← Chapters

ပြိုင်ဘက်ကင်း

Vol. 10 Ch. 913

ပြိုင်ဘက်ကင်း

Vol. 10 Ch. 913

မြောက်နတ္ထိနယ်၏ ကျင့်ကြံသူများမှာ အပြည့်အဝ နိုးထလာသည့် တစ်ဝက်တစ်ပျက် ရတနာ တစ်ခု မည်မျှ အစွမ်းထက်ကြောင်း မသိခဲ့ကြချေ။ သို့သော်လည်း ယခုတွင်မူ သူတို့သည် ထိုအရာကို မြင်တွေ့ရန် အခွင့်အရေး ရရှိ လာခဲ့ပြီ ဖြစ်သည်။

"ဘုန်း…"

အမတေ ချီလှိုင်း တစ်ခုသည် နဂါးဒုက္ခမှ ထွက်ပေါ်လာကာ အရပ်မျက်နှာ အဘက်ဘက်သို့ ကြုတ်ရင်း ကြမ်းကြုတ်စွာ ပျံ့နှံ့၏။ တစ်ချိန်တည်း၌ ခရမ်းရောင် မျက်လုံး ကောင်းကင် နဂါး တစ်ကောင်မှာ ဓားအတွင်းမှ ပျံသန်း ထွက်ပေါ်လာသည်။ ၎င်းနဂါးသည် ခရမ်းရွှေရောင် အတိဖြင့် ပြီးကာ အစစ်အမှန် နဂါးနှင့် ခွားခြား မရအောင် တူ၏။

"ခရမ်းရောင် မျက်လုံး ရွှေနဂါး…"

လူအများက ကောင်းကင်သို့ မော့ကြည့်ကာ သက်ပြင်းရှိုက် လိုက်ကြသည်။

၎င်းသည် တောင်ပိုင်း တစ်ခွင်၌ ကျော်ကြားသော သားရဲကြီး ဖြစ်ကာ ထျန်းဟောင်ဂြိုဟ်၏ သားရဲ ဘုရင်ဟုပင် ကျော်ကြားသည်။ ကံဆိုးစွာပင် ခရမ်းရောင် မျက်လုံး ရွှေနဂါးကြီးကား ကောင်းကင် အရှင် မိသားစု တစ်ခု ဖြစ်သည့် လုံမိသားစု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

"ဟူး…"

လုံဟွာသည် ဓားအား ဆွဲကိုင်ကာ ခရမ်းရောင် ချီများကို ဝန်းရံ၍ ရပ်နေ၏။ ထိုအခိုက်၌ သူမ၏ ခန္ဓာကိုယ်မှ စွမ်းအားများကား အလွန် ကြောက်မက်ဖွယ် ကောင်းကာ ရွှေအမြုတေ အဆင့်ထက် မြင့်သည့် မခန့်မှန်းနိုင်သော အဆင့် တစ်ခုသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

"ကောင်းကင် အရှင် တစ်ပိုင်း…"

လူတစ်ချို့က အံ့ဩမှင်သက်စွာ ရေရွတ် လိုက်ကြသည်။

ကောင်းကင် အရှင် တစ်ပိုင်း ဆိုသည်မှာ တန်ခိုး အဆင့် တစ်ခု မဟုတ်ချေ။ ရွှေအမြုတေ အဆင့်နှင့် ကောင်းကင် အရှင် အဆင့် အကြားရှိ ကွာခြားမှုမှာ များစွာ ကြီးမားကာ ဖြတ်သန်းရန်မှာလည်း အလွန်အမင်း ခက်ခဲသည်။ အကယ်၍ ရွှေအမြုတေ အဆင့် တစ်ယောက် အနေဖြင့် ကောင်းကင် အရှင်၏ စည်းမျဉ်းနှင့် လမ်းစဉ်၏ တစ်စိတ် တစ်ဒေသအား ထိတွေ့နိုင်လျှင်မူ သူ့အား ကောင်းကင် အရှင် တစ်ပိုင်းဟု ခေါ်ဆို ကြသည်။

