← Chapters

မျက်နှာနှစ်ဖက်ကျောက်တုံးဖားပြုပ်

Vol. 46 Ch. 452

မျက်နှာနှစ်ဖက်ကျောက်တုံးဖားပြုပ်

Vol. 46 Ch. 452

စုချန်းသည် မရေမတွက်နိုင်သော စမ်းသပ်မှုများစွာကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

အနှီ စမ်းသပ်မှုအများစုသည်လည်း ရှုံးနိမ့်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရ၏။

မည်သို့ပင်ဆိုစေ စမ်းသပ်မှုတိုင်းသည် သူ့တန်ဖိုးနှင့်သူ ရှိကြသည်ကတော့ အမှန်ပင်။

ယခု ဟေးဟွန်ရှန်းအပေါ် သူဆောင်ရွက်ခဲ့သည့် စမ်းသပ်မှုမှာလည်း မအောင်မြင်ခဲ့သည့် စမ်းသပ်မှုတခုသာ ဖြစ်သည်။ ၎င်းကို နတ်ဆိုးရုပ်သေးရုပ်ဟု ခေါ်၏။

၎င်းစမ်းသပ်မှုကို ကျောင်းသားတဦး၏ သွေးဗီဇအပေါ် အခြေခံ၍ စုချန်းက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကျောင်းသားသည် ချင်းလင်အာနှင့် ကျူးကျွန်ကျာ့တို့ကဲ့သို့ သက်ရှိများအား ထိန်းချုပ်နိုင်စွမ်းမရှိပဲ သေဆုံးပြီးသူများအား အသက်ပြန်ရှင်လာအောင် စွမ်းဆောင်နိုင်၏။

တကယ်တော့ ၎င်းသွေးဗီဇမှ အမှန်တကယ် သေဆုံးသွားသူများအား အသက်ပြန်ဝင်လာအောင် စွမ်းဆောင်နိုင်သည်မဟုတ်ပေ။ ထူးခြားသော ထိန်းချုပ်ခြင်နည်းစနစ်တရပ်သာ ဖြစ်သည်။

၎င်းကျောင်းသား၏ သွေးဗီဇကို ရရှိပြီးကတည်းက စုချန်းသည် အထက်တွင် ဖော်ပြခဲ့သည့် စမ်းသပ်မှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းစမ်းသပ်မှုများသည် အစတွင် ရှုံးနိမ့်မှုများနှင့်သာ ကြုံခဲ့ရ၏။

ယခုတွင်တော့ အဆိုပါ စမ်းသပ်မှု အောင်မြင်သွားခဲ့လေပြီ။ သို့သော် စုချန်း ဖန်တီးလိုက်သည့် နတ်ဆိုးရုပ်သေးရုပ်များသည် မိမိ အသက်ရှိစဥ်က မိတ်ဆွေသူငယ်ချင်းများကို မမှတ်မိတော့ပဲ မဲမဲမြင်ရာ တိုက်ခိုက်ကြသူများ ဖြစ်လာ၏။ စွမ်းအားမှာလည်း အသက်ရှင်စဥ်ကထက် ဆထက်တံပိုး မြင့်မားလာလေသည်။

နတ်ဆိုးသစ်ပင်ကို မြင်တွေ့ကတည်းက ၎င်း၏ မူလစွမ်းအင်နူကလိယကို သုံးပြီး နတ်ဆိုးရုပ်သေးရုပ် ဖန်တီးကာ ကျန်လူများကို ထောင်ချောက်ဆင်ရန် စုချန်းက စိတ်ကူးရခဲ့ခြင်းပင်။

ယခုတွင်တော့ ရုပ်သေးဟေးဟွန်ရှန်းသည် ချီစွမ်းအားပညာရှင်အုပ်စုကြီးကို သတ်ဖြတ်ခဲ့ပြီးလေပြီ။ အထိတ်တလန့် အော်ဟစ်သံများကို နားထောင်ရင်း စုချန်း နှစ်ခြိုက်စွာ ပြုံးလိုက်၏။

