ကောင်းကင်နှင့် မြေကြီး ဆေးအိုး
Vol. 10 Ch. 920
"ဝှစ်…"
ရာပေါင်းများစွာသော ဝိညာဉ်ချီ အလင်းတန်းများသည် အလွန်တရာ ကြီးမားသော သုံးချောင်းထောက် ဆေးအိုးကို ဝန်းရံကာ ကောင်းကင်တွင် ပြည့်နှက် နေ၏။ မြေပြင်၌ ဖြစ်ပေါ်နေသော အရာမှာ ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းသေးသည်။ လူတိုင်းသည် မြေပြင်၌ ပေါ်နေသော တောက်ပသည့် အဆုံးမဲ့ သင်္ကေတများကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ၎င်းတို့ကား ကောင်းကင် အရှင် ရှေးဟောင်းဆေး ရေးဆွဲ ထားခဲ့သည့် အစီအရင်များပင် ဖြစ်လေသည်။
"ဘုန်း…"
သုံးချောင်းထောက် ဆေးအိုးသည် မိုးကြိုးသံ သဲ့သဲ့ကို ထုတ်လွှတ်၏။ ထိုအသံသည် ဆေးအိုး အတွင်း နတ်ဆိုး အရှင် တစ်ယောက် ဝင်ရောက် အော်ဟစ် နေသယောင် ထင်ရပေသည်။
"အဲဒါက… ဘာလဲ"
အကြီးအကဲ ဆယ့်သုံးယောက်ကား ထိတ်လန့် နေကြပြီ ဖြစ်လေသည်။
ဖန်ချန်းကျိသည် အပေါ်သို့ မော့ကြည့်ရာ ဆေးအိုးကြီးမှာ ကောင်းကင်တစ်ခုလုံး၌ နေရာယူထားသည်ကို တွေ့လိုက်ရသည်။ ပို၍ ဆိုးသည်ကား ဆေးအိုးကြီးမှာ သူတို့ကို ဝန်းရံထားခြင်းပင်။ ထိုအရာက သူတို့ အားလုံးမှာ ဆေးအိုးကြီး အတွင်း ရောက်ရှိ နေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
"အဲဒါပ ပုံရိပ်ယောင် လှည့်ကွက် တစ်ခုပဲ ဖြစ်ရမယ်… ကီလိုမီတာ ရာချီ ဧရိယာကို လွှမ်းမိုးနိုင်တဲ့ ကျင့်စဉ်မျိုး ရှိတယ် လို့ ငါ တစ်ခါမှ မကြားဖူးဘူး… နံရံကိုသာ ထိုးခွဲကြဟေ့… အဲဒီ ပုံရိပ်ယောင်က ပျက်စီး သွားလိမ့်မယ်" ဟူကွေ့မင်က အော်ဟစ် လိုက်၏။
"ဘုန်း… ဘုန်း…"
ချက်ချင်းပင် အကြီးအကဲ ဆယ့်သုံးယောက် ထံမှ ပြင်းထန်သော တိုက်ခိုက်မှုများ ဖော်ဆောင်ရန် ဟန်ပြင် လိုက်ကြ၏။
"တကယ်ကြီး လုပ်နေတာပေါ့…"
ချန်းဖန်က ပြုံးလိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်အား ရှေ့သို့ ဆန့်တန်းကာ စက်ဝိုင်း သဏ္ဌာန် ဝှေ့ယမ်းလိုက်၏။ သုံးချောင်းထောက် ဆေးအိုးသည် စတင် တုန်ခါလာကာ ချန်းဖန်၏ လက်အတိုင်း လိုက်လံ လှုပ်ရှားသည်။
"ပွင့်စမ်း…"
ဖန်ချန်းကျိသည် လက်ဝါအား အဆက်မပြတ် ရိုက်ထုတ်လိုက်၏။ မရေမတွက်နိုင်သော အနက်ရောင် အလင်းများသည် သူ၏ နံဘေး၌ ဝန်းရံကာ ကြီးမားသော လက်ဝါးကြီး အသွင် ဖြစ်ပေါ်လာသည်။ ၎င်းလက်ဝါးသည် ပြင်းထန်သော အရှိန်ဖြင့် ဆေးအိုး၏ နံရံပေါ်သို့ ကျလေ၏။
"ဘုန်း…"
သို့သော်လည်း အံ့အားသင့်စွာပင် ဆေးအိုးကြီးကား တစ်ချက်မျှပင် လှုပ်ခါ မသွားပါချေ။
"ဘာဖြစ်တာလဲ…"
ကျိရွှမ်ကျုံး၏ မျက်ခုံးများမှာ တွန့်ကွေး သွား၏။
ဖန်ချန်းကျိမှာမူ ရှက်ရွံ့သွားသည်။ သူသည် ဖန်မိသားစု၏ မဟာ အကြီးအကဲ ဖြစ်သည့်တိုင် နံရံအား တစ်ချက်မျှပင် လှုပ်ခါရန် မစွမ်းနိုင်ခဲ့ချေ။
