ကောင်းကင် အရှင် မိသားစုများ စုစည်း ရောက်ရှိလာမှု
Vol. 10 Ch. 917
မြောက်နတ္ထိနယ်တွင် လူတိုင်း လိုလိုသည် ချန်းဖန်၏ အကြောင်းကို စိတ်ဝင်တစား ပြောဆို နေကြသည်။ လင်ကျင်း ညီလာခံ၌ ဖြစ်ပွားခဲ့သော ကိစ္စများ အပြီး၌ ကောင်းကင် အရှင် မိသားစုများက ချန်းဖန်အား အလွတ်ပေးမည် မဟုတ်ကြောင်းမှာ အားလုံး အနေဖြင့် သိပြီးသော အရာ တစ်ခုပင် ဖြစ်သည်။
"ကောင်းကင် အရှင် မိသားစုတွေက ချန်းပေ့ရွှမ်းရဲ့ ဆေးဧကရာဇ် ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်ရုတ်သိမ်းပြီး သူတို့ အတွက် ဆေးတွေ လုပ်ခိုင်းချင် နေတာ… ဒါပေမဲ့ ချန်းပေ့ရွှမ်းက အရမ်း အစွမ်းထက်တယ် ဆိုတာ သူတို့ မသိခဲ့ကြဘူး… မြောက်နတ္ထိနယ် တစ်ခုလုံးမှာတောင် လက်တစ်ဆုပ်စာ လူပဲ ချန်းပေ့ရွှမ်းနဲ့ ယှဉ်တိုက်နိုင်လိမ့်မယ် ထင်တယ်… ဒီတော့ သူတို့ အစီအစဉ်ကျလည်း ကျဆုံး သွားတာပေါ့"
တစ်ယောက်က ပြော၏။
"ဒါပေမဲ့ ချန်းပေ့ရွှမ်း အတွက် အခွင့်အရေး မရှိပါဘူးကွာ… ကောင်းကင် အရှင် မိသားစုတွေရဲ့ စွမ်းအားက ငါတို့ သိထားတာထက် အများကြီး ပိုတယ်… နှစ်ထောင်ချီ သမိုင်းကြောင်း အတွင်းမှာ သူတို့ ဘာတွေ စုဆောင်း ထားနိုင်သလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး"
လူအိုကြီး တစ်ယောက်က ခေါင်းခါရင်း ဆိုသည်။
သူ၏ စကားကား ကျိုးကြောင်း ဆီလျော်ကာ မှန်ကန်ပေသည်။ ကောင်းကင် အရှင် မိသားစုများသည် မြောက်နတ္ထိနယ်ကို နှစ်ပေါင်း မရေမတွက်နိုင်အောင် လွှမ်းမိုး ခဲ့သည်။ ထိုမိသားစုများ အနေဖြင့် ကမ္ဘာကို တုန်လှုပ်စေနိုင်သည့် ရင်းမြစ်နှင့် တိုက်ခိုက်ရေး အင်အားကို ပိုင်ဆိုင် ထားမည်မှာ သံသယ ရှိစရာ မလိုချေ။
"အမှန်အတိုင်း ပြောရရင် ဟန်ရှုံး သတ်မှတ်ချက်ဝင် လေးယောက်ကို ချန်းပေ့ရွှမ်း အနိုင်ယူလိုက်တဲ့ ကိစ္စက သိပ်ပြီးတော့ အံ့အားသင့်ဖို့ မကောင်းပါဘူး…"
"တကယ်ဆို ဟန်ရှုံး သတ်မှတ်ချက်ဝင်တွေက အစွမ်း အထက်ဆုံး အရှင်သခင်တွေ မဟုတ်ဘူး… ဟန်ရှုံး သတ်မှတ်ချက်မှာက အသက် ငါးရာအောက် ကျင့်ကြံသူတွေကိုပဲ ထည့်ထားတာလေ… နတ်ဘုရား စွမ်းအားနဲ့ ကျင့်ကြံခြင်း အဆင့်က အသက်ကြီးတာနဲ့ အမျှ ပိုပြီး တိုးလာနေတာပဲ မလား… အသက် နှစ်ထောင်ကျော်နေတဲ့ ရွှေအမြုတေ အဆင့်တွေ ဘယ်လောက် အစွမ်းထက် နေမလဲ ဆိုတာ ဘယ်သူမှ သေချာ မပြောနိုင်ဘူး"
