← Chapters

မင်းတို့ အားလုံး တက်ခဲ့

Vol. 10 Ch. 911

မင်းတို့ အားလုံး တက်ခဲ့

Vol. 10 Ch. 911

" ... "

ရုတ်တရက် ရှေးဟောင်း နတ်ဘုရား ကုန်းမြင့် တစ်ခုလုံး တိတ်ဆိတ် သွား၏။ အချို့က ဆွံ့အ နေကြကာ အချို့မှာမူ မထိန်းချုပ်နိုင်အောင် တုန်ရီနေကြသည်။

"သူ... သူက ပါရမီရှင် လူငယ် ငါးယောက်ကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား... သူက ဘယ်လောက်တောင် အစွမ်းထက် နေတာလဲ"

တစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ဖြင့် အော်ဟစ် လိုက်သည်။

ထိုအခိုက် လူတိုင်း၏ အံ့အားသင့်မှုကား ဟူရှောင် အသတ်ခံရစဉ်ကထက် အဆ တစ်ရာမျှ ပိုမိုနေသည်။ အဇူရာ သက်ရှည် နတ်ဘုရား သတ်ဖြတ်ခြင်းလက် ကျဆင်းချိန်၌ ဟန်ရှုံး သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များပင် ကြောက်ရွံ့မှုကို ခံစားကြရလေ၏။

"အဲဒီလို စွမ်းအားမျိုး... ဒီလက်ဝါး တစ်ခုနဲ့တင် သူက ဟန်ရှုံး သတ်မှတ်ချက်မှာ ကောင်းကင် ကျောက်စိမ်း ဓားမင်းသားလေးကို ကျော်လွန်နေနိုင်ပြီ"

ဂိုဏ်းချုပ် တစ်ယောက်က ထိတ်လန့်စွာဖြင့် မှတ်ချက်ချသည်။

သို့သော်လည်း များစွာသော လူများမှာမူ ချန်းဖန်၏ အပြုအမူများကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များကိုသာ တွေးကာ စိတ်ပူ နေကြသည်။

"သွားပြီ... အကုန်လုံး သွားပြီ... သူတော့ သေပြီ ထင်တယ်"

အဖာအစပ်များ ရှိသော အင်္ကျီကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ တစ်ယောက်က ကုန်းမြင့်ထိပ်သို့ လှမ်းမျှော်ကြည့်ရင်း တုန်ရီစွာ ဆိုလိုက်သည်။

"မဟုတ်ဘူး... သေတာထက်တောင် ပိုဆိုးမယ် ထင်တယ်"

စာပေသမား သဏ္ဌာန် ကျင့်ကြံသူက သက်ပြင်းချ လိုက်၏။

တစ်ချိန်တည်း၌ ဝူမိသားစုဝင်များမှာ ချန်းဖန်၏ အပြုအမူအတွက် စိတ်ပျက် နေကြသည်။

"ချန်းပေ့ရွှမ်း... နင် ဘာလို့ သူတို့ကို သတ်လိုက်တာလဲ"

ဝူရှောင်မှ သတိပြန်ဝင်သည်နှင့် ချန်းဖန်ကို ကြည့်ကာ အော်ဟစ် လိုက်၏။

ဖန်ယုချင်၊ နင်းဟိုင်ချိုး၊ ရှန်းဟန်ကုန်း...

သူတို့ အားလုံးကား ကောင်းကင် အရှင် မိသားစုများမှ မျိုးဆက်များ ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီမှာ နောက်မျိုးဆက်ကို လွှမ်းမိုးမည့် ပါရမီရှင်များ ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းက မည်သည့် အကြောင်းပြချက်မှ မရှိပဲ သူတို့ကို သတ်ဖြတ် ပစ်ခဲ့သည်။

"မြောက်နတ္ထိနယ်မှာ ကောင်းကင်အရှင် မိသားစု ဆယ်ခုပဲ ရှိတယ်... ချန်းပေ့ရွှမ်းက အဲဒီ အထဲက ခြောက်ခုကို ရန်စပြီး တိုက်ခိုက်နေပြီ... သူက တကယ့်ကို အရူးကောင်ပဲ"