"မဟူရာ မုန်တိုင်း ဓား… သွားစမ်း…"
ဖန်ချန်းကျိက အော်ဟစ်၍ လက်အား လှုပ်ခါလိုက်၏။ ရုတ်တရက် အဇူရာဓားများသည် သူ၏ လက်ချောင်းများမှ ထွက်ပေါ်လာကာ ဆေးအိုး နံရံထံသို့ တိုးဝင် သွားပြန်သည်။
"အဲဒါက လက်ချောင်းဓားများ လို့ ခေါ်တဲ့ ဖန်ချန်းကျိရဲ့ ဓမ္မ ရတနာ မလား… အဲဒီ ရတနာက ကောင်းကင် အရှင် တစ်ယောက်ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တယ် တဲ့…"
တစ်ယောက်က အံ့ဩတကြီးဖြင့် အော်ဟစ် လိုက်၏။
သို့သော်လည်း ထပ်မံ ဖြစ်ပေါ်လာသော မြင်ကွင်း သူ၏ စကားအား ရပ်တန့်သွားစေသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
အဇူရာဓားများသည် ဆေးအိုး၏ နံရံပေါ်သို့ အညှာအတာ ကင်းမဲ့စွာ ကျဆင်း သွားသည်။ သို့သော် ၎င်းတို့သည်လည်း ဆေးအိုး နံရံအား ဖောက်ထွင်းရန် မဆိုထားနှင့် အနည်းငယ် လှုပ်ခါနိုင်ခြင်းပင် မရှိခဲ့ချေ။
"မကောင်းတော့ဘူး…"
အကြီးအကဲ ဆယ့်သုံးယောက် စလုံးကား မျက်နှာများ ပျက်သွားကြသည်။
အန္တရာယ် သူတို့၏ ရှေ့မှောက်၌ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့ကား မျက်ကန်းများ မဟုတ်ကြချေ။ ဖန်ချန်းကျိသည် သူတို့ ဆယ့်သုံးယောက်ထဲ၌ အစွမ်းအထက်ဆုံး ငါးယောက် စာရင်းဝင် ဖြစ်သည်။ သို့သော်လည်း သူ၏ အစွမ်းကုန် တိုက်ခိုက်မှုက ပင်လျှင် ဆေးအိုးနံရံအား လှုပ်ရှားရန် မစွမ်းသာခဲ့ချေ။
"လက်လျှော့လိုက်ကြတော့… အဲဒါက ကောင်းကင်နဲ့ မြေကြီး ဆေးအိုးပဲ… ကောင်းကင် သမားတော်တွေပဲ အဲဒီ ဆေးအိုးကို သုံးနိုင်ကြတာ"
စီတုချန်းက စိတ်ဓာတ် အလုံးစုံ ပျက်ပြားနေသော လေသံဖြင့် ရေရွတ် လိုက်သည်။
သူသည် ထိုဆေးအိုးအား မြင်စဉ် ကတည်းက သူ၏ မျှော်လင့်ချက် အားလုံးမှာ ဆုံးရှုံး သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိပြီး ဖြစ်သည်။ သူသည် ထိုဆေးအိုး အကြောင်းအား ကောင်းစွာ သိ၏။
"ကောင်းကင်နဲ့ မြေကြီး ဆေးအိုး…"
လူအများက နားမလည်ဟန် မျက်မှောင်များကို ကြုတ်လိုက်ကြသည်။
"ကောင်းကင် သမားတော်နဲ့ မဟာ သမားတော် တို့ကြားမှာ အဓိက ကွာခြားချက် တစ်ခု ရှိတယ်… အဲဒါက ဝိညာဉ်ကြောတွေကို ထိတွေ့နိုင်တာနဲ့ ကြယ်တွေရဲ့ စွမ်းအားကို အသုံးချ နိုင်တာပဲ… မဟာ သမားတော်တွေ အတွက် လူသားတွေ အပါအဝင် လောကမှာ ရှိတဲ့ အရာအားလုံးက ဆေးအမယ်တွေ ဖြစ်လာတယ်"
"အစစ်အမှန် ကောင်းကင် သမာတော် တစ်ယောက် ဖန်တီးတဲ့ ဆေးကိုပဲ အစစ်အမှန် ကောင်းကင်ဆေးလို့ ယူဆနိုင်တယ်"
စီတုချန်း၏ မျက်နှာက အခက်တွေ့နေဟန် ရ၏။ တစ်ချိန်တည်း၌ သူ၏ မျက်လုံးများမှာ မျှော်လင့်ချက် မဲ့ခြင်း၊ စိတ်ဓာတ်ကျခြင်းများနှင့် ပြည့်နှက်နေသည်။
