← Chapters

မင်းတို့ကို သုံးပြီး ဆေးဖော်မယ်

Vol. 10 Ch. 918

မင်းတို့ကို သုံးပြီး ဆေးဖော်မယ်

Vol. 10 Ch. 918

"ဘုန်း…"

ကြောက်မက်ဖွယ် စွမ်းအားသည် တောင်တန်းတွင် လွမ်းခြုံနေ၏။

"တစ်…"

"နှစ်…"

"သုံး…"

လူအချို့က ထိတ်လန့်တကြားဖြင့် လက်ချိုးကာ ရေတွက် မိကြသည်။

"ဆယ့်သုံး…"

ဟန်ရှုံး သတ်မှတ်ချက်ဝင်များနှင့် ယှဉ်နိုင်သည့် ကျင့်ကြံသူ ဆယ့်သုံးယောက်… ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။

ပေ့ဟန်နယ်၌ ဝမ်ရွှမ်လုံ တစ်ယောက် သာလျှင် ဟန်ရှုံး သတ်မှတ်ချက်၌ ပါဝင်ရန် အရည်အချင်း ရှိခဲ့သည်။ သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ ဟန်ရှုံး သတ်မှတ်ချက် ဝင်များနှင့် တန်းတူ အစွမ်းထက်သည့် လူ ဆယ့်သုံးယောက်က တစ်ပြိုင်နက်တည်း ပေါ်လာခဲ့သည်။ ကောင်းကင် အရှင် မိသားစုများ၌ မည်မျှသော ဝှက်ဖဲများ ရှိနေသနည်း။

"ဖန်မိသားစု မဟာ အကြီးအကဲ ဖန်ချန်းကျိ…"

"ဟူမိသားစု မဟာ အကြီးအကဲ ဟူကွေ့မင်…"

"တိုင်ရီဂိုဏ်း လက်ထောက် ဂိုဏ်းချုပ် ကျိရွှမ်ကျုံး…"

"..."

သူတို့ တစ်ယောက်ချင်းစီကား အလွန် ကျော်ကြားခဲ့ကာ ဖနှောင့်တစ်ချက်ဖြင့်ပင် မြောက်နတ္ထိနယ်ကို တုန်လှုပ်စေနိုင်သော လူများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း သူတို့ ပျောက်ကွယ်နေခဲ့သည်မှာ ရာစုနစ်များစွာ ကြာခဲ့ပြီ ဖြစ်ရာ လူအများက သေဆုံးသွားပြီ ဟုသာ ယူဆ ခဲ့ကြသည်။

"ဒါက… ကောင်းကင် အရှင် မိသားစုတွေရဲ့ တကယ့် စွမ်းအားပဲ…"

မရေမတွက်နိုင်သော လူများမှာ ကြောက်လန့် နေကြသည်။

"ဟန်ရှုံး သတ်မှတ်ချက်ဝင်တွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ ကျင့်ကြံသူ ဆယ့်သုံးယောက်… ဒီအင်အားက မြောက်နတ္ထိနယ် တစ်ခုလုံးနဲ့တောင် နှိုင်းယှဉ်နိုင်တယ်… ဝမ်မိသားစုက လွဲလို့ သူတို့ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

အချို့က ပြောကြသည်။

"ဝမ်မိသားစုလား…"

ရွှေအမြုတေ အဆင့် ထိပ်ဆုံး ကျင့်ကြံသူ တစ်ယောက်က ခေါင်းခါ လိုက်၏။

"ငါ့အထင် ပြောရရင် ဝမ်မိသားစုရဲ့ ကောင်းကင် အရှင် နက္ခတ် ပင်လယ်တောင် ဒီအုပ်စုကို ရန်စရဲမယ် မထင်ဘူး"

"ဆေးဧကရာဇ်ချန်းတော့ ဒုက္ခရောက်ပြီ ထင်တယ်"