ခရမ်းရောင် လနတ်သမီးက ခေါင်းခါကာ ရေရွတ် လိုက်သည်။

"ဆေးဧကရာဇ်ချန်းက အရမ်းကို ခေါင်းမာတာပဲ"

ဝူပိုင်စုမှာမူ ခေါင်းကိုသာ ခါယမ်း၍ နေတော့၏။

ချန်းဖန် မည်မျှပင် အစွမ်းထက် စေကာမူ သူ၏ ရန်သူများဘက်၌ ဝမ်မိသားစု ရှိနေသေးသည်။ ဝမ်မိသားစု ကောင်းကင် အရှင်သာ ဝင်ရောက်လာပါက အဆုံးသတ် ကောင်းလိမ့်မည် မဟုတ်ချေ။

"အဇူရာ သက်ရှည် နတ်ဘုရား သတ်ဖြတ်ခြင်း လက် ဟုတ်လား... ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလွန်းတဲ့ ကျင့်စဉ် တစ်ခုလဲ"

ကောင်းကင် ကျောက်စိမ်း မင်းသား၏ မျက်လုံးများက ကျဉ်းမြောင်းကာ အရောင်တောက် သွားသည်။ သူ၏ သွေးများမှာမူ တိုက်ပွဲ အတွက် ဆူပွက်နေခဲ့ပြီ ဖြစ်လေသည်။

"ချန်းပေ့ရွှမ်း... မင်း စည်းကျော်သွားပြီ"

ဝမ်ရွှမ်လုံက ချန်းဖန်ကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်၏။

"ဟဟ... မင်းတို့က အရင်ဆုံး ငါ့ကို တွန်းအားပေးတာပဲလေ... ငါက ပြန်မတိုက်ပဲ ငြိမ်ခံ နေရမှာလား"

ချန်းဖန်က ခြောက်ကပ်ကပ် ရယ်မော လိုက်သည်။

"ဆေးပညာ အစည်းအရုံးကတောင် မင်းရဲ့ ဆေးဧကရာဇ် ဘွဲ့ အတွက် သံသယ ဖြစ်နေတာပဲ... ငါတို့က အမှန်အတိုင်း ဖြစ်စေချင်ရှိတာ... မင်းကမှ ပြဿနာတွေကို ပိုရှုပ်ထွေးအောင် လုပ်နေတာ"

ဝမ်ရွှမ်လုံက ပြောသည်။

"သောက်စကား သိပ်မများနဲ့... မင်းကိုမင်း အစွမ်းအစ ရှိတယ် ထင်ရင် ငါ့ကို ဖမ်းခေါ်သွားလေ"

ချန်းဖန်က ပြုံးရင်း ဆက်ပြော လိုက်သည်။

"ကောင်းကင် အရှင် မိသားစု မျိုးဆက် ဒါမှမဟုတ် ဟန်ရှုံး သတ်မှတ်ချက်ဝင် ဒီဂုဏ်ပုဒ်လေးတွေ ပိုင်တာနဲ့ မင်းတို့က ကိုယ့်ကိုယ်ကို အထင်ကြီး နေကြတာပဲ... မင်းတို့ သိထားဖို့က အဲဒီ ဂုဏ်ပုဒ်တွေက ငါ့အပေါ် ဘာသက်ရောက်မှုမှ မရှိဘူး... မင်းတို့ အားလုံးက ငါ့မျက်လုံးထဲမှာတော့ ပုရွက်ဆိတ် ကလေးတွေပဲ"

"တော်လောက်ပြီ..."

လီချန်းက အော်ဟစ် လိုက်၏။

တစ်ချိန်တည်း၌ ဂူဖန်က သူ၏ လက်ချောင်းများကို ဖြန့်ကာ ရွှေရောင် လက်ဝါး တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုလက်ဝါးသည် မိစ္ဆာနှင်သည့် တရား ရွတ်ဖတ်သံများကို သယ်ဆောင်ကာ ကောင်းကင်မှ ချန်းဖန်အပေါ်သို့ ဆင်းသက်လာ၏။

မဟာ ဗာရိုကန်နာ လက်ဝါး...

