အဆိပ်ပင်လယ်
Vol. 46 Ch. 453
အော်သံကြီး ထွက်ပေါ်လာသည်နှင့် သူတို့ခြေဖဝါးအောက်ဖက်ရှိ ကြမ်းပြင်မှ အစိမ်းရောင်အရည်များ တဝေါဝေါနှင့် ပန်းထွက်လာ၏။
၎င်းမှာ သာမာန်အရည်များမဟုတ်။ မျက်နှာနှစ်ဖက်ကျောက်တုံးဖားပြုပ်ကြီး၏ အဆိပ်စမ်းရေများပင် ဖြစ်သည်။
ပို၍ တိတိကျကျ ပြောရလျင် သူတို့အားလုံးသည် မူလကတည်းက ကျောက်တုံးဖားပြုပ်၏ အဆိပ်စမ်းရေများကြားတွင် လမ်းလျှောက်မိနေကြခြင်းပင်။
သူတို့ ခုန်ချမိသည့် တွင်းပေါက်ကြီးသည် ဖားပြုပ်၏ အဆိပ်ရည်များ သိုလှောင်ထားသည့် နေရာပင် ဖြစ်သည်။ မြေကြီးအဆီအနှစ်များကို အလွန်အကျွန် စားသုံးခြင်းကြောင့် အဆိုပါ တွင်းပေါက်များ၏ မျက်နှာပြင်ပေါ်တွင် ထူထပ်သော ကျောက်သားအလွှာတခု ဖွဲ့စည်းလာပြီး ၎င်းအလွှာမှာ လှိုဏ်ခေါင်းတခုနှင့် အလားသဏ္ဍာန် တူ၏။ လှိုဏ်ခေါင်းကြမ်းပြင်မှာကား အဆိပ်စမ်းရေများ၏ မျက်နှာပြင်ပင်တည်း။ တွင်းပေါက်အတွင်း ခုန်ချလိုက်ခြင်းကြောင့် သူတို့အားလုံးသည် အဆိပ်စမ်းရေများ၏ မျက်နှာပြင်ပေါ်တွင် အလိုအလျောက် လမ်းလျှောက်မိလျက်သား ဖြစ်သွားခြင်းပင်။
ကျောက်တုံးဖားပြုပ်သည် အလွန်အေးဆေးစွာ နေထိုင်တတ်သော်လည်း ဒေါသ မထွက်တတ်သည်တော့မဟုတ်။ ယခု သူ့ကျောပြင်ပေါ်တွင် လူတစု ရောက်နေမှန်း သိလိုက်သောအခါ အလိုအလျောက် ခုခံလိုက်သည့် သဘောပင်။
အဆိပ်ရည်များကား တဝေါဝေါနှင့် ပန်းထွက်လာခဲ့လေပြီ။
"မြန်မြန် ဒီနေရာက အမြန်ဆုံး ထွက်ကြစမ်းဟေ့"
လူတိုင်းလိုလိုသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် ပန်းထွက်လာသော အဆိပ်ရည်များသည် စက္ကန့်ပိုင်းအတွင်းမှာပင် လှိုဏ်ခေါင်းတခုလုံးကို ဖုံးလွှမ်းသွားလေရာ သူတို့ အဘယ်မှာ ထွက်ပြေးနိုင်အံ့နည်း။
ထိုအထဲတွင်မှ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်သူတချို့က မူလစွမ်းအင်အကာအကွယ်များကို နှိုးဆွနိုင်လိုက်ကြလေရာ အဆိပ်ရည်များကို ယာယီအားဖြင့် တားဆီးနိုင်လိုက်ကြ၏။
သို့သော် မည်သည့် စွမ်းရည်မှ မရှိသော သာမာန်သိုင်းသမားများမှာ အဆိပ်ရည်များ၏ တိုက်စားခြင်းကို ခံလိုက်ကြရပြီး မျက်စေ့တမှိတ်အတွင်း ရုပ်ပျက်ဆင်းပျက်နှင့် အသက်ပျောက်ကုန်ကြလေသည်။
တကယ်တော့ ကျောက်တုံးဖားပြုပ်၏ အဆိပ်သည် လောကတွင် ကြောက်စရာအကောင်းဆုံး အဆိပ်မဟုတ်သေးပေ။ ကြောက်စရာအကောင်းဆုံးအဆိပ်ဟူသည် မျက်တောင်တခတ်စာမျှ ထိမိသည်နှင့် ပြာမှုန်များအဖြစ် ပြောင်းလဲသွားစေနိုင်၏။ သို့သော် လှိုဏ်ခေါင်းအတွင်း ပြည့်လျှမ်းနေသော အဆိပ်ရည်များနှင့် ကြာရှည်ထိတွေ့နေသောအခါ ကျောက်တုံးဖားပြုပ်အဆိပ်သည်ပင် သူတို့အတွက် ကြောက်စရာအကောင်းဆုံး အဆိပ်ဖြစ်လာ၏။
