စစ်မှန်သော ခွန်အား ၁
Vol. 46 Ch. 454
ဝမ်ပိုင်ယွမ်သည် ယာယီတဲတလုံး၏ အတွင်းတွင် ထိုင်လျက်သား ရှိနေပြီး သူ့လက်အောက်သယ်သားများ၏ သတင်းပို့ချက်ကို နားထောင်လျက်ရှိ၏။ သူ့အမူအရာမှာကား ရေမျက်နှာပြင်ကဲ့သို့ အေးစက်တည်ငြိမ်လျက်ရှိသည်။
"နှစ်နာရီ ကျုပ် မင်းတို့ကို အချိန် နှစ်နာရီတိတိ ပေးခဲ့ပြီးပြီ ဒါကိုမှ မင်းတို့က စုချန်းကို မဖမ်းနိင်တဲ့အပြင် ကိုယ့်ဖက်က အရှုံးကြီးပဲ ချီလျန်းဝေ သေတယ် ရှုချန်းဖေး သေတယ် ဟွာကျုံးလီသေတယ် ဟေးဟွာရှန်း သေတယ်...ယန်ဖွင့်လှစ်ခြင်းပညာရှင်လေးယောက် သွေးဆူပွက်ခြင်းပညာရှင် ဆယ့်နှစ်ယောက် ချီစုဆောင်းခြင်းပညာရှင်ဆယ့်ကိုးယောက်နဲ့ ဒါဇင်နဲ့ချီတဲ့ သိုင်းသမားတွေ သေကုန်ပြီ မင်းတို့ တော်တော် အသုံးမကျတာပဲ မင်းတို့ သေချင်ပြီနဲ့တူတယ်"
ဝမ်ပိုင်ယွမ်၏ အသံမှာ မကျယ်လှ။ သို့သော် တဟုန်းဟုန်းတောက်လောင်နေသော ဒေါသံအငွေ့အသက်များ အတိုင်းသား ပါဝင်နေလေရာ လူတိုင်းလိုလို ကျောစိမ့်ကုန်ကြလေသည်။
"ကျုပ်တို့ ညံ့တာတော့အမှန်ပါပဲ ဒါပေမဲ့ စုချန်းဆိုတဲ့ကောင်ကလည်း အလွန်ပါးနပ်လွန်းပါတယ်ခင်ဗျာ ဒီကောင်ဟာ မတူညီတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးကို သုံးပြီး ကျုပ်တို့ကို ထောင်ချောက်ဆင်ခဲ့ပါတယ်...သွေးစုပ်နတ်ဆိုးသစ်ပင် မျက်နှာနှစ်ဖက် ကျောက်တုံးဖားပြုပ်တို့ဟာ ဒီကောင့်ကြောင့် ထောင်ချောက်တွေ ဖြစ်ကုန်ရပါတယ် ဒီကောင့်ရဲ့ ထောင်ချောက်တွေက ရင်ဆိုင်ဖို့ အလွန်ခက်ခဲပါတယ် ဒါကြောင့်လဲ ကျုပ်တို့ ရှုချန်းဖေးကို ဆုံးရှုံးလိုက်ရတာပေါ့"
ဝမ်ပိုင်ယွမ် ပို၍ ဒေါသထွက်လာ၏။
"မင်းတို့ အသုံးမကျတာတော့ အမှန်ပဲ မင်းတို့ဟာ စုချန်းကို သုံးကြိမ်တိုင်တိုင် တွေ့ခဲ့ပြီးပြီ တကြိမ်မှ ကျုပ်တို့ ရောက်လာတဲ့အချိန်ထိ မင်းတို့ တောင့်မခံနိုင်ခဲ့ဘူး ကျုပ်ရောက်လာတော့ မင်းတို့ကောင်တွေက အလောင်းတွေ ဖြစ်ကုန်ပြီ"
ဝမ်ပိုင်ယွမ်ကား ဒေါသအိုးပေါက်ကွဲနေခဲ့ပြီ ဖြစ်သည်။
စုချန်းကြောင့် သူတို့ဖက်မှ သုံးကြိမ်တိုင်တိုင် အထိနာသွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သူ့အတွက်သာမက ဝမ်ကျန်းယုအတွက်ပါ အရှက်ရဖွယ် ဖြစ်နေသည် မဟုတ်ပါလား။
ထိုစဥ် လက်အောက်ငယ်သားတယောက်က ဒူးထောက်ကာ ကြောက်ကြောက်လန့်လန့်နှင့် အစီရင်ခံလိုက်သည်။