ထိုအရာကား မီးသူတော်စင် မြို့တော် တည်ထောင်သူ ကောင်းကင် အရှင် မဟာ ဗာရိုကန်နာ၏ ကျင့်စဉ် ဖြစ်သည်။ အရှင် မဟာ ဗာရိုကန်နာသည် ဗုဒ္ဓ လမ်းစဉ်ကို လျှောက်လှမ်းသူ တစ်ယောက်ဖြစ်ကာ သူ၏ လက်ဝါး ကျင့်စဉ်မှာလည်း ဗုဒ္ဓလမ်းစဉ်နှင့် ဆက်စပ်နေ၏။

"ဘုန်း..."

လက်ဝါးသည် ၎င်း၏ လမ်းတစ်လျှောက်ရှိ အတားအဆီး မှန်သမျှကို ဖျက်ဆီးကာ ကျဆင်းလာသည်။

လက်ဝါး၏ အရှိန်အောက်၌ မြေပြင်သည် အက်ကွဲကာ တောင်တန်းများမှာ ကျိုးပဲ့ ကုန်၏။ ကောင်းကင်တွင်မူ အဆုံးမဲ့ မီးများက တဟုန်းဟုန်း လောင်ကျွမ်းကာ လေထုကိုပင် ပြာချ ပစ်သည်။ ထိုကြောက်မက်ဖွယ် မြင်ကွင်းက ခပ်သိမ်းသော လူများအား အံ့ဩ မှင်သက် စေလေ၏။

"ဒီလို စွမ်းအားမျိုး... အဲဒါက ဟန်ရှုံး သတ်မှတ်ချက်ဝင် တစ်ယောက်ရဲ့ အစစ်အမှန် စွမ်းအားလား"

စန့်ရှန်းဂိုဏ်းချုပ်က တုန်ရီသော လေသံဖြင့် ရေရွတ်လိုက်သည်။

သူသည် ဟန်ရှုံး သတ်မှတ်ချက်ဝင်များ၏ ထူးကဲသော ဂုဏ်သတင်းများကို ကြားဖူးသော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုကိုမူ ယခုမှသာ မျက်ဝါးထင်ထင် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ထိုအချိန်၌ ချန်းဖန်ကမူ မတုန်မလှုပ်ပင် ရှိနေဆဲ ဖြစ်သည်။ သူသည် အေးဆေးစွာပင် ရန်သူ့ထံသို့ ဦးတည်ကာ လက်ဝါး တစ်ချက်ကို ရိုက်ထုတ် လိုက်၏။

"ဟူး..."

ပထမ တစ်ကြိမ်ကနှင့် နှိုင်းယှဉ်ပါက ချန်းဖန်၏ လက်ဝါးမှာ ပိုမို သေးငယ်သော်လည်း အဆင်းမှာမူ ရွှေရောင် အလင်းဖြင့် ထူးကဲစွာ တောက်ပ နေသည်။ ၎င်း၏ အပေါ်တွင်မူ မရေမတွက်နိုင်သော ရွှေရောင် သင်္ကေတများ ဖြစ်ပေါ် နေ၏။ ထိုသင်္ကေတ တစ်ခုချင်းစီသည် ဆန်းကြယ်သော ပုံပန်း သဏ္ဌာန် ရှိကာ နတ်ဘုရားတစ်ပါး ကိုပင် သတ်ဖြတ် နိုင်ပုံ ရသည်။

"ခရက်..."

အဇူရာ သက်ရှည် နတ်ဘုရား သတ်ဖြတ်ခြင်း လက်ဝါးနှင့် ထိတွေ့သည်နှင့် မဟာ ဗာရိုကန်နာ လက်ဝါးမှာ ရပ်တန့် သွား၏။ ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် ၎င်းမှာ အလယ်မှ ထက်ပိုင်းပြတ်ကာ ထောင်ချီသော အပိုင်းအစများ အဖြစ် ပြိုကွဲ သွားတော့သည်။

"မကောင်းတော့ဘူး..."