"ကမ္ဘာကြီးကို ဆေးအိုးအဖြစ် သုံးပြီး ကြယ်တွေဆီက စွမ်းအားနဲ့ ဆေးဖော်စပ်တယ်…"
အကြီးအကဲများမှာ ချန်းဖန်အား ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။
"နေဦး… ချန်းပေ့ရွှမ်းက ကောင်းကင်အရှင် တစ်ယောက် ဖြစ်နေပြီလို့ မင်းပြောလိုက်တာလား… မဖြစ်နိုင်တာ"
ဟူကွေ့မင်က မယုံကြည်နိုင်စွာ အော်ဟစ် လိုက်သည်။
ကောင်းကင် သမားတော်တိုင်းကား ကောင်းကင် အရှင်များ ဖြစ်သည်။ အကယ်၍ ချန်းပေ့ရွှမ်းသာ ကောင်းကင် သမားတော် ဆိုလျှင် ထိုအရာက သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အခြေတည် ဝိညာဉ် အဆင့်ကို ရောက်ရှိနေပြီဟု မှတ်ယူနိုင်ပေသည်။
"ကျိန်းသေလို့တော့ ကျုပ် မပြောပါဘူး…"
စီတုချန်းက ဖြူရော်စွာ ပြုံးရင်း ခေါင်းအား ခါလိုက်၏။
"ငါ မယုံဘူး…"
ကျိရွှမ်ကျုံးက ကောင်းကင်သို့ ပျံတက်ကာ သူ၏ ဓမ္မ အသွင်ကို ထုတ်ဖော် လိုက်၏။ ထိုအရာကား မီတာ နှစ်ထောင်ခန့် မြင့်သော ဧရာမ ဘီလူးကြီး တစ်ကောင်ပင် ဖြစ်သည်။ ထိုဘီလူကြီးသည် မိုးကြိုးများကို ဆင့်ခေါ်ကာ ဆေးအိုး နံရံအား တိုက်ခိုက်လိုက်၏။
"ငါတို့လည်း မယုံဘူးကွ…"
ဖန်ချန်းကျိ၊ ဟူကွေ့မင်၊ ရှန်းကုန်းယွဲ့ တို့ကလည်း အော်ဟစ်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
"ဘုန်း…"
"ဘုန်း…"
ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှု တစ်ခုချင်းစီကား နျူကလိယများထက်ပင် ပိုမို ပြင်းထန် သေးသည်။ ၎င်းတို့ကား ကမ္ဘာကိုပင် ဖျက်ဆီးနိုင်သည် အထိ ပြင်းထန်လှ၏။
သို့သော်လည်း ကံဆိုးစွာပင် ထိုအရာများက အလုပ်မဖြစ်ခဲ့ချေ။ ဆေးအိုး နံရံပေါ်ရှိ သင်္ကေတများသည် ရောက်ရှိလာသမျှ တိုက်ခိုက်မှုတိုင်းအား အလွယ်တကူပင် စုပ်ယူ ဝါးမြိုသွား၏။
"ဘုန်း…"
စီတုချန်း၏ ဒူးများက မြေပြင်သို့ ခွေယိုင်ကာ ပြုတ်ကျသွားသည်။
ချန်းဖန်၏ လက်များသည် စီးချက်ကျကျ လှုပ်ရှားနေ၏။ မရေမတွက်နိုင်သော ဝိညာဉ်ကြောများမှာ သူ၏ ခန္ဓာကိုယ် အတွင်း စီးဝင်ကာ သုံးချောင်းထောက် ဆေးအိုးနှင့် ဆက်သွယ်ကြသည်။ ဆေးအိုး၏ နံရံသည် စက္ကန့်နှင့် အမျှ ပိုမို ထူထဲ လာနေကာ မျက်နှာပြင်မှာလည်း ပိုမို လင်းလက်လာ၏။
"လာစမ်း…"
ချန်းဖန်က မြေပြင်အား ဖနှောင့်ဖြင့် ပေါက်ကာ အမိန့်ပေး လိုက်၏။
"ဘုန်း…"
ရုတ်တရက် မြေပြင်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာကာ မီးညွန့်များက တိုးထွက် လာသည်။ ထိုအစိမ်းရောင်မီးကား နှစ်ပေါင်း တစ်သောင်း အတွင်း အင်အား စုစည်း ထားခဲ့သည့် လောက၏ အစစ်အမှန် မီးတောက်ပင် ဖြစ်လေသည်။
