မြွေမိစ္ဆာအား သတ်ဖြတ်ခြင်း
Vol. 020 Ch. 1903
ရီဖူရှင်း၏ခန္ဓာကိုယ်မှ နတ်အလင်းများထွက်ပေါ်လာ၏။ နတ်အလင်းများသည် အကိုင်းအခက်များအသွင်ဖြင့် ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လာခဲ့သည်။ ငရဲကြာပန်းများ ရီဖူရှင်း၏ခန္ဓာကိုယ်နှင့် နီးကပ်လာသောအခါ ၄င်းတို့သည် ရီဖူရှင်း၏အငွေ့အသက်များကို စတင်စုပ်ယူကြ၏။ ၄င်းတို့အား မြွေမိစ္ဆာက ထိန်းချုပ်ထားခြင်းမဟုတ်တော့ဘဲ ၄င်းတို့ကိုယ်တိုင်က ရီဖူရှင်း၏အငွေ့အသက်များကို နှစ်သက်သဘောကျကာ သူ့အား ဝါးမျိုခြင်းမပြုတော့ဟန်ရသည်။
“ဒါ...”
ထိတ်လန့်စရာကောင်းသော မြင်ကွင်းအား လူတော်တော်များများက ငေးကြည့်နေကြသည်။ ရီဖူရှင်း၏အရှိန်အဝါက ငရဲကြာပန်းများကို ယဉ်ပါးစေသလား။
ပေ့ကုန်းအော့ နှင့် အင်ပါယာဟယ်လျန်တို့လည်း အံ့သြသွားပုံရသည်။ သို့သော်လည်း သူတို့က ပန်းသစ်ပင်၏ထူးခြားသော လှုပ်ရှားမှုကို သတိရကာ နားလည်သွားကြ၏။ ပေ့ကုန်းအော့က ပန်းသစ်ပင်သည် ရီဖူရှင်းကြောင့် ထူးဆန်းစွာ ပြုမူခဲ့သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
ရီဖူရှင်းသည် မဟာလမ်းစဉ်၏သားတော်များလားဟုပင် သူက ထင်မှတ်မှားမိ၏။
ရီဖူရှင်းသည် ဤနေရာမှ ထူးဆန်းသော အရာများဖြင့် ပတ်သက်နေကာ တုံ့လိုင်နတ်ဘုရားနှင့် အဆက်အစပ်ရှိနေသလားဟုပင် သူက တွေးမိ၏။
ရီဖူရှင်းထံမှ ထွက်လာသော အရှိန်အဝါသည် ကျွန်းတစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ထိုနေရာမှ ငရဲကြာပန်းများအားလုံးသည် ရီဖူရှင်းကို မျက်နှာမူ၍ ပွင့်လင်းလာကြ၏။ လူတိုင်းက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြရသည်။ ထိုထူးဆန်းသော မြင်ကွင်းက မြွေကြီး၏အမူအရာကို အပြောင်းအလဲဖြစ်စေသည်။
“ဘာတွေ ဖြစ်နေတာလဲ...”
“ခင်ဗျားက ဒီနေရာက သေဆုံးခြင်းစွမ်းအားကို သုံးပြီး သန်မာနေတာ။ အခု ခင်ဗျားက အဲဒါကို အသုံးမပြုနိုင်တော့ဘူးဆိုတော့ သေချာပေါက် အများကြီး အားလျော့သွားမှာပဲ။ အခု ကျုပ်ကို ဦးညွှတ်မယ်ဆိုရင် အချိန်မှီသေးတယ်” ရီဖူရှင်းက မြွေကြီးအား ပြောသည်။
ရီဖူရှင်းက သည်နေရာမှ သေဆုံးခြင်းစွမ်းအားကို ထိန်းချုပ်လိုက်ခြင်းက မြွေကြီးအား အလွန်အားလျော့သွားစေသည်မှာ အမှန်ပင်ဖြစ်သည်။
မြွေကြီး၏ မျက်လုံးများသည် ရေခဲသမျှ အေးစက်နေသည်။ ပြင်းထန်သော အငွေ့အသက်များ ကောင်းကင်ကို ဖုံးလွှမ်းလာ၏။
“ဒီနေရာမှာ ပုံရိပ်ယောင်မရှိဘူး...” ရီဖူရှင်းက မြွေကြီးကို ပြောသည်။ နတ်အလင်းများပေါ်လာကာ အလင်းသည် ကျွန်းတစ်ခုလုံးကို ဖုံးအုပ်သွား၏။ မြွေကြီး၏မျက်လုံးများက ပိုမိုအေးစက်လာသည်။ အဆင့်နိမ့်ရန်ဟောင်တစ်ဦးက သူ၏ပုံရိပ်ယောင်များကို အမှန်တကယ် တားဆီးနိုင်သည်လား။
ပို၍ ထိတ်လန့်စရာကောင်းသည်ကား ငရဲသားရဲကြာပန်းသည် ရီဖူရှင်း၏အငွေ့အသက်များကို ခံစားမိသည်တွင် မြွေကြီး၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်အောင် ရုန်းကန်လာခဲ့သည်။
“ပေ့ကုန်းအကြီးအကဲ...” ရီဖူရှင်းက အော်ဟစ်လိုက်လျှင် ပေ့ကုန်းအော့သည် လေထဲသို့ ပျံတက်လာသည်။
မြွေမိစ္ဆာက သူ့အား အေးစက်စွာ ကြည့်ကာ ပြောသည် “မင်းက ငါ့ကို မင်းနောက်လိုက်စေချင်တာလား...ဒါဆိုလည်း ငရဲကိုသွားလိုက်တော့...”
