စစ်မှန်သော ခွန်အား ၃
Vol. 46 Ch. 456
"ငါ စိတ်မကောင်းပါဘူးကွာ"
စုချန်းသည် အလုအယက် ထွက်ပြေးသွားသော လူများကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ထိုလူများနောက်သို့ လှစ်ခနဲ ပြေးလိုက်သွား၏။ သူ့လက်ထဲမှလည်း မရေမတွက်နိုင်သော မီးလျံသိမ်းငှက်များ ထွက်ပေါ်လာလေသည်။ ဤတကြိမ် မီးလျံသိမ်းငှက်များတွင်ကား အမဲရောင်အငွေ့အသက်များ ရောယှက်ပါဝင်နေကြောင်း အံ့သြသင့်စဖွယ် မြင်တွေ့နေရလေသည်။
မီးလျံသိမ်းငှက်များအတွင်း အရိပ်စွမ်းအင်များ ပေါင်းစပ်အသုံးပြုထားခြင်းပင်။
တကယ်တော့ စုချန်းအနေနှင့် ထိုလူများကို သတ်လိုစိတ်မရှိ။ သို့သော် လက်ရှိအခြေအနေအရ သနားနေ၍ မရကြောင်း စုချန်း ကောင်းစွာ နားလည်ထားလေသည်။ အကယ်၍ ထိုလူများကိုသာ လွှတ်ပေးလိုက်ပါက နောက်တကြိမ်တွင် သူ့အား ထပ်မံ ဒုက္ခပေးလာနိုင်သည် မဟုတ်ပါလား။
လက်ရှိ စုချန်း၏ အခြေအနေအရ မည်မျှပင် အင်အားကြီးမားသည် ဆိုစေကာမူ မရေမတွက်နိုင်သော ရန်သူများကိုတော့ နိင်လိမ့်မည် မဟုတ်။ သို့မဟုတ်ပါက သူ့အင်အားကို ယခုအချိန်ထ်ိ အဘယ်ကြောင့် ဖုံးကွယ်ထားမည်နည်း။
သူ့ဝှက်ဖဲ ပေါ်ပေါက်သွားသည်နှင့် တပြိုင်နက် အခြေအနေတခုလုံးကို အမြန်ဆုံး ဖြေရှင်းထားရန် စုချန်းအတွက် လိုအပ်နေ၏။ သို့မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ မည်သည့် ဝှက်ဖဲမှ မရှိတော့သည်ဖြစ်၍ သူ ဒုက္ခများသွားနိုင်သည် မဟုတ်ပါလား။
အရိပ်မီးလျံသိမ်းငှက်များ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ထွက်ပြေးသွားသော လူတစုသည် အတုံးအရုံး လဲပြိုကုန်ကြ၏။ မျက်စေ့တမှိတ်အတွင်း သနားစရာ လူတစုကား ဘဝတပါးသို့ ပြောင်းသွားကြရှာလေပြီတည်း။
တချိန်တည်းမှာပင် စုချန်းက ရှေ့သို့ လျင်မြန်စွာ ပြေးလွှားလိုက်ရာ သူ့နောက်ကျောတွင် ကမ္ဘာဦးသွေးပုံရိပ် ပေါ်ပေါက်လာ၏။ ကြီးမားသော လက်ကြီးတဖက်ကလည်း နောက်ထပ် ယန်ဖွင့်လှစ်ခြင်းပညာရှင်ဆီသို့ ကျရောက်သွားလေသည်။
"ဘာကြီးလဲဟ"
အနှီ ယန်ဖွင့်လှစ်ခြင်းပညာရှင်သည် လိုင်ယွမ်ဖန်းအား စုချန်း လက်စတုံးလိုက်ခြင်းကို မမြင်လိုက်ရချေ။ ကြီးမားသော လူပုံစံ အရိပ်ကြီးတရိပ်ကို မြင်တွေ့လိုက်ရသောအခါ ၎င်းမှာ အထူးပင် တုန်လှုပ်သွား၏။
စုချန်းကား ပြန်ဖြေခြင်းမရှိ။ သူ့နောက်ကျောရှိ ကမ္ဘာဦးသွေးပုံရိပ်၏ လက်ကြီးသာလျင် တဖြည်းဖြည်း နိမ့်ဆင်းလာ၏။
