ရန်သူများကိုအနိုင်ယူခြင်း
Vol. 10 Ch. 912
သို့သော်လည်း ယခုတွင်မူ မြေရိုင်းနယ် တစ်ခုမှ မထင်မရှား ကျင့်ကြံသူ လူငယ် တစ်ယောက်က သူတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် စိန်ခေါ်နေခဲ့ပြီ ဖြစ်သည်။
“ကောင်းပြီလေ… နင်က သေချင်နေတော့လည်း သေရမှာပေါ့…”
လုံဟွာက ဒေါသတကြီး အော်ဟစ်လိုက်၏။ တစ်ချိန်တည်း၌ သူမ၏ နောက်ရှိ နဂါးမှာ ပိုမို၍ အရွယ်အစား ကြီးမားလာကာ ပေနှစ်ထောင်ခန့် ရှည်လျားသော သားရဲ အဖြစ် ပြောင်းလဲသွားသည်။
“ဂါး…”
နဂါးဒုက္ခသည် နဂါးအော်သံကို ထုတ်လွှတ်၏။ ထို့နောက် ၎င်းသည် ခရမ်းရောင် အလင်းဖြင့် တောက်ပကာ အရွယ်အစား တဖြည်းဖြည်း ကြီးမားလာသည်။
ထိုတစ်ဝက်တစ်ပျက် ကောင်းကင် ရတနာကား စတင်ကာ နိုးထလာနေခဲ့ပြီ ဖြစ်သည်။ သာမန် အခြေအနေ၌ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာများသည် ကောင်းကင် အရှင်၏ ဆယ်ပုံ တစ်ပုံခန့်သာ အစွမ်းထက်၏။ သို့သော်လည်း ၎င်းတို့ နိုးထ လာလျှင်မူ ထက်ဝက်ခန့် အထိ တိုး၍ အစွမ်းထက်လာမည် ဖြစ်သည်။
"ဘုန်း…"
ရုတ်ချည်းပင် ကြောက်မက်ဖွယ် စွမ်းအားသည် အရပ် မျက်နှာ အဘက်ဘက်သို့ ပျံ့နှံ့ လာ၏။ များစွာသော ကျင့်ကြံသူများမှာ မူလနေရာများ၌ ရပ်တည်ရန် မစွမ်းနိုင်တော့ရကား ပေတစ်ထောင်ခန့် အထိ နောက်ဆုတ် လိုက်ကြရသည်။
"အဲဒါက တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာရဲ့ စွမ်းအားလား… တကယ် ကြောက်ဖို့ ကောင်းတာပဲ"
ဝူချင်းယန်၏ မျက်လုံးများက ပြူးကျယ် သွားသည်။
"ဘုန်း…"
တစ်ချိန်တည်း၌ ဝမ်ရွှမ်လုံက လက်သီးအား ဆန့်ထုတ် လိုက်သည်။
"ချန်းပေ့ရွှမ်း… ဝမ်မိသားစုရဲ့ ကျင့်စဉ်တွေ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ငါ မင်းကို ပြရသေးတာပေါ့"
စကားဆုံးသည်နှင့် ဝမ်ရွှမ်လုံ၏ နောက်တွင် ကြယ်တာရာ မြေပုံ တစ်ခု ဖြစ်ပေါ်လာကာ ကြယ်ခုနစ်လုံးမှာ စူးရှစွာ တောက်ပ လာ၏။ ၎င်းတို့က ၎င်းတို့ ကိုယ်ကို ကျားဖြူများ အဖြစ် ပြောင်းလဲကာ ဝမ်ရွှမ်လုံအား ဝန်းရံ ကြလေသည်။
"ဘုန်း…"
ဝမ်ရွှမ်လုံ၏ ခန္ဓာကိုယ်မှာ လင်းလက် တောက်ပလာကာ ပေတစ်ထောင်ခန့် အထိ ရှည်လျား လာ၏။ ထိုအခိုက်၌ သူကား ရွှေစင် အတိဖြင့် ပြုလုပ်ထားသော ရုပ်တု တစ်ခု အလား တူညီနေကာ အလွန်အမင်း လွှမ်းမိုးနိုင်သော အရှိန်အဝါ တစ်မျိုး ကို ထုတ်လွှတ်နေသည်။
ကျားဖြူ ခုနစ်ကောင် သတ်ဖြတ်ခြင်း ကျင့်စဉ်…