"ချန်းပေ့ရွှမ်း… နင် အညံ့ခံမယ် ဆိုရင် ငါ နင့်အသက်ကို ချမ်းသာပေးမယ်"

လုံဟွာက ဓားအား ကိုင်ကာ ဆိုလိုက်သည်။

သူမ၏ စကားလုံး တစ်ခုချင်းစီသည် တောင်တန်းကိုပင် လှုပ်ခါစေ၏။ များစွာသော ကျင့်ကြံသူများ ဆိုလျှင် အသံလှိုင်း၏ တုန်ခါမှုကို မခံနိုင်ရကား နောက်သို့ပင် ဆုတ်နေကြပြီ ဖြစ်သည်။

"သူက ဘယ်လောက်တောင် အစွမ်းထက် နေတာလဲ…"

ယွင်ရီအာမှာ ကြောက်လန့် သွား၏။

လင်းဝူဟွာမှာလည်း စိတ်ပူစွာဖြင့် ကောင်းကင်ကို ကြည့်နေခဲ့သည်။ ချန်းဖန်ကား မိစ္ဆာဂိုဏ်း ခုနစ်ခုကို တစ်ကိုယ်တည်း အနိုင်ယူခဲ့သူ ဖြစ်ရာ သူမသည် ချန်းဖန် အပေါ် ယုံကြည်မှု ရှိခဲ့သည်။ သို့သော်လည်း လုံဟွာနှင့် ရတနာဓားက သူမ၏ ယုံကြည်မှုများကို တဖြည်းဖြည်း တိုက်စားနေခဲ့၏။

"ကောင်မလေး… ငါက အစေခံ တစ်ယောက် ရှာနေတာ… နင် လုပ်ချင်တယ်ဆို ငါ စဉ်းစားပေးမယ်"

ချန်းဖန်က အေးဆေးစွာပင် ပြုံးရင်း ပြောလိုက်သည်။

"နင်က သေချင်နေတာပဲ…"

လုံဟွာ၏ အမူအရာက အလွန်အမင်း အေးစက် သွား၏။

"ဘုန်း…"

သူမက နဂါးဒုက္ခအား ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် မျက်လုံး ကောင်းကင် နဂါးက အော်ဟစ်၏။ ‌၎င်း၏ အသံတွင် တောင်တန်းများမှာ ကျိုးပဲ့ကုန်ကာ အားနည်းသော ကျင့်ကြံသူများမှာလည်း သွေးမြူ အဖြစ် ပေါက်ကွဲ ကုန်သည်။

"ကလန့်…"

အားလုံး၏ အကြည့်များ အောက်တွင်ပင် နဂါးဒုက္ခသည် ပေသုံးထောင် ရှည်သော ဓားတစ်စင်း အဖြစ် ပြောင်းလဲ သွားသည်။ ထို့နောက် ၎င်းက လွှဲခုတ်ရာ လေထု၌ မရေမတွက်နိုင်သော သင်္ကေတများ ဖြစ်ပေါ် လာ၏။ ထိုသင်္ကေတများသည် ရွှေအမြုတေ အဆင့်ကိုပင် သတ်ဖြတ်နိုင်သော အင်အားကြီး စွမ်းအားများကို သယ်ဆောင်က ကျဆင်း လာ၏။

ထိုအရာကား ကောင်းကင် အရှင်များသာ ခုခံနိုင်သော တိုက်ခိုက်မှု ဖြစ်သည်။

သို့သော်လည်း ကံဆိုးစွာပင် ချန်းဖန်၏ အမြင်၌ ၎င်းကား ပေသုံးထောင် ရှည်သည့် ဓားအလင်း တစ်ခုသာ ဖြစ်သည်။ သူက အေးဆေးစွာပင် ဓားအား မော့ကြည့်ကာ ပြုံးလိုက်၏။

"ဆေးဧကရာဇ်ချန်းက ဘာလုပ် နေတာလဲ…"