သူကား အဆင့်ရှစ်ရန်ဟောင်ဖြစ်သည်။ သူက အဆင့်နိမ့်ရန်ဟောင်တစ်ဦးကို မည်သို့ ဦးညွတ်နိုင်မည်နည်း။ ထိုသို့ လှောင်ပြောင်ခံရခြင်းထက် တိုက်ခိုက်ရင်း အသေခံခြင်းကိုသာ သူရွေးချယ်မည်။
ဘုန်း...
ပြင်းထန်သော မိုးကြိုးလျှပ်စီးများသည် ပေ့ကုန်းအော့ထံမှ ဖြစ်ပေါ်လာ၏။ မိုးခြိမ်းသံကဲ့သို့ အသံများနှင့်အတူ သူသည် မဟာလမ်းစဉ်၏မိုးကြိုးစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး လက်ထဲတွင် ခရမ်းရောင်မိုးကြိုးဓားတစ်လက်ကို ဖန်ဆင်း၏။
ပေ့ကုန်းအော့က မိုးကြိုးဓားဖြင့် ခုတ်ချလိုက်သည်။ ကြောက်မက်ဖွယ် မိုးကြိုးအလင်းတန်းသည် အောက်ကို တန်းတန်းမတ်မတ်ကျဆင်းလာတော့၏။ သည်မိုးကြိုးဓားပညာရပ်သည်ကား တုံ့ယွင်စံအိမ်၏အဆင့်မြင့်ပညာရပ်တစ်ခုဖြစ်ကာ အလွန်စွမ်းအားကြီးသည်။
မိုးခြိမ်းသံကဲ့သို့ အသံတစ်သံထွက်ပေါ်လာ၏။ တစ်ဘက်တွင် မြွေကြီး၏ခန္ဓာကိုယ်သည် ပိုမိုကြီးမားလာခဲ့၏။ သူ့ခန္ဓာကိုယ်တွင်လည်း အကြေးခွံများက အကာအကွယ်ပေးထားသည်။ သို့သော်လည်း မိုးကြိုးသွားက သူ့ကို လာရောက်ထိမှန်သောအခါ မိုးကြိုးစွမ်းအားသည် သူ့ကိုယ်တွင်းသို့အထိ စိမ့်ဝင်လာပြီး ကြီးမားသော အတွင်းဒဏ်များကို ဖြစ်ပေါ်စေသည်။
တချိန်တည်းမှာပင် မြွေကြီးက ပေ့ကုန်းအော့ထံသို့ ရဲတင်းစွာ ဆက်လက်တိုးဝင်လာသည်။ ၄င်းမြင်ကွင်းကို ကြည့်ကာ ပေ့ကုန်းအော့၏အမူအရာ ပြောင်းလဲသွားသည်။ မြွေကြီးကား ရူးသွပ်သွားချေပြီ။
ပေ့ကုန်းအော့က မိုးကြိုးဓားကို ဆွဲကိုင်လျှက် ရှေ့ကို တက်သွားသည်။ ထိုအခိုက်တွင် မြွေကြီး၏ဦးခေါင်းမှ အနီရောင်အငွေ့အသက်များ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်မှ လေထုသည် တမုဟုချင်း ထိုင်းမှိုင်းလေးလံလာခဲ့၏။
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များသည် အာကာသတခွင်ကို ပြည့်နှက်လာခဲ့၏။ တခြားသော တန်ခိုးရှင်များကလည်း ရပ်ကြည့်မနေပေ။ သူတို့က မြွေကြီးအား အဆက်မပြတ် တိုက်ခိုက်ရန် ကြိုးစားကြသည်။ သို့သော်လည်း မြွေကြီးကား သူတို့ကို မည်သို့မှ မတုန့်ပြန်။ သူက ဒေါသတကြီး မာန်ဖီအော်ဟစ်နေသည်။
လတ်ဆတ်သော သွေးနံ့များသည် လေထုတွင် အဆိပ်ငွေ့များနှင့်အတူ ရောနှောပျံ့နှံ့လာ၏။ ပို၍ ကြောက်စရာကောင်းသည်ကား သွေးများနှင့် အဆိပ်ငွေ့များသည် ရောစပ်သွားခဲ့ကာ ပိုမိုပြင်းထန်သော အစွမ်းသတ္တိအား ဖြစ်ပေါ်လာစေသည်။