အနှီ ယန်ဖွင့်လှစ်ခြင်းပညာရှင်သည်ကား တော်ဝင်မျိုးနွယ်စုဝင်တဦး ဖြစ်ပြီး ၎င်း၏ သွေးဗီဇမှာ သွေးစုပ်ဝက်ဝံသွေးဗီဇပင် ဖြစ်သည်။ သွေးစုပ်ဝက်ဝံသည် အဆင့်မြင့်သားရဲသတ္တဝါမျှသာ ဖြစ်သော်လည်း ၎င်း၏ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်မှာ ကောင်းမွန်လှသည်။ ထို့ကြောင့် စုချန်း၏ တိုက်ခိုက်မှုကို သူ မကြောက်လှ။ အံ့သြတုန်လှုပ်သွားသည့်တိုင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်က ချက်ချင်း ပြန်လည်တုံ့ပြန်လိုက်သည်။ ချက်ချင်းဆိုသလို သူ့နောက်ကျောတွင် ကြီးမားသော ဝက်ဝံတကောင်၏ ပုံရိပ် ပေါ်ပေါက်လာ၏။ ဝက်ဝံပုံရိပ်သည် စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်ထက်ပင် အရွယ်အစား ကြီးမားနေလေသည်။
ဝက်ဝံသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ လက်သည်းရှည်ကြီးများကို ဝေ့ယမ်းလိုက်၏။
ကမ္ဘာဦးသွေးပုံရိပ်နှင့် ဝက်ဝံပုံရိပ်ယောင် ဆုံတွေ့မိချိန်တွင်တော့ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွား၏။
၎င်းကို ကြည့်ရင်း စုချန်းပင်လျင် တုန်လှုပ်သွား၏။ တဖက်လူအနေနှင့် ဤမျှ တုံ့ပြန်နိုင်စွမ်းရှိလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်ထားခြင်းမရှိချေ။
ရန်သူကလည်း စုချန်းကို ကြည့်ရင်း အော်ဟစ်လိုက်သည်။
"မင်းမှာ စွမ်းရည်တချို့ ရှိတယ်ပေါ့လေ ဒီအတိုင်းဆိုရင် မင်းကြောင့် လိုင်ယွမ်ဖန်း သေသွားတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ ဒါပေမဲ့ ငါ...ချောင်း......"
သို့သော် စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်က တဖက်လူ စကားဆုံးအောင် မစောင့်။ မမျှော်မှန်းနိုင်လောက်သည့် အမြန်နှုန်းထားဖြင့် သွေးစုပ်ဝက်ဝံပုံရိပ်ကို ချိန်ရွယ်ကာ လက်သီးဖြင့် ထိုးချလိုက်၏။ ၎င်း၏ လက်ချောင်းများအတွင်းမှလည်း အရိပ်ကဲ့သို့သော အခိုးအငွေ့များ ထွက်ပေါ်လာပြီး ဝက်ဝံကို ရစ်ပတ်လိုက်လေသည်။ သွေးစုပ်ဝက်ဝံသည် နောက်သို့ ခြေလှမ်းအနည်းငယ်မျှသာ ဆုတ်သွားနိုင်ပြီး တစစီ ပြိုကွဲသွားလေသည်။
"ခွေးမသား"
မြင်ကွင်းကြောင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် ဒေါသထွက်သွားပြီး ဆဲဆိုလိုက်၏။
"မင်းနာမည် ပြောနေတာ နားထောင်နေဖို့ ငါ့မှာ အချိန်မရှိဘူးကွ"
စကားဆုံးသည်နှင့် စုချန်းက လက်အစုံကို ဝေ့ယမ်းလိုက်ရာ အခိုးအငွေ့များ ထွက်ပေါ်လာပြီး ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ ရင်ဝဆီသို့ တိုးဝင်သွား၏။ စက္ကန့်ပိုင်းအတွင်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်မှာ ပြာကျသွားလေသည်။