သူ့ပါးစပ်မှလည်း

"မင်းတို့ ကြုံတွေ့ရမှာ ဒါ အစပဲရှိသေးတယ်ကွ"

ဟု ရေရွတ်လိုက်လေသည်။

ထို့နောက် စုချန်းသည် တောအုပ်၏ အတွင်းပိုင်းဆီသို့ ဦးတည်ပြေးလွှားလိုက်၏။

စုချန်း ရောက်ရှိနေသည့် တောအုပ်မှာ သိပ်မကြီးမားလှ။ သို့သော် သားရဲသတ္တဝါတချို့ ကျင်လည်ကျက်စားနေကြသည်ကတော့ အမှန်ပင်။

စုချန်းသည် ပြေးလွှားနေရင်းနှင့်ပင် ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် အကဲခတ်နေ၏။ သိပ်မကြာမီမှာပင် သင့်လျော်သော ပစ်မှတ်ကို သူ တွေ့ရှိလိုက်ရလေသည်။

သူ့ပစ်မှတ်မှာ အလွန်ကြီးမားသော ဖားပြုပ်ကြီးတကောင် ဖြစ်သည်။ ဖားပြုတ်၏ ကိုယ်ခန္ဓာမှာ တောင်ငယ်လေးတလုံးစာမျှပင် ကြီးမား၏။ ၎င်း၏ ကျောပြင်ရှိ ပုံဖျက်ဖုံးကွယ်နိုင်သော အဖုအပိန့်များကြောင့် ၎င်းကို မျက်နှာနှစ်ဖက်ဖားပြုပ်ဟုခေါ်ကြောင်း စုချန်း သိထားပြီးသားပင်။ ၎င်းသည် ပထဝီအမျိုးအစား အလယ်အလတ်အဆင့် သားရဲသတ္တဝါတကောင်ဖြစ်ပြီး ပထဝီအမျိုးအစား မူလစွမ်းရည်များကို ပိုင်ဆိုင်ထားသည့် သတ္တဝါတကောင်ပင်။ ၎င်းသည် ပိုးမွှားအမျိုးအစား နတ်ဆိုးသတ္တဝါများကိုသာ စားသောက်တတ်ပြီး လူသားများအား စားသောက်ရခြင်းကို မကြိုက်ပေ။ လူကိုတွေ့ပါက ဝေးရာသို့ ရှောင်သွားတတ်လေသည်။

မျက်နှာနှစ်ဖက်ကျောက်တုံးဖားပြုပ်ကို မြင်သည်နှင့် စုချန်း၏ မျက်လုံးအစုံသည် ဝင်းလက်တောက်ပသွား၏။ သူ့စိတ်ကူးထဲတွင်လည်း အစီအစဥ်တရပ်ကို ပုံဖော်ထားပြီး ဖြစ်သည်။

တကယ်တော့ စုချန်းသည် အောရစ်ချ်၊ မိန်းဘရုခ်နှင့် ပိတ်လော့တို့၏ အမွေဆက်ခံသူ ဖြစ်နေခဲ့ပြီးလေရာ များပြားလှသော အသိပညာများကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ယခုတော့ ထိုအသိပညာများအား ထုတ်သုံးရန် အချိန်ကျရောက်လာခဲ့လေပြီ။

ထို့နောက် သူက ကျောက်တုံးဖားပြုပ်ပေါ်သို့ ခုန်တက်လိုက်သည်။ ဖားပြုပ်ကြီးကား စုချန်းကို ကြည့်ပင်မကြည့်။ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေ၏။

