ရန်သူများကို လွှမ်းမိုးခြင်း
Vol. 10 Ch. 919
မြို့ပြင်ရှိ သန်းချီသော ကျင့်ကြံသူများ နှင့် အဝေးမှ ကြည့်နေသည့် ပရိတ်သတ် အားလုံးမှာ ဆွံ့အ သွားကြ၏။ သူတို့သည် ချန်းဖန်၏ စကား အဓိပ္ပာယ်ကို နားလည်ကြသော်လည်း ကြားလိုက်ရသည့် စကားလုံးများကို အတည် မပြုရဲကြချေ။
အတန်ကြာမှ ကျန်းဟန်က…
"အကြီးအကဲ… ချန်းပေ့ရွှမ်းက ဘာကို ဆိုလိုချင်တာလဲ"
"သူက လူသားတွေကို ဆေးအမယ်တွေ အနေနဲ့ သုံးချင်နေတာ… ဒါက တကယ့်ကို လူသား မဆန်တဲ့ အကြံအစည်ပဲ"
အကြီးအကဲ ချန်းယန်၏ မျက်လုံးများမှာ ဒေါသဖြင့် တောက်ပနေ၏။ သို့သော်လည်း နှလုံးသားထဲရှိ ကြောက်ရွံ့သော ခံစားချက်ကိုမူ သူ မတားဆီး နိုင်ခဲ့ချေ။
တစ်ချိန်တည်း၌ အကြီးအကဲ ဆယ့်သုံးယောက်မှာ မထိန်းချုပ်နိုင်အောင် ဒေါသထွက် နေကြပြီ ဖြစ်သည်။
"မင်း လုပ်ရဲလား…"
"ခွေးကောင်…"
သူတို့က ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်ကာ အော်ဟစ် ကြ၏။
"မင်းက ငါတို့ကို ဆေးအိုးထဲ ထည့်ချင်တယ် ဟုတ်လား… မင်းမှာ အစွမ်းရှိလား ကြည့်ရသေးတာပေါ့"
ဟူကွေ့မင်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။
"ဘုန်း…"
သူ၏ လက်များက တောင်တန်း နှစ်ခု အရွယ်အစား ရှိသော ခရမ်းရောင် လက်သည်းများ အဖြစ် ဆန့်ထွက် လာသည်။ ထိုလက်သည်းများကား ကောင်းကင် မြေခွေး၏ လက်သည်းများပင် ဖြစ်သည်။ လက်သည်း နှစ်ခုသည် ကောင်းကင်ကို ထိုးခွဲကာ ချန်းဖန်တို့ ထံသို့ ကျဆင်း လာ၏။
"သူက ဖန်ချမ့်ကျွယ်နဲ့ အတူ ကျုပ်တို့ကို တိုက်ခိုက်ခဲ့တဲ့ တစ်ယောက်ပဲ"
ကျိုးကျူရှင်း၏ မျက်နှာက အရောင်ပြောင်း သွားသည်။
"အင်း…"
ချန်းဖန်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက လက်သည်းထံသို့ ဦးတည်၍ လက်ညိုးအား ဆန့်ထုတ်လိုက်သည်။ ထိုအခါ မီတာ တစ်ထောင် ရှည်လျားသော လက်ညိုး တစ်ခုသည် ကောင်းကင်တွင် ပေါ်လာကာ တိမ်များကို ဖြတ်သန်း၍ လက်သည်း နှစ်ခုကို တားဆီးလေ၏။
"အဇူရာ သက်ရှည်… နတ်ဘုရားသတ် လက်ညိုး"
"ဘုန်း…"
မီတာ တစ်ထောင်ရှည်သော လက်ညိုးသည် ခရမ်းရောင် လက်သည်း နှစ်ခုအား ထိုးခွဲ သွား၏။