ငရဲသားရဲကြာပန်းသည် ပိုမို၍ ပွင့်အာလာနေသည်။ ဘေးပတ်လည်တွင်လည်း ငရဲကြာပန်းများ အဆက်မပြတ် ဖူးပွင့်လာနေ၏။ လတ်ဆတ်သော သွေးများသည် ထိုငရဲကြာပန်းများအား အားဖြည့်ပေးနေဟန်ရသည်။
“သတိထားကြ... မြွေကြီးက ငရဲကြာပန်းတွေကို သူ့သွေးနဲ့ ယဇ်ပူဇော်နေတယ်” အသံတစ်သံ ထွက်လာသည်။ ရီဖူရှင်းက အခြေအနေကို ခန့်မှန်းမိလိုက်သည်။ မြွေကြီးသည် ကျွန်းပေါ်တွင် နှစ်ပေါင်းများစွာနေခဲ့ကာ ငရဲကြာပန်းအား သူ၏သွေးများဖြင့် ကျွေးမွေးပျိုးထောင်ထားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူနှင့် ငရဲသားရဲကြာပန်းအကြား ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ခဲ့၏။ ယခု သူက သွေးဖြင့် ငရဲသားရဲကြာပန်းကို အပြင်းအထန် လှုပ်ရှားရူးသွပ်စေခဲ့သည်။
ဧရာမငရဲသားရဲကြာပန်းသည် ရန်ဟောင်တစ်ပါးအား တိုက်ရိုက်ဝါးမျိုသွားသည်။ မကြာမှီ ထိုရန်ဟောင်သည် ငရဲသားရဲကြာပန်း၏ပွင့်ချပ်များအောက်သို့ နစ်မြုတ်ပျောက်ကွယ်သွား၏။
ငရဲကြာပန်းသည် မြွေဆိုး၏မကောင်းသော အကျင့်တချို့အား ပိုင်ဆိုင်ထားဟန်ရသည်။
ရီဖူရှင်းထံမှ အရှိန်အဝါတစ်ခု ထွက်ပေါလာခဲ့သည်။ ထိုအရှိန်အဝါသည် ဘေးပတ်လည်မှ ငရဲကြာပန်းများကို ငြိမ်သက်သွားစေကာ ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်စေ၏။
“ဒီနေရာမှာ ခဏ ဝင်ပြီး ခိုလှုံလို့ရမလား...” ရန်ဟောင်တစ်ဦးက ရီဖူရှင်းတို့အဖွဲ့ကို မေးသည်။
“ရပါတယ်... လာခဲ့ပါ...” ရီဖူရှင်းက ငြင်းဆန်ခြင်းမပြုဘဲ ခေါင်းညိတ်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်...” ထိုရန်ဟောင်က ကျေးဇူးတင်စကားပြောကာ ရောက်လာသည်။ ထင်သည့်အတိုင်းပင် ရီဖူရှင်းအနီး၌ သူသည် မည်သည့်အန္တရာယ်နှင့်မှ မကြုံချေ။ တခြားသောလူများကလည်း ရီဖူရှင်းကို သတိထားမိကာ သူ့ထံသို့ ရောက်လာကြသည်။ ပေ့ကုန်းအော့သည် မြွေကြီးနှင့် တိုက်ခိုက်နေသောကြောင့် သူသည် တခြားတန်ခိုးရှင်များအား အာရုံမစိုက်နိုင်ချေ။ သို့သော်လည်း ထိုတန်ခိုးရှင်များသည် ငရဲကြာပန်းများအား မတားဆီးနိုင်ကြချေ။
များမကြာမှီ တန်ခိုးရှင်အများအပြား ရီဖူရှင်းထံသို့ လာရောက်ခိုလှုံကြ၏။ သည်မတိုင်ခင် သူတို့က ငရဲကြာပန်းကို လုယက်ရန် ကြံစည်ခဲ့ကြသော်လည်း ရီဖူရှင်း ဂရုမစိုက်ပေ။ သူက ထိုလူများအားလုံးကို သူ၏အရှိန်အဝါဖြင့် ကာကွယ်ပေးထား၏။
