စိတ်လွတ်ကိုယ်လွတ် ၁
Vol. 46 Ch. 457
"အော် ဒီဖက်မှာလည်း ကျန်သေးတာကိုးကွ"
ပထမ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အား လက်စတုံးပြီးသည်နှင့် စုချန်းသည် ကျန်လူများရှိရာသို့ မျက်နှာမူလိုက်၏။
ရန်သူမှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သုံးယောက် ဖြစ်သည်။
ထိုသုံးယောက်အနက် တယောက်မှ ကနဦးကတည်းက သေစေနိုင်သော စုန်းမနှင့် ထိန်းချုပ်ခံထားရသူ ဖြစ်နေ၏။
စုချန်း၏ လှုပ်ရှားမှုကို မြင်သည်နှင့် ကျန်နှစ်ယောက်က နောက်ဆုတ် ထွက်ပြေးရန် ဟန်ပြင်လိုက်၏။
စုချန်း အားရပါးရ ရယ်မောလိုက်သည်။
"မင်းတို့ကောင်တွေ ဒီမှာနေတာ ပိုကောင်းလိမ့်မယ်ကွ"
သူက လှစ်ခနဲ လှုပ်ရှားလိုက်ပြန်၏။ သူ စတင်တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် သူ့နောက်ကျောတွင် အနက်ရောင်အခိုးအငွေ့များ လွှမ်းခြုံထားသည့် သွေးပုံရိပ် ထပ်မံ ပေါ်ပေါက်လာပြန်သည်။
ထိုစဥ်မှာပင် ရုတ်ချည်းဆိုသလိုပင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သုံးယေက်သည် လူချင်းခွဲလိုက်ကြ၏။ ထို့နောက် ထိုအထဲမှ တယောက်က ရေခဲကင်းမြီးကောက်တကောင်၏ ပုံရိပ်ယောင် ထင်ဟပ်နေသည့် စွမ်းအင်လှိုင်းများနှင့် စုချန်းအား တိုက်ခိုက်လိုက်လေသည်။
မည်သည့်တိုက်ခိုက်ခြင်းမှ မပြုလုပ်သည့် ကျန်တယောက်မှာ ကနဦးအခြေအနေတွင် စုချန်း၏ ထိန်းချုပ်မှုကို ခံစားလိုက်ရသူများအနက်မှ တယောက်ဖြစ်သည့် ကျန်ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက်ကို သတိဝင်လာအောင် ကြိုးစားနေ၏။
စုချန်းသည် ထိုနှစ်ယောက်ကို လုံးဝ လစ်လျူထားလိုက်ပြီး ရေခဲကင်းမြီးကောက်သွေးဗီဇပိုင်ရှင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ထံသို့သာ လျင်မြန်သော အရှိန်အဟုန်ဖြင့် ခုန်ဝင်လိုက်၏။ တချိန်တည်းမှာပင် ကမ္ဘာဦးသွေးပုံရိပ်ကလည်း ၎င်း၏ ကြီးမားလှသော လက်ကြီးကို လေထဲတွင် ဝေ့ယမ်းပြီး ရေခဲကင်းမြီးကောက်ပုံရိပ်ယောင်ကို လက်သီးနှင့် ထိုးချလိုက်၏။
ရေခဲကင်းမြီးကောက်အား လွှမ်းခြုံထားသည့် သလင်းနံရံများသည် ကမ္ဘာဦးသွေးပုံရိပ်၏ လက်သီးချက်ကြောင့် ကွဲကြေသွားပြီး အနက်ရောင်အခိုးအငွေ့များ၏ တိုက်စားခြင်းကို ခံလိုက်ရကာ ရေခဲများ အရည်ပျော်ကုန်လေသည်။
တဆက်တည်းမှာပင် ကမ္ဘာဦးသွေးပုံရိပ်၏ လက်သီးချက်က ရေခဲကင်းမြီးကောက်၏ ကြီးမားသော ကိုယ်ခန္ဓာကို ထိမှန်သွား၏။ ကင်းမြီးကောက်၏ ချွန်ထက်နေသော အဆိပ်ဆူးကလည်း ကမ္ဘာဦးသွေးပုံရိပ်၏ ကိုယ်ထဲသို့ တဖန် ပြန်လည် ထိုးဖောက်ဝင်ရောက်သွားလေသည်။
အာဝူး!!!
