လက်စားချေခြင်း
Vol. 10 Ch. 915
တစ်ချိန်တည်း၌ လင်ကျင်း ညီလာခံမှာ ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။ များစွာသော လူများသည် ဆွံ့အစွာဖြင့် ကောင်းကင်သို့ မော့ကြည့် နေကြ၏။
လုံဟွာ၊ ဂူဖန်၊ ကောင်းကင် ကျောင်စိမ်း မင်းသားလေး…
စသည်ဖြင့် တစ်ယောက်ချင်းစီကား ကောင်းကင် အရှင် မိသားစုများ၏ ဘိုးဘေးများ ကဲ့သို့ အစွမ်းထက်ကြသူများ ဖြစ်သည်။ သို့သော်လည်း သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုကပင်လျှင် ချန်းပေ့ရွှမ်း ဆိုသော လူငယ်လေးအား အနိုင်ယူရန် ကျရှုံးခဲ့သည်။
"အဟွတ်…"
လုံဟွာက ချောင်းဆိုးရင်း သွေးတစ်ပွက် အန်လိုက်၏။ သူမ ဝတ်ဆင်ထားသော အင်္ကျီမှာလည်း ရွှေရောင် သွေးများဖြင့် ပေကျံ နေခဲ့ပြီ ဖြစ်သည်။
ထို့အတူပင် ဂူဖန်၏ ခန္ဓာကိုယ် တစ်ဝက်မှာ မီးကျွမ်းကာ မည်းတူးနေသည်။ ထို့အတူ ဝမ်ရွှမ်လုံ၏ အရေပြားများမှာလည်း ဓားရာများဖြင့် ပြည့်နှက် နေ၏။
သူတို့နှင့် ယှဉ်ပါက ကောင်းကင် ကျောက်စိမ်း မင်းသားလေးမှာ အခြေအနေ ကောင်းသေးပုံ ပေါ်၏။ သူက လေထု၌ မားမားမတ်မတ် ရပ်နေနိုင်ဆဲ ဖြစ်သည်။
"ဘယ်လိုလဲ… မင်းတို့ ဆက်ပြီး တိုက်ခိုက်ချင် သေးလား…"
ချန်းဖန်က ထိုလေးယောက်အား ကြည့်ကာ ပြုံးလိုက်၏။
သူသည် ဟန်ရှုံး သတ်မှတ်ချက်ဝင် လေးယောက်နှင့် တိုက်ပွဲ တစ်ပွဲကို တိုက်ခိုက် ခဲ့ရသည့်တိုင် အနည်းငယ်ပင် မမောပန်း သေးချေ။ ထို့အတူ သူ၏ အင်္ကျီတွင်လည်း ခေါက်ချိုး တွန့်ကြေရာ တစ်ခုပင် မဖြစ်ပေါ် သေးချေ။
"နင့်ဓားရဲ့ နာမည်က ဘာလို့ ခေါ်လဲ…"
လုံဟွာက မေးလိုက်၏။ သူမ၏ အသံက ခြောက်သွေ့ကာ အက်ကွဲနေပြီး သူမ၏ မျက်လုံးများမှာမူ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
"ကောင်းကင်ဖြတ် နတ်ဆိုးဓား…"
ချန်းဖန်က ပြန်ဖြေ လိုက်သည်။
"ဓားကောင်းတစ်လက်ပဲ…"
လီချန်းက ဖြူရော်စွာ ပြုံးလိုက်၏။ ထို့နောက် သူက ခေါင်းအား ငုံ့ကာ ဆက်ပြော လိုက်သည်။
"ငါတို့ မင်းကို အထင်မှားခဲ့မိတယ်… မင်းရဲ့ စွမ်းအားက ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး ဆယ်ယောက်နဲ့တောင် နှိုင်းယှဉ်နိုင်မယ် ထင်တယ်… ငါတို့ အရှုံးကို ဝန်ခံပါတယ်"
"ဟုတ်တယ်… ဒီတိုက်ပွဲ အပြီးမှာ မင်းက ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး ဆယ်ယောက်ထဲကို ဝင်သွားမှာ သေချာတယ်… မြောက်နတ္ထိနယ်က ဒီလို ပါရမီရှင်မျိုးကို ရထားတာ ကံကောင်းတာပဲ"
ဂူဖန်ကလည်း ချန်းဖန်ကို လေးစားစွာ ကြည့်ရင်း ဆိုလိုက်၏။
"မင်းတို့ ဆက်ပြီး မတိုက်ချက်တော့ဘူး ဆိုရင် ထွက်သွားတော့…"
ချန်းဖန်က အင်္ကျီလက်များကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
