← Chapters

မြောက်နတ္ထိနယ်တွင် မုန်တိုင်း ထန်ခြင်း

Vol. 10 Ch. 914

မြောက်နတ္ထိနယ်တွင် မုန်တိုင်း ထန်ခြင်း

Vol. 10 Ch. 914

မြောက်နတ္ထိ ကောင်းကင်နယ်၊ ကြယ်ကြွေ မြို့တော်…

ထိုအသစ် တည်ဆောက်ထားသော မြို့တော်သည် စတုရန်း ကီလိုမီတာ ရာချီသာ ကျယ်ဝန်ပြီး ‌ပေ့ဟန်နယ်၊ တော်ဝင် မြို့တော်၏ အရွယ်အစားခန့် ရှိသည်။ သို့သော်လည်း မြို့တော် အတွင်းရှိ မြင်ကွင်းမှာမူ ပုံမှန်နှင့် မတူပဲ တမူ ကွဲပြားနေ၏။

ကြယ်ကြွေ မြို့တော်သည် ညကောင်းကင်ရှိ ကြယ်များကို အတုယူတာ တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆောက်အဦ တစ်ခုချင်းစီသည် လင်းလက်နေသော ကြယ်တစ်ခုချင်းစီကို ရည်ညွှန်း၏။ မြို့တော် လမ်းမများကိုမူ ကျောက်တုံးများဖြင့် တည်ဆောက်ထားကာ နက္ခတ်တာရာ သင်္ကေတများဖြင့် အလှဆင် ထားသည်။

ဝိညာဥ် စွမ်းအင်များမှာ မြို့တော်၏ ဧရိယာ တစ်ခွင်လုံး၌ ပြည့်နှက်နေကာ တိုးညှင်းသော လေချွန်သံများကို ဖန်တီး နေ၏။ ထိုအရာက သူတော်စင် ဘုန်းတော်ကြီးတို့၏ သုတ္တံ ရွတ်ဖတ်သံများ အလား စိတ်၏ ငြိမ်းချမ်းခြင်းကို ဆောင်ယူ နေလေသည်။

ကြယ်ကြွေမြို့တော်၏ အလယ် ဗဟိုတွင်မူ တလက်လက် တောက်ပနေသော နေရာ တစ်ခု ရှိပြီး ထိုနေရာ၏ အလယ်၌ ခမ်းနားသော နန်းတော် တစ်ခု ရှိ၏။ ၎င်း နန်းတော်၏ ဝင်ပေါက်တွင်မူ "ကြယ်‌ငေး နန်းတော်" ဟူသည့် စာတန်းပါ ကျောက်ပြား တစ်ခုကို တွေ့မြင်နိုင်သည်။ ထို ကြယ်ငေး နန်းတော်ကား ကြယ်ကြွေ မြို့တော်၏ နှလုံးသား ဖြစ်သလို ဝမ်မိသားစု၏ မြင့်မြတ် နယ်မြေလည်း ဖြစ်သည်။

ယနေ့၌ ဝမ်မိသားစု ခေါင်းဆောင်များသည် ကြယ်ငေး နန်းတော် အတွင်း စုဝေး နေကြသည်။ သူတို့ထံသို့ အထူး ဧည့်သည် တစ်ယောက် ရောက်ရှိ လာခြင်းကြောင့် ဖြစ်၏။

"ဟား… ဟာ… ကျုပ်တို့ရဲ့ နေရာ သေးသေးလေးကို မိတ်ဆွေလေး ချန်ရှန်း ရောက်လာတာ ဂုဏ်ယူစရာပါပဲ"

ကြယ်ငေး နန်းတော်၏ အလယ်၌ ထိုင်နေသော အဘိုးအိုက ရယ်မောရင်း ဆိုလိုက်သည်။

သူသည် တောက်ပသော အစက်အပျောက်များ ပါရှိသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ ဖြူဖွေးနေသော ဆံပင်ရှည်များနှင့် အိုတွ‌နေသော မျက်နှာတို့က သူ၏ ကိုယ်တွင်းမှ စွမ်းအားကို ဖုံးကွယ်နိုင်ခြင်း မရှိခဲ့ချေ။

