စစ်မှန်သော ခွန်အား ၂
Vol. 46 Ch. 455
စုချန်းတယောက် လိုင်ယွမ်ဖန်း၏လည်မြိုအား ဖမ်းဆုပ်လိုက်ပုံမှာ ကြက်တကောင်၏ လည်မြိုကို ဖမ်းချုပ်လိုက်သည်နှင့်ပင် တူနေသေး၏။
ထို့နောက် စုချန်းက လိုင်ယွမ်ဖန်းအား အထင်သေးသည့်ပုံစံနှင့် ကြည့်ရင်း ပြောလိုက်၏။
"မင်းမှာ ရှိသမျှအား ဒါ အကုန်ပဲလားကွ"
"ဒါ ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လိုင်ယွမ်ဖန်း သွေးရူးသွေးတန်းနှင့် အော်ဟစ်လိုက်၏။ စုချန်း၏ တကွက်တည်းသော လှုပ်ရှားမှုကိုပင် မရှောင်တိမ်းလိုက်နိုင်သည့်အတွက် လိုင်ယွမ်ဖန်း ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ပဲ ဖြစ်နေရှာသည်။
အမှန်တကယ်လည်း စုချန်း၏ လှုပ်ရှားမှုက မြန်ဆန်လှပေရာ လိုင်ယွမ်ဖန်းမှာ တုံ့ပြန်ချိန်ပင် မရလိုက်ရှာ။
"မဟုတ်ဘူး"
လိုင်ယွမ်ဖန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ကိုယ်တွင်းရှိ မူလစွမ်းအင်ကို အမြင့်ဆုံးသော အနေအထားထိ နှိုးဆွလိုက်၏။ တွန်းကန်ထွက်လာသာ စွမ်းအင်များအနှင့်အတူ အဖြူရောင်မြွေကြီးသည် နောက်တကြိမ် ပေါ်ပေါက်လာပြီး ပီဘိ အသက်ရှိနေသည့်ပမာ စုချန်းအား ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။
သွေးဗီဇပိုင်ရှင်များအဖို့ သွေးဗီဇနိုးထသည့်အကြိမ်ရေ ပိုများလာသည်နှင့်အမျှ ၎င်း၏ သွေးဗီဇပုံရိပ်မှာလည်း တကယ့်အစစ်နှင့် ပိုတူလာတတ်သည်မှာ ဓမ္မာတာပင်။
သို့စေကာမူ စုချန်းကား ၎င်းကို စိုးစဥ်းငယ်မျှပင် ဂရုစိုက်ဟန်မတူ။
သူက မြွေကြီးပုံရိပ်ယောင်ကို ငဲ့ကြည့်ကာ မထီမဲ့မြင်လေသံနှင့် ပြောလိုက်လေသည်။
"ဟာ ဒီကောင်ကြီး အဲလောက်ထိ မရက်စက်နဲ့လေကွာ"
စကားဆုံးသည်နှင့် သူက လက်တဖက်ကို ဆန့်ထုတ်ကာ အဖြူရောင်မြွေကြီးအား ဖမ်းညှစ်လိုက်၏။ စုချန်း၏ တကွက်တည်းသော လှုပ်ရှားမှုနှင့်ပင် လိုင်ယွမ်ဖန်း၏ မြွေကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။
မြင်ကွင်းကြောင့် လိုင်ယွမ်ဖန်း သေလုမတတ် ထိတ်လန့်သွား၏။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်မှာ ရှိနေရင်တောင် ဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူး"
စုချန်းက ပြန်ဖြေလိုက်သည်။
"ဘာကြောင့် မဖြစ်နိုင်ရမှာလဲ ဒါဟာ လူသားသွေးဗီဇတွေရဲ့ အင်အားအစစ်အမှန်ပဲကွ"
ထိုသို့ ပြောလိုက်စဥ်မှာပင် စုချန်းကိုယ်တွင်းမှ စွမ်းအင်လှိုင်းများ ဖြာထွက်လာ၏။
လိုင်ယွမ်ဖန်းသည် စုချန်းကို ပြူးကြောင်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေ၏။ သူ့အမြင်အာရုံတွင်တော့ စုချန်းသည် ဆန်းကြယ်သော၊ ခန့်ညားထည်ဝါသော၊ မေးခွန်းထုတ်ရန်ခက်ခဲသော လူပုဂ္ဂိုလ်တဦးကဲ့သို့ ဖြစ်နေလေသည်။
စုချန်း၏ နောက်ကျောတွင် ကြီးမားသော ပုံရိပ်တခု ရှိနေ၏။ သို့သော် ၎င်းပုံရိပ်မှာ မည်သည့် သားရဲသတ္တဝါတို့၏ ပုံရိပ်မှ မဟုတ်။ ပီဘိ လူသားတဦး၏ ပုံရိပ်သာ ဖြစ်သည်။
လူသားသွေးဗီဇ...