"နင်…"
လုံဟွာမှာ ဒေါသဖြင့် မျက်နှာ တစ်ခုလုံး နီရဲ သွား၏။ သူမက ဓားအား မြှောက်ကာ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော်လည်း အချိန်မှီပင် လီချန်းနှင့် ဂူဖန်က သူမအား ဆွဲခေါ်ကာ ကောင်းကင်သို့ ပျံတက် သွားသည်။ မကြာခင်မှာပင် သူတို့ သုံးဦး၏ ပုံရိပ်မှာ မိုးကုပ် စက်ဝိုင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့၏။
"ချန်းပေ့ရွှမ်း… ဒီနေ့ လုပ်ခဲ့တာတွေ အတွက် တန်ရာတန်ကြေး ပြန်ပေးရမယ် ဆိုတာ မင်း မြဲမြဲ မှတ်ထားပါ"
ဝမ်ရွှမ်လုံက ချန်းဖန်အား ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"နောက် စကား တစ်ခွန်း ထပ်ပြောရင် မင်း သေရမယ်"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဆိုလိုက်၏။
ချန်းဖန်၏ စကားအဆုံး၌ ဝမ်ရွှမ်လုံမှာ စကား တစ်ခွန်းပင် ထပ်မပြောရဲတော့ချေ။ သူက ကောင်းကင်သို့ ပျံတက်ကာ အဝေးသို့ ပျံသန်း သွားတော့သည်။
"အကို… အကို… ငါ့ကို စောင့်ဦးလေ"
ဝမ်ရွှမ်ဖုန်းမှာ သူ့ အကိုအား အော်ခေါ်ရင်း ကောင်းကင်သို့ ပျံတက် သွားသည်။
ထို့နောက် လင်ကျင်း ညီလာခံမှာ တဒင်္ဂမျှ ပြန်လည် တိတ်ဆိတ် သွားပြန်၏။ အလုံးစုံသော ကျင့်ကြံသူများမှာ ကောင်းကင်၌ ရပ်နေသော ချန်းဖန်အား ငေးကြည့် နေကြသည်။
"ဟူး… ဟူး…"
ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်သည် လင်ကျင်းမြို့ အထက်သို့ ဆင်းသက်လာ၏။
တိုက်ပွဲ၌ သူသည် မြို့နှင့် ဝေးနိုင်သမျှ ဝေးရန် ကြိုးစားခဲ့သော်လည်း မြို့တော် တစ်ဝက်ခန့်မှာ တိုက်ပွဲ၏ အရှိန်ကြောင့် ပျက်စီး နေခဲ့ပြီ ဖြစ်သည်။
"စီနီယာချန်း… တကယ် ပက်ပက်စက်စက်ကို မိုက်တာပဲ"
ယွင်ရီအာက ပျံသန်းလာကာ ချန်းဖန်၏ လက်မောင်းအား ဖက်လိုက်၏။
"သခင်…"
"စီနီယာချန်း…"
ကျိုးကျူရှင်း၊ မူဟုန်တိနှင့် လင်းဝူဟွာ တို့မှာလည်း ချန်းဖန် အနားသို့ ရောက်ရှိ လာသည်။
"ဂုဏ်ယူပါတယ်… စီနီယာချန်းရဲ့ နာမည်က မကြာခင် မြောက်နတ္ထိနယ် တစ်ခုလုံး ရေပန်းစား သွားမှာ သေချာနေပြီ"
မူဟုန်တိက ပျော်ရွှင်စွာဖြင့် ပြုံးရင်း ပြောလိုက်သည်။
"မြောက်နတ္ထိနယ်တင် မဟုတ်ဘူးကွဲ့… ဆေးဧကရာဇ်ချန်းက လီချန်း ဝမ်ရွှမ်လုံ လုံဟွာ နဲ့ ဂူဖန်တို့ကို အနိုင်ယူလိုက်တာလေ… ဒီတော့ သူ့နာမည်က ဟန်ရှုံး သတ်မှတ်ချက်မှာ ပါလာတော့မှာ သေချာတယ်… ငါ့အထင် ပြောရရင် သူ့ရဲ့ အဆင့်က ကျိလော့ချန်း ထက်တောင် ပိုမြင့်လိမ့်မယ်"
ဝူပိုင်စုကလည်း ချန်းဖန်တို့ အုပ်စုထံ လျှောက်လာရင်း ဆိုလိုက်၏။ သူမ၏ မျက်နှာတွင်မူ အံ့အားသင့်မှု၊ လေးစားမှု၊ ထိတ်လန့်မှုတို့က ယခုထိ နေရာယူ ထားဆဲ ဖြစ်သည်။
ထိုသို့ ထပ်တူ ခံစားနေရသည်က သူမ တစ်ယောက်တည်း မဟုတ်ချေ။