များစွာသော လူများမှာ ချန်းဖန် အတွက် စိတ်ပူ သွားကြသည်။

တစ်ချိန်တည်း၌ ဆေးမြို့တော်၊ ဆေးပညာ အစည်းအရုံး အတွင်းရှိ ကျင့်ကြံသူများမှာမူ ဝမ်းသာ နေကြ၏။

ချန်းဖန်သည် ဆေးပညာ အစည်းအရုံးကို စိန်ခေါ်ကာ တိုက်ပွဲ ငါးခုလုံး၌ အနိုင်ယူခဲ့သည်။ သို့ဖြစ်ရာ ဆေးပညာ အစည်းအရုံးဝင် အများစုမှာ သူ့အား မုန်းတီး ကြသည်။ ယခု ကောင်းကင် အရှင် မိသားစုများ ချန်းဖန်ကို လာရောက် တိုက်ခိုက်ချိန်၌ သူတို့ ဝမ်းသာသည်က မထူးဆန်းချေ။

"ဖန်မိသားစု ဟူမိသားစု နင်းမိသားစု တိုင်ရီဂိုဏ်းနဲ့ ကုန်သည် အစည်းအရုံးတို့ အပါအဝင် ကောင်းကင် အရှင် မိသားစု ခုနစ်ခု… ချန်းပေ့ရွှမ်းက တကယ် အထင်ကြီးဖို့ ကောင်းတာပဲ"

မဟာ သမားတော် ချန်းယန်က အဝေးမှ လမ်းမျှော်ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်သည်။

"ဟမ့်… ကောင်စုတ်လေး… မင်းက ဆေးပညာမှာ တော်တာနဲ့ ထင်တိုင်း လုပ်လို့ ရပြီ ထင်နေတယ်ပေါ့… ကောင်းကင် အရှင် မိသားစုတွေရဲ့ တိုက်ခိုက်မှုကနေ မင်း ဘယ်လို လွတ်အောင် ပြေးမလဲ ကြည့်ရသေးတာပေါ့"

အကြီးအကဲ စီတုမှာမူ အေးစက်စွာ ပြုံး‌နေခဲ့၏။

အခြားသော အကြီးအကဲများမှာလည်း တပြုံးပြုံး ‌ဖြစ်နေကြသည်။ အားလုံးထဲ၌ ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင် တစ်ယောက် သာလျှင် စိတ်ပူသည့် ဟန်အမူအရာ ဖြစ်ပေါ်နေ၏။

ထိုအချိန် တောင်ထိပ်၌…

များစွာသော ထိပ်သီး ကျင့်ကြံသူများနှင့် ရင်ဆိုင်နေရရာ လင်းဝူဟွာ၊ မူဟုန်တိတို့မှာ ကြောက်လန့် နေကြသည်။ စီတုချန်း ပင်လျှင် စိတ်လှုပ်ရှား နေ၏။

သို့သော်လည်း ချန်းဖန်မှာမူ ရတနာ ဆေးအိုး အရှေ့၌ ထိုင်ကာ ဆေးများကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။

"အဟမ်း…"

ကျိုးကျူရှင်းက ချောင်းတစ်ချက် ဟန့်ကာ မတ်တပ် ထရပ်လိုက်၏။

"အားလုံးပဲ… စိတ်မကောင်းပါဘူး… ကျုပ် သခင်က ဆေးဖော်စပ် နေတာပါ… သူက အခု ဘယ်ဧည့်သည်ကိုမှ တွေ့ဖို့ အဆင်မပြေသေးလို့ပါ"

"မင်းက ဘယ်သူလဲ… ဘယ်က သတ္တိနဲ့ ငါတို့လမ်းကို ပိတ်ရဲတာလဲ…"

ဖန်မိသားစု မဟာ အကြီးအကဲ ဖန်ချန်းကျိက အော်ဟစ်ကာ လက်တစ်ဖက်အား ဝှေ့ယမ်း လိုက်၏။

"ဘုန်း…"