"ဒါ..ဒါ"
လိုင်ယွမ်ဖန်း အထစ်ထစ်အငေါ့ငေါ့နှင့် ရေရွတ်လိုက်သည်။
"ဒါ ငါ့ရဲ့ သွေးဗီဇပုံရိပ်ပဲ ဒါပေမဲ့ ငါကတော့ ကမ္ဘာဦးသွေးပုံရိပ် လို့ခေါ်တာကို ပိုသဘောကျတယ်"
ထိုအခါကျမှာ သူ့လည်မြိုအား ဖမ်းဆုပ်ထားသူမှာ စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်ဖြစ်နေမှန်း လိုင်ယွမ်ဖန်း တွေ့လိုက်ရသည်။
ကြီးမားသည်နှင့်အမျှ သနားညှာတာမှုကင်းမဲ့ဟန်တူသည့် အရိပ်တရိပ်သည် စုချန်း၏ နောက်တွင် မတ်တပ်ရပ်နေ၏။ ၎င်း၏ သန်မာထွားကျိုင်းလှသော လက်ကြီးက စုချန်း၏ လက်ကို အခွံတခုသဖွယ် ဖုံးအုပ်ထားပြီး ၎င်း နှစ်ထပ် ဖြစ်နေသည့် လက်ကပင် လိုင်ယွမ်ဖန်း၏ လည်မြိုကို ဖမ်းဆုပ်ထားခြင်းပင်။
ထိုစဥ် စုချန်းက သူ့လက်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ သို့သော် ထိုလက်ကြီးကား ရုတ်သိမ်းခြင်းမရှိသည့်အပြင် လိုင်ယွမ်ဖန်း၏ လည်မြိုကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ပြီး လေပေါ်သို့ ဆွဲမလိုက်လေသည်။
လိုင်ယွမ်ဖန်းကား လေပေါ်တွင် တွဲလောင်းကြီး ဖြစ်နေခဲ့လေပြီ။
စုချန်းက ပြောလိုက်၏။
"နှုတ်ဆက်ပါတယ်ကွာ"
"မဟုတ်ဘူး"
လိုင်ယွမ်ဖန်း ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။
သို့သော် လက်ကြီး၏ ဖျစ်ညှစ်မှုကြောင့် လိုင်ယွမ်ဖန်းတယောက် ဆင်နင်းခံလိုက်ရသည့်ပမာ ပြားချပ်သွားလေသည်။
ထို့နောက် စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်သည် တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွား၏။
ပဏာမမူလသွေးဗီဇဆေးကို အသုံးပြုရာမှ စုချန်း ရရှိလိုက်သည့် စွမ်းအင်မှာကား အံ့ချီးဖွယ်ရာကောင်းလှချေသည်တကား။
တော်ဝင်သွေးဗီဇများ၏ သဘောသဘာဝအတိုင်း စုချန်းသည် လူသားကို အခြေခံကာ သွေးဗီဇပုံရိပ်တခုကို ဖန်တီးလိုက်ခြင်းပင်။ ၎င်းကို စုချန်းက ကမ္ဘာဦးသွေးစွမ်းအားနိုးထလာခြင်းဟု အမည်ပေးလိုက်၏။ တနည်းအားဖြင့် ၎င်းသည် လူသားများ၏ကိုယ်တွင်း၌ လျှို့ဝှက်စွာ ပုန်းအောင်းနေသော စွမ်းအင်များကို နိုးထစေလိုက်သည့် သဘောပင် ဖြစ်သည်။
သားရဲသတ္တဝါသွေးဗီဇများကို အသုံးပြုထားသည့် တခြားလူများနှင့် မတူသည်မှာကား ကမ္ဘာဦးသွေးစွမ်းအား နိုးထလာခြင်းသည် စုချန်းအား မည်သည့် ထူးခြားသော အစွမ်းသတ္တိကိုမှ မပေးချေ။ ကနဦးအဆင့်တွင် စုချန်း၏ ခွန်အားနှင့် လျင်မြန်မှု တိုးပွားလာရုံမျှသာ အစွမ်းရှိလေသည်။ သို့သော် ၎င်း၏ လိုရာပုံသွင်းယူနိုင်သော သဘောသဘာဝကြောင့် ဖြစ်နိုင်ချေရလဒ်များမှာကား အကန့်အသတ်မရှိဟု ဆိုနိုင်၏။
တနည်းအားဖြင့် ၎င်းသည် စာရွက်အလွတ်တရွက်သဖွယ် အလွန်သန့်စင်သော ဖြစ်တည်မှုတခုနှင့် တူလေသည်။