ထို့ပြင် ကျောက်တုံးဖားပြုပ်သည် မြေကြီးအဆီအနှစ်များကို စားသုံးလွန်းသဖြင့် ၎င်း၏ ကျောပြင်မှာ ကျောက်တုံးကဲ့သို့ မာကျောနေလေသည်။ ထို့ကြောင့် စုချန်းက ၎င်း၏ ကျောပြင်ကို ခုန်တက်ရုံသာမက၊ ဓားနှင့်ဆွလျင်ပင် ၎င်းက သိလိမ့်မည်မဟုတ်။

ဖားပြုပ်၏ ကျောပြင်ပေါ်သို့ ရောက်သည်နှင့် စုချန်းက မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်မှာပင် သူ့ကိုယ်တွင်းမှ လေလှိုင်းရေဘဝဲလက်တံများ ထွက်ပေါ်လာပြီး အနီးအနားရှိ သစ်ပင်များအား ဆွဲယူကာ ဖားပြုပ်၏ မျက်နှာကို ဖုံးအုပ်ထားလိုက်လေသည်။ ကျောက်တုံးဖားပြုပ်ကား ယခုအချိန်ထိ ဘာကိုမှ သတိထားမိဟန်မတူ။ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေ၏။ သိပ်မကြာမီ သစ်ပင်ခြုံနွယ်များ၏ ဖုံးအုပ်မှုကြောင့် ကျောက်တုံးဖားပြုပ်၏ မျက်နှာကိုပင် မမြင်ရတော့ချေ။ မည်သူမဆို ရုတ်တရက်ကြည့်မိလျင် ကြီးမားသော တောင်ကုန်းငယ်သဖွယ်သာ ထင်မှတ်မိပေလိမ့်မည်။

ထို့နောက် စုချန်းသည် ဖားပြုပ်ကြီး၏ ကျောပြင်ကို တွင်းပေါက်တခု ပေါ်လာအောင် ဓားနှင့်တူးဆွပြန်၏။ အတွင်းထဲရှိ ပကတိအရေပြားကို မထိခိုက်မိအောင်တော့ သတိထား၍ တူးရလေသည်။ တွင်းပေါက် ပေါ်လာသည်နှင့် စုချန်းသည် ဆေးရည်တမျိုးကို အထဲသို့ လောင်းချလိုက်၏။ သိပ်မကြာမီ ဆေးရည်၏ တန်ခိုးကြောင့် ကျောက်တုံးဖားပြုပ်ကြီး၏ ကျောပြင်ရှိ တွင်းပေါက်ကြီးသည် ကျယ်သည်ထက် ကျယ်လာတော့သည်။

အတန်ကြာသော် စုချန်းသည် အဆိုပါ တွင်းပေါက်ကြီးအတွင်းသို့ ခုန်ဆင်းပျောက်ကွယ်သွားတော့သည်။ ထူးဆန်းလှချေသည်တကား။

သိပ်မကြာမီ ထိုနေရာသို့ ချီစွမ်းအားပညာရှင်များ ရောက်ရှိလာ၏။ အဖွဲ့မှာ နှစ်ဖွဲ့ဖြစ်ပြီး ထိုအဖွဲ့အသီးသီးတွင် ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက်၊ သွေးဆူပွက်ခြင်းပညာရှင် နှစ်ယောက်နှင့် ချီစုဆောင်းခြင်းပညာရှင် လေးယောက်ကျစီ ပါဝင်ကြလေသည်။ မြေခွေးလိုက်ခွေးသည် ထိုနေရာကို အရောက်တွင် အနံ့ရဟန်ဖြင့် စူးစူးဝါးဝါးပင် ထိုးဟောင်နေ၏။ ၎င်းတို့အားလုံး ဤအနီးတဝိုက်တွင် စုချန်းရှိနေမှန်း သဘောပေါက်လိုက်ကြသော်လည်း မည်သည့်နေရာတွင် ရှိနေမှန်းတော့ ဝေခွဲမရနိုင်ပဲ ဖြစ်နေကြလေသည်။