ကျိုးကျူရှင်းမှာ တုန်ရီသွားကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ သို့သော်လည်း သူက ခိုင်ခိုင်မာမာ ပြန်လည် ရပ်ကာ ဆိုလိုက်ပြန်သည်။

"ငါ့သခင် ဒေါသထွက်ရင် မင်းတို့ ကောင်းကင် အရှင် မိသားစုတွေ ပြန်ပေးဆပ် ရလိမ့်မယ်နော်…"

"ဟမ့်…"

တိုင်ရီဂိုဏ်း လက်ထောက် ဂိုဏ်းချုပ် ကျိရွှမ်ကျုံးက နှာခေါင်းရှုံ့ လိုက်သည်။

"မင်းကို စကားပြောဖို့ ဘယ်သူက ခွင့်ပြုလို့လဲ…  မင်း သခင်ကိုသာ ထွက်လာခိုင်းလိုက်"

ကျိရွှမ်ကျုံးသည် သရဖူနှင့် ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ ခန္ဓာကိုယ်ကမူ ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်ထားသည်။

များစွာသော စွမ်းအားကြီး ပုဂ္ဂိုလ်တို့၏ ဖိအား အောက်၌ ကျိုးကျူရှင်းမှာ ဆက်လက် ခေါင်းမမာရဲတော့ချေ။ သူက ချန်းဖန်ထံသို့ လျှောက်သွားကာ တစ်စုံတစ်ခုအား တီးတိုး ပြောလိုက်၏။

"မင်းတို့က ငါ့ကို လာရှာတာလား…"

ချန်းဖန်က မျက်လုံးအား ဖြည်းညင်းစွာ ဖွင့်ကာ လာရောက် ပြဿနာရှာသူများအား ကြည့်လိုက်သည်။

"ချန်းပေ့ရွှမ်း… မင်းက ကောင်းကင် အရှင် မိသားစုတွေရဲ့ မျိုးဆက်တွေကို ရက်ရက်စက်စက် သတ်ခဲ့တယ်… ဒီနေ့ အဲဒီ ရန်ကြွေးကို ငါတို့ လာဖြေရှင်းတာပဲ"

ဖန်ချန်းကျိက ချန်းဖန်အား လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။

လင်းဝူဟွာနှင့် မိန်းကလေး နှစ်ယောက်ကား ထိုမြင်ကွင်းကို ကြည့်ကာ စိုးရိမ် နေမိကြသည်။ ချန်းဖန်သည် ဆေးဧကရာဇ် ဆိုသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသော်လည်း ထိုအရာက နာမည် တစ်ခုသာ ဖြစ်သည်။ ကောင်းကင် အရှင် မိသားစုများနှင့် ရင်ဆိုင်ရာ၌ များစွာ အသုံးဝင် နိုင်လိမ့်မည် မဟုတ်ချေ။

"ဟုတ်လား… မင်းတို့က ဘယ်လို ရှင်းချင်လို့လဲ"

ချန်းဖန်က ဆေးအိုး အရှေ့တွင်ပင် ထိုင်နေရင်း မေးလိုက်သည်။

"ဟူရှောင် နင်းဟိုင်ချိုး ဖန်ယုချင်တို့က ငါတို့ မိသားစုတွေနဲ့ အနာဂတ် ခေါင်းဆောင်တွေပဲ… မင်းက သူတို့တွေကို သတ်ပစ်ခဲ့တာ ဆိုတော့ မင်းရဲ့ အသက်နဲ့ ပြန်ပြီး ပေးဆပ်သင့်တယ်… ဒါပေမဲ့ ခေါင်းဆောင်တွေက မင်းရဲ့ ပါရမီကို လေးစားသော အားဖြင့် မှာလိုက်တယ်… တကယ်လို့ မင်းက ကိုယ်တိုင် အညံ့ခံပြီး မိသားစု ခုနစ်ခု နှစ်ငါးရာတိုင်တိုင် ဒူးထောက် တောင်းပန်ရင် မင်း အသက်ကို ချမ်းသာ ပေးလိုက်ပါတဲ့"

