရ၏။ သံဃာအား ဘုရားမလွန်သာပေ။ သို့သော် ထိုပမာဏထကွ ထပ်မံတိုးမြှင့်ရန်ကိုတော့ စုချန်း လုံးဝ လက်မခံတော့ပေ။

စုချန်း၏ ငြင်းပယ်မှုကြောင့် ရှင်သန်ခြင်းကျောင်းတော်မှာ အလွန်စိတ်ပျက်သွားလေသည်။ သူတို့၏ အမြင်တွင်တော့ စုချန်းသည် သန်းနှင့်ချီသော မူလကျောက်တုံးများကို လက်လွတ်စပယ် လွင့်ပစ်လိုက်ခြင်းပေတည်း။

နောက်ဆုံးတွင်တော့ ရှင်သန်ခြင်းကျောင်းတော်ဘက်မှ စုချန်း၏ ခေါင်းမာမှုကို လက်လျော့လိုက်ရလေသည်။

စီမံကိန်းကား အစပြုခဲ့လေပြီ။

ရှင်သန်ခြင်းကျောင်းတော်မှ ထောက်ပံ့ပေးနေသည့် ငွေကြေးများသည် စုချန်းလက်ထဲသို့ အဆက်မပြတ် စီးဝင်လာ၏။ စုချန်းသည် ထိုငွေကြေးများကို အရင်းအနှီးပြု၍ အရင်းအမြစ်များ စတင်ဝယ်ယူကာ ကျန်အဂ္ဂိရတ်ပညာရှင်များနှင့် ဆေးဝါး စတင်ထုတ်လုပ်လေသည်။

ထိုကာလအတွင်းတွင် စုချန်းသည် သူ၏ ကိုယ်ပိုင်သုတေသနလုပ်ငန်းများကိုလည်း ပျက်ကွက်နေခဲ့သည်မဟုတ်ပေ။ ထိုမျှသာမကသေး စုချန်းသည် သူ၏ ကိုယ်ပိုင်သုတေသနကုန်ကျစရိတ်များကိုလည်း ဆေးဝါးထုတ်လုပ်မှုကုန်ကျစရိတ်ထဲတွင် အဆက်မပြတ် ပေါင်းထည့်နေခဲ့လေသည်။ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သူတယောက်သာ ရရှိနိုင်မည့် အခွင့်ထူးပင်တည်း။

ဤသို့နှင့် ဤကာလအတွင်း စုချန်းသည် လက်မလည်လောက်အောင်ပင် အလုပ်ရှုပ်နေ၏။ သူ့တွင် အပိုအလုပ်လုပ်ရန် အချိန်ဟူ၍ တစက်ကလေးမှ မရှိ။

ကြည်လင်မြစ်မြို့တော်တခွင်လုံးမှာလည်း ငြိမ်သက်လျက်ရှိ၏။

သို့သော် တနေရာတွင် တလောကလုံးကို ဗြောင်းဆန်အောင် တိုက်ခတ်သွားမည့် မုန်တိုင်းတခုသည် တိတ်တဆိတ် အားယူလျက်ရှိကြောင်း မည်သူ သိနိုင်အံ့နည်း။

_________×××________×××__________

ဤယနေ့တွင်ကား စုချန်းသည် ခါတိုင်းကဲ့သို့ပင် စမ်းသပ်မှုများအား ဆောင်ရွက်လျက်ရှိစဉ် တံခါးခေါက်သံတချက်ကို ကြားလိုက်ရသည်။ မင်ချူးပေတည်း။

"သခင်လေး ငြိမ်းချမ်းသင်းထုံထုံခန်းမက သခင်လေးကို လာဖိတ်ပါတယ်"

"အရေးမပါတဲ့ ဖိတ်ကြားချက်တွေကို လက်မခံပါနဲ့လို့ ကျုပ် ပြောထားတယ်မလား"

စုချန်းက ပြန်ပြောလိုက်သည်။

လက်ရှိအချိန်တွင် ခြေဖဝါးတချက်ပေါက်လိုက်သည်နှင့် တမြို့လုံး တုန်လှုပ်သွားနိုင်သည်အထိ စုချန်း၏ ဂုဏ်သတင်းမှာ ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် လပိုင်းအတွင် အင်မတန် ငြိမ်သက်တိတ်ဆိတ်စွာ နေခဲ့သော်လည်း စုချန်း၏ ကျော်ကြားမှုမှာ စိုးစဉ်းငယ်မျှ ရော့ပါးမသွားသေး။