"ဆေးဧကရာဇ်ချန်းက ဆေးပညာ တစ်ခုတည်း မှာပဲ ထူးချွန်တယ်လို့ ငါထင်နေတာ… သူက တိုက်ခိုက်တဲ့ နေရာမှာလည်း ပြိုင်ဘက်ကင်း တာပဲ"
များစွာသော လူများမှာ ထိုကဲ့သို့ တွေးတော နေမိကြ၏။
ကျင့်ကြံခြင်းနှင့် ဆေးပညာ နှစ်ခု စလုံးမှာ အချိန်လိုအပ်ချက် ကြီးမားသကဲ့သို့ စူးနစ်သော လျှောက်လှမ်းမှုကိုလည်း လိုအပ်သည်။ များစွာသော ကောင်းကင် သမားတော်များသည် အခြေတည် ဝိညာဉ် အဆင့်များ ဖြစ်သော်လည်း သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာမူ သာမန် ကောင်းကင် အရှင် တစ်ယောက်နှင့်ပင် မယှဉ် နိုင်ချေ။
သို့သော်လည်း ချန်းပေ့ရွှမ်းမှာမူ လမ်းစဉ် နှစ်ခု စလုံး၌ ထူးချွန် လွန်းလှ၏။ သူက ဆေးပညာ လမ်းစဉ်၌ ပါရမီရှင် တစ်ဦး ဖြစ်ကြောင်းကို ကောင်းကင် ဆေးလုံးအား ဖော်စပ်၍ သက်သေ ပြခဲ့ပြီး ဖြစ်သလို ယခုတွင်လည်း ဟန်ရှုံး သတ်မှတ်ချက်ဝင် လေးယောက်ကို အနိုင်ယူကာ ကျင့်ကြံခြင်း လမ်းစဉ်၏ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ကြောင်း သက်သေ ပြသခဲ့သည်။ ထိုပါရမီရှင်၏ ပေါ်ပေါက်လာမှုက မြောက်နတ္ထိနယ်၏ သမိုင်းကြောင်းကို တစ်ကွေ့ ပြောင်းလဲ စေနိုင်မည်လား မည်သူမျှ မပြောနိုင်ချေ။
"ဟန်ရှုံး သတ်မှတ်ချက်က ငါ့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး…"
ချန်းဖန်က ခေါင်းခါကာ လူအုပ်အား ဝှေ့ကြည့် လိုက်သည်။
သူသည် ဟူရှောင်နှင့် ဖန်ယုချင်တို့အား သတ်ဖြတ်ခဲ့ပြီး ဖြစ်သည့်တိုင် နောက်ကွယ်မှ စီစဉ်သူများကို မေ့လျော့ခြင်း မရှိခဲ့ချေ။ လီချန်းတို့မှာ မှားယွင်းသော နေရာကို မှားယွင်းသော အချိန်၌ ရောက်ရှိ လာခြင်းသာ ဖြစ်သည်။ အမှန်တကယ် ကြိုးကိုင် စီစဉ်သူ များမှာ ဟူမိသားစုနှင့် ဖန်မိသားစုတို့သာ ဖြစ်သည်။
သို့သော်လည်း ဖန်မိသားစုနှင့် ဟူမိသားစု တို့မှ ညီလာခံသို့ စေလွတ်လိုက်သူများမှာ လူငယ်မျိုးဆက်များသာ ဖြစ်သည်။ သို့ဖြစ်ရာ ချန်းဖန်မှာ သူတို့၏ အသက်များကို မသတ်ရန် ဆုံးဖြတ်လိုက်၏။
"ဝမ်ရှင်း တန်ခိုးရှင်ချန်း…"
ချန်းဖန်၏ အေးစက်သော အကြည့်ကို သတိထားမိသည်နှင့် ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုက အားတင်းကာ ပြုံးရင်း နှုတ်ဆက် လိုက်၏။
"ခင်ဗျားက ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နု ဆိုတဲ့ ပုဂ္ဂိုလ် လား… ခုနက ကျုပ်တို့ တိုက်ပွဲ ဖြစ်နေတုန်း ဘာတွေ တိုးတိုး တိုးတိုးနဲ့ ပြောနေတာလဲ"
ချန်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ဘာမှ မပြောရပါဘူး ခင်ဗျာ… ဆေးဧကရာဇ် ချန်း အပေါ် ကျုပ်ရဲ့ လေးစားမှုက မြောက်ပင်ကြီးလောက် ကျယ်ပြန့်ပြီး နှစ် တစ်သောင်း တိုင်တိုင် တသွင်သွင် စီးဆင်း နေတာပါ ခင်ဗျာ…"
ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုက လက်အား ခါယမ်းရင်း ပြောလိုက်သည်။
"ဟုတ်လား…"
ချန်းဖန်က ပြုံးရင်း ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုကို ကျော်လွန်၍ သူ၏ နောက်ရှိ လူငယ်ကို ကြည့်လိုက်သည်။
"ဒါနဲ့ သူက ခင်ဗျားရဲ့ တပည့် ဖန်းယန် ဆိုတာ မလား… သူ့ကို ကြည့်ရတာ ကျုပ်ကို သိပ် မနှစ်သက်ပုံပဲ"
အစောပိုင်းကပင် ဒူးတုန်နေသော ဖန်းယန်မှာ ချန်းဖန် သူ၏ နာမည်အား ခေါ်သံကို ကြားပြီးနောက် မြေပြင်ပေါ်သို့ ပစ်လဲကျ မတတ် ဖြစ်သွားခဲ့သည်။ တိုက်ပွဲ မစခင်က သူသည် ချန်းဖန်အား လက်စားချေရန် အတွက် အစီအစဉ် ဆွဲထားပြီး ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲ အပြီး၌မူ သူ၏ တစ်ခုတည်းသော ဆန္ဒမှာ ချန်းဖန်၏ သူ၏ တည်ရှိမှုကို မေ့လျော့ နေစေရန်သာ ဖြစ်တော့၏။
"ခွေးကောင်… မင်းက ဘယ်ကလာတဲ့ သတ္တိနဲ့ ဆေးဧကရာဇ်ချန်းကို စော်ကားရဲတာလဲ… အိမ်ပြန်ရောက်တာနဲ့ ငါ မင်းရဲ့ ခြေထောက်ကို ချိုးပြီး မြေအောက်မှာ နှစ်တစ်ရာ အထိ ပိတ်ထားပစ်မယ်"
ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုက သူ၏ တပည့်ကို ကြည့်ကာ ဒေါသတကြီး အော်ငေါက် လိုက်သည်။
"အရမ်းကောင်းတယ်…"
ချန်းဖန်က ခေါင်းညိတ် လိုက်၏။
"ဒါပေမဲ့ နှစ်တစ်ရာက နည်းလွန်းတယ်…. နှစ်တစ်ထောင် ဆိုရင်ရော ဘယ်လိုလဲ"
"နှစ်တစ်ထောင်…"
ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုမှာ တစ်ခဏမျှ ကြောင်အ သွားသော်လည်း သတိဝင်သည်နှင့် ကပျာကယာပင် ခေါင်းညိတ် လိုက်၏။
"ဝမ်ရှင်း တန်ခိုးရှင်ရဲ့ သဘော ဆန္ဒ အတိုင်းပါပဲ…"
ဆရာ ဖြစ်သူ၏ သဘောတူညီမှုကို ကြားသည်နှင့် ဖန်းယန်မှာ မြေပြင်ပေါ် ပစ်လဲကျ သွား၏။ နှစ်တစ်ထောင် ဆိုသော ပမာဏကား တစ်သက်စာ နီးပါး ဖြစ်သည်။ အကယ်၍ ချန်းပေ့ရွှမ်းသာ မသေပါက ထိုအရာမှာ မြေအောက်၌ အရိုးဆွေးသည် အထိ နေရမည့် သဘော ဖြစ်သည်။
"ချန်းပေ့ရွှမ်းက တကယ် ဒေါသကြီးတာပဲ… ဖန်းယန်က တစ်ခါ စော်ကားတာနဲ့ပဲ သူက နှစ်တစ်ထောင် ပြန်ပြီး အကျဉ်းချ ပစ်ခဲ့တယ်… အဲဒါက သေတာထက်တောင် ပိုပြီး ဆိုးသေးတယ်"
များစွာသော လူများမှာ စိတ်ထဲမှ ရေရွတ် လိုက်မိကြ၏။
ထို့နောက် စန့်ရှန်းဂိုဏ်း၊ ဟောင်မိသားစု၊ အန်မိသားစုတို့မှာလည်း ရှေ့သို့ ထွက်လာကြကာ သူတို့၏ တပည့်များကို အပြစ် ပေးပါမည့် အကြောင်း ဝန်ခံ ပြောဆို ကြသည်။
အဆုံးသတ်၌ ချန်းဖန်က စီတုချန်း ထံသို့ လျှောက်သွား လိုက်၏။
"ရောင်းရင်း စီတု… မတွေ့ရတာ ကြာပြီ… ဒါနဲ့ မင်းကို ကြည့်ရတာ ငါ အသက်ရှင်ဦးမယ် လို့ မျှော်လင့် မထားပုံ ရတယ်"
***