"ဒါတွေအားလုံးဟာ ကျုပ်တို့အသုံးမကျလို့ ဖြစ်ရတာပါ ဒါပေမဲ့ ကျုပ်တို့ ဒီကောင့်ကို ဝိုင်းပတ်ပိတ်ဆို့ပြီးပါပြီ ဒီကောင့်အဖို့ ပြေးစရာမြေမရှိတော့ပါဘူး"
"ရလဒ်ကွ ရလဒ် ကျုပ်ကို သက်သေပြစမ်း"
ဝမ်ပိုင်ယွမ်က ကျယ်လောင်အက်ကွဲသော အသံနှင့် အော်ဟစ်လိုက်လေသည်။
_______×××________×××__________
တောင်ဘက်တောင်ကြောမှ တောင်ကုန်းငယ်တကုန်းတွင် ဖြစ်သည်။ အရေအတွက် အတော်လေးများပြားသည့် တော်ဝင်မျိုးနွယ်စုဝင်များသည် တောင်ကုန်းထိပ်ဆီသို့ တရွေ့ရွေ့နှင့် ချည်းကပ်နေကြ၏။
သူတို့ကား တောင်ကုန်းငယ်ကို စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းပတ်ကာ ချည်းကပ်နေကြခြင်းဖြစ်သည်။ အပေါ်သို့ ရောက်လာသည်နှင့် တောင်ကုန်းသည် ပို၍ ကျဥ်းမြောင်းလာသည် ဖြစ်လေရာ စက်ဝိုင်းမှာ ပို၍ သေးလာသည်နှင့်အမျှ ပို၍ သိပ်သည်းလာလေသည်။
အရိုးရှင်းဆုံး ပြောရလျင် တောင်ကုန်း၏ ထိပ်ဖျားသို့ သူတို့ ပိုရောက်လာသည်နှင့်အမျှ လူဦးရေ ပိုမိုသိပ်သည်းလာခြင်းကြောင့် သူတို့အဖို့ တယောက်ကို တယောက် ပိုမို ကူညီနိုင်လာမည် ဖြစ်သည်။ ထိုနည်းတူစွာ စုချန်း၏ လွတ်မြောက်နိုင်ချေမှာလည်း ပို၍ နည်းပါးလာ၏။
လူတိုင်း တောင်ကုန်းထိပ်သို့ ရောက်သွားသည်နှင့် စုချန်းအနေနှင့် မည်သို့မှ ထွက်ပြေးနိုင်တော့မည် မဟုတ်။ ဝမ်ကျန်းယုကိုယ်တိုင် လာမတိုက်လျင်ပင် သူ့အနေနှင့် မုချ သေရပေတော့မည်။
ဤမျှော်လင့်ချက်ကြောင့် သူတို့ဘက်မှ အဆုံးအရှုံး ကြီးမားနေသည့်တိုင် လူတိုင်းသည် အထူးပင် အားတက်နေကြ၏။
တောင်ကုန်း၏ လျောစောက်တနေရာတွင်တော့ လူတစုသည် ဆက်လက်ရွေ့လျားနေ၏။
လူစုကို ဦးဆောင်လာသူမှာကား မျက်နှာ ဖြူလျော်နေသည့် လူငယ်တဦး ဖြစ်ပြီး ၎င်း၏ နာမည်မှာ လိုင်ယွမ်ဖန်းဟု ခေါ်လေသည်။ ၎င်းမှာ လိုင်ဝုယီ၏ တူတော်သူဖြစ်ပြီး လီယွဲ့အား တိုက်ရိုက်အုပ်ချုပ်သူလည်း ဖြစ်၏။
စုချန်း၏ လူသတ်ပွဲနှင့် လီယွဲ့ သေဆုံးသွားခြင်းကြောင့် အထိခိုက်ဆုံးလူကို ပြပါဟု ဆိုလျင် လိုင်ယွမ်ဖန်းကိုသာ ပြရပေလိမ့်မည်။ ထို့ကြောင့် လိုင်ယွမ်ဖန်းသည် စုချန်းကို တခြားလူများထက် ပို၍ သတ်ချင်နေ၏။ ဤတကြိမ်တွင်တော့ သူ့အနေနှင့် အခွင့်အရေး ရခဲ့ပေပြီ။
လိုင်ယွမ်ဖန်းသည် တောင်ကုန်းကို ဝိုင်းပတ်ပိတ်ဆို့နေသော လူအုပ်စုကို ကြည့်ပြီး အော်ဟစ်လိုက်သည်။
