ပြုပြင်မွမ်းမံခြင်း
Vol. 46 Ch. 451
ညို့ညို့မှိုင်းနိုင်လှသော တောအုပ်အတွင်းဝယ် ချီစွမ်းအားပညာရှင်တစု အထူးပင် ဂရုတစိုက်နှင့် ကင်းလှည့်နေကြ၏။
ထိုအထဲမှ တယောက်သည် အမြီးတိုမြွေခွေးလိုက်ခွေးကြီးတကောင်ကို ကြိုးနှင့်ဆွဲကာ ကိုင်ထားလေသည်။
အမြီးတိုမြွေခွေးလိုက်ခွေးများသည် သေးငယ်သော်လည်း ပါရမီထူးချွန်သော အလယ်အလတ်အဆင့် သားရဲသတ္တဝါ အုပ်စုဝင်များ ဖြစ်ကြ၏။ ၎င်းတို့၏ တိုက်ရည်ခိုက်ရည်ကလည်း သိပ်မဆိုးလှချေ။ ပတ်ဝန်းကျင်မှ လေကို ရှုရှိုက်မိသည်နှင့် ၎င်း၏ မျက်နှာတွင် စိတ်မရှည်ဟန်၊ စိတ်လှုပ်ရှားဟန် လက္ခဏာများ ပေါ်ပေါက်လာ၏။
"ခွေး အနံ့ရနေပြီ သတိထားကြဟေ့ ဒီကောင် ဒီအနီးတဝိုက်ကို ရောက်နေပြီ"
ခွေးကိုင်ထားသော ချီစွမ်းအားပညာရှင်က အော်ဟစ်သတိပေးလိုက်သည်။
မြွေခွေးလိုက်ခွေးသည် အနံ့ခံရာတွင် အလွန်ထူးချွန်သော်လည်း ၎င်းတို့ကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ဆေးဝါးတချို့သည်ပင် ၎င်းတို့ကို လှည့်စားနိုင်သည် မဟုတ်ပါလား။ ယုတ်စွအဆုံး ရွှံ့တချို့နှင့်ပင် ၎င်းတို့ကို ကောင်းကောင်းကြီး ကျော်လွှားနိုင်၏။
ထိုအချိန်တွင် ချီစွမ်းအားပညာရှင်အုပ်စုသည်လည်း ကြီးမားသော သစ်ပင်ကြီးတပင်၏ အနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုစဥ်မြွေခွေးလိုက်ခွေးတို့၏ အမူအရာက ထူးထူးခြားခြား ဖြစ်လာ၏။ စုချန်း အနီးတဝိုက်တွင် ရှိနေကြောင်း ၎င်းခွေးတို့၏ အမူအရာက ညွှန်ပြနေခဲ့လေပြီ။ ထိုအခါ ချီစွမ်းအားပညာရှင်တယောက်က အချက်ပြမြား ပစ်လွှတ်ကာ ကျန်အုပ်စုများအား အချက်ပြရန် ဟန်ပြင်လိုက်သည်။
စိတ်လှုပ်ရှားနေခြင်းကြောင့် သူတို့ မတ်တပ်ရပ်နေသောနေရာအနီးရှိ သစ်ပင်ကြီးသည် ထူးထူးဆန်းဆန်း မျက်လုံးပွင့်လာကြောင်း သူတို့ သတိမထားမိလိုက်ချေ။ ၎င်းသစ်ပင်မှ အမြစ်များ တရွရွ လှုပ်ရှားလာပြီး သူတို့၏ ခြေထောက်များကို စတင်ရစ်ပတ်ထားလိုက်ချိန်တွင်မှ အခြေအနေကို သူတို့ သတိထားမိသွားလေသည်။
"ဘာလဲဟ"
"ဘာတွေဖြစ်နေတာတုန်းဟေ့"
"သေစမ်း ဒါ သွေးစုပ်နတ်ဆိုးသစ်ပင်တွေပဲကွ"
"ဘုရားသခင် ကယ်တော်မူပါ"
"အချက်ပြ မြန်မြန်အချက်ပြပါကွ"
ကြောက်လန့်တကြား အော်ဟစ်သံများ၊ ဆူဆူညံညံအသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထိုစဥ် သစ်ပင်မှ အမြစ်များသည် မြွေများသဖွယ် တွန့်လိန်ကာ မြေကြီးအတွင်းမှ အဆက်မပြတ် တိုးထွက်လာနေ၏။ အနှီအမြစ်များ၏ ထိပ်တွင် ကြီးမားသော ပါးစပ်ပေါက်နှင့် ချွန်ထက်သော သွားများ ရှိနေကြောင်း သူတို့ မြင်တွေ့နေရလေသည်။ ၎င်းအမြစ်များသည် ကြီးမားသော ပါးစပ်ကြီးနှင့် ချီစွမ်းအားပညာရှင်များအား မြေကြီးအောက်သို့ ကိုက်ခဲဆွဲယူသွား၏။