ထိုအဘိုးအိုကား ဝမ်မိသားစု ခေါင်းဆောင် ဝမ်ထင်းချန် ပင် ဖြစ်သည်။ သူသည် ဝမ်မိသားစု၏ ကောင်းကင် အရှင် နက္ခတ် ပင်လယ်၏ တစ်ဦးတည်းသော မြေးလည်း ဖြစ်၏။

ဝမ်ထင်းချန်၏ ဘေးတွင်မူ ချောမောသည့် ဆယ်ကျော်သက် လူငယ် တစ်ယောက် ထိုင်နေခဲ့သည်။ သူသည် ရှည်လျားသည့် အနက်ရောင် ဆံပင်များကို ကျောက်စိမ်း သရဖူ တစ်ခုဖြင့် မတင်ထား၏။ သူ၏ ပုံစံကား နုငယ်သော ကျောင်းတော်သား တစ်ယောက်နှင့်ပင် တူနေသေးသည်။

သူကား ချန်ရှန်း ကောင်းကင် နယ်မြေမှ နာမည်ကျော် ဟန်ရှုံး သတ်မှတ်ချက်ဝင် လော့ချန်ရှန်းပင် ဖြစ်သည်။

"ဦးလေးဝမ်နဲ့ အကြီးအကဲတို့… ကျွန်တော်က မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ မြောက်နတ္ထိနယ်ကို လာလည်ပတ်တာပါ… နောက်ပြီး ကျုပ်မှာ ဆေးဧကရာဇ်ချန်းကို တွေ့ဆုံဖြို ဆန္ဒလည်း ရှိပါတယ်… ကျုပ် သူ့ အကြောင်းတွေ ခဏခဏ ကြားရတော့ သူ့ကို အပြင်မှာ မြင်ဖူးချင်တာ ကြာပါပြီ"

လော့ချန်ရှန်းက ယဉ်ကျေးသည့် အမူအရာဖြင့် ဆိုလိုက်သည်။

"ဒါဆို မိတ်ဆွေလေး ကံကောင်းတာပဲ… မကြာခင်မှာ သူ့ကို တွေ့ရမှာပါ"

ဝမ်မိသားစု အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။

"မကြာခင်… ဟုတ်လား…"

လီချန်ရှန်းက ပြန်လည် မေးခွန်းထုတ် လိုက်၏။

"ဒီလိုပါ…"

ဝမ်မိသားစု မဟာ အကြီးအကဲ ဝမ်ထင်းရီက အနည်းငယ် ပြုံးကာ ရှင်းပြလိုက်သည်။

"အခု ဆေးဧကရာဇ်ချန်းက လီချန်း ဂူဖန် နဲ့ လုံမိန်းကလေးတို့နဲ့ အတူ လင်ကျင်း ညီလာခံမှာ ရှိနေပါတယ်… လီချန်းရဲ့ ကောင်းကင် ကျောက်စိမ်း‌ ကျောင်းတော်က နောက်ဆုံး ဆေးဧကရာဇ် ပေါ်ထွက်ခဲ့တဲ့ နေရာ ဆိုတော့ သူတို့ အကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်"

"နောက်ပြီး ဆေးဧကရာဇ် ဆိုတာက ကောင်းကင် အရှင်တွေနဲ့တောင် ယှဉ်နိုင်တဲ့ ဘွဲ့ထူး တစ်ခုလေ… ကျုပ်တို့လို ကောင်းကင် အရှင် မိသားစုတွေတောင် ဆေးဧကရာဇ်ကို လေးစားမှု ပြသရတယ်… ဒီလို အရေးပါတဲ့ ဂုဏ်ပုဒ်ကို မြေရိုင်းနယ် တစ်ခုရဲ့ သာမန် သမားတော် တစ်ယောက်က ရနိုင်ပါ့ မလား ဆိုတာ လူတော်တော်များများကလည်း သံသယ ရှိနေကြတယ်… ဒီတော့ ရှုပ်ထွေးတဲ့ ပြဿနာတွေ ဖြစ်မလာခင် သူ့ရဲ့ ဂုဏ်ပုဒ်ကို ဆန်းစစ်ဖို့ အတွက် ဖိတ်ခေါ်ထားတယ် ဆိုပါတော့"