ဂူဖန်က ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်ရန် အားထုတ်၏။

သို့သော်လည်း ချန်းဖန်က သူ့အား လွတ်မြောက်ခွင့် မပြုချေ။ သူက မီတာထောင်ချီ အကွာအဝေးကို မျက်စိ တစ်မှိတ် အတွင်း ဖြတ်သန်းကာ ဂူဖန်၏ ရင်ဘတ်အား ရိုက်ချလိုက်သည်။

"ဘုန်း..."

ချန်းဖန်၏ လက်ဝါးချက် အောက်၌ ဂူဖန် ဆင့်ခေါ်ထားသော မီး အကာအကွယ်မှာ ရုတ်ချည်းပင် ပြိုကွဲ၏။ ထို့နောက် လက်ဝါးက ဆက်လက် တိုးကာ ဂူဖန်၏ ရင်ဘတ်အား ထိသည်။

"ဘုန်း..."

ပေါက်ကွဲသံနှင့် အတူ ဂူဖန်မှာ ကောင်းကင်မှ ပြုတ်ကျကာ မြေကြီး အတွင်း နစ်ဝင်သွားလေ၏။ သူကား ချန်းဖန်၏ တိုက်ခိုက်မှုကို တစ်စက္ကန့်မျှပင် တောင့်မခံနိုင်ချေ။

"အဲဒါက..."

ရုတ်တရက် လူတိုင်းမှာ ဆွံ့အ သွားကြ၏။ သူတို့သည် ဟန်ရှုံး သတ်မှတ်ချက်ဝင် တစ်ယောက် ထိုမျှ လွယ်ကူစွာ ရှုံးနိမ့်သွားမည်ဟု လုံးဝ ထင်မှတ် မထားခဲ့ကြချေ။

"မဖြစ်နိုင်ဘူး... ဂူဖန်က မီးသူတော်စင် မြို့တော်က သခင်လေးလေ... ကောင်းကင် အရှင်ရဲ့ မျိုးဆက်လေ... သူက ကောင်းကင် အရှင်ရဲ့ တိုက်ခိုက်မှုကိုတောင် ရင်ဆိုင်နိုင်တဲ့ မဟာ ဗာရိုကန်နာ ခန္ဓာကို ကျင့်ကြံထားတာ မဟုတ်ဘူးလား... ဘာလို့ ခဏလေးနဲ့ ရှုံးသွားရတာလဲ"

ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုက မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

ချန်းဖန်ကား ရွှေအမြုတေ အစောပိုင်း အဆင့် ဖြစ်သည်မှာ သံသယ ရှိစရာ မလိုချေ။ သို့တိုင်အောင် သူသည် ဂူဖန်အား တစ်ချက်တည်းဖြင့် အနိုင်ယူ ခဲ့သည်။ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။

"မပြီးသေးဘူးကွ..."

ရုတ်တရက် မြေကြီးအောက်မှ ဒေါသတကြီး အော်ဟောက်သံနှင့် အတူ ဂူဖန်သည် ကောင်းကင်သို့ ပြန်လည် ပျံတက်လာ၏။ အဆုံးမဲ့ ရွှေရောင် မီးတောက်များ၏ ဝန်းရံမှုတွင် သူကား ဗုဒ္ဓ၏ စိန်အဆင့် စစ်သည်တော် တစ်ယောက် အလား ကြောက်လန့်မှု ကင်းမဲ့ နေပုံရသည်။

"ဟမ့်..."

သို့သော်လည်း ချန်းဖန်က သူ့အား တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ သူက ခြေတစ်လှမ်း လှမ်းကာ လုံဟွာ၏ အရှေ့သို့ ရောက်ရှိ သွား၏။

"နင်က ငါနဲ့ တိုက်ခိုက်ချင်လို့လား..."