"တောင်ကုန်းကို နေရာလပ်မရှိအောင် ဝိုင်းထားပြီးပြီ ဒီခွေးမသား ပြေးမလွတ်တော့ဘူး ဘုရားသခင်သာ မျက်နှာသာပေးစမ်းပါစေ ခွေးမသားကို ကျုပ်ကိုယ်တိုင် သတ်မယ်"
ထိုအချိန်မှာပင် တောင်ကုန်းငယ်၏ လျောစောက်တနေရာမှာ လူတယောက် ပေါ်ပေါက်လာ၏။ ၎င်းသည် သစ်ပင်တပင်၏အောက်တွင် မတ်တပ်ရပ်လျက် သူတို့ကို ပြုံးစိစ်ိနှင့် ကြည့်နေလေသည်။
"စုချန်း"
အမြင်စူးရှဟန်ရှိသူတယောက်က ၎င်းကိုဟသတိထားမိသွားဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အချက်ပြမြား ပစ်လိုက်စမ်း"
လိုင်ယွမ်ဖန်းက အော်ဟစ်အမိန့်ပေးလိုက်၏။
လိုင်ယွမ်ဖန်းကား စုချန်းကို သတ်ချင်လှသည်မှာ တပိုင်းသေမတတ်ပင်။ သို့သော် သူသည် စိတ်လိုက်မာန်ပါတော့ မလုပ်။ ရှေ့လူများ၏ သင်ခန်းစာကလည်း ရှိထားသည် မဟုတ်ပါလား။ ထို့ကြောင့် သူက ပထမဦးဆုံးအနေနှင့် စုချန်း ဤနေရာတွင် ရှိနေကြောင်း ကျန်လူများ သိစေရန် အချက်ပြမြားနှင့် အသ်ိပေးလိုက်ခြင်းပင်။
လက်ရှိတွင် သူတို့၏ လူစက်ဝိုင်းသည် တောင်ကုန်းငယ်၏ ခါးလည်သို့တိုင် ရောက်ရှိနေပြီ ဖြစ်လေရာ တယောက်နှင့်တယောက် နီးကပ်နေခဲ့လေပြီ။ ထို့ကြောင့် အော်ဟစ်ပြောဆိုရန်လည်း ပို၍ လွယ်ကူလာခဲ့ပြီ ဖြစ်သည်။
အချက်ပြမြား ထွက်ပေါ်လာသည်နှင့် ဘေးဘယ်ညာရှိ အဖွဲ့များသည် ညာသံပေးလျက် ပြေးလာကြ၏။ ထို့အဖွဲ့များအဖို့လည်း ထိုနေရာတွင် စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ မဟုတ်ပါလား။
၎င်းကို မြင်သော်လည်း စုချန်းကား အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ သူက လိုင်ယွမ်ဖန်းကိုကြည့်ရင်း အားရပါးရပင် ရယ်မောလိုက်သေး၏။
"ဒီနေရာကြီးတခုလုံးက ဟာလာဟင်းလင်း ဖြစ်နေတာ ဘာထောင်ချောက်မှ ရှိပုံမရဘူး အားလုံး အတူတိုက်ကြစမ်းဟေ့"
လိုင်ယွမ်ဖန်း အော်ဟစ်အမိန့်ပေးလိုက်၏။
သို့သော် သူကိုယ်တိုင်မှာကား တုပ်တုပ်မျှပင် မလှုပ်။ သူ့နောက်ကျောရှိ ချီစွမ်းအားပညာရှင်များကိုသာ ရှေ့သို့ ချီတက်ရန် ညွှန်ပြလိုက်လေသည်။
သာမာန်ချီစွမ်းအားပညာရှင်များကား စုချန်းကို အဘယ်မှာ ယှဥ်နိုင်အံ့နည်း။ မရှုမလှ ခံစားလိုက်ရလေသည်။ ၎င်းကို မြင်သော် လိုင်ယွမ်ဖန်း၏ စိတ်ထဲတွင် ဝမ်းနည်းရမည့်အစား ဝမ်းပင်သာသွားသေ၏။
ဘာထောင်ချောက်မှ မရှိပါလား...