များစွာသော လူများမှာ ချန်းဖန်ကို နားမလည်စွာ ကြည့်လိုက် မိကြ၏။

သူတို့သည် ချန်းဖန်က တစ်ဝက်တစ်ပျက် ရတနာ တစ်ခုကို ထုတ်ယူ၍ ခုခံလိမ့်မည်ဟု ထင်မှတ် ထားခဲ့သည်။ ချန်းဖန်ကား နတ်ဘုရား ကျင့်စဉ် တစ်ခုကို ပိုင်ဆိုင်ထားရာ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာကိုလည်း ပိုင်ဆိုင် နိုင်လောက်ပေသည်။

သို့သော်လည်း ချန်းဖန်ကား ယခု အထိ မည်သည့် လက်နက်ကိုမျှ ထုတ်ယူခြင်း မရှိခဲ့ချေ။ အကယ်၍ ဆန္ဒရှိလျှင်ပင် တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ တစ်ခုကို နှိုးထရန် အချိန်က နောက်ကျ နေခဲ့ပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်းမှာ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ ရှိရင်တောင်  လုံဟွာရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ ခုခံနိုင်တော့မှာ မဟုတ်ဘူး… တကယ်လို့ သူ့မှာ ကောင်းကင် ရတနာ ရှိရင်တော့ အခြေအနေက ပြောင်းလဲ နိုင်သေးတယ်"

လူများစွာက ထိုသို့ တွေးကာ ခေါင်းခါ လိုက်မိကြ၏။

ကောင်းကင် ရတနာ တစ်ခုက မည်မျှ အစွမ်းထက် သနည်း။ ကောင်းကင် အရှင် မိသားစုများ ပင်လျှင် အများဆုံး တစ်ခုသာ ပိုင်ဆိုင် နိုင်ကြသည်။

ရွှမ်တုနယ်၏ ဟူ မိသားစု၊ ကျန်းဟိုင်နယ်၏ ဝူမိသားစု၊ ကျိလန်နယ်၏ ဖန်မိသားစု… စသည့် မိသားစုများ အနေဖြင့် ကောင်းကင် မိသားစု ဟူသော ဂုဏ်ပုဒ်ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခြင်းမှာ ကောင်းကင် ရတနာကို ပိုင်ဆိုင် ထားခြင်းကြောင့်ပင် ဖြစ်သည်။

"ချန်းပေ့ရွှမ်း ရှုံးတော့မှာ လုံးဝ သေချာတယ်…"

စန့်ရှန်းဂိုဏ်းချုပ်က အခိုင်အမာ ဆိုလိုက်၏။

"တကယ်လို့ အဲဒီ တိုက်ခိုက်မှုကနေ အသက်ရှင် လွတ်မြောက်မယ် ဆိုရင်တောင် ကြီးကြီးကျယ်ကျယ် ဒဏ်ရာ ရမှာပဲ… အဲဒီ အခါကျရင် အခြား လူငယ် သုံးယောက်ကို သူ ဘယ်လိုမှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး"

ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုနှင့် အခြား လူများက ခေါင်းညိတ် လိုက်ကြသည်။

"ဘုန်း…"

ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်သည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ တစ်ဆက်တည်း လိုလိုပင် သူက ကောင်းကင်သို့ အဇူရာကြယ် တစ်စင်း အလား ထိုးတက် သွားသည်။

"ဘုန်း…"

နောက်တစ်စက္ကန့် အကြာ၌ အဇူရာကြယ်နှင့် ဓားအလင်းသည် ကောင်းကင်တွင် ထိပ်တိုက် တွေ့ဆုံလေ၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်သို့ မော့ကြည့်ကြရာ တစ်သက်တာ မမေ့နိုင်သော မြင်ကွင်းကို မြင်တွေ့ ကြရသည်။ အရပ်ရှည်ကာ လှပသော လုံဟွာသည် နဂါး ဒုက္ခကို ကိုင်ဆောင်ကာ ကောင်းကင်၌ ရုပ်တု အလား ရပ်တည်နေ၏။ သူမ၏ ခရမ်းရောင် ဆံပင်ရှည်များမှာမူ လေနှင့် အတူ လွင့်မြော နေသည်။