"ဟုတ်တယ်… ချန်းပေ့ရွှမ်းက တကယ် အဆင်အခြင် မဲ့တာပဲ…"
များစွာသော လူများက ခေါင်းခါယမ်း လိုက်မိကြသည်။ ဤပုံစံအတိုင်း ဆိုလျှင် အကြပ်အတည်း ကာလက မကြာခင် ရောက်လာတော့မည့်ပုံပင်။
…
ချန်းဖန်တို့ ဆေးမြို့တော်သို့ ရောက်ရှိပြီး လေးရက်မြောက်နေ့…
ဆေးမြို့တော်မှာ ပိတ်ထားသော်လည်း မြို့ပြင်ရှိ တောင်မှာမူ လူများဖြင့် ပြည့်သိပ် စည်ကား နေခဲ့၏။ ထိုနေရာ၌ မြောက်နတ္ထိနယ် တစ်ခုလုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ ရောက်ရှိ နေကြသည်။
လာရောက်ကြသော တစ်ယောက်ချင်းစီမှာ ရည်ရွယ်ချက် အမျိုးမျိုးနှင့် ဖြစ်ကာ အချို့က ချန်းဖန်၏ တပည့် ဖြစ်လိုကြသည်။ အချို့မှာလည်း ချန်းဖန်ကို သူတို့ အတွက် ဆေးများ ပြုလုပ်ပေးစေလိုကြသည်။ တစ်ချိန်တည်း၌ အများစုမှာမူ ချန်းဖန်အား တွေ့မြင်ချင်ရုံ သက်သက်ဖြင့် ရောက်ရှိ လာကြခြင်း ဖြစ်လေသည်။
လူများစွာ စုဝေး နေစဉ်မှာပင်…
"ဘုန်း…"
ရုတ်တရက် ကောင်းကင်တွင် ခရမ်းရောင် အလင်း တစ်ခု လင်းလက်လာကာ တောင်တစ်လုံးမျှ ကြီးမားသော လက်သည်းကြီး တစ်ခုက ချန်းဖန်ထံ တိုးဝင် လာ၏။
ထိုလက်သည်းကြီးသည် အကြေးခွံများဖြင့် ဖုံးလွှမ်းနေကာ ရက်စက် ကြမ်းကြုတ်သော တိရစ္ဆာန် တစ်ကောင်၏ လက်သည်း သဏ္ဌာန် ရှိသည်။ များစွာသော ကျင့်ကြံသူများမှာ ထိုလက်သည်းကြီးအား ကြည့်ကာ ထိတ်လန့် ကုန်ကြလေ၏။
"ဘယ်သူလဲ…"
ကျိုးကျူရှင်းက ပေတစ်ထောင် မြင့်မားသော ကောင်းကင်မြိုမွေ အသွင် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်လိုက်၏။
သူ ခရမ်းရောင် လက်သည်းအား တားဆီး နေစဉ်မှာပင် အနက်ရောင် အလင်း တစ်ခုက ချန်းဖန်၏ နောက် သုံးပေခန့် အကွာ၌ ရုတ်တရက် ပေါ်လာ၏။
"ဘုန်း…"
အနက်ရောင် အလင်း ပေါ်ထွက် လာသည်နှင့် ကြောက်မက်ဖွယ် စွမ်းအားက ကမ္ဘာ လောက၌ ပြည့်နှက် သွားသည်။ လူတိုင်းသည် လင်ကျင်း ညီလာခံ၌ နဂါးဒုက္ခဓား နိုးထာလာသည်နှင့် ထပ်တူညီသော မွမ်းကြပ်မှုကို ခံစား လာကြရ၏။
"တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာလား…"
ကျိုးကျူရှင်းက အနက်ရောင် အလင်းအား လည်ပြန် ကြည့်လိုက်သည်။ ထိုအရာ၏ အရှိန်အဝါက လုံဟွာနှင့် လီချန်းတို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ၎င်းက တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ ဆွဲကိုင်ထားသော အခြား ဟန်ရှုံး သတ်မှတ်ချက်ဝင် တစ်ယောက်ပင် ဖြစ်နေနိုင်သည်။
"သေစမ်း…"
ရုတ်တရက် စူးရှသော အသံနှင့် အတူ ပိန်ပါးသော အနက်ရောင်ဝတ် အဘိုးအို တစ်ယောက် ပေါ်လာခဲ့၏။ သူ၏ လက်တွင်မူ အနက်ရောင် အလင်း တစ်ခုက တောက်ပ နေ၏။ ၎င်းကား တစ်ပေခန့်သာ ရှည်သည့်တိုင် ကောင်းကင်ကိုပင် ထက်ပိုင်းပိုင်း ပစ်နိုင်သည့် အရှိန်အဝါမျိုး တောက်ပ နေသည်။
အဘိုးအိုသည် ပေါ်လာသည်နှင့် ချန်းဖန်အား စတင် တိုက်ခိုက် လိုက်သည်။ သူသည် အလွန် လျှင်မြန်လှရာ မည်သူမျှ အချိန်မီ မတုန့်ပြန် နိုင်လိုက်ပေ။ ဝူညီအမ၊ ပေ့ဟန်နယ်မှ မိန်းကလေး သုံးယောက်နှင့် စီတုချန်း တို့မှာ နေရာတွင်ပင် အေးခဲသွားကြ၏။
ကျိုးကျူရှင်း တစ်ယောက်သာလျှင် အဘိုးအို၏ လှုပ်ရှားမှုကို သတိထားမိသော်လည်း ထိုအရာက နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။ အဘိုးအို၏ လက်ထဲမှ အနက်ရောင် အလင်းသည် ချန်းဖန်၏ နောက်ကျောနှင့် လက်မ အနည်းငယ်သာ ကွာဝေးတော့၏။
"မင်းက ငါ့ရဲ့ မျိုးဆက်တွေကို သတ်တယ်… ငါက မင်းရဲ့ အသက်ကို ပြန်ယူမယ်"
အနက်ရောင် အလင်းသည် ပိုမို၍ နီးကပ်လာ၏။
သုံးလက်မ…
နှစ်လက်မ…
တစ်လက်မ…
၎င်းက ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း စိုက်ဝင်လု ဆဲဆဲမှာပင်…
"ကလန့်…"
ရုတ်တရက် သလင်းကျောက်သား ကဲ့သို့ ကြည်လင်သော လက်တစ်ဖက်သည် ပေါ်ထွက် လာကာ အနက်ရောင် အလင်းအား လက်ညိုး၊ လက်ခလယ် နှစ်ခုဖြင့် ညင်သာစွာ ညှပ်ထား လိုက်သည်။
"ဘာလဲ…"
အဘိုးအိုက မော့ကြည့်လိုက်ရာ သူ့အား တည်ငြိမ်စွာ ကြည့်နေသော ချန်းဖန်အား တွေ့လိုက်ရသည်။
"မင်း ဘယ်သူလဲ… ဘာလို့ ငါ့ကို လုပ်ကြံ တာလဲ…"
ချန်းဖန်က မေးလိုက်သည်။