"မဟုတ်ဘူး"
ထိုအချိန်မှာပင် ချီစွမ်းအားပညာရှင်များဘက်မှလည်း ပြန်လည်တုံ့ပြန်လိုက်ကြပြီ ဖြစ်သည်။ ၎င်းမှာ အချက်ပြမြားအသီးသီးအား ပစ်လွှတ်လိုက်ကြခြင်းပင်။
ထိုချီစွမ်းအားပညာရှင်အုပ်စု၏ ခေါင်းဆောင်မှာ ရုပ်ပိုင်းဆိုင်ရာကို အထူးလေ့ကျင့်ထားသောဟယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဖြစ်သည်။ ၎င်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ၎င်းတကိုယ်လုံးရှိ ကြွက်သားများသည် ထူးဆန်းစွာ အရောင်တောက်ပလာပြီး အရွယ်မှာလည်း ကြီးထွားလာ၏။
၎င်းသည် အတော်လေး အင်အားကြီးမားသည့်တိုင် သွေးစုပ်နတ်ဆိုးသစ်ပင်ကလည်း အလွန် ကြောက်စရာကောင်းနေ၏။ ချက်ချင်းလိုလိုပင် မရေမတွက်နိုင်သော အမြစ်များ ထပ်မံထွက်ပေါ်လာပြီး ၎င်းအား ခေါင်းမှခြေသို့တိုင်အောင် ရစ်ပတ်ထားလိုက်တော့သည်။
"မီးတောက်ကိုသုံးပြီး ကျုပ်ကို မီးရှို့လိုက်စမ်း"
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်က ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
သစ်ပင်မှ အမြစ်များဖြင့် တင်းကျပ်စွာ ရစ်ပတ်ခံထားရသည့် ကျန်ချီစွမ်းအားပညာရှင်သည်လည်း ၎င်း၏ ပါးစပ်ကို ဖွင့်လိုက်ရာ အားကောင်းလှသည့် မီးတောက်မီးလျံများက ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ ကိုယ်ပေါ်သို့ ကျရောက်သွား၏။ မီးတောက်များကြောင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်နှင့်အတူ အမြစ်များပါ မီးဟုန်းဟုန်းတောက်သွားတော့သည်။
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သည်ကား မီးတောက်မီးလျံများကို ကြောက်ရွံ့ဟန်မတူ။ မီးတောက်များ ကျရောက်လာသည်နှင့် သူ့တကိုယ်လုံးသည် ပို၍ပင် ကြီးထွားလာ၏။ ထိုအချိန်တွင် ဆန့်ကျင်ဘက်အနေနှင့် သွေးစုပ်နတ်ဆိုးသစ်ပင်မှ အမြစ်များကတော့ စတင်အက်ကွဲစပြုလာပြီး အော်သံများ ထွက်ပေါ်လာ၏။
တကယ်တော့ နတ်ဆိုးသစ်ပင်များထဲမှ အများစုက မီးအပူရှိန်ကို ခံနိုင်ရည်ရှိနေ၏။ ထိုအထဲတွင် သွေးစုပ်နတ်ဆိုးသစ်ပင်တော့ မပါဝင်ချေ။ မီးအပူရှိန်ကြောင့် အမြစ်များ ပို၍ အက်ကွဲလာ၏။ ထိုအချိန်တွင် တဖက်မှ ယန်ဖွင့်လှစ်ခြင်းပညာရှင်၏ အင်အားက ပို၍ ကြီးထွားလာပြီး နောက်ဆုံးတွင် သူ၏ ရုန်းကန်မှုကြောင့် အမြစ်များအားလုံး ပြတ်ထွက်ကုန်တော့သည်။
