← Chapters

မြောက်နတ္ထိနယ် တစ်ခုလုံး ကြောက်ရွံ့ကုန်ကြခြင်း

Vol. 10 Ch. 921

မြောက်နတ္ထိနယ် တစ်ခုလုံး ကြောက်ရွံ့ကုန်ကြခြင်း

Vol. 10 Ch. 921

"ဟူး… ဟူး…"

ချန်းဖန်သည် ကောင်းကင်၌ လေနှင့် အတူ မျောလွင့် နေသည်။ သူ၏ လက်ဖဝါးထက်တွင်မူ ပန်းသီး အရွယ်ခန့် ရှိသော သုံးချောင်းထောက် ဆေးအိုးငယ် တစ်လုံး ရှိ၏။

" … "

အရာအားလုံးသည် တိတ်ဆိတ် ငြိမ်သက် နေ၏။ ဆေးမြို့တော် အပြင်ဘက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ အားလုံးသည် ချော်ရည်ပင်လယ် အသွင် ပြောင်းလဲသွားသည့် မိုင်တစ်ရာ ဧရိယာကို ငေးမောကြည့် နေကြသည်။ နေကြယ်၏ ရောင်ခြည်များမှာမူ မီးတောက် နတ်မိမယ်များ အသွင် ပြောင်းလဲကာ ဟိုဟိုသည်သည် ပျံဝဲလျှက် ရှိ၏။

"ကြောက်ဖို့ ကောင်းလိုက်တာ… ရွှေအမြုတေ အဆင့် တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက် နေရတာလဲ"

အကြီးအကဲ ချန်းယန်၏ လက်များမှာ တဆတ်ဆတ် တုန်ရီ၍ နေသည်။

ရွှေအမြုတေ အဆင့် တစ်ယောက်သည် မည်မျှပင် အစွမ်းထက်စေကာမူ ကမ္ဘာအား မီးပင်လယ် အဖြစ် အသွင် ပြောင်းနိုင်သည့် နတ်ဘုရား စွမ်းအားမျိုးကို မပိုင်ဆိုင် နိုင်ချေ။

"ချန်းပေ့ရွှမ်းက တကယ်ပဲ အစောပိုင်း ရွှေအမြုတေ အဆင့်လား…" ကျန်းဟန်က ခပ်တိုးတိုး ရေရွတ် လိုက်သည်။

ချန်းဖန်သည် အဆင့်ကိုး ရွှေအမြုတေကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်သော်လည်း အစောပိုင်း အဆင့် နှင့် ထိပ်ဆုံး အဆင့် အကြားရှိ ကွာဟမှုကို ဖြတ်ကျော် တိုက်ခိုက်ရန်မှာမူ မဖြစ်နိုင်ချေ။ သို့သော်လည်း ယခုတွင်မူ စစ်မြေပြင်မှ ပျောက်ကွယ် သွားခဲ့ရသူမှာ  ဖန်ချန်းကျိတို့သာ ဖြစ်နေခဲ့သည်။

"မြောက်နတ္ထိနယ်မှာ သူ့လောက် အစွမ်းထက်တဲ့ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ မရှိနိုင်ဝောာ့ဘူး… တကယ်လို့ ကောင်းကင် အရှင် နက္ခတ်ပင်လယ်သာ မရှိရင် သူက ထိပ်ဆုံး အရှင်သခင်တောင် ဖြစ်နိုင်တယ်"

လူအချို့က တီးတိုး ရေရွတ် ကြသည်။

နင်း၊ ဖန် နှင့် ဟူမိသားစုများမှ ကျင့်ကြံသူများ မှာမူ တိတ်ဆိတ် နေကြ၏။ သူတို့၏ မဟာ အကြီးအကဲများမှာ သူတို့၏ ရှေ့တွင်ပင် အသတ်ခံခဲ့ရကာ ဆေးအဖြစ် သန့်စင်ခြင်း ခံခဲ့ရသည်။ သို့တိုင်အောင် သူတို့ ဘာမှ မလုပ်နိုင်ခဲ့ချေ။

"ဘိုးဘေး… ဆေးဧကရာဇ်ချန်းက တကယ်ပဲ နိုင်သွားတာလား…"

