တိုက်ခိုက်ခြင်း
Vol. 10 Ch. 910
"သူ... သူက မထင်မှတ် ထားလောက်အောင် အရမ်း အစွမ်းထက် တာပဲ..."
ဆံပင်ဖြူ ကျင့်ကြံသူ တစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ရေရွတ် လိုက်၏။
"ဟုတ်တယ်... ငါတို့တွေက ဆေးဧကရာဇ် ချန်းရဲ့ စွမ်းအားကို လျှော့တွက်မိတာပဲ... ဟူရှောင်တောင် ခုလို လွယ်လွယ် ရှုံးသွားမယ် လို့ ဘယ်သူက ထင်မိမှာလဲ..."
စာပေသမား ဝတ်စုံဝတ် လူငယ်က သက်ပြင်း တစ်ချက်ချကာ ဆက်ပြော လိုက်သည်။
"ဒါပေမဲ့ စိတ်မကောင်းစရာပဲ... ဟူမိသားစုက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး... အဲဒီအပြင် ကုန်းမြင့်ပေါ်မှာလည်း ဟူရှောင်ထက် ပိုပြီး အစွမ်းထက်တဲ့သူတွေ အများကြီး ရှိသေးတယ်"
သူ၏ စကားက လုံးဝ မှန်ကန်၏။
ရှေးဟောင်း နတ်ဘုရား ကုန်းမြင့်ထက်၌ ချန်းဖန်၏ ဆန့်ကျင်ဘက်မှ ရပ်တည်နေသော အစွမ်းထက် ပုဂ္ဂိုလ်များစွာ ရှိနေသေးသည်။ ထိုအထဲမှ လေးယောက် ဆိုလျှင် ဟန်ရှုံး သတ်မှတ်ချက်ဝင်များ ဖြစ်သည်။ သို့ဖြစ်ရာ ချန်းဖန် အတွက် ထွက်ပြေး လွတ်မြောက်ရန်ပင် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ချေ။
"ချန်းပေ့ရွှမ်း... ခွေးကောင်... ဟူရှောင်က မင်းကို သူ့မိသားစုဆီ ဖိတ်ခေါ်ခဲ့တယ်... ဒါပေမဲ့ မင်းက သူ့ကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်"
ဖန့်ယုချင်က ချန်းဖန်အား လက်ညိုးထိုးကာ အော်ဟစ် လိုက်သည်။
"ဟုတ်တယ်... အကိုဟူက မိသားစု အားလုံးရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ ဆောင်ရွက်ခဲ့တာ... မင်းက မြောက်နတ္ထိနယ်ရဲ့ ဘုံရန်သူ ဖြစ်ချင်တာလား"
ရှန်းဟန်ကုန်းကလည်း ထပ်မံ၍ ဖိအား ပေး၏။
ဆေးပညာ အစည်းအရုံးမှ စီတုချန်း ပင်လျှင် သက်ပြင်းတစ်ချက် ချကာ ဤကဲ့သို့ ပြောသည်။
"ဆေးဧကရာဇ်ချန်း... သခင်လေး ဝမ်ရွှမ်လုံက ပြောပြီးပြီပဲ... ခင်ဗျားအတွက် တရားမျှတတာ ဖြစ်စေဖို့ စစ်ဆေး ပေးမယ်လို့... ဘာလို့ ခုလို လုပ်ရတာလဲ"
တစ်ချိန်တည်း၌ လီချန်း၏ မျက်နှာက မည်းမှောင်နေ၏။ သူ၏ မျက်လုံးများမှာလည်း ဒေါသဖြင့် ဝင်းဝင်းတောက် နေသည်။ သူ့ ကဲ့သို့ပင် ဝမ်ရွှမ်လုံ၏ အမူအရာက အလွန်အမင်း အေးစက်နေသည်။
ချန်းဖန်၏ အပြုအမူက ဟူရှောင် တစ်ယောက်တည်းကို သတ်ဖြတ်လိုက်ခြင်း မဟုတ်ချေ။ သူတို့ကိုပါ လုံးဝ စော်ကားလိုက်ခြင်း ဖြစ်ပေသည်။
"ဟမ့်..."
