ချန်းပေ့ရွှမ်း၏ ဒဏ္ဍာရီ
Vol. 10 Ch. 922
ဆေးးမျှော်စင်၊ တန့်ယွမ် ခန်းမ၌…
"သူ ထွက်သွားပြီလား…"
ဆေးသခင်၏ မေးခွန်းက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်ပေါ် လာသည်။
"ဟုတ်ကဲ့… ဆေးဧကရာဇ်ချန်းက ကျို့ကျို့ကို တွေ့ပြီးတာနဲ့ သူ့ အစေခံ၊ မိတ်ဆွေတွေကို ခေါ်ပြီး ထွက်သွားပါပြီ"
ရှုယွမ်က ဦးညွှတ်ကာ အဖြေပေး လိုက်၏။
ဆေးသခင် အပါအဝင် ဆေးပညာ အစည်းအရုံး၏ ဒါဇင်ချီသော အကြီးအကဲများမှာ သက်ပြင်းချ လိုက်ကြသည်။ ချန်းဖန် ဆေးမြို့တော်ထဲတွင် ရှိနေသမျှ သူတို့၏ ခေါင်းများမှာ ဓားဖြင့် ချိန်ရွယ်ခြင်း ခံထားရသလို ခံစား နေခဲ့ကြရသည်။
"အရင်တစ်ခေါက်တုန်းက ကျုပ်တို့ သူ့ကို ကောင်းကင်ဆေး ခုနစ်ခု ပေးလိုက်ရတယ်… ခုတစ်ကြိမ်မှာလည်း ကောင်းကင် ဆေး ဆယ်ခု နဲ့ ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ပေးလိုက်ရပြန်တယ်… ကျုပ်တို့ ဆေးပညာ အစည်းအရုံးတော့ ပုံမှန် အခြေအနေကို ပြန်ရောက်ဖို့တောင် နှစ်ရာဂဏန်းလောက် စောင့်ရတော့မှာပဲ"
အကြီးအကဲ ချန်းယန်က ခေါင်းအား ခါယမ်း လိုက်သည်။ သူက ဆက်၍ မေးလိုက်၏။
"ဆေးသခင် အစည်းအရုံး ခေါင်းဆောင်… ဘာကြောင့် အညံ့ခံလိုက်ရတာလဲ… ကျုပ်တို့မှာ အစီအရင်တွေ ရှိနေသေးတာပဲဟာ… ချန်းပေ့ရွှမ်းက ကောင်းကင် အရှင် ရှေးဟောင်းဆေး ထားခဲ့တဲ့ ကောင်းကင် အစီအရင်ကို ဖျက်ဆီးနိုင်မယ်လို့ ကျုပ် မထင်ဘူး"
အခြားသော အကြီးအကဲများကလည်း ဆေးသခင်အား ကြည့်လိုက် ကြသည်။ သူတို့လည်း ထိုအရာအား သံသယ ရှိနေခဲ့၏။
"ငါတို့ ချန်းပေ့ရွှမ်းကို မြို့ထဲ မဝင်အောင် တားလိုက်နိုင်ရင်တောင် ဆေးပညာ အစည်းအရုံးက ဘာမှ ပြောင်းလဲ မသွားဘူး… ဒီအတိုင်းပဲ ရှိနေမှာ"
ဆေးသခင်က ခေါင်းအား ဖြည်းညင်းစွာ ခါယမ်း လိုက်သည်။
"ဒါပေမဲ့ ချန်းပေ့ရွှမ်းက ရွှေအမြုတေ အစောပိုင်း အဆင့်မှာတောင် ဒီလောက် အစွမ်းထက် နေခဲ့ပြီ… တကယ်လို့ နောက် နှစ်တစ်ရာဆို သူ ဘယ်အဆင့် ရောက်နေမယ်လို့ မင်းတို့ ထင်လဲ… အဲဒီကျ ဖြစ်လာမယ့် အကျိုးဆက် တွေကို မင်းတို့ ခံနိုင်ရည် ရှိလား"
ဆေးသခင်၏ အဖြေကို ကြားပြီးနောက် လူတိုင်းမှာ တိတ်ဆိတ် သွား၏။
မှန်ပေသည်။