ရှေ့ဆုံးရှိ ယန်ဖွင့်လှစ်ခြင်းပညာရှင်က လက်တဖက်ကို ဝေ့ယမ်းက အချက်ပြလိုက်သည်တွင် သူ့နောက်ရှိ လူအသီးသီးမှာ ဘေးဘယ်ဝဲယာတွင် စုချန်းအား လိုက်ရှာကြတော့သည်။

သို့သော် ဤလူအုပ်စုကား အတော်ပင် သတိကြီးကြဟန်တူ၏။ တယောက်နှင့်တယောက် လက်လှမ်းမီနိုင်သည့် အကွာအဝေးမျိုးတွင်သာ ရှိနေကြလေသည်။ တယောက်တယောက်သာ အလစ်ငိုက်ဝင်တိုက်ခံရပါက ကျန်လူများက ချက်ချင်းကူညီနိင်ရန် ရည်ရွယ်ထားကြခြင်းပင်။

မည်သို့ဆိုစေ အရာတိုင်းသည် ထင်သလောက် မရိုးရှင်းလှပေ။

အတန်ကြာသော် ချီစွမ်းအားပညာရှင်တယောက်သည် တောင်ကုန်းငယ်အနီးသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေသည်။ ထိုအချိန်မှာပင် ကျောက်တုံးများအကြားမှာ လက်တချောင်းက သူ့လည်မြိုကို ဂျွတ်ခနဲ လိမ်ချိုးလိုက်ပြီး အထဲသို့ ဆွဲယူသွား၏။ ချီစွမ်းအားပညာရှင်ကား မည်သည့် သဲလွန်စမှ မချန်ရစ်ပဲ ပျောက်ကွယ်သွားခဲ့လေပြီ။

သိပ်မကြာမီ နောက်ထပ် ချီစွမ်းအားပညာရှင်တယောက်သည်လည်း အလားတူ ကံကြမ္မာမျိုးနှင့် ကြုံတွေ့လိုက်ရပြန်သည်။ ဤတကြိမ်တွင်တော့ ၎င်း၏ တုံ့ပြန်မှုက ပထမလူထက် အနည်းငယ် မြန်ဆန်သွား၏။ မပျောက်ကွယ်သွားမီ အသံပြုလိုက်ခြင်းကြောင့် လူတိုင်းလိုလို အခြေအနေကို သတိထားမိသွားလေသည်။ သူတို့အားလုံး တောင်ပူစာငယ်ပေါ်သို့ ပြေးတက်လိုက်ကြသည်။ သို့သော် အရာအားလုံးသည် ငြိမ်သက်လျက်ရှိပြီး ဝန်းကျင်မှာ ခြုံပုတ်များနှင့်သာ အတိပြီးနေ၏။ သံသယဖြစ်ဖွယ်ရာဟူ၍ စိုးစဥ်းငယ်မျှပင် မရှိ။

မမျှော်လင့်သော အဖြစ်အပျက်ကြောင့် ယန်ဖွင့်လှစ်ခြင်းပညာရှင်၏ မျက်နှာသည် မဲမဲမှောင်သွား၏။

"လီချီး ပျောက်သွားပြီ ကောက်ယန်ကော ဘယ်မှာလဲ ကောက်ယန်"

"လူတွေ ဘယ်လိုဖြစ်ပြီး ပျောက်ကုန်တာလဲ"

"ဒါ စုချန်း လက်ချက်ပဲ ဖြစ်ရမယ် ဒီကောင် တခုခု လုပ်နေပြီ"

"ဒါပေမဲ့ သူ ဘယ်လိုလုပ်တာလဲ"