ဖန်ချန်းကျိက အင်္ကျီလက်ကို ခါယမ်းကာ ဆိုလိုက်၏။

"နှစ်ငါးရာ တောင်းပန်ရမယ်…"

"စိတ်ကူးယဉ် မနေနဲ့…"

လင်းဝူဟွာနှင့် မိန်းကလေး နှစ်ယောက်က အော်ဟစ် လိုက်ကြသည်။

မရေမတွက်နိုင်သော ပွဲကြည့် ပရိတ်သတ်များမှာမူ ခေါင်းကိုသာ ခါနေမိကြ၏။ ထိုတောင်းဆိုမှုက တစ်ဖက်သတ် ဆန်လွန်းလှသည်။ သူတို့က ချန်းပေ့ရွှမ်း၏ ဆေးဧကရာဇ် ဟူသော ဂုဏ်ပုဒ်ကိုပင် ထည့်မတွက်ကြတော့သည်လား။

"မင်းတို့ သိပ်လွန်မလာနဲ့…"

ကျိုးကျူရှင်းက ဒေါသတကြီး အော်ဟစ်ရင်း ကောင်းကင်မျိုမြွေ အသွင်သို့ ပြောင်းလဲကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော်လည်း ချန်းဖန်က သူ့အား လက်ပြ တားဆီးကာ မေးခွန်းထုတ် လိုက်၏။

"ငါက ငြင်းမယ် ဆိုရင်ရော…"

"ငြင်းမယ်…"

ဖန်ချန်းကျိ၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။

"ဒါဆိုရင် မင်းလုပ်ခဲ့တဲ့ အပြစ်တွေ အတွက် အသက်နဲ့ ပြန်ပြီး ပေးဆပ်ရမယ်… ကောင်းကင် အရှင် မိသားစုတွေကို ထိပါးရင် ဘယ်လို အပြစ်ပေးခံရမလဲ ဆိုတာ လောကကြီး တစ်ခုလုံး သိသွားစေရမယ်"

"ဟုတ်တယ်… မျက်လုံး တစ်လုံးကို မျက်လုံး တစ်လုံးချင်းပဲ"

အခြားသော အကြီးအကဲများကလည်း ခေါင်းညိတ် လိုက်ကြသည်။

"ချန်းပေ့ရွှမ်း… ငါ မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ထုတ်ပြီး ဟူရှောင်နဲ့ အုတ်ဂူ ရှေ့မှာ နှစ်တစ်သောင်းပြည့်အောင် လောင်ကျွမ်းခိုင်းမယ်… ပြီးရင် ‌မင်းရဲ့ ကျူးဝမ် မျိုးနွယ်တွေနဲ့ ပေ့ဟန်နယ် တစ်ခုလုံးကိုပါ သတ်ဖြတ်ပြီး ဟူရှောင် အတွက် လက်စားချေမယ်"

ဟူကွေ့မင်က ချန်းဖန်အား စူးစူးဝါးဝါး ကြည့်ကာ ပြောလိုက်၏။

ကျိုးကျူရှင်းနှင့် မိန်းကလေး သုံးယောက်မှာမူ အလွန်တရာ ဒေါသထွက် နေကြပြီ ဖြစ်သည်။ သူတို့က ချန်းဖန်အား ကြည့်လိုက်မိကြ၏။ ပေ့ဟန်နယ်ကား သူတို့၏ မွေးဖွားရာ ဇာတိ ဖြစ်သည်။ ထိုနယ် ပျက်စီးသွားမည်ကို သူတို့ မမြင်လိုကြချေ။

"ဘုန်း…"

ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်မှ အဇူရာ အလင်းများ ပေါက်ကွဲ ထွက်ပေါ် လာ၏။ သူကား အမှန်တကယ် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ် နေခဲ့ပြီ ဖြစ်သည်။