စုချန်းသည် ပင်စည်ကို ဖြိုလဲရန် အကိုင်းအခက်များကို ဦးစွာချိုင်ရသကဲ့သို့ ရန်သူ၏ သီးခြားအဖွဲ့သုံးဖွဲ့အား အချိန်တိုအတွင်း ရှင်းပစ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ့လှုပ်ရှားမှုများမှာ မြန်ဆန်သည်နှင့်အမျှ ရက်စက်ကြမ်းတမ်းလှ၏။
မည်သို့ဆိုစေ ရန်သူ အတော်များများနှင့် တိုက်ခိုက်ခဲ့ရသည့်အတွက် စုချန်းအဖို့လည်း မလွယ်လှ။ စွမ်းအင်အတော်များများကို ထုတ်နှုတ်သုံးစွဲခဲ့ရ၏။ ထိုအခါ သူက အလယ်အလတ်အဆင့် မူလကျောက်တုံးတတုံးကို ဆွဲထုတ်ပြီး အထဲမှ စွမ်းအင်များကို စုပ်ယူလိုက်၏။ ထို့နောက် သူက တောင်အောက်သို့ ပြေးဆင်းလိုက်လေသည်။
ဝိုင်းပတ်ပိတ်ဆို့သူများအားလုံး တောင်ကုန်းထိပ်သို့ ရောက်နေပြီ ဖြစ်လေရာ တောင်ကုန်းအောက်ခြေမှာ ဟာလာဟင်းလင်း ဖြစ်နေ၏။ ထို့ကြောင့် စုချန်းအနေနှင့် သွားလိုရာကို လွတ်လပ်စွာ သွားနိုင်နေပြီဟု ယူဆစရာ ရှိနေ၏။
သို့သော် အခြေအနေမှာ ထင်သလောက် မရိုးရှင်း။ အကြောင်းမှာ တော်ဝင်မျိုးနွယ်စုများသည် တောင်ကုန်းပတ်ပတ်လည်အား အလွှာသုံးလွှာဖြင့် ဝန်းရံထားခြင်းကြောင့်ပင်။
ထို့ကြောင့် စုချန်းအနေနှင့် သိပ်ဝေးဝေးလံလံပင် မပြေးလိုက်ရ။ သူ့ထံသို့ ဦးတည်လာနေသော လူတစုကို စုချန်း မြင်တွေ့လိုက်ရပြန်၏။
ပို၍ တိတိကျကျ ပြောရလျင် လူတစုမဟုတ်။ အဖွဲ့ငါးဖွဲ့ ဖြစ်သည်။
တကယ်တော့ အချက်ပြမြား ထွက်ပေါ်လာခဲ့ပြီးကတည်းက ဤနေရာသို့ လူအတော်များများ စုဝေးနေခဲ့ပြီးပြီ မဟုတ်ပါလား။
စုချန်းကို မြင်သည်နှင့် သူတို့အားလုံးသည် အထူးပင် ဝမ်းသာအားရဖြစ်ကုန်ကာ တဟုန်ထိုး ပြေးလွှားလာကြလေသည်။ သူတို့အနေနှင့် စုချန်း၏ ယခင် စွမ်းဆောင်ရည်ကို မမြင်ဖူးလိုက်ကြ။ မြင်ဖူးလိုက်သည့်တိုင်အောင် သူတို့ ကြောက်လိမ့်မည်မဟုတ်ပေ။ သူတို့အားလုံး၏ အမြင်တွင် စုချန်းသည် တယောက်တည်းသမားသာ ဖြစ်သည်။ သူတို့ဘက်မှ လူတရာခန့်ပင် ရှိ၏။ တရာနှင့် တယောက် အဘယ်ကြောင့် ကြောက်ရွံ့နေမည်နည်း။ သူတို့အတွက် တခုတည်းသော စိတ်ပူစရာဟူ၍ မူလကျောက်တုံးတသိန်းအား လူအများနှင့် ခွဲဝေယူနေရမည်ကိုသာ ဖြစ်သည်။
ခွန်အားချင်း အလွန်ကွာခြားနေသည့်အချိန်မျိုးတွင် အရေအတွက်သည် အရေးကြီးသည်ကတော့ အမှန်ပင်။ ရာနှင့်ချီသော ချီစွမ်းအားပညာရှင်များသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ကိုပင် အခက်တွေ့အောင် စွမ်းဆောင်နိုင်သည် မဟုတ်ပါလား။