သူမ၏ အောက်တွင်မူ… အဇူရာ ဝတ်စုံဝတ် ချန်းဖန်သည် လက်တစ်ဖက်ကို နောက်ပစ်ကာ အခြား လက်တစ်ဖက်ဖြင့် နဂါးဒုက္ခအား ဆုပ်ကိုင် ထား၏။ ဓားမှာ ကြောက်မက်ဖွယ် ဟိန်းဟောင်သံကို မြည်ကြွေးကာ နဂါး တစ်ကောင် အလား ရုန်းကန်နေသည်။

"သူ… သူက ဓားကို လက်တစ်ဖက်တည်းနဲ့ တားလိုက်တာလား…"

ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နု၏ မျက်လုံးများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ပြူးကျယ် သွားကြသည်။ ဝမ်ရွှမ်ဖုန်း၊ စီတုချန်း တို့ အပါအဝင် အခြား ကျင့်ကြံသူ များမှာမူ ဖြူရော် သွားကြ၏။

ထိုတိုက်ခိုက်မှုမှ ချန်းဖန် လွတ်မြောက် လိမ့်မည် ဟု မည်သူမျှ ထင်မှတ် မထားခဲ့ ကြချေ။ ထိုအရာက ကောင်းကင် အရှင်များသာ စွမ်းဆောင်နိုင်သော အရာ ဖြစ်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ… ကောင်းကင် အမြုတေကို ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီ‌တွေထဲက ကျင့်ကြံသူတွေပဲ အဲ့လို စွမ်းအားကို ပိုင်ဆိုင်ကြတာ မလား…"

ဝမ်ရွှမ်ဖုန်းမှာ ထိုအရာကို လုံးဝ နားမလည် နိုင်ချေ။ ထို့အတူ ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုနှင့် ဝူညီအမ တို့မှာလည်း မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။

"ဘုန်း…"

ချန်းဖန်က လက်အား ဝှေ့ယမ်းကာ လုံဟွာနှင့် နဂါး ဒုက္ခဓား နှစ်ခု စလုံးကို မြေပြင်ပေါ် ပစ်ချ လိုက်သည်။ နောက်တစ်ကြိမ် ပြန်လည် ထလာချိန်တွင်မူ လုံဟွာ၏ မျက်နှာ တစ်ခုလုံးက သွေးဆုတ် ဖြူရော် နေခဲ့ပြီ ဖြစ်လေသည်။

"နင်… နင် ဘယ်လိုလုပ်ပြီး နဂါး ဒုက္ခဓားကို လက်နဲ့ တားနိုင်တာလဲ… ငါ့ အဘိုးနဲ့ ငါ့အဖေတောင် အဲ့လို မလုပ်နိုင်ဘူး"

"ငါပြောသားပဲ… နင်တို့က ငါ့အတွက် အရမ်း အားနည်းပါတယ် လို့"

ချန်းဖန်က အပေါ်စီးမှ နေ၍ ငုံ့ကြည့်ကာ ပြောလိုက်၏။

"နင်…"

လုံဟွာ၏ မျက်နှာက ဒေါသဖြင့် အရောင် ပြန်လွှမ်း လာခဲ့သည်။

နဂါးသင်္ချိုင်း နယ်၏ နတ်မိမယ် တစ်ယောက် အနေဖြင့် သူမသည် ထိုသို့ အရှက်ခွဲ ခံရမှုမျိုး မကြုံခဲ့ဖူးချေ။ ယခု အဖြစ်အပျက်က အိမ်မက်ဆိုး အဖြစ် သူမအား နှစ်ပေါင်းများစွာ လိုက်လံ ခြောက်လှန့် နေတော့မည်မှာ သေချာပေသည်။

"နတ်မိမယ် လုံဟွာ… စိတ်ဓာတ် မကျနဲ့… သူ့ လက်ကို ကြည့်လိုက်…"