"ဘုန်း…"
အဘိုးအိုက ဓားအား ဆွဲထုတ်ရန် ကြိုးစား လိုက်၏။ သို့သော်လည်း ချန်းဖန်၏ လက်ချောင်းများက ၎င်းအား တင်းကြပ်စွာ ညှပ်ထားဆဲ ဖြစ်သည်။ အဆုံး၌ အနက်ရောင် အလင်းသည် တဖြည်းဖြည်း မှေးမှိန်သွားကာ မြွေတစ်ကောင်နှင့် ပုံသဏ္ဌာန် တူသည့် ဓားမြှောင် တစ်ချောင်း အဖြစ် ပြောင်းလဲ သွားသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ… နတ်ဘုရားသတ် နတ်နွယ်ဆူးက ငါတို့ မိသားစုရဲ့ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာတွေထဲက တစ်ခုလေ… အဲဒါက ကောင်းကင် အရှင်ကိုတောင် အန္တရာယ် ပြုနိုင်တဲ့ အထိ ထက်ရှတယ်… ဒီလိုက အဲဒါကို လက်သီးသန့်နဲ့ တားဆီး လိုက်နိုင်တာလား…"
အဘိုးအို၏ မျက်လုံးများမှာ ပေါက်ထွက် မတတ် ပြူးကျယ် လာ၏။
"ငါမေးတာကို ဖြေစမ်း…"
ချန်းဖန်၏ မျက်နှာ၌ ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
"သေရွာမှာ သွားမေး…"
အဘိုးအိုက ပြုံးကာ နတ်နွယ်ဆူးအား လက်လွှတ် လိုက်၏။ ထို့နောက် သူက အနက်ရောင် လေပွေ တစ်ခု အသွင် ပြောင်းလဲကာ နေရာတွင်ပင် ပျောက်ကွယ် သွားသည်။
"ဟမ့်…"
ချန်းဖန်က နှာခေါင်းရှုံ့ကာ လဟာပြင် လေထုကို ဦးတည်၌ လက်သီးအား တစ်ချက် ထိုးလွှတ်လိုက်၏။
"ဘုန်း…"
နောက်တစ်စက္ကန့် အကြာ၌ ပေတစ်ထောင်ခန့် အကွာအဝေးရှိ လေထုမှာ လှုပ်ရှားလာကာ ပိန်ပါးသော အဘိုးအို ပြန်လည် ထွက်ပေါ် လာသည်။ သူ၏ ပုံစံသည် အလွန်အမင်း ကြောက်လန့်နေပုံရ၏။
"ဟိုကို ကြည့်စမ်း…"
လူတစ်ယောက်က အော်ဟစ်ကာ အဘိုးအို၏ ရင်ဘတ်အား လက်ညိုး ထိုးပြသည်။ လူတိုင်းက ထိုနေရာသို့ ကြည့်လိုက်ကြရာ အပေါက်ကြီး တစ်ပေါက်ကို တွေ့မြင် လိုက်ရ၏။
"ချန်းပေ့ရွှမ်း… တကယ် ရက်စက်တဲ့ လက်သီးချက်ပဲ"
အဘိုးအိုက ဖြူရော်စွာ ပြုံးလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရုတ်တရက် ပေါက်ကွဲသွား၏။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်၊ ရွှေအမြုတေ တို့မှာလည်း ပြာအဖြစ်သို့ လွင့်ပါး ပျောက်ကွယ် သွားသည်။ ချန်းဖန်ကား လက်သီး တစ်ချက်တွင်ပင် ထိုအဘိုးအိုအား သတ်ဖြတ်လိုက်ပြီ ဖြစ်လေသည်။