အကြမ်းဖြင်းကြည့်လျင် ဤချီစွမ်းအားပညာရှင်အုပ်စုအနေနှင့် သွေးစုပ်နတ်ဆိုးသစ်ပင်များ၏ အန္တရာယ်ကို ကျော်လွှားနိုင်ခဲ့ပြီဟု ယူဆစရာရှိသည်။
သို့သော် အရာအားလုံးသည် မိမိ ထင်မြင်ယူဆသည့်အတိုင်း ဖြစ်လာတတ်သည်မဟုတ်ပေ။
ထိုအချိန်တွင် စုချန်းသည် အမှောင်ထဲမှ ရုတ်တရက် တိုးထွက်လာပြီး ပြောလိုက်၏။
"ခွန်အားကြီးဘုရင်ဟေးဟွာရှန်း ခင်ဗျားရဲ့ ဂုဏ်သတင်းဟာ အထင်ကြီးလောက်စရာပဲ ခင်ဗျား နတ်ဆိုးသစ်ပင်ကို ရင်ဆိုင်ခဲ့ပုံနဲ့ မီးတောက်ကို စုပ်ယူနိုင်တဲ့ စွမ်းရည်ကလည်း ရင်သပ်ရှုမောစရာပဲ"
စုချန်းက ထပ်ပြောလိုက်ပြန်သည်။
"ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ"
စကားကို ဆုံးအောင်မပြောပဲ စုချန်းက လက်တဖက်ကို လှုပ်ရှားလိုက်ရာ လေထဲတွင် နှင်းခဲများ ရစ်ဖွဲ့လာပြီး ရုတ်ချည်းလိုလိုပင် ရေခဲမုန်တိုင်းတခု ဖြစ်ပေါ်လာ၏။
ရေခဲမုန်တိုင်းကြောင့် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များ ချက်ချင်းလိုလိုပင် ငြိမ်းသေသွားလေသည်။ ထိုမျှသာမကသေး ပြင်းထန်လွန်းသော အအေးဓာတ်က ဟေးဟွာရှန်း၏ ကိုယ်အတွင်းပိုင်းသို့တိုင် ဖောက်ထွင်းဝင်ရောက်သွား၏။
ဟေးဟွာရှန်းကား အပူဓာတ်ကို ကြောက်သူမဟုတ်။ သို့သော် အအေးဓာတ်ကိုတော့ ကြောက်၏။ အအေးဓာတ်က သူ့ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီဖြစ်လေရာ ဟေးဟွာရှန်း၏ တကိုယ်လုံးမှာ မလှုပ်ရှားနိုင်တော့။ ရေခဲများကလည်း သူ့ကို ဖုံးလွှမ်းလာ၏။ ထိုအချိန်တွင် ပြန်လည်လူးလွန့်လှုပ်ရှားလာသော သွေးစုပ်နတ်ဆိုးသစ်ပင်၏ အမြစ်များက သူ့ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။ ဟေးဟွန်ရှန်း၏ ကိုယ်တွင်းမှ ထွက်လာသော သွေးများကြောင့် ပတ်ဝန်းကျင်တခုလုံး သွေးညှီနံ့များ ဖုံးလွှမ်းသွားလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ကျန်ချီစွမ်းအားပညာရှင်များသည် အထူးပင် ထိတ်လန့်သွားကြကာ ငိုယိုကြတော့သည်။
"ကျုပ်တို့ကို သနားပါဗျာ"
၎င်းကို ကြည့်ရင်း စုချန်းက အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။
"ကျုပ်နောက်ကို လိုက်တုန်းကတော့ ပျော်စရာကောင်းတယ်မလား ဒါ တကယ်ကော မူလကျောက်တုံးတသိန်းတန်ရဲ့လားကွ"
စကားဆုံးသည်နှင့် စုချန်း၏ လက်ထဲတွင် ကောင်းကင်ဝံပုလွေဓား ထွက်ပေါ်လာပြီး ချီးစွမ်းအားပညာရှင်များ၏ ဦးခေါင်းကို တယောက်ပြီးတယောက် ခုတ်ဖြတ်လိုက်တော့သည်။