တစ်ချိန်တည်းမှာပင် အကြီးအကဲ ဆယ့်သုံးယောက်မှာ စတင်ကာ လှုပ်ရှား လာသည်။ ချန်းဖန်သည် ထိပ်တန်း တိုက်ခိုက်ရေး သမား တစ်ယောက် ဖြစ်ရာ ဟူကွေ့မင် တစ်ယောက်တည်းဖြင့် အနိုင်မရနိုင်ကြောင်း သူတို့ သိရှိပြီး ဖြစ်သည်။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ စုပေါင်း တိုက်ခိုက်ရန်သာ ဖြစ်သည်။
"ဘုန်း…"
ကြောက်မက်ဖွယ် စွမ်းအားသည် လှိုင်းတစ်ခု အဖြစ် ဖြာထွက်လာကာ ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီး ပစ်၏။
အနီးအနားရှိ ရာချီသော တောင်ထိပ်များမှာ ဖိအားဒဏ်ကို မခံနိုင်ရကား ကျိုးပဲ့ ပျက်စီး ကုန်သည်။ ဆေးမြို့တော် ပင်လျှင် ကောင်းကင် အစီအရင်များကို အသက်သွင်းကာ ထိုလှိုင်းအား ကာကွယ် ရသည်။
"ဘုန်း… ဘုန်း…"
ကောင်းကင်သည် အလင်း ရောင်ခြည်များဖြင့် ပြည့်နှက်နေ၏။ လူများသည် ထိုမြင်ကွင်းကို ကြည့်ကာ အသက် မရှူနိုင်အောင် ဖြစ်နေကြသည်။
ဟန်ရှုံး သတ်မှတ်ချက်ဝင် တစ်ယောက်သည် သာမန် ရွှေအမြုတေ အယောက် တစ်ရာကို အနိုင်ယူနိုင်သည်။ ယခုတွင်မူ ဟန်ရှုံး သတ်မှတ်ချက်ဝင်များနှင့် ယှဉ်နိုင်သည့် ပုဂ္ဂိုလ် ဆယ့်သုံးဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက် နေသည်။ ထိုအရာက ပုံဖော် မရနိုင်အောင် ပြင်းထန် လွန်းလှပေသည်။
"ခရက်…"
အားလုံး၏ အကြည့်များ အောက်တွင်ပင် အနက်ရောင် တွင်းပေါက် တစ်ခုသည် မျက်လုံး တစ်ခု အလား ကောင်းကင်တွင် ပွင့်လာ၏။ မုန်တိုင်းသည် ဖြစ်ပေါ်လာကာ ချန်းဖန်ထံသို့ ဦးတည်၍ အရာအားလုံးကို ဖျက်ဆီး ပစ်သည်။
ချန်းဖန်သည် မုန်တိုင်း၏ ဦးတည်ရာ အရပ်၌ တည်ငြိမ်စွာပင် ရပ်နေ၏။ သူ၏ ပတ်ဝန်းကျင်တွင်မူ ဆေးချီများက အလင်းများ အလား ညင်သာစွာ ကူးခပ် နေခဲ့သည်။
"ဒါက… ဟန်ရှုံး သတ်မှတ်ချက်ဝင်တွေရဲ့ တကယ့် စွမ်းအားလား…"
ဆေးပညာ အစည်းအရုံး၌ ကျင်းဟန်နှင့် အကြီးအကဲ ချန်းယန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တုန်ရီ နေကြသည်။ ဆေးပညာ အစည်းအရုံး ခေါင်းဆောင် ပင်လျှင် ကြောက်လန့် နေခဲ့သည်။ ကျို့ကျို့မှာမူ လက်သီးကိုသာ တင်းတင်း ဆုပ်ကာ ကောင်းကင်အား ငေးမော ကြည့်နေခဲ့၏။
"ဒီ ကျင့်ကြံသူ ဆယ့်သုံးယောက်ရဲ့ တိုက်ခိုက်မှုက ကောင်းကင် အရှင် တစ်ယောက်နဲ့တောင် ယှဉ်နိုင်တာပဲ"