လီချန်းက ရုတ်တရက် ဝမ်းသာအားရ ပြောလိုက်၏။

လူတိုင်းက အကဲခတ် လိုက်ကြရာ ချန်းဖန်၏ ညာလက်၌ ဒဏ်ရာတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ကြရသည်။ ထိုဒဏ်ရာသည် သုံးလက်မခန့် ရှည်လျားကာ ကျောက်စိမ်းတုံး ပေါ်မှ အက်ရာ တစ်ခုအလား သဏ္ဌာန် တူညီသည်။ ဒဏ်ရာ၏ အဝတွင်မူ အဇူရာရောင် သွေးများက စိမ့်ကာ စီးထွက် နေသည်။

"ချန်းပေ့ရွှမ်း ဒဏ်ရာ ရသွားတာလား…"

လုံဟွာ၏ မျက်လုံးများမှာ လှပစွာ တောက်ပ သွား၏။

သို့သော်လည်း ချန်းဖန်က ထိုဒဏ်ရာကို သတိပြုမိပုံပင် မရချေ။ သူက အေးဆေးစွာပင် သူ့အား ဝန်းရံနေသည့် လူငယ် သုံးယောက်ကို ကြည့်လိုက်သည်။

"ဘယ်လိုလဲ မင်းတို့က ထပ်ပြီး တိုက်ခိုက်ချင် သေးတာလား…"

"ဟမ့်… ချန်းပေ့ရွှမ်း… လုံဟွာကို နိုင်တာနဲ့ ငါတို့ အားလုံးကိုပါ နိုင်ပြီလို့ ထင်မနေနဲ့… ငါတို့မှာ ဝှက်ဖဲတွေ ရှိသေးတယ်"

ဂူဖန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ဖြာထွက်လာသည်။ သူ့ ကဲ့သို့ပင် ဝမ်ရွှမ်လုံနှင့် လီချန်းတို့ ထံမှလည်း တူညီသော အရှိန်အဝါ ထွက်ပေါ် လာ၏။

ထိုထိပ်သီး လူငယ်များကား သူတို့၏ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာများဖြင့် တိုက်ခိုက် ကြပေတော့မည်။  အကယ်၍ လုံဟွာ၏ နဂါးဒုက္ခနှင့် ပေါင်းပါက တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ အရေအတွက်ကား လေးခု အထိ ရှိနေခဲ့ပြီ ဖြစ်လေသည်။

"ဟဟ… မင်းတို့မှာပဲ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ ရှိတယ် လို့ ထင်နေတာလား…"

ချန်းဖန်က ပြုံးကာ အနက်ရောင် ဓားတစ်ချောင်းကို ထုတ်ယူ လိုက်၏။ ထိုဓားသည် မရဏပြည်မှ လာသည့် အလား အဆုံးမဲ့ နတ်ဆိုးချီများကို ထုတ်လွှတ်နေသည်။

"ဒီနေ့ အစစ်အမှန် ဓားကျင့်စဉ် တစ်ခုက ဘယ်လိုလဲ ဆိုတာ မင်းတို့ကို ငါ ပြရသေးတာပေါ့…"

စကားဆုံးသည်နှင့် ဓားချီက ကောင်းကင်သို့ ထိုးတက်ကာ မြစ်တစ်စင်း အသွင် ပြောင်းလဲ သွား၏။ လေထုကား နတ်ဆိုးချီများဖြင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်လေသည်။

***

ထျန်းဟောင်ဂြိုဟ်သက် ၁၂၉၆၅၃ နှစ်၊ ၈ လပိုင်း ၁၇ ရက်…

‌ပေ့ဟန်နယ်မှ ကျင့်ကြံသူ ချန်းပေ့ရွှမ်းသည် ‌ဟူရှောင်နှင့် မြောက်နတ္ထိနယ်၏ လူငယ် ကျင့်ကြံသူ ရှစ်ယောက်ကို သတ်ဖြတ် ခဲ့သည်။ ထို့နောက် သူသည် ဓားတစ်ချက်ဖြင့် ဟန်ရှုံး သတ်မှတ်ချက်ဝင် လေးယောက်ကို ရှုံးနိမ့် စေခဲ့၏။

***

All Chapters