ထိုအရာကား ဝမ်မိသားစု၏ အစွမ်း အထက်ဆုံး ကျင့်စဉ် လေးခုမှ တစ်ခု ဖြစ်သည်။ ဒဏ္ဍာရီများ အရ ဆိုလျှင် ဝမ်မိသားစု၏ ဘိုးဘေး တစ်ဦးသည် ကျားဖြူ ခုနစ်ကောင် သတ်ဖြတ်ခြင်း ကျင့်စဉ်ဖြင့် အစွမ်းထက် သားရဲ တစ်ကောင်ကို သတ်ဖြတ်ဖူးသည် ဟူ၏။
"သွားစမ်း…"
ချန်းဖန်က အေးဆေးစွာပင် လက်သီးကို မြှောက်ကာ ထိုးလိုက်သည်။
"ရှဲ… ရှဲ…"
ရုတ်တရက် သူ၏ နောက်၌ ကမ္ဘာ သစ်ပင် ပေါ်လာကာ ဝမ်ရွှမ်လုံနှင့် ကြယ်တာရာ မြေပုံအား တိုက်ခိုက်လိုက်သည်။ ကျားဖြူ ခုနစ်ကောင်သည် ဟိန်းဟောက်ကာ ခုခံရန် ကြိုးစားသော်လည်း ခဏ အတွင်းမှာပင် ပျက်စီးလေ၏။
"ဘုန်း…"
ဝမ်ရွှမ်လုံမှာ နောက်သို့ လွင့်စဉ်သွားကာ သွေးတစ်လုတ် အန်လိုက်ရသည်။ သူကား လျှပ်တစ်ပြက် အတွင်းမှာပင် ရှုံးနိမ့် သွားခဲ့ပြီ ဖြစ်လေသည်။
"ခုခံစမ်း…"
ဝမ်ရွှမ်လုံ ရှုံးနိမ့်သွားသည်ကို မြင်သည်နှင့် လီချန်းက ချန်းဖန်ထံသို့ တိုးဝင်လာကာ တိုက်ခိုက်၏။
လီချန်းကား လူငယ် လေးယောက်ထဲ၌ အစွမ်း အထက်ဆုံး ဖြစ်ကာ ဟန်ရှုံး သတ်မှတ်ချက် တွင်လည်း အမြင့်ဆုံး ဖြစ်သည်။ သူက လက်များအား စုစည်းလိုက်ရာ ကြယ်များမှာ ဓားများ အသွင် ပြောင်းလဲကာ ကောင်းကင်မှ ပြုတ်ကျ၏။
လူများမှာ မြေပြင်မှ ကြည့်ကြရာ လှပသော မိုးပေါက်များ အလား ဆင်းသက်လာသော ကြယ်ဓားများကို မြင်တွေ့ ကြရ၏။ ၎င်းတို့ကား အရေအတွက် အားဖြင့် ထောင်ပေါင်းများစွာ အထိ ရှိကာ တစ်ခုချင်းစီမှာ မူလ အဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်သည် အထိ အစွမ်း ထက်သည်။
"အဲဒါက ကောင်းကင် ကျောက်စိမ်း ကျောင်းတော်ရဲ့ စကြဝဠာ ဓား ကျင့်စဉ် မလား…"
ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုက ကောင်းကင်သို့ မော့ကြည့်ရင်း ရေရွတ် လိုက်သည်။
ကောင်းကင် ကျောက်စိမ်း ကျောင်းတော်၏ ဘိုးဘေးသည် ကြယ်များ၏ တုန်ခါမှုကို လေ့လာကာ ထိုဓားကျင့်စဉ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုကျင့်စဉ်သည် ကြယ် တစ်ခုချင်းစီကို ဓားတစ်ချောင်း အဖြစ် အသုံးပြုနိုင်ကာ တစ်ချိန်တည်း၌ ဓားအစင်းပေါင်း သန်းချီ အထိ ထုတ်ဖော် နိုင်သည်။ ၎င်းသည် ဟိုထျန်း နန်းတော်၏ "ရွှမ်ထျန်း ဓားကျင့်စဉ်"၊ ကျူးရွှမ် ဓားနန်းတော်၏ "ကောင်းကင် ဖျက်ဆီးခြင်း ဓားကျင့်စဉ်" တို့ နှင့်ပင် နှိုင်းယှဉ် နိုင်၏။
သို့သော်လည်း ကံမကောင်းစွာပင် ချန်းဖန် အတွက်မူ ထိုဓားကျင့်စဉ်မှာ ရိုးရှင်း လွန်းလှသည်။ သူက ကမ္ဘာကြီးကို ပင့်မသည့် အလား သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်သည်။ လက်သည် အရွယ်အစား ကြီးမားလာကာ ကောင်းကင်ကို အုပ်မိုး၍ ကြယ်များကို တားဆီး၏။