လုံဟွာက နှာခေါင်းတစ်ချက် ရှုံ့ကာ ချန်းဖန် ထွက်ပြေးနိုင်သည့် လမ်းကြောင်းကို ပိတ်ဆို့ လိုက်၏။ အခြားသော လူများကလည်း ချန်းဖန်အား သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။ အကယ်၍ ချန်းဖန်သာ ဟူရှောင်၏ သေဆုံးမှု အတွက် ကျေနပ်လောက်သော ရှင်းလင်းချက် မပေးနိုင်ပါက သူတို့က သူ့အား ချက်ချင်း သတ်ဖြတ်တော့မည့်ပုံပင် ဖြစ်သည်။
"မကောင်းတော့ဘူး..."
ဝူချင်းယန်၏ မျက်နှာ တစ်ခုလုံးကား ပျက်ရွင်း နေခဲ့ပြီ ဖြစ်သည်။
မြောက်နတ္ထိနယ်၏ ထိပ်သီး လူငယ်များက သမားတော်ချန်းအား နောက်ဆုံး အခြေအနေ အထိ တွန်းပို့နေခြင်း... ထိုအတွေးက သူမအား ရူးသွပ်အောင် တွန်းပို့ နေခဲ့သည်။
"ဘာတွေဖြစ်ကုန်တာလဲ... စီနီယာချန်းက အစွမ်းထက်တယ် ဆိုပေမဲ့ ဟန်ရှုံး သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်တွေကို ယှဉ်တိုက်နိုင်ပါ့ မလား..."
လင်းဝူဟွာ၏ မျက်နှာက စက္ကူတစ်စ အလား ပိုမို၍ ဖြူရော် လာခဲ့သည်။ များစွာသော ပရိသတ်များမှာမူ လွတ်မြောက်လမ်း မရှိတော့သော ချန်းဖန်၏ အဖြစ်ကို ကြည့်ကာ ခေါင်းသာ ခါနေမိကြတော့သည်။
"အညံ့ခံလိုက်... ဆေးပညာ အစည်းအရုံးရဲ့ မျက်နှာနဲ့ ငါတို့ မင်းကို အသက်ချမ်းသာ ပေးမယ်..."
နင်းဟိုင်ချိုးက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
ဖန်ယုချင်ကမူ ဝူပိုင်စုအား သတိပေးသော အကြည့်ဖြင့် ကြည့်လိုက်၏။
"ဝူမိသားစု ကရော ဒီကိစ္စမှာ ဘာပြောစရာ ရှိလဲ... တကယ်လို့ အခြား မိသားစုတွေ အားလုံးရဲ့ ပစ်မှတ် ဖြစ်ချင်တယ် ဆိုရင်တော့ ဝင်ပါနိုင်တယ်"
ဝူပိုင်စုက ဘာမှ ပြန်မပြောရသေးခင် မှာပင် ဝူမိသားစု လူငယ် တစ်ယောက်က ဝင်ပြော လိုက်သည်။
"သခင်မလေး... ဒီကိစ္စထဲ ဝင်မပါတာ ကောင်းမယ်နော်"
"ဟုတ်တယ်... အမ... ချန်းပေ့ရွှမ်းက ဝူမိသားစုနဲ့ ဘာမှ ပတ်သက်တာ မဟုတ်ဘူး... သူက ငါတို့ မိသားစု အတွက် ဆေးလုပ်ပေးတယ် ဆိုပေမဲ့ ငါတို့က အဲဒီ တန်ကြေး အတွက် ပေးပြီးပြီလေ"
ဝူရှောင်ဟု ခေါ်သော မိန်းကလေး ကလည်း ဆို၏။
သူမသည် ဝူပိုင်စုလောက် အစွမ်း မထက်သော်လည်း ရွှေအမြုတေကို ပိုင်ဆိုင်ထားပြီး ရှေးဟောင်း နတ်ဘုရား ကုန်းမြင့်တွင်ပင် မည်သူ၏ အကူအညီမျှ မယူပဲ ရပ်တည်နိုင်သည်။
"ဝူရှောင်... နင့်စကားက ဘာ အဓိပ္ပာယ်လဲ..."