ဒုတိယ အလှည့်ကျလာသူများမှာကား ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ် ပညာရှင်များပင် ဖြစ်သည်။ သူတို့အားလုံးတွင် မူလစွမ်းအင်အကာအကွယ်များ ဖန်တီးထားကြသော်လည်း အင်အားနည်းပါးသူများဖြစ်၍ အဆိပ်ရည်များ၏ ကြာရှည် ဖိနှိပ်မှုကို မခံနိုင်ကြတော့။ မူလအကာအကွယ်များအားလုံး ပျက်စီးကာ အသက်ပျောက်ကုန်ကြလေသည်။
သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်များမှာလည်း အလားတူ ခြိမ်းခြောက်မှုမျိုးနှင့် ရင်ဆိုင်နေကြရ၏။ သူတို့၏ မူလစွမ်းအင်အကာအကွယ်များသည် ချီစွမ်းအားပညာရှင်များထက်စာလျင် ကြာကြာခံသော်လည်း ကန့်သတ်ချက် လုံးဝ မရှိသည်တော့မဟုတ်။ အချိန်တခုကြာလျင် ထိုအကာအကွယ်များ ပျောက်ကွယ်သွားပေလိမ့်မည်။ သူတို့အနေနှင့် လုပ်စရာဟူ၍ မူလစွမ်းအင်များကို အဆက်မပြတ် လည်ပတ်စေပြီး အကာအကွယ်များ ဆက်တိုက် ဖော်ထုတ်ထားရန်သာ။ အကယ်၍ ဤအတောအတွင်းတွင် အဆိပ်ရည်များနှင့် ထိတွေ့မိပါက အကာအကွယ်များ ရှိနေခြင်းကြောင့် ပြင်ပပုပ်သိုးဆွေးမြေ့ခြင်းလောက်ကိုသာ ဖြစ်ပေါ်စေမည်ဖြစ်၍ ထိုအချိန်တွင် အပြင်သို့ ထွက်ပြေးရန် ၎င်းတို့ စဥ်းစားထားကြလေသည်။
သို့သော် ထိုစိတ်ကူးအတိုင်း တသမတ်တည်း ဆောင်ရွက်ရန်မှာကား လူတိုင်းအတွက် မလွယ်ကူလှပေ။
ထိုအထဲမှ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တဦး၏ အကာအကွယ်သည် နှစ်ကြိမ်တိုင်တိုင် ပျက်စီးသွား၏။ ၎င်းက တတိယမြောက်အကာအကွယ်ကို ဖော်ထုတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အဆိပ်ရည်များက ၎င်းက ပွတ်တိုက်လာရာ ၎င်း၏ အပေါ်ယံ အရေပြားတခုလုံး ပုပ်သိုးသွားလေသည်။ အဆိုးဆုံးမှာ ၎င်း၏ မူလစွမ်းအင်များ အဓိက ဖြန့်ဖြူးရာ နေရာဖြစ်သည့် ရင်ဘတ်တခုလုံး ဒဏ်ရာရသွားခြင်းပင်။ မူလစွမ်းအင်များ ကောင်းစွာ မလည်ပတ်နိုင်တော့ခြင်းကြောင့် ၎င်းအနေနှင့် မူလစွမ်းအင်အကာအကွယ်ကိုလည်း မထိန်းသိမ်းထားနိုင်တော့။ ထိုအချိန်တွင် ၎င်းသည် ထွက်ပြေးရန်လည်း နောက်ကျသွားခဲ့လေပြီ။ အကြောင်းမှာ အဆိပ်ရည်များက ၎င်း၏ ခြေအစုံကို ပထမဦးစွာ တိုက်စားပစ်လိုက်သောကြောင့်ပင်။
နောက်ထပ် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦးမှာကား ကံကြီးလှသည်။ တတိယအကာအကွယ်ပျက်စီးသွားချိန်တွင် ၎င်းမှာ ဝင်ပေါက်သို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် ၎င်းမှာ အားကုန်နေခဲ့ပြီ ဖြစ်လေရာ မူလစွမ်းအင်များကို လည်ပတ်နိုင်စွမ်း မရှိတော့။ သူ့ခြေလှမ်းများမှာလည်း တဖြည်းဖြည်း နှေးကွေးလာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှာပင် သူ့နောက်ကျောမှ အသံတသံ ကြားလိုက်ရ၏။