ဝူချင်းယန်မှာ ထိုအချင်းအရာကို မယုံကြည် နိုင်ချေ။ ဝူပိုင်စုမှာလည်း အူကြောင်ကြောင် ‌ဖြစ်နေလေ၏။

"သူက ကောင်းကင်အရှင် တစ်ပါးရဲ့ စွမ်းအားကိုတောင် အသုံးပြုခဲ့တာပဲ… အဲဒီ အဘိုးကြီးတွေက သူ့အတွက် ဘာမှ မဟုတ်ပါဘူး"

ဝူဝမ်ဝင်က ဖြူရော်စွာ ပြုံးကာ ပြန်ဖြေ လိုက်သည်။ ဝူမိသားစု၏ မဟာ အကြီးအကဲ နှစ်ယောက်မှာမူ သူ၏ နောက်၌ တိတ်ဆိတ်စွာပင် ရပ်နေခဲ့၏။

"တောင်တွေကို ရွှေ့ပြီး ဂြိုဟ်တွေကို လည်ပတ်စေတဲ့ စွမ်းအားကို ကောင်းကင် အရှင်ရဲ့ အစစ်အမှန် စွမ်းအားလို့ ခေါ်တယ်… သူက ကောင်းကင် အရှင် တစ်ပါး မဟုတ်သေးဘူး ဆိုရင်တောင် ဖြစ်ဖို့ သိပ်မလိုတော့ဘူး"

ဝူဝမ်တင်က ချန်းဖန်အား ကြည့်ကာ ရေရွတ် လိုက်တော့၏။

ဆေးမြို့တော် တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက် နေသည်။ မည်သူမျှ ဘာပြောရမှန်း မသိကြချေ။ ရှုယွမ် ပင်လျှင် တိတ်တဆိတ် ရပ်နေခဲ့သည်။ သူသည် တစ်ခုခုကို ပြောချင်သော်လည်း အလွန် ကြောက်ရွံ့ကာ မောပန်း နေခဲ့သည်။ အားလုံးထဲ၌ ကျို့ကျို့ တစ်ယောက်သာလျှင် လက်သီးအား တင်းတင်း ဆုပ်ကာ မြို့ပြင်သို့ စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့လေ၏။

"ချန်းပေ့ရွှမ်း နိုင်သွားပြီလား…"

လရမ်းရောင် လနတ်သမီး၏ နှုတ်ခမ်းလွှာ နှစ်ခုက ဖြည်းညင်းစွာ ပွင့်ဟ လာ၏။

လော့ချန်ရှန်းမှာမူ တိတ်‌ဆိတ်နေဆဲ ဖြစ်သည်။ သူသည် ချန်းဖန်အား အိပ်မက်ထဲမှ ထိုက်တန်သော ပြိုင်ဘက် တစ်ယောက် သဖွယ် ငေးမောကြည့်နေခဲ့လေသည်။

တစ်ချိန်တည်း၌…

ချန်းဖန်သည် အခြားလူများကို စိတ်ဝင်စားခြင်း မရှိချေ။ သူက ဆေးအိုးအား ကိုင်ကာ စီတုချန်းဘက်သို့ လှည့်လိုက်သည်။

ယခုအချိန် ပေသုံးရာ ကြီးမားသော ဆေးတစ်ရာ ရတနာ ဆေးအိုးသည် လက်မ အနည်းငယ်သာ ရှိတော့သည်။ ၎င်းသည် တောက်ပခြင်း ကင်းမဲ့နေကာ ‌မွဲခြောက်ခြောက် သာမန် ဆေးအိုး တစ်လုံးနှင့် ခြားနားခြင်း မရှိတော့ချေ။

"မင်းပြောတော့ ငါ ရှုံးပြီး အသက် ချမ်းသာ ပေးဖို့ အတွက်တောင် ဒူးထောက် တောင်းပန် ရမယ်ဆို… အခုရော ဘယ်လိုလဲ"

ချန်းဖန်က မေးလိုက်၏။

"ဆေးဧကရာဇ်ချန်း… ကျုပ် ရှုံးသွားပြီ… ခင်ဗျား ကြိုက်သလို စီရင်နိုင်တယ်"