ရာနှင့်ချီသောလူများ သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သည်နှင့် စုချန်းသည် ရှေ့ဆုံးမှ ပြေးဝင်လာသော လူအုပ်စုကို စိုက်ကြည့်လိုက်၏။
အလကား ကြည့်ခြင်းတော့ မဟုတ်။ သေစေနိုင်သော စုန်းမကို ထုတ်ဖော်အသုံးချလိုက်ခြင်းပင်။
လက်ရှိတွင် စုချန်း၏ သေစေနိုင်သော စုန်းမမှာ များစွာ တိုးတက်နေခဲ့လေပြီ။ သူသည် ဤနည်းစနစ်ကို သုံး၍ လူအများအပြားအပေါ် သက်ရောက်အောင် အသုံးပြုနိုင်စွမ်း ရှိလာ၏။
ယခုလည်း စုချန်းသည် သေစေနိုင်သော စုန်းမကို အသုံးပြု၍ အဖွဲ့ငါးဖွဲ့အနက် ထိပ်ဆုံးမှ ပြေးဝင်လာသော အဖွဲ့ကို စတင်ထိန်းချုပ်လိုက်၏။ တချိန်တည်းမှာပင် သူ့နောက်ကျောမှ ကမ္ဘာဦးသွေးပုံရိပ် ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ဤတကြိမ်တွင်တော့ ကမ္ဘာဦးသွေးပုံရိပ်သည် အမဲရောင်အခိုးအငွေ့များနှင့် ဖုံးလွှမ်းနေ၏။ အရိပ်မီးတောက်ဘီလူးနှင့် ကမ္ဘာဦးသွေးပုံရိပ်ကို စုချန်း ပေါင်းစပ်အသုံးပြုလိုက်ခြင်းပင်။
မိမိတွင် ရှိရှိသမျှ ဝှက်ဖဲများအားလုံးကို ဖော်ထုတ်လိုက်ပြီ ဖြစ်၍ လက်ရှိတွင် စုချန်းသည် သူတတ်နိုင်သော ကန့်သတ်ချက်၏ အင်အားအကြီးမားဆုံး အခြေအနေသို့ ဆိုက်ရောက်သွားပြီဟု ဆိုနိုင်၏။
အာဝူး!!!!
ကျယ်လောင်သော အော်သံကြီး ထွက်ပေါ်လာ၏။ မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းနေသည့် ကမ္ဘာဦးသွေးပုံရိပ်သည် လက်ရှိတွင် အရိပ်သဏ္ဍာန်မျိုး မဟုတ်တော့။ ရက်စက်ကြမ်းတမ်းသော ပုံစံကို ဖော်ပြလျက် ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရပြီ ဖြစ်သည်။
စုချန်း၏ အမြန်နှုန်းမှာလည်း ကြောက်စရာကောင်းလောက်အောင် တိုးပွားလာ၏။ ကမ္ဘာဦးသွေးပုံရိပ်နှင့် မြွေခြေလှမ်း ပေါင်းစပ်လိုက်သောအခါ သူ့လှုပ်ရှားမှုကို သာမန်မျက်လုံးနှင့်ပင် မြင်နိုင်ရန် ခက်ခဲသွားတော့သည်။
သူသည် သူရဲပူးကပ်နေတမျှသော အမြန်နှုန်းထားဖြင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ထံသို့ ခုန်ဝင်လာ၏။ သူနှင့်အတူပါလာသော ကမ္ဘာဦးသွေးပုံရိပ်ကလည်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ ရင်ဝကို လက်သီးနှင့် ထိုးချလိုက်လေသည်။
သာမန်လက်သီးတော့မဟုတ်။ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ပင် ဖြစ်သည်။
ကမ္ဘာဦးသွေးပုံရိပ်၏ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်သည် ယန်ဖွင့်လှစ်ခြင်းပညာရှင်၏ ခုခံရေးစနစ်များကို တချီတည်းနှင့် ဖျက်ဆီးလိုက်ရုံသာမကာ ၎င်း၏ အသက်ကိုပါ နှုတ်ယူသွားတော့သည်။