ဝူချင်းယန်က ဒေါသတကြီးဖြင့် သူမအား မေးလိုက်သည်။
"ငါပြောတာ ရှင်းရှင်းလေးပါ... ဒီကိစ္စမှာ ချန်းပေ့ရွှမ်းက စမှားခဲ့တာပဲလေ... အားလုံးက သူ့ လုံခြုံရေး အတွက် အာမခံ နေတာတောင် သူက ဟူမိသားစုဝင် နှစ်ယောက်ကို သတ်ပစ်လိုက်တယ်... ဝူမိသားစု အနေနဲ့ ဒီလို လူသတ်သမား ချန်းပေ့ရွှမ်း ဘက်က ရပ်တည် မပေးသင့်ဘူး"
ဝူရှောင်က ပြောသည်။
"ဟုတ်တယ်..."
"အမ ဝူရှောင် ပြောတာ မှန်တယ်..."
" ... "
အခြား ဝူမိသားစု လူငယ်များကလည်း သူမအား ထောက်ခံ ကြသည်။
ဤသို့ဖြင့် အဆုံး၌ ဝူပိုင်စုက သက်ပြင်း တစ်ချက်ချကာ ချန်းဖန်အား မကူညီတော့ရန် ဆုံးဖြတ် လိုက်သည်။ ဝူချင်းယန်မှာမူ ချန်းဖန်ကို အားနာသဖြင့် မျက်နှာပင် မဖော်ရဲတော့ချေ။ သို့သော်လည်း ချန်းဖန်ကမူ ထိုအရာကို စိတ်ထဲ ရှိပုံမရကာ ပြုံးနေဆဲသာ ဖြစ်သည်။
"ချန်းပေ့ရွှမ်း... ဝူမိသားစုတောင် မင်းဘက်မှာ မရှိတော့ဘူး... မင်း အခု ဘာလုပ်မလဲ..."
ဖန်ယုချင်က ချန်းဖန်အား လှောင်ပြုံးပြုံးကာ ကြည့်လိုက်သည်။
"ဘာလို့လဲ... မင်းတို့လည်း လိုက်ပြီး သေချင်လို့လား"
ချန်းဖန်က ပြန်ကြည့်ကာ မေးလိုက်သည်။
"မင်း..."
ဖန်ယုချင်၏ မျက်နှာက မည်းမှောင် သွား၏။
"ချန်းပေ့ရွှမ်း... ငါက အားနည်းတယ် ဆိုပြီး မင်း လှောင်ချင်လှောင်လို့ ရတယ်... ဒါပေမဲ့ ဒီနေရာမှာ မင်းကို အပိုင်းပိုင်း ဆွဲဖျက်ပစ်နိုင်တဲ့ ဟန်ရှုံး သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ် လေးယောက် ရှိတယ်... မင်းရဲ့ လှည့်ကွက် သေးသေးလေးတွေက သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး"
"ဟားဟား..."
ရုတ်တရက် လီချန်းက ကျယ်လောင်စွာ ရယ်မော လိုက်၏။
"ငါ မင်းရဲ့ စွမ်းအားကို သတိထားမိတယ်... မင်းရဲ့ သစ်သား ဒြပ်စင် နတ်ဘုရား စွမ်းအားက တကယ်ပဲ အံ့အားသင့် စရာပဲ... ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က နိမ့်နေတာ နှမြောစရာပဲ"
လီချန်း၏ ခန္ဓာကိုယ်သည် ထက်ရှသော အရှိန်အဝါတို့နှင့် ပြည့်နှက်နေ၏။ ၎င်းတို့က ကောင်းကင်သို့ ပျံတက်ကာ ဓားသဏ္ဌာန် ဖွဲ့တည် တောက်ပကြသည်။
ထိုမြင်ကွင်းကို ကြည့်ကာ များစွာသော လူများ၏ မျက်နှာများမှာ ဖြူရော် သွားသည်။ သူတို့သည် ထိုအရာမှာ ကောင်းကင် ကျောက်စိမ်း နန်းတော်၏ ပြိုင်ဘက်ကင်း ဓားကျင့်စဉ် ဖြစ်မှန်း နားလည် ကြလေသည်။ ထိုဓားသဏ္ဌာန် အလင်း တစ်ခုချင်းစီမှာ သေဆုံးခြင်း ဓားချီများ ဖြစ်၏။
"စကားပြောတာ တော်လောက်ပြီ..."