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ကမ္ဘာဦးသွေးစွမ်းအားနိုးထလာခြင်းသည် စုချန်းအား အင်အားအဆမတန်တိုးပွားလာခြင်းဟူသည့် တမျိုးတည်းသော စွမ်းရည်ကိုသာ ပေးခဲ့၏။
တကယ်တော့ ကမ္ဘာဦးသွေးပုံရိပ်အား အမျိုးမျိုး အဖုံဖုံသော နည်းစနစ်များနှင့် စွမ်းရည်များ အသုံးပြုနိုင်သည့် အခြေခံအုတ်မြစ်တခုအဖြစ် ပြောင်းလဲပစ်ရန် ဆန္ဒ စုချန်းတွင်သာ ရှိနေပါက မဖြစ်နိုင်စရာ မရှိ။
သို့သော် ၎င်းမှာ သွေးနီဥပြိုကွဲဆေးမင်နှင့် သဘောသဘာဝချင်း သွားတူနေသောကြောင့် ထိုစိတ်ကူးကို စုချန်း စွန့်လွှတ်လိုက်၏။ သူ၏ သွေးနီဥပြိုကွဲဆေးမင်မှာလည်း အမျိုးမျိုးသော နည်းစနစ်များ ထပ်မံပေါင်းထည့်နိုင်သည့် အုတ်မြစ်တခုပင် မဟုတ်ပါလား။ ထို့ကြောင့် သူ့အနေနှင့် ကမ္ဘာဦးသွေးပုံရိပ်ကို အဆိုပါလမ်းကြောင်းအတိုင်း လိုက်ခိုင်းရန် မလိုတော့။ ထိုအခါ စုချန်းသည် မူလစွမ်းရည်များအား သွေးနီဥပြိုကွဲဆေးမင်တွင် ပေါင်းစပ်ပြီး ကမ္ဘာဦးသွေးပုံရိပ်ကိုမူ သွေးနီဥပြိုကွဲဆေးမင်ကို နိုးဆွပေးမည့် အင်ဂျင်သဖွယ် အသုံးပြုရန်သာ ဆုံးဖြတ်လိုက်တော့သည်။
လိုင်ယွမ်ဖန်းကား မျက်စေ့တမှိတ်အတွင်း အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှာပင် ကျန်နှစ်ဖွဲ့သည် ထိုနေရာသို့ ရောက်ရှိလာ၏။
စုချန်းကို မြင်သည်နှင့် သူတို့အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
"စုချန်း ဒီမှာ ရှိတယ်ဟေ့"
ထို့နောက် သူတို့အားလုံး စုချန်းထံသို့ တဟုန်ထိုး ပြေးဝင်လာကြလေသည်။
"မင်းတို့ တော်တော်သေပန်းပွင့်ချင်နေကြတာကိုး"
စုချန်းက အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။ သူ့ကိုယ်ခန္ဓာမှာလည်း လျပ်ပြက်တမျှ အမြန်နှုန်းနှင့် လှုပ်ရှားလာ၏။
ကမ္ဘာဦးသွေးပုံရိပ်သည် စုချန်း၏ အခြေခံရုပ်ပိုင်းဆိုင်ရာစွမ်းအင်များကို တိုးပွားလာစေသည်ဖြစ်ရာ သူ့အင်အားမှာ မြင့်မားလာသကဲ့သို့ သူ့လှုပ်ရှားမှုမှာလည်း အလွန် မြန်ဆန်လာ၏။
စုချန်းသည် ပြေးဝင်လာသည့် အဖွဲ့နှစ်ဖွဲ့အနက်မှ တဖွဲ့၏ ဘေးဘက်သို့ မီးခိုးငွေ့တန်းသဖွယ် ပြေးကပ်လိုက်လေသည်။ တချိန်တည်းမှာပင် သူ့လက်တဖက်ကို ရှေ့ထုတ်ကာ လူအုပ်ထဲမှ တယောက်ကို ဆွဲယူလိုက်ပြီး လှစ်ခနဲ ခုန်ထွက်သွား၏။ ထိုသို့ လှုပ်ရှားနေစဥ်မှာပင် သူ့လက်ထဲမှ မီးခိုးငွေ့များ ထွက်ပေါ်လာ၏။
အရိပ်မီးခိုးလက်သည်းပေတည်း။
၎င်းနည်းစနစ်မှာ အရိပ်မီးခိုးလက်အိပ်အား အဆင့်မြှင့်တင်ရာမှာ စုချန်း ရရှိလိုက်သည့် တတိယမြောက်မူလစွမ်းရည်ပင် ဖြစ်သည်။ ၎င်းနည်းစနစ်၏ ဖျက်ဆီးနိုင်သော စွမ်းရည်မှာ သိပ်မကြီးမားလှသော်လည်း ထိုးနှက်ချက် တချက်စီတိုင်းတွင် ကြီးမားသော အင်အား ပါဝင်နေပြီး အရိပ်စွမ်းအင်အတော်များများကို ထုတ်နှုတ်သုံးစွဲရလေသည်။
စုချန်း၏ အရိပ်မီးခိုးလက်သည်းကြောင့် လူအုပ်ထဲမှ ယန်ဖွင့်လှစ်ခြင်းပညာရှင်တဦး၏ အကာအကွယ်သည် မီးနှင့် တွေ့သည့် ရေခဲပမာ ရစရာမရှိအောင် ပျက်စီးသွား၏။