***

ထိုအချိန် မိုင်တစ်ရာခန့် အကွာအဝေးရှိ အနက်ရောင် စစ်သင်္ဘော တစ်ခုထက်၌…

"ဘိုးဘေး… ကူညီပါဦး… ဘိုးဘေးသာ ဝင်မပါရင် ချန်းပေ့ရွှမ်း အန္တရာယ် ဖြစ်တော့မယ်"

ဝူချင်းယန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

ဝူမိသားစု ဘိုးဘေး ဝူဝမ်တင်သည် ‌စစ်သင်္ဘော၏ ထိပ်၌ ရပ်ကာ အဝေးသို့ မျှော်ကြည့်နေ၏။ သူ၏ ဘေးတွင်မူ အနက်ရောင် ဝတ်စုံဝတ် အဘိုးအို သုံးယောက် ရပ်နေခဲ့သည်။

"ခင်ဗျားတို့ ဘယ်လိုထင်လဲ…"

ဝူဝမ်တင်က မေးလိုက်သည်။

"အဟွတ်… အဟွတ်…"

ပိန်ပါးသော အဘိုးအိုက ချောင်း တဟွတ်ဟွတ် ဆိုးရင်း ပြန်ဖြေလိုက်၏။

"ကျုပ်တို့မှာ အခွင့်အရေး မရှိဘူး… ဖန်ချန်းကျိ တို့က တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာတွေ အပြင် အစီအရင်တွေကိုပါ ယူလာမှာ သေချာတယ်… ဝမ်မိသားစုရဲ့ ကောင်းကင် အရှင် ဝင်ပါတာ ဒါမှမဟုတ် ကျုပ်တို့ရဲ့ ကျန်းဟိုင် သုံးချောင်းထောက် ဆေးအိုးကို သုံးတာက လွဲရင် ဘယ်အရာကမှ သူတို့ကို တားနိုင်မှာ မဟုတ်ဘူး"

ထိုအဘိုးအိုကား ဝမ်မိသားစု မဟာ အကြီးအကဲ ဖြစ်ကာ ဝှက်ဖဲ တစ်ခုလည်း ဖြစ်သည်။ သူသည် ဝူဝမ်တင်၏ အကို တော်စပ်ပြီး ဝူဝမ်ချန်းဟု အမည်ရ၏။

"ဒါဆို ကျွန်မတို့က ဆေးဧကရာဇ်ချန်း သေသွားတာကို ဒီအတိုင်းပဲ စောင့်ကြည့်ရ မှာလား…"

ဝူချင်းယန်က စိုးရိမ်တကြီး မေးလိုက်သည်။

ဝူမိသားစု၏ အခြား အဖွဲ့ဝင်များမှာ တိတ်ဆိတ် သွားကြကာ ဝူဝမ်ချန်းက ခေါင်းခါ ပြ၏။

ရုတ်တရက် ဝူချင်းယန်မှာ အဆုံးစွန်သော အကူအညီမဲ့မှုကို ခံစားရသည့် ပမာ ပျော့ခွေ သွားတော့၏။

…

မိုင်သုံးရာခန့် အကွာ နေရာ တစ်ခု၌…

လူနှစ်ယောက်သည် မတ်တပ်ရပ်ကာ အရပ်မျက်နှာ တစ်ခုကို မျှော်ကြည့် နေကြ၏။

သူတို့ထဲမှ တစ်ယောက်ကား ဟန်ရှုံး သတ်မှတ်ချက်ဝင် လော့ချန်ရှန်း ဖြစ်ပြီး ခရမ်းရောင် ဆံပင်ရှည်များ လွင့်မြောနေသည့် တစ်ယောက်မှာမူ ခရမ်းရောင် လနတ်သမီးပင် ဖြစ်သည်။

"အကိုချန်ရှန်း… ဒီပြဿနာကို ချန်းပေ့ရွှမ်း ဖြတ်ကျော်နိုင်မယ်လို့ ထင်လား"

ခရမ်းရောင် လနတ်သမီးက မေးလိုက်သည်။

"အကို‌တော့ မထင်ဘူး…"