ဝမ်ထင်းရီက ပိုင်နိုင်စွာ ပြုံးရင်း သူ၏ စကားကို အဆုံးသတ် လိုက်၏။

"ကောင်းပြီလေ… ဒါဆိုလည်း ကျွန်တော် ဒီမှာပဲ နေပြီး စောင့်ရတော့မှာပေါ့"

လော့ချန်ရှန်းက အနည်းငယ် စဉ်းစားကာ ခေါင်းညိတ် လိုက်၏။

"ဝှစ်…"

ထိုအချိန်မှာပင် ငွေရောင် ကြယ်အလင်း တစ်ခုသည် ကောင်းကင်မှ ကြယ်ငေး နန်းတော်သို့ ပျံသန်းလာကာ ဝမ်ထင်းချန်၏ လက်သို့ ဆင်းသက်လေသည်။

"နက္ခတ် စာလွှာပါလား… ကြည့်ရတာ လင်ကျင်း ညီလာခံက လာတာပဲ… ငါ့အထင် ချန်းပေ့ရွှမ်းကို ထိန်းချုပ် နိုင်‌လိုက်ပြီ ဆိုတဲ့ အကြောင်း သတင်းပို့တာပဲ ဖြစ်ရမယ်…"

မဟာ အကြီးအကဲ ဝမ်ထင်းရီက ဝမ်ထင်းချန်၏ လက်ထဲရှိ စာကို ကြည့်ကာ ခန့်မှန်း လိုက်၏။ အခြားလူများကလည်း သဘောတူဟန် ခေါင်းညိတ် လိုက်ကြသည်။ သို့သော်လည်း မကြာခင်မှာပင် ဝမ်ထင်းချန်၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာသည်ကို လူတိုင်း သတိပြုမိလာကြ၏။

"ဘာလို့လဲ…"

ဝမ်ထင်းရီက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ဝမ်ထင်းချန်က အဖြေ မပေးပဲ လက်ထဲရှိ စာကိုသာ ခပ်ကျယ်ကျယ် ဖတ်ပြလိုက်သည်။

"အားလုံး သဘောတူ ဆုံးဖြတ် အပြီးမှာ ချန်းပေ့ရွှမ်းရဲ့ ဆေးဧကရာဇ် ဆိုတဲ့ ဘွဲ့ထူးကို ပြန်ရုတ်သိမ်းခဲ့တယ်… အဲဒီနောက် ချန်းပေ့ရွှမ်းက ဟူရှောင် ဖန်ယုချင်နဲ့ အခြားလူငယ် သုံးယောက်ကို သတ်ပစ်လိုက်တယ်… သူ့ရဲ့ သစ်သား ဒြပ်စပ် နတ်ဘုရား စွမ်းအားက မျှော်လင့်ထားတာထက် အများကြီး ပိုပြီး အစွမ်းထက်တယ်… ကျွန်တော်နဲ့ လီချန်းတို့ သုံးယောက် ပေါင်းပြီး သူ့ကို တိုက်ခိုက်ခဲ့ပေမဲ့ အဆုံးမှာ ရှုံးနိမ့်ခဲ့တယ်"

ဝမ်ထင်းချန်၏ စာဖတ်သံ အဆုံး၌ ကြယ်ငေး နန်းတော် တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ် သွားလေသည်။

မဟာ အကြီးအကဲ ဝမ်ထင်းရီမှာ ရုပ်တု တစ်ခု အလား အေးခဲနေ၏။ အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းက သူ၏ မျက်နှာတွင် ရေးခြယ်နေသည်။

များစွာသော အကြီးအကဲများမှာမူ ထိုင်ခုံ၌ ဆက်၍ မထိုင်နိုင်အောင်ပင် စိတ်လှုပ်ရှား နေကြပြီ ဖြစ်သည်။ အတည်ငြိမ်ဆုံး ဖြစ်သော ကျိလော့ချန်း ပင်လျှင် မျက်မှောက်ကြုတ်ကာ သတင်းကြောင့် စိတ်မတည်မငြိမ် ဖြစ်သွားပုံ ရသည်။