လော့ချန်ရှန်းက ခေါင်းခါရင်း ရေရွတ် လိုက်သည်။
"အကိုလော့… တကယ်လို့ အကိုသာ ချန်းပေ့ရွှမ်း နေရာမှာဆို ဘာလုပ်မှာလဲ"
ခရမ်းရောင် လနတ်သမီးက သူ့အား ကြည့်ကာ မေးလိုက်သည်။
"ငါသာ သူ့နေရာမှာ ဆိုရင် အရင်ဆုံး စပြီး အလစ်တိုက်မှာပေါ့… သူတို့ မပြင်ဆင် ရသေးခင်မှာပဲ သူတို့ထဲက တစ်ယောက် နှစ်ယောက်ကို သတ်ပစ်လိုက်မယ်… ပြီးရင် ထွက်ပြေးမယ်… နောက်ကျမှ ပြန်လာပြီး လက်စားချေမယ်"
လော့ချန်ရှန်းက ဆက်ပြောလိုက်သည်။
"ငါသာ သူဆိုရင် ဘယ်တော့မှ ခုလို အခြေမျိုး အရောက်ခံမှာ မဟုတ်ဘူး… သူက အစွမ်းထက်တယ် ဆိုပေမဲ့ စဉ်းစား ဆုံးဖြတ်နိုင်စွမ်း အားနည်းနေတာ စိတ်မကောင်းစရာပဲ"
ထိုအခါ ခရမ်းရောင် လနတ်သမီး၏ မျက်နှာ၌ လေးစား ကြည်ညိုသော အပြုံးတစ်ခု ဖြစ်ပေါ် လာ၏။
တစ်ချိန်တည်း၌ ဝူဝမ်တင်မှာ မျက်မှောင်ကြုတ် နေ၏။ သူက စိတ်ပျက်စွာ ရေရွတ် လိုက်သည်။
"ချမ်းပေ့ရွှမ်းက ခေါင်းမာတဲ့ အရူး တစ်ယောက်ပဲ… သူသာ ဦးနှောက် ရှိရင် အန္တရာယ် ကင်းသွားတဲ့ အထိ ပုန်းနေသင့်တာကို သိမှာ… သူ့ရဲ့ ရန်သူတွေက ဘယ်လိုလူတွေ ဆိုတာ သူ မေ့နေတာပဲ"
"သူ့ကို ကယ်ဖို့ နည်းလမ်း တစ်ခုမှ မရှိတော့တာလား" ဝူချင်းယန်က မေးလိုက်၏။
"ကျန်းဟိုင် သုံးချောင်းထောက် ဆေးအိုးကို သုံးမှပဲ ဖြစ်နိုင်လိမ့်မယ်… မဟုတ်ရင် ဘိုးဘေးတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး" ဝူပိုင်စုက အဖြေပေး လိုက်သည်။
ထိုစကားကို ကြားပြီးနောက် ဝူချင်းယန်၏ မျက်နှာမှာ မျှော်လင့်ချက် ကုန်ခမ်းသည့် အလား သွေးဆုတ် ဖြူရော် သွားတော့၏။
ကျန်းဟိုင် သုံးချောင်းထောက် ဆေးအိုးကား ဝူမိသားစု၏ အဖိုး အတန်ဆုံး ရတနာ ဖြစ်သည်။ ဝူဝမ်တင် ပင်လျှင် အခြား အကြီးအကဲများ၏ သဘောတူညီမှု မရပါက ထိုဆေးအိုးကို မထိရဲချေ။ ၎င်းမှာ မြောက်နတ္ထိနယ်၌ ကောင်းကင် အရှင် မိသားစု တစ်ခု အဖြစ် ဝူမိသားစု ဝံ့ကြွားစွာ ရပ်တည်နိုင်သည့် အကြောင်းရင်းလည်း ဖြစ်၏။
"ဟီးဟီး… အဲ့ကလေးသာ နင်တို့ နှစ်ယောက်ကို လက်ထပ်ပြီး ဝူမိသားစုထဲ ဝင်မယ် ဆိုရင် ငါ အဘိုးကြီးက ကျန်းဟိုင် ဆေးအိုးကိုသုံးဖို့ တောင်းဆိုမိမှာ အမှန်ပဲ… ဒါပေမဲ့ အခုက အဲ့လိုမှ မဟုတ်တာ"