လုံဟွာက မျက်မှောင်ကြုတ်ကာ ချန်းဖန်အား ကြည့်လိုက်၏။

"ဘုန်း..."

ရုတ်တရက် သူမ၏ နောက်၌ နဂါးတစ်ကောင် ပေါ်ပေါက်လာသည်။ ထိုနဂါးမှာ ခရမ်းရောင် မျက်လုံးများကို ပိုင်ဆိုင်ထားကာ ဒဏ္ဍာရီများထဲမှ အစစ်အမှန် နဂါးနှင့် ခွဲခြား မရအောင် တူညီ၏။

"ဓား... လာစမ်း..."

လုံဟွာက လက်တစ်ဖက်အား ဆန့်ထုတ်လိုက်ရာ ခရမ်းရွှေရောင် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ဓား၏ ထွက်ပေါ်လာမှုနှင့် အတူ လုံဟွာ၏ စွမ်းအားမှာ ရွှေအမြုတေ နောက်ဆုံး အဆင့်မှ မခန့်မှန်းနိုင်သော အဆင့် အထိ မြင့်တက် သွားလေ၏။

"အဲဒီဓားကို နဂါး ဒုက္ခ လို့ ခေါ်တယ်... အဲဒါကို ကောင်းကင်အရှင် တစ်ယောက်က ခရမ်းရောင် မျက်လုံး နဂါးရဲ့ နံရိုးကို သုံးပြီး ဖန်တီးထားတာ... နောက်ပြီး အဲဒါက တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ အဆင့်ပဲ... သတိထား"

ဝူပိုင်စုက ချန်းဖန်အား အော်ဟစ် သတိပေး လိုက်သည်။

တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာများသည် ကောင်းကင် ရတနာများပြီးလျှင် အစွမ်း အထက်ဆုံး ဖြစ်သည်။ လွန်ခဲ့သည့် လပိုင်းကပင် ဝူမိသားစု ဘိုးဘေးသည် တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ ဖြစ်သော ပင်လယ်မျို ဆေးအိုးကို သုံးကာ ငှက်မွေးပျံဂိုဏ်း တစ်ခုလုံးကို သတ်ဖြတ်ခဲ့ဖူးသည်။

"ကလန့်..."

နဂါးဒုက္ခဓားသည် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ချန်းဖန်ထံ တိုးဝင် သွား၏။ ထိုတိုက်ခိုက်မှုကား ဂူဖန်၏ မဟာ ဗာရိုကန်နာ လက်ဝါးထက်ပင် အဆများစွာ ပိုမို သာလွန် နေသည်။

သို့သော်လည်း ချန်းဖန်က အနည်းငယ်ပင် တုန်လှုပ်ခြင်း မရှိချေ။ သူက လက်ညိုးကို ဆန့်ထုတ်ကာ ဓား၏ ကိုယ်ထည်ကို တောက်လိုင်၏။

"ဘုန်း..."

ချန်းဖန်၏ ခုခံမှုတွင်ပင် လုံဟွာမှာ ဓားနှင့် အတူ လွင့်စဉ် သွားတော့သည်။ သူမသည် မီတာ ရာချီ ရောက်မှ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းနိုင်ခဲ့၏။

" ... "

ယခုတစ်ကြိမ်တွင်မူ ဝမ်ရွှမ်လုံနှင့် လီချန်း တို့ပင် ဆွံ့အ သွား၏။

တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာကို လက်ညိုးဖြင့် ခုခံခြင်း...

သူတို့ကား ထိုသို့သော စွမ်းအားကို ကြားပင် မကြားဖူးခဲ့ချေ။

"ငါ မင်းတို့ကို မပြောဖူးလား... မင်းတို့က အရမ်း အားနည်းပါတယ်"

ချန်းဖန်က ခေါင်းကိုခါကာ လက်နှစ်ဖက်အား နောက်ပစ်လိုက်သည်။

"ကဲ... မင်းတို့ အားလုံး တစ်ပြိုင်နက် တက်ခဲ့ကြ..."

***

All Chapters