သတင်းက ဝမ်မိသားစု တစ်ခုတည်း ကိုသာ ရောက်ရှိလာခြင်း မဟုတ်ချေ။ မြောက်နတ္ထိနယ်၊ ပြည်နယ် ဆယ့်သုံးခုလုံးကိုပါမုန်တိုင်း တစ်ခုနှယ် ပျံ့နှံ့ နေခဲ့ပြီ ဖြစ်သည်။ မရေမတွက်နိုင်သော လူများမှာ သတင်းကို ကြားသည်နှင့် ဆွံ့အ ကုန်ကြ၏။

"အဲဒါက တကယ်ပဲလား… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…"

"ထွက်လာတဲ့ သတင်းတွေ အရဆို ဝမ်မိသားစုကလည်း နက္ခတ် စာလွှာကို လက်ခံ ရရှိတယ် တဲ့… သတင်းက မမှားနိုင်ဘူး… သခင်ကြီးဝမ်တောင် ဒေါသထွက်နေတယ် လို့ ငါ ကြားတယ်"

"တကယ့်ကို မယုံကြည်နိုင်စရာပဲ… အဲဒါဆို ချန်းပေ့ရွှမ်းက ဆေးလုံး ဖန်တီးတဲ့ နေရာမှာတင် မကဘူး… တိုက်ခိုက်ရေး မှာပါ အရမ်း အစွမ်းထက်တာပေါ့… ဒီအတိုင်းဆိုရင် သူ့ရဲ့ နာမည်က မကြာခင် ဟန်ရှုံး သတ်မှတ်ချက်မှာ ပါလာမှာ လုံးဝ သေချာတယ်"

"ဟုတ်တယ်… သူက ထိပ်ဆုံး အဆင့် တစ်ဆယ် အတွင်း မဝင်ရင်တောင် နှစ်ဆယ် အတွင်းတော့ ဝင်မှာ လို့ ငါ လောင်းရဲတယ်"

များစွာသော လူများမှာ သတင်း အသစ် အကြောင်းကို စိတ်ဝင်တစား စတင် ဆွေးနွေး ကြ၏။

သူတို့၏ အမြင်၌ ချန်းပေ့ရွှမ်း ဆိုသော ကောင်လေးမှာ ဆေး ဖော်စပ်ရာ၌ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သော သာမန် ဝမ်ရှင်း တန်ခိုးရှင်လေး တစ်ယောက်သာ ဖြစ်သည်။ အခြား တစ်ဖက်၌ ဟူရှောင်နှင့် ဖန်ယုချင်တို့မှာမူ မြောက်နတ္ထိနယ် လူငယ် မျိုးဆက်၏ ထပ်တန်း ပါရမီရှင်များ ဖြစ်သည်။ သူတို့သည် အဆင့်မြင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားကြကာ ပြည်နယ် သခင်များနှင့်ပင် ယှဉ်ပြိုင်နိုင်ကြသူများ ဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်း ဆိုသော ကောင်လေးက မြောက်နတ္ထိနယ်၏ ပါရမီရှင်များအား သတ်လိုက်သည် ဆိုသည်။ ထိုအရာက သူတို့ အတွက် ယုံကြည်ရန် ခက်ခဲ လွန်းလှ၏။

"ငါတို့ မြောက်နတ္ထိနယ်မှာ နောက်ထပ် ကောင်းကင် အရှင် နက္ခတ် ပင်လယ် တစ်ယောက်တော့ ပေါ်လာပြီ ထင်တယ်… အနာဂတ်မှာ ဆေး ဧကရာဇ်ချန်းက ကောင်းကင် သမားတော် တစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတာ သံသယ ရှိစရာ မလိုတော့ဘူး"

တစ်ချိန်တည်း၌ များစွာသော လူများမှာ ကောင်းကင် အရှင် မိသားစုများ၏ တုန့်ပြန်မှုကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်း နေကြ၏။