"စီနီယာချန်း… အဆင်ပြေရဲ့လား…"
မူဟုန်တိနှင့် မိန်းကလေး နှစ်ယောက်မှာ သတိဝင်လာသည်နှင့် ချန်းဖန်ထံသို့ အပြေး ရောက်ရှိလာ၏။
ချန်းဖန်က ခေါင်းညိတ်ကာ သူ အဆင်ပြေကြောင်း ပြန်လည် ပြောပြ လိုက်သည်။ တစ်ခဏ ကြာပြီးနောက် ဝူပိုင်စုက သူ့ထံသို့ ချည်းကပ်လာ၏။
"သူက ဘယ်သူလဲ ဆိုတာ နင်သိလား…"
ချန်းဖန်က မေးလိုက်သည်။
"အဲဒီ အဘိုးအိုက ဖန်မိသားစုက ဖန်ချမ့်ကျွယ်ပဲ… သူက ကျွန်မတို့ ဘိုးဘေးနဲ့ တစ်မျိုးဆက်တည်း ဖြစ်ပြီးတော့ သူ့ရဲ့ လုပ်ကြံခြင်းကို အသားပေးတဲ့ ကျင့်စဉ်တွေနဲ့ ထင်ရှားတယ်… ကျွန်မ ကြားရသလောက်ဆို သူက ကောင်းကင် အရှင် နက္ခတ် ပင်လယ်ကိုတောင် လုပ်ကြံဖို့ ကြိုးစားဖူးတယ် တဲ့… ဒါပေမဲ့ အဆုံးမှာ အရှင် နက္ခတ် ပင်လယ်က သူ့ကို မသတ်ပဲ လွှတ်ပေး လိုက်တယ်… ဖန်ချမ့်ကျွယ် သေပြီလို့ ကောလဟာလတွေ ပျံ့နေတာ ကြာပြီ… သူ အသက်ရှင်နေဦးမယ်လို့ မထင်မိဘူး"
ဝူပိုင်စုက မျက်မှောင်ကြုတ်ရင်း ဆက်ပြော လိုက်သည်။
"ကျွန်မတို့ကို ပထမ တိုက်ခိုက်လိုက်တဲ့ တစ်ယောက်က ထင်ထင်ရှားရှား ပေါ်မလာတော့ ဘယ်သူလဲ ဆိုတာ မသေချာဘူး… သူ ကျင့်တဲ့ ကျင့်စဉ် ကတော့ ဟူမိသားစုရဲ့ ကောင်းကင် မြေခွေး ပုံရိပ်ယောင် ကိုးခု ကျင့်စဉ်ပဲ… ဒါပေမဲ့ ဟူ မိသားစု ခေါင်းဆောင် မဖြစ်နိုင်တာတော့ သေချာတယ်"
ကျိုးကျူရှင်းနှင့် ဝူချင်းယန်တို့မှာ စိုးရိမ် သွားကြ၏။
ရာစုနှစ် ခုနစ်ခုခန့် ပျောက်ဆုံးနေသော ထိပ်သီး ကျင့်ကြံသူ တစ်ယောက်က ချန်းဖန်အား သတ်ဖြတ်ရန် ပြန်လည် ပေါ်လာခဲ့သည်။ ထို့အပြင် ဟူမိသားစု အရှင်သခင် တစ်ယောက်ပင်လျှင် ထိုလုပ်ကြံမှု၌ နောက်ကွယ်မှ ပါဝင် ခဲ့သည်။
လုပ်ကြံသူ နှစ်ယောက် စလုံးသည် ဟန်ရှုံး သတ်မှတ်ချက်ဝင်များ ကဲ့သို့ အစွမ်းထက် ကြသည်။ သူတို့၏ စွမ်းအားမှာ ဟူမိသားစုနှင့် ဖန်မိသားစု ခေါင်းဆောင်များအောက် လျော့နည်းစရာ အကြောင်း မရှိချေ။ ထိုအရာက မည်သည့် အဓိပ္ပာယ် ဖြစ်ကြောင်း လူတိုင်း နားလည်ကြ၏။
"ကြည့်ရတာ ကျုပ်တို့တွေ ကောင်းကင် အရှင် မိသားစုတွေရဲ့ စွမ်းအားကို လျှော့တွက်မိတာပဲ… သူတို့မှာ ဖန်ချန့်ကျွယ်လို လူမျိုးတွေ ရှိနေဦးမယ် ထင်တယ်"