စီတုချန်းက ဒူးထောက်ကာ ထိုင်နေရင်းမှ ပြုံးလိုက်သည်။ သို့သော်လည်း သူ၏ အပြုံးမှာ အဓိပ္ပာယ် ကင်းမဲ့ကာ အသက်မဲ့ နေ၏။

ချန်းဖန်က ခေါင်းခါကာ စီတုချန်းအား ကျောခိုင်း လိုက်သည်။ သူသည် စီတုချန်းအား ပြိုင်ဘက် တစ်ယောက် အဖြစ် မည်သည့် အခါကမျှ မရှုမြင်ခဲ့ချေ။ ထို့နောက် သူက ကောင်းကင်တွင် ပျံဝဲရင်း ဆေးမြို့တော် ဘက်သို့ တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

ချန်းဖန်၏ အကြည့်က သာမန်မျှသာ ဖြစ်သော်လည်း ဆေးမြို့တော် အတွင်းရှိ လူများမှာမူ ဖိအားကြီး တစ်ခု ပိကျ လာသလို ခံစား လိုက်ရသည်။

ဆေးမြို့တော်သည် မရေမတွက်နိုင်သော အစီအရင်များ၏ ကာကွယ်မှု အောက်၌ ရှိနေသည့်တိုင် ချန်းဖန်၏ နတ်ဘုရား စွမ်းအားက အလွန် အစွမ်းထက် လွန်းသည်။ အကယ်၍ သူသာ အခြား ဆေးအိုး တစ်ခုကို ဆင့်ခေါ်၌ ဆေးမြို့တော်အား မီးပင်လယ် အသွင် ပြောင်းပစ်ပါက မည်သူမျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

"အရှင်…"

ဆေးမြို့တော် အတွင်းရှိ အကြီးအကဲ တစ်ဦးက ပျံသန်း ထွက်ပေါ်လာကာ ချန်းဖန်အား စကားပြောရန် ကြိုးစား လာ၏။

သို့သော်လည်း ချန်းဖန်က ထိုသူအား လှည့်ပင် မကြည့်ခဲ့ချေ။  သူက ဆေးမြို့တော် အတွင်းကိုသာ ဆက်လက် ကြည့်နေခဲ့လေသည်။

"ဟူး…"

အဆုံး၌ ဆေးမျှော်စင်၏ ထိပ်ဆုံးထပ် တံခါးသည် ပွင့်ဟလာကာ ဆေးသခင်  ထွက်ပေါ် လာ၏။

"အရှင်ချန်း… ကျုပ်တို့ ကြားမှာ ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ"

ဆေးသခင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ဆေးပညာ အစည်းအရုံး၏ ထိုကျောရိုးကြီးကား ပို၍ အိုမင်းလာကာ သူ၏ ဆံပင်များမှာလည်း ပို၍ ဖြူရော် လာသယောင် ထင်ရသည်။

"ငါ စခဲ့တာ မဟုတ်ဘူး…"

ချန်းဖန်က ပြောလိုက်သည်။

"ငါ ဆေးပညာ အစည်းအရုံးကို တိုက်ပွဲ ငါးပွဲ အထိ နိုင်ခဲ့တယ်… ဒါပေမဲ့ မင်းတို့ကို ဆက်လက် ရပ်တည်ခွင့် ပေးခဲ့တဲ့ အပြင် ဆေးပညာ ကျင့်စဉ် အချို့ပါ လက်ဆင့်ကမ်း ပေးခဲ့တယ်… ဒါတောင် မင်းတို့က ငါ့ရဲ့ ရန်သူတွေနဲ့ ပူးပေါင်းပြီး ငါ့ကို ဆေးမြို့တော်ထဲ အဝင်မခံခဲ့ဘူး… ဒီတော့ ငါ ဘာလုပ်သင့်တယ် လို့ မင်း ထင်လဲ"

ချန်းဖန်က ဆေးသခင်အား တိတ်ဆိတ်စွာ ကြည့်ရင်း မေးလိုက်၏။

"အမွေးမတူတဲ့ ငှက်တွေက အတူ မပျံသန်းဘူး…"