ကောင်းတယ်...သိပ်ကောင်းတယ်...
လိုင်ယွမ်ဖန်း ဝမ်းသာအားရ ရယ်မောရင်း ပြောလိုက်သည်။
"နည်းနည်းပါးပါးလောက် အသာစီးရတာနဲ့ မင်းကိုယ်မင်း မရှုံးနိမ့်တော့ဘူးလို့ ထင်နေတယ်ပေါ့ ဟုတ်လား စုချန်း မင်း ငါ့ဆီကတော့ ဘာအခွင့်အရေးမှ ရမှာမဟုတ်ဘူးကွ"
မင်းဟာ အဓိပ္ပာယ်မရှိတဲ့ စကားတွေ အတော်ပြောတဲ့ကောင်ပဲကွ"
စကားဆုံးသည်နှင့် စုချန်း၏လက်ထဲမှ မီးလျံသိမ်းငှက်အုပ်လိုက်ကြီးသည် ဝုန်းခနဲ ထွက်ပေါ်လာက တဟုန်ထိုး ပျံသန်းလာ၏။
မီးလျံသိမ်းငှက်အုပ်ကြီးနှင့် ရင်ဆိုင်ရသော်လည်း လိုင်ယွမ်ဖန်းကား တုန်လှုပ်ဟန်မတူ။ အရိပ်ကဲ့သို့သော စွမ်းအင်တခု သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာ၏။ စုချန်း၏ မီးလျံသိမ်းငှက်များသည် လိုင်ယွမ်ဖန်းအနီးသို့ ရောက်သည်နှင့် အလိုအလျောက် ပျောက်ကွယ်ကုန်ကြလေသည်။
လိုင်ယွမ်ဖန်းက မောက်မာသော ဟန်ပန်ဖြင့် ရှေ့သို့ လျောက်လာရင်း ပြောလိုက်၏။
"ဒီနည်းစနစ်လောက်နဲ့ကတော့ မလုံလောက်ဘူးကွ မင်းရဲ့ အရိပ်မီးတောက်ဘီလူး နည်းစနစ်ကို ပြစမ်းပါအုံး မင်းရဲ့အစွမ်းကို ကြည့်ရအောင်"
"မင်းက ကြည့်ချင်တယ်ဆိုတော့လဲ ပြရတာပေါ့ကွာ"
ကျယ်လောင်သောအော်သံကြီးနှင့်အတူ အရိပ်မီးတောက်ဘီလူးသည် နောက်တကြိမ် ပေါ်ထွက်လာခဲ့ပြန်ပြီ ဖြစ်သည်။
ထိုအချိန်မှာပင် လိုင်ယွမ်ဖန်းက လက်ချောင်းများကို ဆန့်ထုတ်လိုက်ရာ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ ထိုအလင်းတန်းသည် ကြည့်နေရင်းမှာပင် ရှည်လျားသော အဖြူရောင်မြွေကြီးတကောင်အဖြစ် ပြောင်းလဲသွားပြီး စုချန်း၏ အရိပ်မီးတောက်ဘီလူးကို ရစ်ပတ်လိုက်လေသည်။
"မင်း ကြည့်နေ စုချန်း ငါဟာ ဘာအသုံးမှမကျတဲ့ သွေးနှောမဟုတ်ဘူးကွ"
လိုင်ယွမ်ဖန်းက အော်ဟစ်ကျုံးဝါးလိုက်ပြန်သည်။
ထို့နောက် သူက လက်ချောင်းများကို လှုပ်ရှားကာ အဖြူရောင်မြားဖြင့် စုချန်းအား တိုက်ခိုက်လိုက်၏။
လိုင်မျိုးနွယ်စု၏သွေးရင်းပီပီ လိုင်ယွမ်ဖန်းသည် လီယွဲ့ကဲ့သို့ သွေးနှောမဟုတ်။ သူ၏ သွေးဗီဇမှာလည်း ဒုတိယအဆင့်ထိ နိုးထခဲ့ပြီး ဖြစ်လေရာ သူ့အင်အားမှာ လီယွဲ့ထက် များစွာ ပိုလေသည်။