ဂူဖန်က လက်သီးကို ဆုပ်ကာ တိုက်ခိုက်ရန် အသင့်ပြင် လိုက်သည်။ တစ်ချိန်တည်း၌ လုံဟွာကလည်း ခရမ်းရောင် အမိုးခုံး တစ်ခုကို ဖြန့်ကျက်၍ ရှေးဟောင်း နတ်ဘုရား ကုန်းမြင့်အား လွှမ်းခြုံ လိုက်၏။
ခရမ်း ကောင်းကင် တိမ်တိုက်...
ထိုအရာကား လုံမိသားစု၏ ကျော်ကြားသော ဝိညာဉ် ရတနာ တစ်ခု ဖြစ်သည်။ အစွမ်း အထက်ဆုံး ဖောက်ထွင်းမှု ဓမ္မ ကျင့်စဉ် ပင်လျှင် ထိုအမိုးခုံးကို မထိုးဖောက် နိုင်ချေ။
"ချန်းပေ့ရွှမ်းတော့ သွားပြီ ထင်တယ်"
စာပေသမား သဏ္ဌာန် ကျင့်ကြံသူက ခေါင်းအား ခါယမ်း လိုက်သည်။
"ဒူးထောက်မလား အသတ်ခံ မလား..."
ဝမ်ရွှမ်ဖုန်းက ချန်းဖန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
သို့သော်လည်း ချန်းဖန်က ထိုစကားကို ဂရုစိုက်ခြင်း မရှိချေ။ သူက မားမားမတ်မတ် ရပ်ကာ လက်နှစ်အား နောက်ပစ် လိုက်၏။ ထို့နောက် သူက ဝမ်ရွှမ်ဖုန်းအား ကြည့်ကာ ပြောလိုက်သည်။
"သေလိုက်ပါလား..."
"ဘုန်း..."
တိုက်ပွဲကား ရုတ်ချည်းပင် စတင်ခဲ့ပြီ ဖြစ်လေသည်။
ချီစွမ်းအား ငါးခုသည် ချန်းဖန်ထံသို့ အရပ် မျက်နှာ အသီးသီးမှ တိုးဝင် လာ၏။ ချက်ချင်းပင် ရှေးဟောင်း နတ်ဘုရား ကုန်းမြင့်ထိပ် တစ်ခုလုံးကား ထိုတိုက်ခိုက်မှု ငါးခု၏ အောက်၌ ကျရောက် သွားသည်။
ဖန်ယုချင်၊ နင်းဟိုင်ချိုး၊ ရှန်းဟန်ကုန်း၊ တာအို တန်ခိုးရှင် တိုင်ရီ...
စသည်ဖြင့် မြောက်နတ္ထိနယ် ပါရမီရှင်များသည် ချန်းဖန်အား စတင်ကာ တိုက်ခိုက်နေကြပြီ ဖြစ်သည်။
"ဒီကိုလာ..."
ဝူပိုင်စုသည် ချက်ချင်းပင် လှုပ်ရှားကာ လင်းဝူဟွာတို့အား တိုက်မှုမှုမှ ကာကွယ် ပေးလိုက်၏။
"သေစမ်း..."
ဖန်ယုချင်၏ နောက်ကြော၌ အနက်ရောင် တောင်ပံ တစ်စုံ ပေါ်ပေါက် လာသည်။ ၎င်းတို့သည် မီတာ တစ်ရာခန့် ရှည်လျားကာ တစ်ချက် ခတ်လိုက်တိုင်း မုန်တိုင်းများကို ဖန်တီးနေ၏။
ရွှမ်ဖုန်း ကောင်းကင် တောင်ပံ...
ထိုအရာကား ဟင်းလင်းပြင်ကိုပင် ထိုးခွဲ နိုင်သည့် ဖန်မိသားစု၏ နာမည်ကျော် နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်၏။
တစ်ချိန်တည်း၌ ရှန်းဟန်ကုန်း၊ နင်းဟိုင်ချိုး၊ တာအို တန်ခိုးရှင် တိုင်ရီတို့ကလည်း ချန်းဖန် အပေါ် အထင်သေးခြင်း မရှိချေ။ သူတို့၏ အစွမ်း အထက်ဆုံး နည်းစနစ်များကို ထုတ်သုံး ထားကြသည်။
"သိုင်းအင်ပါယာ ကောင်းကင် သုတ်သင်ခြင်း..."