စက္ကန့်ဝက်မျှသော အချိန်တိုလေးအတွင်း ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက် မရှုမလှ ခံစားလိုက်ရလေပြီ။
ထိုမြင်ကွင်းကြောင့် လူတိုင်းလိုလိုသည် အံ့သြတကြီးနှင့် အော်ဟစ်လိုက်ကြသည်။
စုချန်း ရယ်မောလိုက်၏။ ထို့နောက် သူက မြူခိုးကြားထဲမှ မြွေခြေလှမ်းကို သုံးကာ လေထဲသို့ ခုန်ထွက်လိုက်ပြန်သည်။ ကုမျိုးနွယ်စုဝင်များသာ အဆိုပါမြင်ကွင်းကို မြင်တွေ့က အသက်ရှုရပ်မတတ် ထိတ်လန့်သွားကြပေလိမ့်မည်။ အကြောင်းမှာ စုချန်း၏ မြွေခြေလှမ်းသည် သွေးဗီဇ နှစ်ခါပြန် နိုးထပြီးသူများထက်ပင် သာလွန်နေသောကြောင့်ပင်။
စုချန်းသည် လေထဲတွင် ငှက်တကောင်သဖွယ်လမ်းကြောင်းပြောင်းနိုင်၏။ အံ့ချီးဖွယ်ရာ စွမ်းအင်ကို စုချန်း ဖော်ထုတ်ပြသနေခဲ့လေပြီ။ သူ့ပုံစံမှာ ပင်လယ်ပြင်ကို ဖြတ်သန်းနေသည့် ငှက်တကောင်နှင့်ပင် တူနေသေး၏။ သူ့လက်ချောင်းများသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦး၏ အကာအကွယ်ကို ကုတ်ဆွဲမိသွားပြန်၏။
မျက်စေ့တမှိတ်အတွင်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ အကာအကွယ်မှာ ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။ စုချန်း၏ လက်ချောင်းများကလည်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ ကိုယ်ခန္ဓာကို ဖောက်ထွင်းဝင်ရောက်သွား၏။ တချိန်တည်းမှာပင် စုချန်း၏ လက်ချောင်းများမှ ထွက်လာသော မီးလျံများကြောင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ ကိုယ်တွင်းအင်္ဂါများအားလုံး မီးလောင်ကျွမ်းကုန်လေသည်။
"အား"
နာကျင်မှုကြောင့် အူသည်းလှိုက်သည်း အော်သံကြီး ထွက်ပေါ်လာ၏။ စုချန်း၏ လှုပ်ရှားမှုက မြန်ဆန်လွန်းလှပေရာ အနှီ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ခမျာ သွေးဗီဇကို နှိုးဆွရန်ပင် အချိန်မရပဲ အသက်ပျောက်သွားရရှာသည်။
စုချန်း၏ လှုပ်ရှားမှုမှာ ဤမျှနှင့် ရပ်တန့််မသွားသေး။ ထိုလူအုပ်စုအတွင်း မုန်တိုင်းတခုနှယ် ဆက်လက်မွှေနှောက်လှုပ်ရှားနေလေရာ နေရာအနှံ့တွင် မီးတောက်မီးလျံများ ထွက်ပေါ်နေပြီး ထိုအုပ်စုမှာ မျက်စေ့တမှိတ်အတွင်း ပြာမှုန်များဘဝသို့ ရောက်ကုန်ကြ၏။
စုချန်းအား သတ်ဖြတ်ရန် ပြေးတက်လာသည့် ချီစွမ်းအားပညာရှင် အုပ်စုနှစ်စုအနက် ပထမအုပ်စုကား ကံဆိုးသွားခဲ့ပြီ ဖြစ်သည်။
စုချန်း၏ သွက်လက်မြန်ဆန်မှု၊ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျန်အုပ်စုသည် ကြက်သေသေကုန်၏။
"မိစ္ဆာ ဒီကောင် လူမဟုတ်ဘူး မိစ္ဆာပဲ"
တချို့မှာလည်း သွေးရူးသွေးတန်းနှင့် အထက်ပါအတိုင်း အော်ဟစ်ကုန်ကြလေသည်။
တချိူ့မှာကား နေရာမှ ခြေကုန်သုတ်ရန် ဟန်ပြင်ကုန်ကြ၏။