သူတို့သည် လက်ရှိ အခြေအနေကိုသာ တွေးခဲ့ပြီး အနာဂတ်အား မတွေးခဲ့ကြချေ။ ချန်းပေ့ရွှမ်း၏ ပါရမီနှင့် တိုးတက်မှု အရဆိုလျှင် သူသည် ကျိန်းသေ အခြေတည် ဝိညာဉ် အဆင့်သို့ ရောက်မည့်သူ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ဆေးမြို့တော်သည် အပြီးတိုင် ဖျက်ဆီး ခံရပေလိမ့်မည်။
"အခု စိတ်ပူနေသင့်တာက ငါတို့ မဟုတ်ဘူး… ကောင်းကင် အရှင် မိသားစု ခုနစ်ပဲ"
ဆေးသခင်က ပြုံးလိုက်၏။
…
ဆေးမြို့တော် အပြင်၌ ဖြစ်ပျက်ခဲ့သော သတင်းသည် လျှင်မြန်စွာပင် ပျံ့နှံ့ သွားခဲ့သည်။ ကောင်းကင် အရှင် မိသားစုများ အားလုံးသည် တိတ်ဆိတ် နေကြ၏။ ဟူမိသားစု၊ ဖန်မိသားစု၊ နင်းမိသားစု၊ တိုင်ရီဂိုဏ်းနှင့် ကုန်သည် အစည်းအရုံးတို့သည် ထိုအရာအား မယုံကြည်နိုင်ကြချေ။ အကြီးအကဲ ဆယ့်သုံးဦးမှာ သူတို့တွင် ရှိသမျှ ဝှက်ဖဲများထဲမှ တစ်ဝက် ဖြစ်သည်။ သို့သော်လည်း သူတို့သည် ချန်းဖန် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
"မဖြစ်နိုင်ဘူး… ဟန်ရှုံး သတ်မှတ်ချက်ဝင် ထိပ်ဆုံး ဆယ်ယောက်တောင် အဲ့လို လုပ်ဖို့ မဖြစ်နိုင်ဘူး…"
ဟူမိသားစု အကြီးအကဲ တစ်ဦးက မယုံကြည်နိုင်စွာ ဆိုလိုက်၏။
"ဟမ့်… ဆေးမြို့တော် အပြင်မှာ ရောက်နေတဲ့ လူတွေကိုယ်တိုင် အဲဒီ မြင်ကွင်းကို မြင်ခဲ့ရတာပဲ… ဘယ်လိုလုပ်ပြီး အတု ဖြစ်နိုင်မှာလဲ"
အနားရှိ ဆံပင်ဖြူ အဘိုးအိုက နှာခေါင်းရှုံ့ လိုက်၏။
သို့သော်လည်း ပထမ အကြီးအကဲက ကျေနပ်ဟန် မတူပဲ…
"သတင်းတွေ အရဆို ချန်းပေ့ရွှမ်းက ဝိညာဉ်ရော ရာချီနဲ့ သုံးချောင်းထောက် ဆေးအိုး သဏ္ဌာန်ကို ဖွဲ့စည်းပြီး မဟာ အကြီးအကဲတွေကို သတ်ဖို့ ကြိုးစားတယ်တဲ့… အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ကောင်းကင် အရှင်တွေပဲ အဲ့လို နတ်ဘုရား စွမ်းအားမျိုးကို သုံးနိုင်လိမ့်မယ်… နောက်ပြီး ဟူကွေ့မင်၊ ဖန့်ချန်းကျိတို့မှာလည်း တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာတွေ ပါသွားတာပဲ… သူတို့ ခုခံနိုင်သင့်တာပေါ့"
"အသုံးမဝင်ဘူး…"
ဟူမိသားစု ခေါင်းဆောင် ဟူရွှမ်ရှို့က ခေါင်းခါကာ ပြောလိုက်သည်။