"ခွေးမသား ဘေးဖယ်စမ်း"
ပြင်းထန်သော အားလှိုင်းတခု ရိုက်ပုတ်မှု ခံလိုက်ရခြင်းကြောင့် ၎င်းသည် ဘေးဖက်သို့ လွင့်စင်သွား၏။ ၎င်း၏ မူလစွမ်းအင်အကာအကွယ်မှာလည်း ပျက်စီးသွားခဲ့လေသည်။
"ဆရာချီလျန်းဝေ...ခင်...ခင်ဗျား"
ချီလျန်းဝေကား ၎င်းကို လှည့်၍ပင် မကြည့်။ လှိုဏ်ခေါင်းအဝဆီသို့သာ အားသွန်ခွန်စိုက်နှင့် ပြေးလွှားသွား၏။
နောက်ဆုံးတော့ ချီလျန်းဝေ အပြင်သို့ ရောက်သွားခဲ့၏။
သူ သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်သည်။
ချီလျန်းဝေသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်ဖြစ်လေရာ ၎င်း၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းက ကျဥ်းထဲကျပ်ထဲ အခြေအနေတွင် များစွာ အထောက်အကူ ဖြစ်ခဲ့လေသည်။ ထို့ကြောင့် သူသည် ဒဏ်ရာအနည်းငယ်သာ ရခဲ့ပြီး အပြင်သို့ ထွက်လာနိုင်ခဲ့၏။ သူ့ ပြင်ပကိုယ်ခန္ဓာအစိတ်အပိုင်း အတော်များများသည် ပုပ်သိုးစပြုနေခဲ့ပြီ ဆိုသော်လည်း မပျောက်ကင်းနိုင်သည့် ဒဏ်ရာများတော့မဟုတ်။
ငါ့ဒဏ်ရာတွေ ပြန်ကောင်းသွားရင်တော့....
သို့သော် ချီလျန်းဝေတယောက် အတွေးကို ဆုံးအောင် မတွေးလိုက်ရ။ သူ့နောက်ကျောဆီမှ ပြင်းထန်သော အားလှိုင်းတခု တိုးဝင်လာ၏။ အတော်လေး အားကောင်းသော ထိုးနှက်ချက်ပင်တည်း။
ချီလျန်းဝေ ကြောင်အန်းအန်း ဖြစ်သွား၏။ သူက ခုခံရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် တစုံတခုကို ချီလျန်းဝေ သဘောပေါက်သွား၏။ တဖက်လူ၏ ထိုးနှက်ချက်မှာ သူ့ကို ထခိုက်အောင် ရည်ရွယ်သည်မဟုတ်။ သူ့ကို ဖိအားပေးတွန်းထုတ်ရန်သာ ရည်ရွယ်ထားချေသည်တကား။
"မဟုတ်ဘူး"
ရန်သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီ ဖြစ်လေရာ ချီလျန်းဝေ အထိတ်တလန့်နှင့် အော်ဟစ်လိုက်သည်။
ရန်သူ၏ တွန်းအားကြောင့် ချီလျန်းဝေသည် တွင်းပေါက်ထဲသို့ ပြန်လည်ပြုတ်ကျသွား၏။ ပိုဆိုးသည်မှာကား သူ့နောက်မှ ထပ်ချပ်မကွာ ခုန်တက်လာသည့် နောက်ထပ် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ကိုပါ တိုက်ချမိသလို ဖြစ်သွားခြင်းပင်။ သူတို့နှစ်ယောက်လုံးသည် တွင်းအောက်ခြေရှိ အဆိပ်စမ်းရေများပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွား၏။
ထိုအချိန်တွင် ကျောက်တုံးဖားပြုပ်ကြီးသည် သူ့မျက်နှာပေါ်တွင် ဖုံးအုပ်နေသည့် သစ်ပင်ခြုံနွယ်များကို ယမ်းခါပစ်ကာ အကြိမ်အနည်းငယ်ခန့် အော်ဟစ်လိုက်ပြီး ပြန်လည်အိပ်ပျော်သွားလေသည်။
ထိုအချိန်တွင် ချီလျန်းဝေသည် နာကျင်လွန်း၍ လေထဲတွင် ခုန်ဆွခုန်ဆွ ဖြစ်နေ၏။