စုချန်း၏ လက်ချက်ကြောင့် ချီစွမ်းအားပညာရှင်များ တယောက်ပြီးတယောက် ခေါင်းပြတ်သွားသည်ကို မြင်သောအခါ တဖက်မှ နတ်ဆိုးသစ်ပင်သည် မကျေမနပ် ဖြစ်လာဟန်ဖြင့် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ထို့နောက် နေရာအနှံ့ရှိ သွေးများကို အငမ်းမရနှင့် စုပ်ယူလိုက်၏။ အမြစ်တချို့မှာကား စုချန်းဆီသို့ ဦးတည်ပြေးဝင်လာကြလေသည်။
"အော် မင်းက အဲဒီလိုလား"
စုချန်းက နောက်ကို ဖြတ်ခနဲ ခုန်ဆုတ်လိုက်ရာ နတ်ဆိုးသစ်ပင် လက်လှမ်းမမှီနိုင်သော နေရာသို့ ရောက်ရှိသွား၏။
ထိုအချိန်တွင် ဟေးဟွာရှန်းကား အရိုးများ ကြေမွကာ အသက်ပျောက်သွားပြီ ဖြစ်သည်။ ထိုအခါ စုချန်းက လေလှိုင်းရေဘဝဲလက်တံများကို ဖော်ထုတ်ကာ ဟေးဟွာရှန်း၏ အသက်မဲ့ ခန္ဓာကိုယ်ကို ဆွဲယူပြီး အဝေးဆီသို့ လွှင့်ပစ်လိုက်၏။ နတ်ဆိုးသစ်ပင်ကြီးကား ၎င်းကို မြင်သည်နှင့် စုချန်းကို ဂရုမစိုက်တော့ပဲ ဟေးဟွာရှန်း၏ ကိုယ်လုံးကို ကမူးရှူးထိုးဖြင့် လှမ်းဆွဲလိုက်လေသည်။
ထိုစဥ်မှာပင် စုချန်း၏ လက်ထဲမှ ထွက်ပေါ်လာသော မီးလျံသိမ်းငှက်ကြီးက နတ်ဆိုးသစ်ပင်ဆီသို့ ကျရောက်သွားတော့သည်။
နတ်ဆိုးသစ်ပင်သည် သူ့အတိုင်းဆိုလျင် အင်အားကြီးမားသည်မှာ မှန်၏။ သို့သော် စုချန်း၏ အင်အားနှင့် နှိုင်းယှဥ်လျင် အလွန်ကွာခြားနေလေရာ တခနအတွင်း မီးဟုန်းဟုန်းတောက်ကာ လောင်ကျွမ်းကုန်တော့သည်။
ထိုအချိန်မှာပင် စုချန်းသည် နတ်ဆိုးသစ်ပင်၏ ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး ၎င်းကို လက်သီးနှင့် ထိုးချလိုက်၏။ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကို အသုံးပြုလိုက်ခြင်းဖြစ်လေရာ စုချန်း၏ လက်တချောင်းလုံး သစ်ပင်၏ ပင်စည်ကို ဖောက်ဝင်သွား၏။ လက်ပြန်အနှုတ်တွင်တော့ စုချန်း၏ လက်ထဲတွင် အစိမ်းရောင်သန်းနေသည့် အရာတခု ပါလာလေသည်။
၎င်းမှာ သွေးစုပ်နတ်ဆိုးသစ်ပင်၏ မူလစွမ်းအင်နူကလိယပေတည်း။
၎င်း မူလစွမ်းအင်နူကလိယမျိုးမှာ အလွန်ရှား၏။ ၎င်းသည် သွေးအများအပြားကို စုပ်ယူရာမှာ ဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားလေ့ရှိသည်။
ထို့နောက် စုချန်းသည် အသက်မဲ့နေသော ဟေးဟွာရှန်း၏ ရင်ကို ခွဲကာ နတ်ဆိုးသစ်ပင်၏ မူလစွမ်းအင်နူကလိယအား သွပ်သွင်းလိုက်၏။ တဖန် ဆေးရည်တမျိုးဖြင့် လောင်းချလိုက်ပြန်သည်။