ကြောက်စရာကောင်းလှသည့် အင်အားပေတကား။
ထိုမြင်ကွင်းသည် ကျန်လူများကို ငုတ်တုတ်မေ့သွားစေ၏။
ထိုအချိန်တွင် စုချန်းသည် မြားတစင်းပမာ ရှေ့သို့ ခုန်ထွက်သွားပြန်၏။ စုချန်း လှုပ်ရှားလိုက်စဥ်မှာပင် ကမ္ဘာဦးသွေးပုံရိပ်သည် ၎င်း၏ ကြီးမားသော လက်ချောင်းကြီးများကို ဆန့်တန်းလျက် မီးတောက်မီးလျံများကို တဝုန်းဝုန်းနှင့် ပစ်ဖောက်ခွဲနေလေသည်။ ထိုအခါ စုချန်းအနေနှင့် အထူးအထွေ လှုပ်ရှားနေစရာ မလိုတော့။ သူ လုပ်စရာဟူ၍ တိုက်ခိုက်လိုသော ဧရိယာအနီး လှည့်ပတ်ပြေးလွှားနေရန်သာ လိုတော့သည်။
ထိုမြင်ကွင်းကြောင့် ယခင်လူများထက် ပို၍ အားကောင်းသည့် ယန်ဖွင့်လှစ်ခြင်းပညာရှင်များပင် အထိတ်တလန့်နှင့် နောက်ဆုတ်ပေးလိုက်ကြရသည်။
ညဏ်ကောင်းပုံရသည့် တယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အဝေးကနေ လှံနဲ့ တိုက်ကြဟေ့ ဒီကောင် ဒီပုံစံအတိုင်း ရေရှည် မတိုက်ခိုက်နိုင်ဘူး"
ထိုလူ၏ စကားမှာ သွေးထွက်အောင် မှန်ကန်လှသည်။ ဤပုံစံ တိုက်ကွက်မျိုးသည် မူလစွမ်းအင်နှင့် အရိပ်မူလပစ္စည်း ကုန်ခန်းလှပေရာ စုချန်းအနေနှင့် ရေရှည်တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
သို့သော် ထိုအချိန် တိုတောင်းသည်ဖြစ်စေ၊ ကြာမြင့်သည်ဖြစ်စေ စုချန်းအား သူတို့ ထိန်းချုပ်ထားနိုင်ပါမည်လားဟုတော့ မေးခွန်းထုတ်ရန် ရှိပေသည်။
ထိုအချိန်မှာပင် သူတို့၏ မြင်ကွင်းထဲမှ စုချန်းတယောက် ရိပ်ခနဲ ပျောက်ကွယ်သွား၏။
အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ပင်တည်း။
ဤနည်းစနစ်ကား ရန်သူများအနီးသို့ ရုတ်တရက် တိုးကပ်တိုက်ခိုက်ရာတွင် အသုံးဝင်လှသည်။ မြွေခြေလှမ်းကွက်များဖြင့် တွဲစပ်အသုံးပြုလိုက်ချိန်တွင်တော့ စုချန်း၏ အမြန်နှုန်းမှာ ပြောဖွယ်ရာပင် မရှိတော့။
တဖက်တွင်လည်း ကမ္ဘာဦးသွေးပုံရိပ်၏ အင်အားက ကြောက်စရာကောင်းလှသည်။
ဤနှစ်မျိုး ပေါင်းစပ်လိုက်ချိန်တွင်တော့ စုချန်းမှာ လူသတ်စက်သဖွယ် ဖြစ်လာတော့၏။
စုချန်းသည် ယန်ဖွင့်လှစ်ခြင်းပညာရှင်တဦး၏ အနီးတွင် ဘွားခနဲ ပြန်ပေါ်လာ၏။ တချိန်တည်းမှာပင် ကမ္ဘာဦးသွေးပုံရိပ်၏ လက်ချောင်းများအတွင်းမှ ထွက်လာသော မီးတောက်မီးလျံက အဆိုပါ ယန်ဖွင့်လှစ်ခြင်းပညာရှင်အား ဆွဲငင်စုပ်ယူသွား၏။
သနားစရာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် နောက်ဆုံးမြင်တွေ့လိုက်ရသည်မှာကား ကြောက်မက်ဖွယ် မီးတောက်မီးလျံများ သူ့ထံသို့ တိုးဝင်လာခြင်းပင် ဖြစ်လေတော့သတည်း။