ယခုနှစ်ပိုင်းတွင် စုချန်းသည် ယန်ဖွင့်လှစ်ခြင်းပညာရှင်တချို့ကို အနိုင်ရခဲ့သော်လည်း ၎င်းတို့အားလုံးလိုလိုသည် သွေးနှောများသာ ဖြစ်လေသည်။ လိုင်ယွမ်ဖန်းကဲ့သို့ သန့်စင်သော သွေးဗီဇပိုင်ရှင်များ မဟုတ်ကြပေ။
ထိုအချိန်တွင် စုချန်း၏ အရိပ်မီးတောက်ဘီလူးမှာ အဖြူရောင်မြွေ၏ အလုံးစုံ ရစ်ပတ်ခြင်းကို ခံလိုက်ရလေပြီ။ တဆက်တည်းမှာပင် များပြားလှသော အဖြူရောင်မြားများ စုချန်းထံသို့ တချောင်းပြီးတချောင်း ပျံ့လွင့်လာ၏။ စုချန်း ရှောင်တိမ်းရန် ဟန်ပြင်လိုက်သည်။ သို့သော် အရိပ်ကဲ့သို့ စွမ်းအင်လှိုင်းတခုက စုချန်း၏ လှုပ်ရှားမှုများကို တုံ့ဆိုင်းသွားအောင် ဟန့်တားလျက်ရှိ၏။
လိုင်ယွမ်ဖန်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား ငါရဲ့ အရိပ်လူသတ်ကြိုးကို ရှောင်ကြည့်စမ်းကွ"
စုချန်း ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
"မဆိုးဘူး မင်းရဲ့သွေးဗီဇစွမ်းရည်က အင်အားကောင်းသားပဲ မင်းဟာ လီယွဲ့ထက် သာပါပေတယ် ဒါပေမဲ့ ငါ အနိုင်ယူခဲ့တာ သွေးနှောတွေချည်းပဲလို့ တခါမှာ ငါ မပြောမိသေးပါလားကွ"
စုချန်း၏ စကားကြောင့် လိုင်ယွမ်ဖန်း ကြောင်အန်းအန်း ဖြစ်သွား၏။
ဟင်...ဘာလဲဟ...
လိုင်ယွမ်ဖန်း ကြည့်နေစဥ်မှာပင် စုချန်း၏ ကိုယ်တွင်းမှ ကြောက်စရာအင်အားကောင်းသည့် အရှိန်အဝါတမျိုး ထွက်ပေါ်လာပြီး လူသတ်ကြိုးများမှာ အစပင်မကျန်အောင် ပျောက်ကွယ်ကုန်၏။
"ယန်ဖွင့်လှစ်ခြင်းနယ်ပယ် မင်းဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ရောက်သွားပြီကိုး"
လိုင်ယွမ်ဖန်း ထိတ်လန့်တကြား ထအော်လိုက်သည်။ စုချန်း၏ ဝှက်ဖဲကို သူ သိလိုက်ရပြီ မဟုတ်ပါလား။
ခွေးမသားက ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကိုတောင် ရောက်နေပြီကိုး..ဒီကောင် သူ့အင်အားအမှန်ကို တချိန်လုံး ကြောင်လက်သည်းဝှက်သလို ဝှက်ထားတာပဲ...
"ငါ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် မဟုတ်ရပါဘူးကွာ"
စုချန်းက ပြန်လည်တုံ့ပြန်လိုက်၏။
စကားဆုံးသည်နှင့် စုချန်းက ဖြတ်ခနဲ လှုပ်ရှားလိုက်ပြီး လိုင်ယွမ်ဖန်း၏ အနီးသို့ တိုးကပ်လိုက်၏။ သူ့လက်အစုံကလည်း လိုင်ယွမ်ဖန်း၏ လည်မြိုကို ဖမ်းဆုပ်လိုက်လေသည်။