"ဘုန်း… ဘုန်း… ဘုန်း…"
လက်နှင့် ထိတွေ့သည်နှင့် ကောင်းကင်မှ ဆင်းသက်လာသည့် မရေမတွက်နိုင်သော ကြယ်ဓားများမှာ ကွယ်ပျောက် ကုန်ကြလေ၏။
"အဲဒါက…"
လီချန်းမှာ စိုးရိမ် သွား၏။ သို့သော်လည်း ချန်းဖန်၏ လက်က ရပ်တန့်ခြင်း မရှိပဲ ပိုမို၍ ကြီးမားလာသည်။ အဆုံး၌ ၎င်းသည် မိုင်တစ်ရာ အတွင်းရှိ အရာရာကို ဖုံးအုပ် သွားလေ၏။
လူတိုင်းသည် ကြီးမားသော လက်ကြီး အတွင်း၌ ကမ္ဘာသစ်ပင် တစ်ပင်ကို တွေ့မြင် ကြရသည်။ ထိုသစ်ပင်သည် အကိုင်းအခက်များကို ဖြန့်ကျက်၍ စကြဝဠာများကို ပင့်မထား၏။ ၎င်း၏ သစ်ရွက် တစ်ရွက်ချင်းစီကလည်း လျှို့ဝှက် ကမ္ဘာတစ်ခုကို သယ်ဆောင် ထားသည်။
"အဲဒါက ဘယ်လို ကောင်းကင် ကျင့်စဉ် မျိုးလဲ…"
တစ်ယောက်က နားမလည်စွာ မေးသည်။
"အဲဒါက ကောင်းကင် ကျင့်စဉ် မဟုတ်ဘူး… ဓမ္မ အစီအရင်လည်း မဟုတ်ဘူး… အဲဒါက နတ်ဘုရား ကျင့်စဉ် တကယ့် နတ်ဘုရား ကျင့်စဉ်ပဲ"
စန့်ရှန်းဂိုဏ်းချုပ်က မယုံကြည်နိုင်စွာ ရေရွတ် လိုက်၏။
"နတ်ဘုရား ကျင့်စဉ် ဟုတ်လား…"
လူတိုင်းက ထိတ်လန့်တကြားဖြင့် ချန်းဖန်အား ကြည့်လိုက်ကြသည်။
ကျင့်ကြံခြင်း လောက၌ နတ်ဘုရား ကျင့်စဉ်များ၊ နတ်ဘုရား အစီအရင်များမှာ လောက အရှင် ထံမှသာ ဆင်းသက် ကြသည်။ ထိုကျင့်စဉ်၊ အစီအရင် တစ်ခုချင်းစီမှာ လျှို့ဝှက် ဆန်းကြယ်သော ဥပဒေသနှင့် စည်းမျဉ်းတို့ကို သယ်ဆောင်ထားကာ ကောင်းကင် ကျင့်စဉ်များထက်ပင် ပို၍ အစွမ်းထက် ကြသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ… ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာတောင် တောင်တန်း အင်ပါယာက လွဲလို့ ဘယ်ဂိုဏ်းကမှ နတ်ဘုရား ကျင့်စဉ် များများစားစားကို ပိုင်ဆိုင် မထားဘူးလေ… နောက်ပြီး ချန်းပေ့ရွှမ်က မြေရိုင်းနယ် တစ်ခုက လာတာ မလား… ဘယ်လိုလုပ်ပြီး သူ့မှာ ဒီလို ကျင့်စဉ် တစ်ခု ရှိနေတာလဲ"
ဝမ်ရွှန်ဖုန်းက ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုအား ကြည့်ကာ မေးလိုက်သည်။
"ငါလည်း မသေချာတော့ မသိဘူး…"
ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုက တစ်ခဏမျှ တွေးကာ ပြန်ဖြေ လိုက်သည်။
"ဒါပေမဲ့ တစ်ချိန်တုန်းက ငါတို့ ထျန်းဟောင်ဂြိုဟ်မှာ လောက အရှင်တွေ ပေါ်ထွန်းခဲ့ ဖူးတယ်… ချန်းပေ့ရွှမ်းက လောကအရှင် တစ်ယောက်ရဲ့ အမွေအနှစ် အချို့ကို ကံကောင်းပြီး ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်"