တယောက်တပေါက် စကားပြောဆိုသံများ ပေါ်ပေါက်လာ၏။ လူတိုင်း၏ နှလုံးသားထဲတွင်တော့ အချက်ပေးသံများ မြည်ဟီးနေလေပြီ။ စုချန်းသည် သူတို့အား ခြုံခိုလုပ်ကြံနေပြီ မဟုတ်ပါလား။ နေရာတခုလုံးမှာ ဟာလာဟင်းလင်းဖြစ်လျက်ရှိပြီး ပုန်းခိုစရာနေရာဟူ၍ အနည်းငယ်သာ ရှိ၏။ ဤအနေအထားတွင် စုချန်း မည်သို့များ ပုန်းအောင်းနေလေသည်။ ချီစွမ်းအားပညာရှင်တချို့မှာကား ကြောက်ရွံ့နေကြလေပြီ။ ထိုစဥ် တယောက်က ပြောလိုက်သည်။

"ဒီကောင် ဒီနေရာမှာ ရှိတာ သေချာနေပြီပဲ ကျန်တဲ့အဖွဲ့တွေ ခေါ်ပြီး ဒီနေရာတခုလုံးကို ပိတ်ဆို့ထားရင် ကောင်းမယ်"

ချီစွမ်းအားပညာရှင်အတော်များများက ထိုစိတ်ကူးကို သဘောတူကြ၏။ ထိုစဥ် ကျန် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်က ပြောလိုက်သည်။

"ဘာခေါ်နေစရာလိုသလဲ ဒီကောင် ဒီနေရာမှာ ရှိနေပေမဲ့ ကျုပ်တို့ကို ပေါ်တင် မတ်ိုက်ရဲဘူး ဆိုလိုတာက ဒီကောင့်မှာ ဒီလို တိုက်ခိုက်နိုင်တဲ့ အင်အားမရှိဘူးလို့ ဆိုလိုတာ ဒီကောင် ခုချိန်ထ််ိ ကျုပ်တို့ကို ပုန်းလျှိုးကွယ်လျှိုးနဲ့ အလစ်အငိုက်သာ လုပ်ကြံရဲတယ် တခြားလူတွေ ခေါ်လိုက်ရင် ကျုပ်တို့ ရထားတဲ့ အခွင့်အရေးကို ထပ်ပြီး ခွဲပေးနေရလိမ့်မယ် မင်းတို့ မူလကျောက်တုံး တသိန်းကိုတော့ မမေ့သေးဘူးမလား"

ထိုစကားကြောင့် လူတိုင်းလိုလိုသည် တွေဝေကုန်၏။

မှန်၏။ မူလကျောက်တုံးတသိန်း။

တခြားလူများရောက်လာပါက ဝေစုနည်းကုန်ပေတော့မည်။

လောဘကား သူတို့၏ အသိတရားကို ဖုံးလွှမ်းလိုက်ချေပြီတည်း။

ထိုအချိန်မှာပင် ဟုန်းဟုန်းထနေသော မီးတောက်မီးလျံများ ရုတ်တရက် ထွက်ပေါ်လာပြီး မီးတောက်ဘီလူးကြီးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမီးတောက်ဘီလူးသည် အနီးအနားရှိ ချီစွမ်းအားပညာရှင်တဦးကို ၎င်း၏ လက်များဖြင့် ရစ်ပတ်သတ်ဖြတ်လိုက်လေသည်။

"သူ မြေကြီးအောက်မှာဗျို့ မြေကြီးအောက်မှာ"

တယောက်က ထအော်လိုက်ရာ လူတိုင်းသည် ၎င်းတို့ ခြေဖဝါးအောက်ရှိ မြေကြီးကို ပြိုင်တူ တိုက်ခိုက်လိုက်ကြလေသည်။

အုန်းခနဲ ဂျိမ်းခနဲ ပေါက်ကွဲသံများ အဆက်မပြတ် ပေါ်ပေါက်လာပြီး များပြားလှသော စွမ်းအင်လှိုင်းများက မြေကြီးပေါ်ရှိ ကျောက်သားကျောက်စိုင်များကို ထိမှန်သွား၏။

"ခွေးမသား ဒီအောက်မှာ လှိုဏ်ခေါင်တူးထားတယ်ဟေ့"