"နူးညံ့ကောင်းကင် အမွှာဓား..."
"တိုင်ရီ ကောင်းကင် စစ်ခင်းခြင်း..."
ထိုကျင့်စဉ် တစ်ခုချင်းစီကား ကောင်းကင် အရှင် ကျင့်စဉ်များ ဖြစ်သည်။ သူတို့၏ စွမ်းအားက မြေငလျင် အလား စွမ်းအားကြီးမားကာ ကမ္ဘာမြေကြီးကိုပင် တုန်ခါ စေ၏။
ပရိသတ်များမှာမူ အသည်းနှလုံးထဲမှ တုန်လှုပ် နေကြပြီ ဖြစ်လေသည်။
ကျိုးကျူရှင်း ပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။ တိုက်ခိုက်သူ ငါးယောက်မှ တစ်ယောက်ချင်းစီသည် သူ့ကဲ့သို့ အစွမ်းထက်ကြသူများ ဖြစ်သည်။ အကယ်၍ သူသာ ထိုငါးယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရပါက တစ်စက္ကန့်ပင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
"သနားစရာပဲ... သူတို့ရဲ့ ရန်သူက ကောင်းကင် အရှင်ချန်း ဖြစ်နေတာ မသိရှာဘူး"
ကျိုးကျူရှင်းက ချန်းဖန်အား လေးစားစွာ တစ်ချက်ကြည့်ကာ ခေါင်းငုံ့ လိုက်၏။
ထိုအချိန်၌...
ကြောက်မက်ဖွယ် တိုက်ခိုက်မှု ငါးခုနှင့် ရင်ဆိုင် နေရသည့်တိုင် ချန်းဖန်ကမူ တည်ငြိမ် နေဆဲ ဖြစ်သည်။ သူ၏ အင်္ကျီလက်ရှည်များနှင့် အနက်ရောင် ဆံပင်တို့သည် လေနှင့်အတူ မြောလွင့် နေ၏။ ရုတ်တရက် သူက လက်တစ်ဖက်အား ဦးခေါင်းထက်သို့ မြှောက်လိုက်သည်။
"အဇူရာ သက်ရှည်... နတ်ဘုရား သတ်ဖြတ်ခြင်း လက်..."
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ လက်ချောင်းများက ကောင်းကင်ကို ထောက်ပင့်ပေးသည့် ကြီးမားသော ကျောက်တိုင်ကြီးများ အဖြစ် ပြောင်းလဲ သွားသည်။ ၎င်းတို့က ရှေးဟောင်း နတ်ဘုရား ကုန်းမြင့်ကို လွှမ်းခြုံကာ ရန်သူများအား ပိုးမွှားများ သဖွယ် ပြောင်းလဲ ပစ်၏။
"ရပ်စမ်း..."
ဝမ်ရွှမ်လုံက စိုးရိမ်တကြီး အော်ဟစ် လိုက်သည်။
သို့သော်လည်း ထိုအရာက နောက်ကျ နေခဲ့ပြီ ဖြစ်လေ၏။ချန်းဖန်၏ လက်ဝါးပြင်သည် အောက်သို့ ဆင်းသက်လာကာ ရှေးဟောင်း နတ်ဘုရား ကုန်းမြင့်ထိပ်ရှိ မီတာ ရာဂဏန်းခန့်ကို ဖျက်ဆီး သွားသည်။
"ဘုန်း..."
ရုတ်တရက် ရှေးဟောင်း နတ်ဘုရား ကုန်းမြင့် ကောင်းကင်၌ မှိုသဏ္ဌာန် တိမ်တိုက် တစ်ခု ဖြစ်ပေါ်လာသည်။ ချန်းဖန်အား တိုက်ခိုက်သူများကိုမူ မည်သည့် နေရာတွင်မျှ ရှာဖွေ မတွေ့တော့ချေ။
သူတို့ကား လက်ဝါး တစ်ချက်တွင်ပင် အပြီးတိုင် ပျောက်ကွယ် သွားခဲ့ရပြီ ဖြစ်လေသည်။
***