"အဲ့လိုလား…"
ဝမ်ရွှမ်ဖုန်း အပါအဝင် လူတိုင်းမှာ အတွေးနက် သွားကြသည်။
နတ်ဘုရား ကျင့်စဉ်များကား အလွန် အဖိုးတန် လှသည်။ အကယ်၍ ချန်းဖန်သာ အမှန်တကယ် ပိုင်ဆိုင်ထားပါက ထိုအရာက ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကိုပင် တုန်လှုပ်စေလိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်း၌ ချန်းဖန်နှင့် လီချန်း၏ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
"ပွင့်စမ်း…"
လီချန်းက ကြယ်ဓားများကို ထိန်းချုပ်ကာ ချန်းဖန်၏ လက်ကို ထိုးဖောက်ရန် ကြိုးစားသည်။ သို့သော်လည်း ချန်းဖန်၏ လက်က ပိုမို၍ သိပ်သည်းကာ မာကျော လာသည်။ အဆုံး၌ ကြယ်ဓား အားလုံးကား လက်ဝါး၏ အရိပ် အောက်၌ ပိတ်ဆို့ ခံလိုက် ရတော့၏။
စကြဝဠာ ဓားကျင့်စဉ်နှင့် အဇူရာ သက်ရှည် ကျင့်စဉ်တို့၏ ထိပ်တိုက် တွေ့ဆုံမှု၌ အဇူရာ သက်ရှည် ကျင့်စဉ်ကား အနိုင်ရရှိ သွားခဲ့ပြီ ဖြစ်လေသည်။
"ငါလာပြီ…"
လီချန်း အရေးနိမ့်သည်နှင့် ဂူဖန်က ရှေ့သို့ ပြန်လည် တက်လာ၏။
သူသည် ချန်းဖန်၏ လက်ဝါး ရိုက်ချက်ကို ခံထားရသည့်တိုင် အခြေအနေ ကောင်းနေဆဲ ဖြစ်သည်။ သူက လျှင်မြန်စွာပင် ချန်းဖန် အနားသို့ ရောက်ရှိလာကာ လက်နှစ်ဖက်ကို ကြာပန်း သဏ္ဌာန် လက်အုပ်ချီ၍ ရှေ့သို့ တွန်းထုတ် လိုက်၏။
"ဘုန်း…"
ရုတ်တရက် ကျယ်လောင်သော အသံနှင့် အတူ ကြီးမားသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ် လာ၏။ ထိုပေါက်ကွဲမှုကြောင့် အရှိန်တွင် နတ်ဘုရား ကုန်းမြင့်ပင် တဖြည်းဖြည်း ယိုယွင်း ပျက်စီး လာသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
မရေမတွက်နိုင်သော ပေါက်ကွဲမှုများ အပြီး၌ ဂူဖန်မှာ သွေးအန်ကာ နောက်သို့ လွင့်စဉ် သွားတော့၏။ ထိုအခိုက်၌ သူ၏ အရေပြားများမှာ စုတ်ပြဲကာ သူ၏ အရိုးများမှာလည်း အပြင်သို့ ငေါထွက် နေ၏။ သူသည်လည်း ခဏ အတွင်းမှာပင် ရှုံးနိမ့်ကာ ဒဏ်ရာ ရသွားခဲ့ပြန်ပြီ ဖြစ်လေသည်။
"သေစမ်းကွာ…"
ထိုအချိန်မှာပင် ဝမ်ရွှမ်လုံက ရှေ့သို့ ပြေးတက် လာကာ ကျားဖြူ၏ စွမ်းအားဖြင့် တိုက်ခိုက် လိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ချန်းဖန်သည် ထိုလူငယ် သုံးယောက်၏ ရည်ရွယ်ချက်ကို ရိပ်မိ နေမိခဲ့ပြီ ဖြစ်သည်။ သူတို့သည် သူ့အား တစ်လှည့်စီ တိုက်ခိုက်ကာ လုံဟွာ၏ နဂါးဒုက္ခ ဓား နိုးထလာချိန် အထိ အချိန်ဆွဲ နေခြင်း ဖြစ်သည်။