ယန်ဖွင့်လှစ်ခြင်းပညာရှင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး လှိုဏ်ခေါင်းအတွင်းသို့ ရှေ့ဆုံးမှ ဦးဆောင်ခုန်ချလိုက်၏။

လှိုဏ်ခေါင်းအတွင်းရောက်သည်နှင့် သူ့ရှေ့တွင် လူရိပ်တရိပ်ကို ယန်ဖွင့်လှစ်ခြင်းပညာရှင် လှမ်းမြင်လိုက်၏။ ၎င်းလူရိပ်မှာ မုချ စုချန်းပင် ဖြစ်ရမည်ဟု သူက ယူဆလိုက်ပြီး နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားလေသည်။ သို့သော် သိပ်မကြာမီ လှိုဏ်ခေါင်း၏ ထူးခြားသော ပုံစံကို သူ သတိထားမိလာ၏။ လှိုဏ်ခေါင်းသည် တခါတရံတွင် အလွန်ကျဥ်းမြောင်းပြီး တခါတရံတွင် ကျယ်ဝန်းနေ၏။ သူ နင်းထားသည့် လှိုဏ်ခေါင်းကြမ်းပြင်မှာလည်း အလွန်ထူးဆန်းပြီး လှုပ်ရှားနေလေရာ အသက်ဝင်နေသည်နှင့် တူလှသည်။ ကနဦးက ထူးခြားချက်များကို သတိမထားမိသော်လည်း သိပ်မကြာမီ တစုံတခု မှားယွင်းနေကြောင်း သူ သဘောပေါက်လာ၏။

ယန်ဖွင့်လှစ်ခြင်းပညာရှင်သည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ကြမ်းပြင်ကို စူးစိုက်ကြည့်ရှုကာ လက်ချောင်းများဖြင့် ထိုးစိုက်ကြည့်လိုက်သည်။ ထိုအချိန်မှာပင် ကြမ်းပြင်ဆီမှ အစိမ်းရောင်အရည်တချို့ ပန်းထွက်လာကြောင်း သူ တွေ့လိုက်ရသည်။ ပို၍ ထူးဆန်းသည်မှာကား တချိန်တည်းမှာပင် သူ့လက်ချောင်းများရှိ အရေပြားသည် ပုပ်သိုးဆွေးမြေ့လာခြင်းပင်။

အဆိပ်ပါလား...ဒါ...ဒါ...

ယန်ဖွင့်လှစ်ခြင်းပညာရှင်၏ မျက်လုံးအစုံသည် သပိတ်အိုးကဲ့သို့ ပြူးကျယ်ဝိုင်းစက်လာ၏။

ထိုအချိန်တွင် သူ့နောက်မှ လိုက်ပါလာသည့် ကျန်လူများသည် ထူးဆန်းသော လှိုဏ်ခေါင်းအနေအထားကြောင့် စိတ်မရှည်ကြတော့ပေ။ ထိုအချိန်တွင် အနက်ရောင်လင်းနို့တချို့ ထွက်ပေါ်လာရာ ၎င်းတို့က ပြိုင်တူပင် တိုက်ခိုက်လိုက်ကြလေသည်။

စွမ်းအင်လှိုင်းများက အနက်ရောင်လင်းနို့များဆီသို့ ပြေးဝင်သွား၏။

"မလုပ်နဲ့"

ယန်ဖွင့်လှစ်ခြင်းပညာရှင်က အထိတ်တလန့်နှင့် အော်ဟစ်တားမြစ်လိုက်သည်။

သို့သော် များစွာ နောက်ကျသွားခဲ့လေပြီ။

အာဝူး!!!

နာကျဥ်းဒေါသထွက်စွာ အော်ဟစ်လိုက်သံကြီးက တောအုပ်အတွင်း ပဲ့တင်ရိုက်ခတ်သွား၏။

All Chapters