"ဒီတယောက်က အလွယ်တကူ ငြင်းလို့မရဘူးသခင်လေး"

မင်ချူးက ပြန်ပြောလိုက်၏။

"အိုး အဲဒီလိုလား"

စုချန်း စိတ်ဝင်စားသွားလေပြီ။ သူက တံခါးကိုဖွင့်ရင်း မင်ချူးကို အခန်းတွင်ခေါ်ကာ မေးမြန်းလိုက်သည်။

"ဘာဖြစ်တာလဲ ကျုပ်ကို ပြောပြစမ်း"

မင်ချူးက ရှင်းပြလိုက်၏။

"သခင်လေးဟာ အစေ့မဲ့အနက်ရောင်ကြာပန်းကို ရှာနေတာမလား အနောက်မြစ်တောအုပ်မှာ ဒီကြာပန်း မရှိဘူးလေ အနောက်ဘက်က ကျွန်တော်တို့ မှာရမယ် ငြိမ်းချမ်းသင်းထုံထုံခန်းမဟာ အနောက်ဘက်နဲ့ အင်မတန်ကောင်းမွန်တဲ့ ကုန်သွယ်ရေးလမ်းကြောင်း ရှိနေတယ်"

"ဒါဆိုလဲ သူတို့ကို ကျုပ်အတွက် အစေ့မဲ့အနက်ရောင်ကြာပန်း တင်သွင်းခိုင်းပေါ့ ဘာကြောင့် ကျုပ်ကိုယ်တိုင် ထွက်တွေ့နေစရာ လိုသလဲ"

"ပြီးခဲ့တဲ့နှစ်က အနောက်ဘက်မှာ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ပြီး အစေ့မဲ့အနက်ရောင်ကြာပန်းထုတ်လုပ်မှု အတော်ကို လျော့ကျသွားတယ် သခင်လေး ဒီတော့ ဈေးနှုန်းကလည်း မိုးထိုးအောင် ခေါင်ခိုက်သွားတာပေါ့ ဒီကြာပန်းကို အသည်းအသန် အလိုရှိနေတဲ့ တခြားလူတွေလည်း ရှိနေတယ် ငြိမ်းချမ်းသင်းထုံထုံခန်းမရဲ့ သူဌေးကြီးကျူးက ဒီကြာပန်းကို ရှားပါးကုန်ပစ္စည်းအဖြစ် သဘောထားပြီး အလွယ်တကူ မရောင်းနိုင်ဘူးတဲ့ခင်ဗျ ဒါပေမဲ့ သူက သခင်လေးရဲ့ အမြင်ကိုလည်း သိချင်သေးတယ်တဲ့ ဒီကနေ့မှာတော့ သူက ဖိတ်စာတောင်ပို့လာတယ် ကျွန်တော်တို့အနေနဲ့ သူနဲ့ မတွေ့ဘူးဆိုရင် ဒီကြာပန်းတွေ ဝယ်ယူဖို့ အလွန်ခက်လိမ့်မယ်"

ထိုစကားကြောင့် စုချန်း မျက်မှောင်ကုတ်သွား၏။

အစေ့မဲ့အနက်ရောင်ကြာပန်းဟူသည် အလွန်ရှားပါးပြီး လူတယောက်၏ သွေးဗီဇစွမ်းအားကို နှိုးဆွပေးနိုင်သော စွမ်းရည်ရှိ၏။

စုချန်း တီထွင်ဖော်စပ်နေသည့် ဆေးဝါး နောက်တဆင့် တက်လှမ်းနိုင်စေရန်လည်း ဤကြာပန်းက အထူးပင် လိုအပ်လေသည်။ သူ၏ သုတေသနလုပ်ငန်း တုံ့ဆိုင်းသွားမည်ကိုတော့ စုချန်း မလိုလား။

ထိုအခါသူက ပြောလိုက်၏။

"ဒါဆိုလဲ တွေ့လိုက်ကြတာပေါ့ ဘယ်အချိန်လဲ"

"နက်ဖြန် နေ့လယ် ပျံသန်းခြင်းနန်းဆောင်မှာပါ သခင်လေး"

ဟု မင်ချူးက ပြန်ဖြေလိုက်လေသည်။

All Chapters