"ဟဟ… တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာလောက်က ငါ့ကို အနိုင်ယူနိုင်မယ် လို့ ထင်နေတာလား…"
ချန်းဖန်က အနည်းငယ် ရယ်မောရင်း အင်္ကျီလက်ကို ခါကာ ဝမ်ရွှမ်လုံနှင့် လီချန်းတို့အား နောက်ဆုတ်ရန် ဖိအားပေး လိုက်သည်။ ချန်းဖန်သည် ရွှမ်ဝူ အစစ်အမှန် သဏ္ဌာန်ကို သုံးရန် စိတ်ကူး မရှိချေ။ သူ၏ အဇူရာ သက်ရှည် ခန္ဓာ ပင်လျှင် ထိုလူငယ်များကို အနိုင်ယူရန် လုံလောက်နေပြီ ဖြစ်သည်။
"ဘုန်း…"
ဂူဖန်၊ လီချန်းနှင့် ဝမ်ရွှမ်လုံတို့မှာ ငါးခါမြောက် လွင့်စဉ်ကာ သွေးများကို အန်ထုတ် လိုက်ရပြန်၏။ သူတို့ကား ချန်းဖန်၏ သာမန်ကာ လျှံကာ တိုက်ခိုက်မှုများတွင်ပင် အကြိမ်ကြိမ် ရှုံးနိမ့်နေခဲ့ပြီး အနိုင်ယူရန် မျှော်လင့်ချက် ကင်းမဲ့ နေခဲ့ပြီ ဖြစ်လေသည်။
"ချန်းပေ့ရွှမ်းက ဘယ်လို လုပ်ပြီး ဒီလောက် အထိ အစွမ်းထက် နေရတာလဲ"
ဝူချင်းယန်က မယုံကြည်နိုင်စွာ ရေရွတ် လိုက်သည်။
ချန်းပေ့ရွှမ်းက ဆေးပညာ တစ်ခုတည်း တွင်သာ ကျွမ်းကျင်သည် မဟုတ်ပါလား။ သူက အဘယ်ကြောင့် ဟန်ရှုံး သတ်မှတ်ချက်ဝင် များကိုပါ လွယ်ကူစွာ အနိုင်ယူ နေနိုင်ရသနည်း။
စီတုချန်းနှင့် ဝမ်ရွှမ်ဖုန်းတို့၏ မျက်နှာများကား ဖြူရော် နေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ထောင်ချောက်ကို ပြီးပြည့်စုံစွာ ပြင်ဆင်ခဲ့သော်လည်း ချန်းဖန်မှာ ထိုမျှ အထိ အစွမ်းလိမ့်မည်ဟု ယောင်၍ပင် မတွေးခဲ့မိကြချေ။
"သူက တကယ် အစွမ်းထက်တာပဲ… ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာတောင် ဟန်ရှုံး သတ်မှတ်ချက်ဝင်တွေပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ် ထင်တယ်"
ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုက တုန်ရီစွာဖြင့် ရေရွတ် လိုက်၏။
ယခု အချိန်၌ ဟူရှောင်၊ ဖန်ယုချင် အစရှိသည့် မြောက်နတ္ထိနယ်၏ လူငယ်များမှာ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ ထို့အတူ ဝမ်ရွှမ်ဖုန်း၊ လီချန်း စသော ဟန်ရှုံး သတ်မှတ်ချက်ဝင်များမှာလည်း နိုင်ရန် အခွင့်အရေး မရှိတော့ချေ။ လူတိုင်းက နောက်ဆုံး မျှော်လင့်ချက် ဖြစ်သော လုံဟွာအား ကြည့်လိုက်ကြ၏။
ရုတ်တရက် လုံဟွာ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ ထို့အတူ "နဂါး ဒုက္ခ" ဓားမှာလည်း နိုးထ လာခဲ့ပြီ ဖြစ်လေသည်။
***