ချန်းဖန်က မီးတောက်ပေါ်ရှိ ချိပ်တံဆိပ်အား ဖယ်ရှားကာ ဆေးအိုးထံ ပို့လွှတ်လိုက်သည်။ တစ်ချိန်တည်း၌ ကောင်းကင်ရှိ နေကြယ်၏ ရောင်ခြည် အလင်းတန်းများမှာလည်း အတူတကွ ပေါင်းစည်းကာ ဆေးအိုး၏ ထိပ်အား သံကြိုးသဖွယ် ပိတ်လှောင်လေ၏။
"ငါတို့ ရှုံးသွားပြီ…"
စီတုချန်းက မြေပြင်၌ ကြုံ့ကြုံ့ထိုင်ကာ ချန်းဖန်အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေခဲ့သည်။ သူသည် ရွှေအမြုတေ အဆင့် တစ်ယောက်မှ ကောင်းကင် သမားတော် အဖြစ် တစ်ခဏအတွင်း ပြောင်းလဲ သွားခဲ့သော ချန်းဖန်အား နားမလည် နိုင်ချေ။
ဆေးအိုး အတွင်းရှိ အကြီးအကဲ ဆယ့်သုံးယောက်မှာမူ ထွင်းဖောက် ထွက်နိုင်ရန် ကြိုးစား နေကြဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့ မည်သို့ပင် ကြိုးစား စေကာမူ ဆေးအိုးမှာ တုတ်တုတ်မျှပင် မလှုပ်ခဲ့ချေ။
တစ်ချိန်တည်း၌ အစစ်အမှန် ကမ္ဘာမီးတောက် နှင့် နေကြယ် မီးတောက်တို့၏ အားဖြည့်မှုတွင် ဆေးအိုး အတွင်းရှိ အပူချိန်မှာ အလွန် လျှင်မြန်စွာ မြင့်တက် လာနေပြီ ဖြစ်သည်။ ကျောက်တုန်းများ စတင် အရည်ပျော်လာသည်နှင့် အကြီးအကဲများမှာ သူတို့ ကြာရှည် တောင့်မခံနိုင်တော့ကြောင်း သိရှိ လာကြ၏။
"လာစမ်း…"
နောက်ဆုံး၌ ဖန်ချန်းကျိနှင့် အခြား အကြီးအကဲများမှာ သူတို့၏ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာများကို ထုတ်ဖော် လိုက်ကြသည်။
"မဟူရာ မုန်တိုင်း ပုတီးစေ့…"
"မိစ္ဆာရှင်း တိုင်ရီဓား…"
"ပြည်နှင် တံခွန်…"
" … "
တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ ဆယ့်သုံးခုသည် တစ်ခုပြီး တစ်ခု ထွက်ပေါ် လာ၏။ ၎င်းတို့သည် နတ်ဆိုးအရှင်များ၏ အရှိန်အဝါများကို သယ်ဆောင်ကာ ဆေးအိုး နံရံအား ခုတ်ထစ်ရန် ဟန်ပြင် လိုက်ကြသည်။
သို့သော်လည်း ထိုအရာက နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။ ချန်းဖန်သည် သူတို့အား အခွင့်အရေး မပေးခဲ့ချေ။
"နိုးထစမ်း…"
ချန်းဖန်က လပ်ဖြင့် ချိပ်တံဆိပ် တစ်ခုအား ပုံဖော်ကာ အမိန့်ပေး လိုက်၏။
"ဘုန်း…"
အဆုံးမဲ့ မီးနဂါးများသည် ဆေးအိုး အတွင်းမှ ပျံသန်း ထွက်ပေါ်လာကာ အကြီးအကဲများအား ရစ်ပတ် လာကြသည်။ ၎င်းတို့သည် ကမ္ဘာ၏ အစစ်အမှန် မီးတောက်နှင့် နေကြယ်၏ စွမ်းအားကို သယ်ဆောင်ထားရာ ရွှေအမြုတေ အဆင့် မဆိုထားနှင့် ကောင်းကင် အရှင်ကိုပင် ရင်ဆိုင် နိုင်စွမ်း ရှိကြသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ချန်းဖန်၏ ထိန်းချုပ်မှု အောက်၌ မီးနဂါးများမှာ ပိုမို၍ များပြားလာ၏။ အဆုံး၌ ဆေးအိုး တစ်ခုလုံးကား မီးနဂါး ပင်လယ်ဖြင့် ပြည့်နှက် သွားတော့သည်။ ထိုမီးပင်လယ်သည် ဆေးအိုး အတွင်း၌ သုံးရက် သုံးညတိုင်တိုင် လောင်ကြွမ်းခဲ့လေ၏။
***