ထိုအချိန်တွင် အဝေးဆီမှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာ၏။ အချက်ပြမြားကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာဆီသို့ ခြေကုန်သုတ်လာကြသော ကျန် ချီစွမ်းအားပညာရှင်များပေတည်း။
စုချန်းကား ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုအချိန်တွင် အထက်မှ ချီစွမ်းအားပညာရှင်အုပ်စုသည် သွေးများဖြင့် ဖုံးလွှမ်းနေသော တိုက်ပွဲဖြစ်ပွားရာနေရာဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြင်ကွင်းကြောင့် ၎င်းတို့အားလုံး ထိတ်လန့်တုန်လှုပ်သွား၏။
"သူတို့အားလုံး သေကုန်ကြပြီ အကိုကြီးဟေးတောင် သေသွားရှာပြီ"
မြေကြီးပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေသည့် ဟေးဟွာရှန်း၏ အသက်မဲ့ကိုယ်ခန္ဓာကို ကြည့်ရင်း ၎င်းတို့အားလုံး၏ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း စသည့် ခံစားချက်များကို ပြိုင်တူ ခံစားလိုက်ရလေသည်။
ထိုစဥ် ဟေးဟွန်ရှင်း၏ လက်ချောင်းလေးများသည် တရွရွ လှုပ်ရှားလာ၏။
၎င်းကို မြင်လိုက်သည့် ချီစွမ်းအားပညာရှင်တယောက်က ထအော်လိုက်၏။
"ဟာ သူ မသေသေးဘူးဗျို့ သူ မသေသေးဘူး"
ထိုအခါ ချီစွမ်းအားပညာရှင်တချို့က ဝမ်းသာအားရနှင့် ပြေးပွေ့လိုက်သည်။
"အစ်ကိုကြီးဟေး ခင်ဗျား အသက်ရှင်နေသေးတယ်နော်"
အား!!!
ရုတ်ချည်းဆိုသလို နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
၎င်းတို့နောက်ကျောမှလည်း ရုတ်တရက် သွေးစွန်းနေသော လက်နှစ်ဖက် ဖောက်ထွင်းထွက်ပေါ်လာလေသည်။
ထို့နောက် မြေကြီးပေါ်မှ ရှည်လျားကြီးထွားသော အရိပ်တရိပ် ကုန်းရုန်းထလာ၏။
အလောင်းနှစ်လောင်းမှာလည်း ဝုန်းခနဲ ဘေးသို့ လွင့်စင်သွားလေသည်။
"ဘာ...ဘာတွေဖြစ်ကုန်တာလဲ"
လူတိုင်းလိုလိုသည် ဟေးဟွန်ရှန်းကို ကြည့်ရင်း အထိတ်တလန့်နှင့် ထအော်လိုက်ကြ၏။
ဟေးဟွန်ရှန်း၏ တကိုယ်လုံးမှာ နီရဲနေသော သွေးပြန်ကြောများနှင့် ပြည့်နှက်နေပြီး ရဲရဲနီနေ၏။ သူ့မျက်လုံးအစုံမှာကား တွင်းနက်ကြီးများသဖွယ် မဲမဲမှောင်နေလေသည်။
၎င်းကို ကြည့်ရသည်မှာ အသက်မဲ့နေသော ဖုတ်ကောင်ကြီးနှင့် တူလှသည်။ သို့သော် ၎င်းဆီမှ ကြောက်စရာကောင်းသည့် အရှိန်အဝါတမျိုး ထွက်ပေါ်နေ၏။
"ဘာကြီးတုန်းဟ"
"နတ်ဆိုး"
"သူ နတ်ဆိုးဖြစ်သွားပြီ"
လူတိုင်း ကြောက်လန့်တကြားနှင့် ထအော်လိုက်ကြသည်။
သူတို့အားလုံး နောက်ဆုံးမှတ်မိလိုက်သည့် အရာမှာကား...
ဟေးဟွန်ရှန်း၏ ကြီးမားသော ကိုယ်ခန္ဓာကြီး သူတို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာခြင်းပင်တည်း...