ဆေးသခင်က ခေါင်းအား ဖြည်းညင်းစွာ ခါယမ်း လိုက်သည်။

"တကယ်ကောင်းတဲ့ စကားပုံပဲ…"

ချန်းဖန်က တည်ငြိမ်စွာပင် ဆက်ပြော လိုက်သည်။

"ဒါပေမဲ့ ကံဆိုးတာက မင်းရဲ့ ရွေးချယ်မှုဟာ မှားနေခဲ့တာပဲ… ကဲ… မင်း ငါ့ကို ဘာနဲ့ လျော်ကြေးပေးမလဲ"

ချန်းဖန်က မေးလိုက်၏။

"ဘုန်း…"

တစ်ချိန်တည်း၌ များစွာသော ဝိညာဉ်ကြောများက အရပ်မျက်နှာ အသီးသီးမှ စုဝေးလာကာ ချန်းဖန်အား ဝန်းရံလာသည်။ ၎င်းတို့သည် "ကောင်းကင်နှင့် မြေကြီး ဆေးအိုး" နောက်တစ်ခုကို ဖော်ဆောင်ရန် အသင့်ဖြစ်နေပုံ ရ၏။

ထိုမြင်ကွင်းကို မြင်သည်နှင့် ဆေးပညာ အစည်းအရုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ကြောက်လန့် ကုန်ကြလေသည်။

"ဆေးဧကရာဇ်ချန်း… မင်းရဲ့ ဆေးအိုးက ဆေးမြို့တော် အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး… ငါတို့မြို့ကို ကောင်းကင် အရှင် ရှေး‌ဟောင်းဆေး ထားခဲ့တဲ့ ကောင်းကင် အစီအရင်နဲ့ ကာကွယ်ထားတာ… မင်း မပြောနဲ့ ကောင်းကင် အရှင် တစ်ပါးတောင် လွယ်လွယ် မဖျက်ဆီးနိုင်ဘူး"

ဆေးသခင်၏ အမူအရာမှာ အလွန်အမင်း တည်ငြိမ် နေခဲ့၏။

"တကယ်လား…"

ချန်းဖန်က ပြုံးလိုက်သည်။

တစ်ချိန်တည်း၌ သူသည် မိုင်တစ်ရာ အတွင်းရှိ ဝိညာဉ်ကြောများနှင့် ကမ္ဘာချီများကို ထပ်မံ စုစည်းလိုက်သည်။ ‌အထက် ကောင်းကင်မှ ကြည့်ပါက ကမ္ဘာပျက်မတတ် မြင်ကွင်း တစ်ခုကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ မိုင်ဆယ်ချီ ရှည်လျားသော တောင်တန်းများသည် မြေပြင်၌ ပေါ်လာနေ၏။ ၎င်းတို့ အားလုံးသည် ချန်းဖန် ထံသို့ ဦးတည် ရွေ့လျား နေကြသည်။

"ကမ္ဘာ အသွင်ပြောင်းလဲခြင်း…"

ချန်းဖန်ကား ကောင်းကင် အရှင် တစ်ယောက် ကောင်းကင်နယ်မြေအား ဖန်တီးသည့် မဟာ နတ်ဘုရား စွမ်းအားကို အသုံးပြုနေခြင်း ဖြစ်လေသည်။ သူ၏ စွမ်းအားသည် အစစ်အမှန် အခြေတည် ဝိညာဉ် အဆင့်၏ မဟာ နတ်ဘုရား စွမ်းအားထက် အားနည်းသည့်တိုင် ကောင်းကင် အရှင် တစ်ယောက်နီးပါး အစွမ်းထက်နေဆဲ ဖြစ်လေသည်။

"နိုးထစမ်း…"

ဆေးသခင်က ဖနှောင့်အား ပေါက်လိုက်၏။ ထိုအခါ ကောင်းကင် အစီအရင်မှာ အသက်ဝင် လာကာ အဆုံးမဲ့ စွမ်းအင် အလင်းတမ်းများမှာ ဆေးမြို့တော် တစ်ခုလုံးအား လွှမ်းခြုံ သွားသည်။ ထို့နောက် ဆေးသခင်သည် ပေတစ်ထောင် အဝေးမှ ကောင်းကင်ဆေးအိုး တစ်ခုကို ဆင့်ခေါ်ကာ အသက်သွင်းရန် ကြိုးစား လိုက်ပြန်သည်။