"ဆေးဧကရာဇ်ချန်းက ဟူရှောင်ကို သတ်ပစ်လိုက်တယ် ဆိုတော့ ဟူမိသားစု ဘက်ကရော ဘယ်လို တုန့်ပြန်မှာလဲ…"

ကောလဟာလများ အရ ဆိုလျှင် အရှင်ဟူသည် သတင်းအား ကြားသည်နှင့် အနီးရှိ တောင်တန်း တစ်ခုကို ဖျက်ဆီး ပစ်ခဲ့သည်ဟု ဆိုသည်။

***

ဆေးပညာ အစည်းအရုံး၊ ဆေး မျှော်စင် ထိပ်ဆုံးထပ်၌…

ဆေးသခင်သည် မည်းမှောင်သော မျက်နှာဖြင့် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ တစ်ခဏ အကြာ၌ သူသည် အခြား အကြီးအကဲများထံ တစ်စုံတစ်ခုအား မှာကြားကာ ခန်းမ တစ်ခု အတွင်းသို့ ဝင်သွားလေ၏။

သူကား အချိန်ကာလ တစ်ခု အထိ  တံခါးပိတ် ကျင့်ကြံတော့မည် ဖြစ်သည်။ ထိုအတောအတွင်း သူသည် အပြင်ကိစ္စများကို ဝင်ပါတော့မည် မဟုတ်ချေ။

***

ထိုအချိန် ဖန် ကောင်းကင် အရှင် မိသားစု၊ ဟူ ကောင်းကင် အရှင် မိသားစုတို့၌…

များစွာသော အကြီးအကဲများမှာ ဒေါသထွက် နေကြ၏။

"သူက ငါတို့ ဖန်မိသားစုရဲ့ ဆက်ခံသူကိုမှ သတ်လိုက်တာပဲ… အဲဒီ အတွက် သူ ပြန်ပြီး ပေးဆပ်ရမယ်"

"မိသားစု တပ်မဟာတွေ အားလုံးကို အသင့် ပြင်ခိုင်းထားလိုက်… ငါတို့ ချန်းပေ့ရွှမ်းကို သင်ခန်းစာ တစ်ခု ပေးမှ ဖြစ်မယ်… ကောင်းကင် အရှင် မိသားစု တစ်ခုကို လာရှုပ်လို့ မရဘူး ဆိုတာ သူ့ကို သိအောင် သင်ပေးရမယ်"

သို့သော်လည်း အချို့ အကြီးအကဲ များမှာမူ ငြိမ်သက်စွာ တွေးတော ဆင်ခြင် နေကြ၏။ သူတို့တွင် သိထားသမျှ အရာ ဟူ၍ ချန်းဖန်၏ အစွမ်းမှာ မိသားစု ခေါင်းဆောင်များ နှင့်ပင် ယှဉ်နိုင်သည် ဆိုသော အကြောင်းအရာ တစ်ခုသာ ရှိသည်။

"ဆန်းကြယ်တဲ့ နတ်ဘုရား ကျင့်စဉ်…"

"လျှို့ဝှက်တဲ့ ကျင့်ကြံခြင်း အဆင့်…"

"နတ်ဆိုးချီနဲ့ ဘာမှန်း မသိရဲ့ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ…"

"ပြိုင်ဘက်ကင်း ဆေးပါရမီ…"

ထိုအကြောင်းအရာများက ချန်းဖန်၏ နောက်ကြောင်းမှာ မရိုးကြောင်း ဖော်ပြ နေသည်။ သူက ဂိုဏ်းကြီး တစ်ခု၏ တပည့် တစ်ဦးပင် ဖြစ်နေမည်လား မည်သူမျှ မပြောနိုင်ချေ။

နောက်ဆုံးတွင်မူ ကောင်းကင် အရှင် မိသားစုတိုင်းမှာ ချန်းဖန်ထံ အလောတကြီး သွားရောက်ကာ လက်စား မချေသေးရန် ဆုံဖြတ် လိုက်ကြသည်။ သူတို့က တိကျသော အခြေအနေ တစ်ခု သို့မဟုတ် ခိုင်မာသော သတင်း တစ်ခုကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်း နေကြလေ၏။

***

All Chapters