သူ့လက်တဖက်သည် အရိုးမျှသာ ကျန်တော့ပြီး မျက်လုံးတလုံးကလည်း သူ့ကိုယ်ခန္ဓာမှ အပြီးတိုင် ခွဲခွာသွားခဲ့လေပြီ။ ဦးခေါင်းခွံရှိ အရေပြားမှာလည်း တဝက်မျှ လန်ကျလျက်ရှိလေရာ တစုံတယောက်က တဝက်တပျက် စားသောက်ပြီး ပြန်လည် ထွေးထုတ်လိုက်သည့် အသားတစ်နှင့်ပင် တူနေ၏။
သို့သော် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဖြစ်၍ ချီလျန်းဝေကား အသက်ပြင်းလှသည်။ ယခုအချိန်ထိ မသေနိုင်သေးပဲ နေရာမှ ထွက်ခွာရန် အသည်းအသန် ကြိုးစားလျက်ရှိသည်။ ထိုအချိန်မှာပင် ချီလျန်းဝေ၏ မျက်လုံးထဲ၌ မပီဝိုးတဝါး အရိပ်တရိပ်ကို တွေ့လိုက်ရသည်။
သူက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လျက် အမြင်ကြည်လင်လာအောင် ကြိုးစားလိုက်သည်။ သို့သော် အချည်းနှည်းသာ။
ချီလျန်းဝေကား မျက်ကန်းဘဝသို့ ကျရောက်သွားခဲ့လေပြီ။
ထိုအချိန်မှာပင် မီးလျံသိမ်းငှက်တကောင် ချီလျန်းဝေ၏ ကိုယ်ပေါ်သို့ ကျရောက်ပေါက်ကွဲသွား၏။
ချီလျန်းဝေခမျာ နောက်ဘက်သို့ လွင့်စင်သွားလေသည်။
သူက သွေးရူးသွေးတန်းနှင့် အော်ပြောလိုက်သည်။
"စု...စုချန်း...ဝမ်မျိုးနွယ်စုက ငါ့...ငါ့အတွက်...လက်...လက်စားချေပေးလိမ့်မယ်"
"မင်းနာမယ် ချီလျန်းဝေ ဟုတ်လား မင်းမှားတယ် ဝမ်မျိုးနွယ်စုက မင်းအတွက် လက်စားချေမှာ မဟုတ်ဘူးကွ"
စကားဆုံးသည်နှင့် စုချန်းက ချီလျန်းဝေ၏ ခေါင်းကို ခုတ်ဖြတ်လိုက်လေသည်။
ထိုအချိန်တွင် ချီလျန်းဝေနှင့်အတူ ပြုတ်ကျသွားသည့် နောက်ထပ်ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်မှာကား မူလအကာအကွယ်က ပြုတ်ကျချိန်တွင် ပွင့်လျက်သား ရှိနေသေးရာ ကံကောင်းသွား၏။ သို့တိုင်အောင် သူကိုယ်တိုင်လည်း ဒဏ်ရာမသေးလှ။
လက်ရှိတွင် သူမှတပါး အသက်ရှင်ကျန်ရစ်သူ မရှိတော့ချေ။
သို့သော် သူသည် ဒဏ်ရာမရထားလျင်ပင် စုချန်း၏ ပြိုင်ဘက်မဟုတ်လေရာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားချိန်တွင် ဘာများ တတ်နိုင်အံ့နည်း။
သူ စိတ်ဓာတ်ကျသွားခဲ့လေပြီ။
ထိုအခါ သူက ဒူးထောက်ထိုင်ချရင်း စုချန်းကို အသနားခံလိုက်သည်။
"ကျုပ်ကို သနားပါဗျာ"
စုချန်းက ခေါင်းခါပြလိုက်၏။
"ဒါ ပုဂ္ဂိုလ်ရေးနဲ့ မဆိုင်ပါဘူးဗျာ"
စကားဆုံးသည်နှင့် သူက လက်တဖက်ကို လှုပ်ရှားလိုက်ရာ အရိပ်မီးတောက်ဘီလူးကြီး ထွက်ပေါ်လာ၏။
သနားစရာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သည် အူသည်းလှိုက်သည်း အော်ဟစ်လိုက်လေသည်။
အော်သံသည် တောအုပ်တခွင်လုံး ဟိန်းထွက်သွား၏။ ထိုအော်သံကို ကြားလိုက်ရသည့် လူတိုင်းလိုလိုသည် ကျောရိုးထဲစိမ့်ခနဲဖြစ်ကာ ကြက်သီးမွှေးညင်းများ ထကုန်ကြလေသည်။