ဝူဝမ်တင်က အနည်းငယ် ပြုံးကာ ဆိုလိုက်သည်။
တစ်ချိန်တည်း၌ ချန်းဖန်နှင့် အကြီးအကဲ ဆယ့်သုံးယောက်၏ တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။
"ကောင်းကင်မြေခွေး ပုံရိပ်ယောင် ကိုးခု…"
"အမှောင်နေ သတ်ဖြတ်ခြင်း…"
"ဧကဝုစ် နတ်ဘုရား မိုးကြိုး…"
" … "
တိုက်ခိုက်မှု စွမ်းအင် များသည် မုန်တိုင်း အတွင်း ပေါင်းစပ် ပျော်ဝင်ကာ ချန်းဖန်ထံသို့ အဖက်ဖက်မှ တိုးဝင် နေ၏။ ၎င်းတို့ကား အကြီးအကဲ ဆယ့်သုံးယောက်၏ အဆုံးစွန်သော စွမ်းအားကို သယ်ဆောင် ထားလေရာ လောကကိုပင် ဖျက်ဆီး မတတ် ပြင်းထန် လွန်းလှသည်။
ထိုအချိန်၌ ကျိုးကျူရှင်း၏ မျက်နှာမှာ ဖြူရော် နေခဲ့ပြီ ဖြစ်လေသည်။ စီတုချန်း၏ မျက်နှာတွင်မူ ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်နေ၏။
သူက အော်ဟစ် ရယ်မောရင်း…
"ဆေးဧကရာဇ်ချန်း… မင်း အခု ဘာလုပ်မလဲ… မေးစေ့ကို မော့ပြီး အသေခံ မလား… ဒါမှမဟုတ် အသက်ရှင်ဖို့ အတွက် ဒူးထောက် တောင်းပန်မလား…"
"နင် ရူးနေလား… အဲဒီ တိုက်ခိုက်မှုသာ တောင်ပေါ် ကျလာရင် ငါတို့ အားလုံး သေရမှာ"
ယွင်ရီအာက ဒေါသတကြီး အော်ဟစ် လိုက်သည်။
"ဟီးဟီး… ဆေးပညာ တိုက်ပွဲမှာ ရှုံးပြီး ကတည်းက ငါက သေလူ ဖြစ်နေပါပြီ… ဘာမှ ထပ်ပြီး ဆုံးရှုံးစရာ မရှိတော့ဘူး… အခု ငါ့မှာ ဆန္ဒ ဆိုလို့ တစ်ခုပဲ ရှိတော့တယ်… အဲဒါက ချန်းပေ့ရွှမ်းရဲ့ ကျဆုံးခန်းကို မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်ဖို့ပဲ"
စီတုချန်းက ထိုသို့ဆိုကာ အားရပါးရ ရယ်မော လိုက်၏။ လင်းဝူဟွာနှင့် အခြားလူများက သူ့အား လျစ်လျူကာ ချန်းဖန်အား ကြည့်လိုက်ကြသည်။
စီနီယာချန်းကား သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပေသည်။ သူသည် ပေ့ဟန်နယ်တွင် ကဲ့သို့ အံ့ဩစရာ တစ်ခုခု လုပ်ပြဦးမည်လား မည်သူမျှ မပြောနိုင်ချေ။
"သခင်… ကျုပ်တို့ နောက်ဆုတ်လိုက်ကြရင် ကောင်းမလား"
ကျိုးကျူရှင်းက မဝံ့မရဲ မေး၏။
ချန်းဖန်က မည်သို့မျှ ပြန်မဖြေပဲ ထိုင်ရာမှ ဖြည်းညင်းစွာ ထလိုက်၏။ သူ၏ အရှေ့ရှိ ဆေးတစ်ရာ ရတနာ ဆေးအိုးကမူ ရွှေရောင် အလင်းကို တောက်ပစွာ ထုတ်လွှတ်နေသည်။ ထိုအရာမှာ ဆေးဖော်စပ်မှု ပြီးမြောက်တော့မည် ဖြစ်ကြောင်း ဖော်ပြနေသည့် လက္ခဏာလည်း ဖြစ်၏။