"ဟမ့်…"

ချန်းဖန်က နှာခေါင်းရှုံ့ လိုက်၏။

"ဘုန်း…"

သူ၏ ခန္ဓာကိုယ် အတွင်းရှိ နတ်ဘုရား စက်ဝိုင်းသည် မိုးကြိုးကဲ့သို့ အသံများကို ထုတ်လွှတ်ကာ သူ၏ အဇူရာ သက်ရှည် ကျင့်စဉ်မှာလည်း အကန့်အသတ် အထိ ရောက်ရှိ လာသည်။ အဆုံးမဲ့ စွမ်းအင်များသည် သူ၏ နောက်၌ စီးဆင်း နေ၏။

"ဘုန်း…"

လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ပေခုနစ်ထောင်ခန့် ကြီးမားသော ဆေးအိုးကြီး တစ်ခု လေထဲ၌ ဖွဲ့စည်း လာခဲ့၏။ ၎င်းသည် အဆုံးမဲ့ အင်အားကို သယ်ဆောင်ကာ ဆေးမြို့တော်အား ဖုံးလွှမ်းထားသည့် ကောင်းကင် အစီအရင်ကို အဆက်မပြတ် တိုက်ခိုက်တော့သည်။

နေ့တစ်ဝက် ကြာပြီးနောက် ဆေးသခင်သည် ချန်းဖန်ထံ၌ လက်နက်ချ အညံ့ခံ လိုက်တော့၏။ သူကား ကိုယ့်အခြေအနေကို ကိုယ်သဘောပေါက်သူ ဟု ဆိုနိုင်ပေသည်။

သူ၏ ဆေးပညာ အစည်းအရုံးသည် ဆေးပညာ ဂိုဏ်းတစ်ခုသာ ဖြစ်သည်။ တိုက်ခိုက်ရေး ဂိုဏ်းအဖွဲ့ တစ်ခု မဟုတ်ချေ။ အကယ်၍ တိုက်ခိုက်ကြမည် ဆိုပါက သူတို့သည် ဖန်မိသားစု၊ ဟူမိသားစု တို့ကိုပင် ရင်ဆိုင် နိုင်လိမ့်မည် မဟုတ်ချေ။

အဆုံး၌ ဆေးသခင်က ဆေးပညာ အစည်းအရုံး အနေဖြင့် မှားယွင်းခဲ့မိကြောင်း ဝန်ခံ၏။ ဆေးသခင်က ချန်းဖန်၏ ရှေ့တွင်ပင် စီတုချန်းကို သတ်ဖြတ်ကာ တောင်းပန် ခဲ့သည်။ ထို့အပြင် သူက ချန်းဖန်အား ကောင်းကင်ဆေး ဆယ်ခုနှင့် ဝိညာဉ် ကျောက်တုံး သန်းတစ်ရာကိုပါ ပေးအပ်ခဲ့သည်။

ဆေးပညာ အစည်းအရုံး လက်နက်ချမှုကို တွေ့မြင်ပြီးနောက် လူတိုင်းမှာ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။

"ဒီနေ့က စပြီး မြောက်နတ္ထိနယ်ရဲ့ ဘယ်သူကမှ သူ့ကို ရပ်တန့်နိုင်တော့မယ် မထင်ဘူး…"

များစွာသော လူများက ထိုကဲ့သို့ မှတ်ချက်ချ ကြသည်။

ချန်းဖန်သည် ဆေးမြို့တော် အပြင်၌ ကမ္ဘာအား မီးပင်လယ် အသွင် ပြောင်းလဲကာ ကောင်းကင် အရှင် မိသားစုများမှ အကြီးအကဲ ဆယ့်သုံးယောက်ကို သတ်ဖြတ်ခဲ့သည်။ ထိုသတင်းကို ကြားသည်နှင့် မြောက်နတ္ထိနယ် တစ်ခုလုံးမှာ ကြောက်လန့် ကုန်ကြတော့၏။

***

All Chapters