ကျိုးကျူရှင်းက ခေါင်းအား ငုံ့ကာ ရေရွတ် လိုက်၏။ စီတုချန်းကမူ အေးစက်စွာ နှာခေါင်းရှုံ့၏။
"အရှင်ချန်း… ကျွန်မတို့ ခု ဘာလုပ်ကြမလဲ… ကျွန်မတို့ မိသားစု ဘိုးဘေးကို ဒီကိုလာဖို့ အကြောင်းကြား လိုက်ရမလား"
ဝူချင်းယန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ ဝူပိုင်စုမှာမူ မျက်မှောင်ကြုတ်ကာ တိတ်ဆိတ် နေ၏။
ကောင်းကင်အရှင် မိသားစုများသည် စတင် တိုက်ခိုက်သည်နှင့် ရပ်တန့်တော့မည် မဟုတ်ချေ။ ချန်းဖန်သည် ဖန်ချမ့်ကျွယ်ကို သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း သူက ကောင်းကင် မိသားစု အရေအတွက် မည်မျှကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်မည်နည်း။
"မလိုဘူး… ဝူမိသားစုနဲ့ ငါနဲ့က အဲ့လောက် မနီးစပ်ဘူး… နောက်ပြီး ဝူဝမ်တင်က သမားတော် တစ်ယောက် အတွက် ပေ့ဟန်နယ် မိသားစု အားလုံးရဲ့ ရန်သူ ဖြစ်ချင်မှာ မဟုတ်ဘူး"
ချန်းဖန်က ခေါင်းခါလိုက်၏။ ထို့နောက် သူက တည်ငြိမ်စွာပင် မူလ နေရာ၌ ပြန်လည် ထိုင်လိုက်၏။
"နင်တို့ နှစ်ယောက် ဝူမိသားစုကို ပြန်သင့်တယ်… သူတို့က နောက်တစ်ခါ ထပ်လာဦးမှာ ကျိန်းသေပဲ… အဲဒီ အခါကျ နင်တို့ အတွက် အန္တရာယ် ဖြစ်လာနိုင်တယ်"
"စီနီယာချန်း…"
ဝူချင်းယန်က တစ်စုံတစ်ခု ပြောရန် ဟန်ပြင် လိုက်သော်လည်း ဝူပိုင်စုက သူမအား တားကာ ဖြတ်ပြောလိုက်၏။
"ကောင်းပါပြီ အရှင်ချန်း… ဂရုစိုက်ပါ"
ထို့နောက် သူမက ချန်းဖန်အား ဦးညွှတ်ကာ ဝူပိုင်စုကို ခေါ်ယူ၍ ထွက်ခွာသွား၏။ ချန်းဖန်နှင့် တွေ့ဆုံရန် ရောက်ရှိလာသည့် အခြားသော ကျင့်ကြံသူများမှာလည်း အသီးသီး ပြန်လည် ထွက်ခွာ သွားကြသည်။
တစ်ခဏ ကြာပြီးနောက်…
စီတုချန်း၊ ကျိုးကျူရှင်းနှင့် လင်းဝူဟွာတို့ သုံးယောက်သာလျှင် တောင်ထိပ်တွင် ကျန်ရစ်ခဲ့ တော့သည်။
"စီနီယာချန်း… ကျွန်မတို့ ဘာဆက်လုပ်ကြ မလဲ… ခဏလောက် ရှောင်နေကြရင် ကောင်းမလား"
မူဟုန်တိက ချန်းဖန်အား စိတ်ပူစွာ ကြည့်ကာ မေးလိုက်၏။
"မလိုပါဘူး…"
ချန်းဖန်က ခေါင်းခါကာ ဆေးများကိုသာ ဆက်၍ ပြုလုပ်နေခဲ့သည်။
ဆယ်ရက်…
ရက်နှစ်ဆယ်…