"အကြီးအကဲဟူတို့ တစ်ခုခု မှားနေတယ် ဆိုတာ သတိထားမိဝောာ့ အရာရာက နောက်ကျ နေပြီ… နောက်ပြီးတော့ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာတွေက နိုးထဖို့ အချိန် လိုအပ်တယ်… စစ်မြေပြင်မှာ အဲဒီလောက် အချိန် မရှိဘူး"
"ဒါဆို ကျုပ်တို့ ဘာလုပ်သင့်လဲ…"
ပထမ အကြီးအကဲက မေးလိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ဟူရွှမ်ရှို့မှာ မျက်မှောင်ကြုတ် သွား၏။ ဟူမိသားစု၏ အခြား အကြီးအကဲများမှာလည်း တိတ်ဆိတ် နေကြသည်။ သူတို့တွင် ထိုမေးခွန်း အတွက် အမှန်တကယ် အဖြေ မရှိသေးချေ။
အကြီးအကဲ တစ်ယောက်က သက်ပြင်း ချလိုက်ရင်း…
"ချန်းပေ့ရွှမ်းက တကယ်ပဲ အခြေတည် ဝိညာဉ် အဆင့်ကို ရောက်နေပြီလား…"
"မဖြစ်နိုင်ဘူး… သူ အခြေတည် ဝိညာဉ် အဆင့်ကို ရောက်မရောက် ဆိုတာ ဝမ်မိသားစု ကျိန်းသေ သိမှာပဲ… ဝမ်မိသားစု ခေါင်းဆောင်က ငါတို့ကို လိမ်ပြောမှာတော့ မဟုတ်ဘူး"
ဆံပင်ဖြူ အဘိုးအို ဟူဟယ်ကွေ့က ခေါင်းခါ လိုက်၏။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ မသေချာဟန် ဆက်ပြော လိုက်သည်။
"ချန်းပေ့ရွှမ်း သုံးခဲ့တဲ့ နတ်ဘုရား စွမ်းအားကတော့ ဒဏ္ဍာရီလာ ဂိုဏ်းကြီးတွေ ကမ္ဘာလောကို ထိန်းချုပ်ဖို့ သုံးတဲ့ ကောင်းကင် ကျင့်စဉ် တစ်ခုလို့ ကျုပ်ထင်တယ်… အဲဒီ ကျင့်စဉ်တွေက အရမ်း အစွမ်းထက်ပြီး ကောင်းကင်ဂိုဏ်းတိုင်းရဲ့ အဓိက ကျင့်စဉ်တွေ ချည်းပဲ… တကယ်လို့ ရွှေအမြုတေ အဆင့် တစ်ယောက်က အဲဒီ ကျင့်စဉ်ကို သုံးရင် သူလည်း တစ်ခုခုဝောာ့ ကြီးကြီးမားမား ပြန်ပေးဆပ် ရမှာပဲ"
လူတိုင်းသည် ဟူဟယ်ကွေ့၏ စကားကို လက်ခံဟန် ခေါင်းညိတ် လိုက်ကြ၏။ ကောင်းကင်၏ စွမ်းအားကို ခိုးယူသော သေမျိုး တစ်ယောက်သည် အဘယ်ကြောင့် အကျိုးဆက်များကို မခံစားရပဲ ရှိပါနည်း။
ထိုကဲ့သို့သော စကားဝိုင်းများက ဟူမိသားစု တစ်ခုတည်းတွင်သာ ဖြစ်ပေါ်နေခြင်း မဟုတ်ချေ။ ဖန်မိသားစု၊ နင်းမိသားစု၊ တိုင်ရီဂိုဏ်းတို့တွင်ပါ ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်လေသည်။
အချို့က ချန်းဖန်ကို သတ်ဖြတ်ရန် အတွက် ကောင်းကင် ရတနာများ၊ ကောင်းကင် အစီအရင်များကို အသုံးပြုသင့်ကြောင်း အကြံပြု ကြသည်။ သို့သော်လည်း ကောင်းကင် အရှင် မိသားစု ခေါင်းဆောင်များမှာမူ တည်ငြိမ် နေကြဆဲ ဖြစ်၏။