"စီနီယာချန်း…"
လင်းဝူဟွာက ချန်းဖန်၏ နာမည်ကို တီးတိုးစွာ ရေရွတ်လိုက်သည်။
ချန်းဖန်က သူမအား လှည့်ကြည့်ကာ ညင်သာစွာ ပြုံးပြလိုက်၏။ ထို့နောက် သူက စီတုချန်း ဘက်သို့ လှည့်ကာ အေးစက်စွာ ကြည့်လိုက်သည်။
"တကယ့် ဆေးဖော်စပ်တဲ့ ပညာက ဘယ်လိုလဲ ဆိုတာ မင်းကိုငါ ပြမယ်… ကောင်းကောင်း ကြည့်ပြီး သင်ယူထား"
ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးကာ မြေပြင်အား ဖနှောင့်ဖြင့် ပေါက်လိုက်သည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ အမတေချီ… ငါ့ အမိန့်ကို နာခံစမ်း…"
"ဆေးအိုး… ဖွဲ့စည်းစမ်း…"
ရုတ်တရက် ကမ္ဘာမြေသည် မြေငလျင် တစ်ခု အလား လှုပ်ခတ်လာသည်။ တောက်ပသော အလင်းသည် မြေထု၏ ဗဟိုမှ ရုန်းကြွကာ ထွက်ပေါ်လာ၏။
မရေမတွက်နိုင်သော ချီစွမ်းအင်တန်း များသည် ကောင်းကင်တွင် ပျံသန်းနေသည်။ အသေးငယ် ဆုံးသော စွမ်းအင်တန်း တစ်ခုသည် နဂါး တစ်ကောင် အရွယ်အစား ရှိကာ အကြီးဆုံး စွမ်းအင်တန်းမှာမူ တောင်တန်း တစ်ခု အရွယ်အစား ရှိ၏။ ၎င်းတို့သည် မြေအောက်၌ ရှိသည့် ဝိညာဉ်ကြောနှင့် တိမ်များ အကြားတွင် ဖုန်းကွယ် နေသည့် အမတေချီကြော တို့ပင် ဖြစ်လေသည်။
သုံးချောင်းထောက် ဆေးအိုးသည် မိုးကုပ်စက်ဝိုင်းသို့ ရောက်သည် အထိ ကြီးမားလာကာ ၎င်း၏ ခန္ဓာ ထုထည်မှာ ကောင်းကင်နှင့် မြေကြီး အကြား ပြည့်နှက် သွား၏။ ဆေးအိုး၏ မျက်နှာပြင်သည် နေလ၊ တောင်တန်း၊ မြစ်ပြင် ပုံရိပ်များဖြင့် ဖုံးကွယ် သွားသည်။
"အဲဒါက…"
လူတိုင်း၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ် ကုန်ကြသည်။
အကြီးအကဲ ချန်းယန်မှာ နောက်သို့ တစ်လှမ်း ဆုတ်မိကာ အစည်းအရုံး ခေါင်းဆောင် မှာလည်း တုန်ရီနေ၏။ ဝူဝမ်တင် ပင်လျှင် သရဲ တစ်ကောင်ကို မြင်ရသည့် အလား ထိတ်လန့် နေခဲ့သည်။
"ကောင်းကင်နဲ့ မြေကြီးက ဆေးအိုး… နေနဲ့ လက လောင်စာ… ကျင့်ကြံသူတွေရဲ့ အသက်က ဆေးအမယ်… ကမ္ဘာကြီးကို အမိန့်ပေးခြင်း… သူက... ကောင်းကင်အရှင် တစ်ယောက်ပဲ"
လော့ချန်ရှန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
***