ရက်သုံးဆယ်…
လုပ်ကြံမှု ဖြစ်ပွားပြီး နောက်ပိုင်း၌ လျှို့ဝှက်သော ကျင့်ကြံသူများမှာ တောင်ကြော တစ်ဝိုက်သို့ ရောက်ရှိ လာကြသည်။ စွမ်းအား အရ ဆိုရလျှင် ထိုတစ်ယောက်ချင်းစီမှာ ဝမ်ရွှမ်လုံ ကဲ့သို့ အစွမ်းထက်ကြသူများ ဖြစ်သည်။ သို့သော်လည်း သူတို့ ပိုင်ဆိုင်ထားသည့် စွမ်းအား အမျိုးအစား များမှာမူ တူညီခြင်း မရှိကြချေ။
ထိုအတောအတွင်း၌ ပေါ်လာသော အစွမ်းထက် ကျင့်ကြံသူ အရေအတွက်မှာ ဆယ်ယောက်ကျော် နေပြီ ဖြစ်သည်။ သို့သော်လည်း သူတို့သည် တိုက်ခိုက်မည့်ပုံ မရသလို မည်သည့် လှုပ်ရှားမှုမျိုးကိုမျှလည်း မပြုလုပ် ကြသေးချေ။
"ကောင်းကင် အရှင် မိသားစုတွေက တကယ် ကြောက်ဖို့ကောင်းတာပဲ…"
လူများစွာမှာ ကြောက်လန့် ကုန်ကြသည်။
မူဟုန်တိတို့ တစ်သိုက်မှာလည်း စိတ်ပူ လာကြသည်။ စီတုချန်းမှာမူ လေးစားဟန်ဖြင့် ခေါင်းကို ငုံ့ထားသော်လည်း သူက ကြိတ်ကာ ပြုံးနေခဲ့သည်။
တစ်လကြာပြီးနောက်၌ ဆေးတစ်ရာ ရတနာ ဆေးအိုးမှာ ပေသုံးရာခန့် အထိ ရှည်လျားလာကာ အတွင်းရှိ ကောင်းကင်ဆေး များမှာလည်း အသွင်ပြောင်းခြင်း ဆယ့်သုံးခု အထိ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ဆေးဖော်စပ်မှု အောင်မြင်လု နီးပါး အချိန်မှာပင်…
"ဘုန်း…"
ကြောက်မက်ဖွယ် စွမ်းအား တစ်ခုသည် ကောင်းကင်မှ ကျဆင်းလာကာ တောင်တန်းများမှာ တုန်ခါ ကုန်ကြသည်။ မုန်တိုင်းသည် လေထုတွင် ဖြစ်တည်လာကာ ပျက်စီးခြင်းမှာလည်း လောက၌ စတင်လာ၏။ ထိုအရာကား ဖန်ချမ့်ကျွယ်ထက် ဆယ်ဆခန့် အစွမ်းထက်သော တိုက်ခိုက်မှု တစ်ခုပင် ဖြစ်သည်။
"ဟူး…"
တိုက်ခိုက်မှုနှင့် အတူ လေထုတွင် လူအုပ်စု တစ်ခု ပေါ်လာ၏။
သူတို့သည် ထူးခြားသည့် အမူအရာများကို ပိုင်ဆိုင် ထားကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားများမှာမူ ဟန်ရှုံး သတ်မှတ်ချက်ဝင်များနှင့် နှိုင်းယှဉ်နိုင်၏။ လူအများသည် ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားကြလေ၏။
ထို့နောက် လူအုပ်စု၏ ခေါင်းဆောင်က ရှေ့သို့ ထွက်လာကာ…
"မြောက်နတ္ထိနယ် မိသားစု ခုနစ်ခုက ဆေးဧကရာဇ်ချန်းကို လာတွေ့တယ်"
***