များစွာသော လူများက ကြယ်ကြွေ မြို့တော်ဘက်သို့ မျှော်ကြည့်ကာ ဝမ်မိသားစု တစ်ခုခု လှုပ်ရှားရန် မျှော်လင့် နေကြ၏။ ဝမ်မိသားစုကား မြောက်နတ္ထိနယ်၏ ချွင်းချက် မရှိ အစွမ်းအထက်ဆုံး အဖွဲ့အစည်း ဖြစ်သည်။ သူတို့သည် အခြေတည် ဝိညာဉ် အဆင့်ကိုပင် ပိုင်ဆိုင်ထားကြသည်။ အကယ်၍ ကောင်းကင် အရှင် နက္ခတ်ပင်လယ်သာ ဝင်ပါပါက ချန်းပေ့ရွှမ်း ကျိန်းသေ အညံ့ခံရ ပေလိမ့်မည်။
…
တစ်ချိန်တည်း၌ ချန်းဖန်၊ ကျိုးကျူရှင်း တို့နှင့် မိန်းကလေး သုံးယောက်တို့သည် ဆေးမြို့တော်မှ ခွာကာ ရှေးဟောင်းဆေး ပြည်နယ် အတွင်းပိုင်းသို့ သွားနေခဲ့သည်။
သစ်ဝောာနှင့် တောင်တန်းများသည် ရှေးဟောင်းဆေး ပြည်နယ်၏ ကုန်းမြေတိုင်းကို ဖုံးလွှမ်းနေသည်။ ထိုနေရာများကား သားရဲ အန္တရာယ်များနှင့် ပြည့်နှက် နေသလို ဝိညာဉ်ချီ၊ ဝိညာဉ် ဆေးပင်နှင့် ဝိညာဉ် ဆေးမြစ်များမှာလည်း ပေါကြွယ်ဝလှသည်။
"စီနီယာချန်း… အဲဒီ အထဲမှာ စီနီယာ လုပ်ထားတဲ့ ကောင်းကင်ဆေးတွေ ရှိနေတာလား"
မူဟုန်တိက ချန်းဖန်၏ လက်ထဲရှိ ဆေးအိုးကို ကြည့်ရင်း မေးလိုက်၏။ ယွင်ရီအာ၊ လင်းဝူဟွာနှင့် ချီလင်ငယ်တို့ကလည်း ဆေးအိုးအား စိတ်ဝင်စားဟန် ကြည့်ကြသည်။
"ထင်တာပဲ…"
ချန်းဖန်က အဖြေပေး လိုက်၏။
ထိုအချိန်၌ ဆေးတစ်ရာ ရတနာဆေးအိုးသည် သုံးလက်မ မျှသာ အရွယ်အစား ရှိတော့သည်။ သင်းပျံ့သော ရနံ့တစ်ခုသည် ဆေးအိုး အတွင်းမှ ထွက်ပေါ်နေ၏။ မိန်းကလေးများသည် အနံ့ကို ရှုမိသည်နှင့် ရေပူစမ်းတွင် စိမ်လိုက်ရသလို ချက်ချင်းပင် ပင်ပန်းမှုများ ပြေပျောက် သွားကြသည်။
"တကယ် အံ့ဩဖို့ ကောင်းတာပဲ… အနံ့နဲ့တင် ဆယ်စုနှစ် တစ်ခုလောက် ပိုပြီး နေနိုင်လိမ့်မယ် လို့ ခံစားနေရတယ်"
ယွင်ရီအာက ဆေးအိုးကို ကြည့်ရင်း အံ့အားသင့်ဟန် ဆိုလိုက်၏။
"ဟဟ…" ချန်းဖန်က အလိုက်သင့် ရယ်မော လိုက်သည်။
"စီနီယာ… ဆေးအိုးကို ဖွင့်ပြပါလား… အဲဒီလောက် အစွမ်းထက်တဲ့ ဆေးတွေက ဘယ်လိုပုံ ရှိလဲ ဆိုတာ သမီးတို့ ကြည့်ချင်လို့"
ယွင်ရီယာက တောင်းဆို လိုက်သည်။
"ကောင်းပြီလေ…"
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားနေသော မိန်းကလေး သုံးယောက်နှင့် ချီလင်ပေါက်စလေး၏ ရှေ့တွင်ပင် သူက ဆေးအိုး၏ အဖုံးအား ဖြည်းညင်းစွာ ဖွင့်လိုက်တော့၏။
***