ထိုစဉ် လူတစ်ယောက် ပြေးလာသည်။ သူကား ဖန်းလိုင်နတ်ဘုရားကျွန်းပေါ်တွင် ရီဖူရှင်းအား ငရဲကြာပန်းရောင်းရန် ငြင်းဆန်ခဲ့သော ရန်တောက်ရင်ဖြစ်သည်။ သူက မြန်ဆန်စွာ ရွေ့လျားလာသော်လည်း အင်ပါယာဟယ်လျန်က ချက်ချင်း သတိပြုမိသည်။ သူက ပြောသည် “သွားစမ်း... မင်းအတွက် နေရာမရှိဘူး”
ရန်တောက်ရင်၏အမူအရာက ပျက်ယွင်းသွားသည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည် “ဒီမတိုခင် ကျုပ်လည်း မတတ်တာလို့ သခင်လေးကို အပြစ်ပြုမိပါတယ်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ”
သူက ပြောနေစဉ်မှာပင် ငရဲကြာပန်းတစ်ခုသည် သူ့ထံသို့ ရွေ့လျားလာနေ၏။
ရီဖူရှင်းက တစ်ဘက်လူအား ကြည့်ကာ လျစ်လျူရှုထားသည်။ သူက ထိုမျှ သဘောထားမကြီးပေ။
ရန်တောက်ရင်က ရှေ့ကို ဆက်တိုးလာရန် ဟန်ပြင်သည်။ ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်၏။ ဓားစွမ်းအားသည် ရုတ်တရက်ပေါက်ကွဲထွက်လာကာ သူ့ထံသို့ ရိုက်ခတ်သွား၏။ ရန်တောက်ရင်၏အမူအရာက ချက်ချင်းပြောင်းလဲသွားကာ နောက်ကို မြန်ဆန်စွာ ဆုတ်သည်။
“ခင်ဗျားအတွက် ဒီမှာ နေရာမရှိဘူး” ရီဖူရှင်းက ပြန်ပြောကာ သူ့အား မကြည့်တော့ပေ။ သူက တိုက်ပွဲနေရာအား အာရုံလွှဲလိုက်၏။ ရန်တောက်ရင်သည် နောက်လှည့်ကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစား၏။ သို့သော်လည်း ငရဲသားရဲကြာပန်းသည် ထိုနေရာအား ပိတ်ဆို့ထားပြီးဖြစ်သည်။ ငရဲကြာပန်းများသည် သူ့အား ဝါးမျိုရန် တဖြေးဖြေးနီးကပ်လာသည်ကိုမြင်လျှင် သူသည် အသဲအသန်အပြင်သို့ ထိုးဖောက်ထွက်ရန် ကြိုးစားတိုက်ခိုက်၏။ သို့သော်လည်း မကြာခင် သူသည် ငရဲကြာပန်းများ၏ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။
သူက မလိုလားခြင်းများစွာဖြင့် အော်ဟစ်အကူအညီတောင်းသည်။ သူက ဤသို့သော နည်းလမ်းဖြင့် မသေဆုံးလိုပေ။ သို့သော်လည်း သူသည်ကား အပြောင်းအလဲတစ်ခုခုအတွက် ခွန်အားမဲ့လှသည်။
ရီဖူရှင်းက သူ့အား မကြည့်ပေ။ တိမ်မြူသစ်သားဖြင့် ပေါင်းစပ်ထားပြီး မကြာသေးမီက အဆင့်တက်ထားသော ပေ့ကုန်းအော့သည် သေချာပေါက် မြွေမိစ္ဆာထက် သန်မာပေသည်။ သူ၏မိုးကြိုးဓားသွားအောက်တွင် မြွေမိစ္ဆာ၏ဒဏ်ရာများမှာ ပိုမိုဆိုးဝါးလာနေ၏။
“ကျုပ် မင်းနောက်ကို လိုက်ပါ့မယ်...” မြွေမိစ္ဆာက အော်ဟစ်သည်။ အခြေအနေက သူထင်ထားသလို မကောင်းတော့ကြောင်း မြွေမိစ္ဆာက နားလည်လာဟန်ရသည်။ ဒဏ်ရာများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ သူ့အသက်အန္တရာယ်မှာ ပိုမိုနီးကပ်လာပြီဖြစ်ကြောင်း သူ နားလည်သည်။ သူ၏မာနအား ခဝါချရမည့်အချိန်အခါကို ရောက်လာပြီဖြစ်ကြောင်းလည်း သိလိုက်၏။