လော့ချန်ရှန်းက ခေါင်းအား ခါယမ်း လိုက်၏။

"ဖန်ချန်းကျိနဲ့ သူ့လူတွေက ဟန်ရှုံး သတ်မှတ်ချက် အောက်ခြေက ပုဂ္ဂိုလ်တွေလောက် အစွမ်းထက်ကြတယ်… နောက်ပြီး သူတို့က တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာတွေနဲ့ ကောင်းကင် အစီအရင်တွေကိုပါ ယူလာမှာ သေချာတယ်… ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး သုံးယောက်က လွဲလို့ သူတို့ကို ဘယ်သူမှ တားဆီးနိုင်မယ် မထင်ဘူး"

…

တစ်ချိန်တည်း၌ ဆေးမြို့တော် နှင့် အခြား ပြည်နယ် ဆယ့်နှစ်ခုရှိ လူများမှာ ချန်းဖန် ရှုံးလိမ့်မည် ဟုသာ တွေးတော နေမိကြ၏။ သူတို့သည် ပါရမီရှင် တစ်ယောက် ဆုံးရှုံးရခြင်း အတွက် တွေးကာ စိတ်မကောင်း ဖြစ်နေကြ‌သည်။

"ချန်းပေ့ရွှမ်း… ဒီနေ့တော့ မင်းသေရမှာ သေချာတယ်"

စီတုချန်းက လက်သီးအား ဆုပ်လိုက်၏။ သူ၏ မျက်လုံး အတွင်းတွင်မူ ကျေနပ်သော ခံစားမှု တစ်ခုက နေရာယူ နေခဲ့သည်။

ရုတ်တရက် ချန်းဖန်က ကောက်ခါငင်ကာ မေးလိုက်၏။

"ငါ ဘာဆေး ဖော်စပ်နေတာလဲ ဆိုတာ မင်းတို့ သိကြလား…"

"ဟမ်…"

လူတိုင်းမှာ ကြောင်အအ ဖြစ်သွားကြ၏။ ချန်းပေ့ရွှမ်းက အဘယ်ကြောင့် ရုတ်တရက် ထကာ ဆေးအကြောင်း မေးရသနည်း။ မိန်းကလေး သုံးယောက် ပင်လျှင် ချန်းဖန်အား နားမလည်နိုင်စွာ ကြည့်လိုက်မိကြသည်။

ချန်းဖန်က ဖြည်းညင်းစွာ ထရပ်လိုက်၏။

"ငါ ဖော်စပ်နေတဲ့ ကောင်းကင်ဆေးက သက်ရှည်ဆေး လို့ အမည်ရတယ်… ဒီဆေးကို ကောင်းကင်ဆေးပင် နှစ်ဆယ့်နှစ်ခု၊ ရတနာ ဆေးပင် တစ်ရာ့ ခုနစ်ခု အပြင် ဝိညာဉ် ဆေးပင်ပေါင်း ကိုးထောင် သုံးရာမျိုးနဲ့ ဖော်စပ်ရတယ်… ဒါပေမဲ့ ငါ့မှာ အခုထိ ဆေးအမယ် တစ်ခု လိုနေတုန်းပဲ"

"ဘာဆေးအမယ်လဲ…"

ဖန်ချန်းကျိက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"အစွမ်းထက် ကျင့်ကြံသူတွေရဲ့ သွေးတွေပေါ့… ငါ အဲဒီ သွေးတွေကို ဘယ်ကနေ ရှာရမလဲ လို့ တွေးပြီး ခေါင်းပူ နေတာ… အခုတော့ အားလုံး အဆင်ပြေသွားပါပြီ"

ချန်းဖန်က ဖန်ချန်းကျိတို့ကို ကြည့်ကာ ပြုံးပြ လိုက်သည်။

"ဘာကြောင့်လဲ ဆိုတော့ မင်းတို့ ရောက်လာလို့လေ…"

ရုတ်တရက် အရာအားလုံး တိတ်ဆိတ် သွားတော့၏။

***

All Chapters