“သတ်လိုက်...” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ...” ပေ့ကုန်းအော့က ခေါင်းညိတ်သည်။ သူက မိုးကြိုးဓားသွားဖြင့် နောက်တစ်ကြိမ် ခုတ်ချ၏။ ဤတစ်ကြိမ်ကား ဓားချက်သည် ပိုမိုပြင်းထန်ကာ အားကောင်းသော မိုးကြိုးလျှပ်စီးများသည် မြွေကြီးအား ဝါးမျိုဖုံးအုပ်သွား၏။ သူ၏ခန္ဓာကိုယ်သည် အပြင်းထန် တုန်ခါလာခဲ့သည်။
ပေ့ကုန်းအော့က အခွင့်အရေးကို လက်လွတ်မခံပေ။ သူက လက်ဆန့်တန်းလိုက်လျှင် ဖျက်ဆီးခြင်းမိုးကြိုးစွမ်းအားသည် မြွေကြီး၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။ မကြာခင် မြွေကြီးသည် အသက်မဲ့စွာဖြင့် မြေပြင်ပေါ်ကို ကျသည်။
အဆင့်ရှစ်မိစ္ဆာအင်ပါယာတစ်ပါးကား အသတ်ခံရသည်။
ရီဖူရှင်းအနီးမှလူများက သူ့အား ကြည့်ကြသည်။ သူတို့၏စိတ်ထဲတွင် ရီဖူရှင်းအား ‘သူ ဘယ်သူလဲ’ ဟု တွေးတောနေကြ၏။ ဤသို့ ရက်စက်ပြတ်သားသည့် အပြုအမူ...။ အဆင့်ရှစ်မိစ္ဆာအင်ပါယာတစ်ပါးကိုပင် သူ့နောက်လိုက်အဖြစ် ငြင်းပယ်ကာ သတ်ဖြတ်ခဲ့သည်။
“ဒီမြွေမိစ္ဆာရဲ့ ခန္ဓာကိုယ်က ရတနာပဲ။ စီနီယာ ပေ့ကုန်း ယူလိုက်ပါ” ရီဖူရှင်းက ပြောသည်။
“ဒါ မှန်တယ်...” ပေ့ကုန်းအော့က ခေါင်းညိတ်သည်။ အဆင့်ရှစ်မိစ္ဆာအင်ပါတစ်ပါး၏အကြေးခွံသည် ဝိညာဉ်လက်နက်များနှင့် ညီမျှသည်။ တိုက်ခိုက်မှုများက ၄င်းကို ထိုးဖောက်ရန် ခက်ခဲ၏။
ရီဖူရှင်းက မြွေမိစ္ဆာအား ခွင့်လွတ်ခြင်းမပြုခဲ့သည့်အချက်ကိုကား သူက အသားကျနေပြီဖြစ်သည်။ သူ၏စိတ်ထဲတွင်ပင် အဆင့်ရှစ်မိစ္ဆာအင်ပါယာတစ်ပါးက ရီဖူရှင်းအတွက် သိပ်အရေးမပါတော့ဟု သူက တွေးထင်သည်။
ဆိုလိုသည်က ပေ့ကုန်းအော့ ရန်ဟောင်အဆင့်ရှစ်သို့ တက်သည့်ကိစ္စကိုပင် ရီဖူရှင်းက သိပ်အလေးထားမည် မဟုတ်ဟုပင်။ မည်သို့ဆိုစေ ရီဖူရှင်း၏အတွေးအမြင်က ပေ့ကုန်းအော့ထက် မြင့်မားပေသည်။
သို့သော်လည်း ထိုအဖြစ်က ပေ့ကုန်းအော့အား ရီဖူရှင်း၏နောက်သို့ လိုက်ရန် ပိုမို၍ စိတ်အားထက်သန်စေသည်။ သူက ထိုလူငယ် မည်မျှ ရှေ့ကို သွားနိုင်မည်ကို ကြည့်လို၏။
“ခင်ဗျားတို့ ဘယ်သူမှ ငရဲသားရဲကြာပန်းကို ကျုပ်နဲ့ ပြိုင်ပြီး မလုဘူးလို့ ယုံကြည်တယ်” ရီဖူရှင်းက အနီးမှ လူများကို ပြောသည်။ သူတို့အားလုံးက ခေါင်းညိတ်ကာ လက်နှစ်ဘက်ကို ဆုပ်ကိုင်နှုတ်ဆက်ပြီး ထွက်သွားကြ၏။
***