ကမ္ဘာဦးသွေးပုံရိပ်၏ ဒေါသတကြီး အော်ဟစ်သံကြီးနှင့်အတူ အတောမသတ်နိုင်အောင် ထွက်ပေါ်လာသော အနက်ရောင်မီးတောက်များကြောင့် ရေခဲကင်းမြီးကောက်ခမျာ စက္ကန့်ပိုင်းအတွင်း အရည်ပျော်ကာ ပျက်စီးသွားတော့သည်။
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ အူသည်းလှိုက်သည်း အော်သံကြီး ထွက်ပေါ်လာ၏။ သွေးပုံရိပ်၏ နောက်ထပ် ထွက်ပေါ်လာသည့် လက်သီးချက်တချို့ကြောင့်လည်း ဘေးပတ်ပတ်လည်မှ ချီစွမ်းအားပညာရှင်တချို့ အသက်ပျောက်ကုန်ကြလေသည်။
သို့သော် ကမ္ဘာဦးသွေးပုံရိပ်မှ ထွက်ပေါ်လာသော အခိုးအငွေ့များသည် သိသိသာသာပင် လျော့နည်းသွားပြီး ဖိအားမှာလည်း နည်းပါးသွား၏။
ထိုစဥ် ထိန်းချုပ်ခံနေရသော တယောက်ကို သတိဝင်လာအောင် ကူညီပေးနေသည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်က ထအော်လိုက်သည်။
"သူ ဒဏ်ရာရသွားပြီ"
ထိုစဥ် ၎င်း၏ ဘေးနားမှ လူရိပ်တရိပ် လှစ်ခနဲ ထွက်ပေါ်လာ၏။ ထိန်းချုပ်ခံ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်ပင် ဖြစ်သည်။
အနှီ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်သည် စုချန်း၏ ထိန်းချုပ်မှုကို ခံစားလိုက်ရခြင်းကြောင့် အကြီးအကျယ် အရှက်ရနေ၏။ အလွန်အမင်း ဒေါသထွက်နေ၏။ ပို၍ အရေးကြီးသောအချက်မှာ စုချန်း၏ စွမ်းရည်ကို သူ့အနေနှင့် လုံးဝ မမြင်ဖူးသေးခြင်းပင်။ ထို့ကြောင့် စုချန်းကို သူ လုံးဝမကြောက်။ ပြန်လည်သတိရလာသည်နှင့်တပြိုင်နက် အကြီးအကျယ် ဒေါသထွက်နေခြင်းကြောင့် သူသည် စုချန်းထံသို့ အရူးတယောက်ပမာ ခုန်ဝင်တိုက်ခိုက်လိုက်လေသည်။ သူ့နောက်ကျောမှလည်း ငွေစန္ဒာသိမ်းငှက်ပုံရိပ်ယောင် ထွက်ပေါ်လာပြီး ဖြူဖွေးသော အလင်းရောင်များ စုချန်းထံသို့ တိုးဝင်လာ၏။
လရောင်ကဲ့သို့ ဖြူဖွေးတောက်ပသည့် အလင်းရောင်များသည် အရာအားလုံးကို ဖောက်ထွင်းသွားမည့်ဟန်ဖြင့် ပျံသန်းလာခဲ့လေပြီ။ ငွေရောင်အလင်းတန်းများ ရိုက်ခတ်လာသည်နှင့် ကမ္ဘာဦးသွေးပုံရိပ်၏ ကျယ်လောင်သော အော်သံကြီး ထွက်ပေါ်လာပြီး ၎င်းကိုယ်ပေါ်မှ အနက်ရောင်အခိုးငွေ့များ ပျောက်ကွယ်ကုန်ပြီး နီရဲသော မီးတောက်မီးလျံများသာလျင် ကျန်ရစ်ခဲ့လေသည်။
လက်စသတ်တော့ ငွေစန္ဓာသိမ်းငှက်၏ အလင်းရောင်သည် စုချန်း၏ အရိပ်စွမ်းအင်ကို ပျက်ပြာ်သွားစေရန် စွမ်းဆောင်နိုင်ပေသည်တကား။
လောကတခွင်တွင် ပြိိုင်ဘက်ကင်းနည်းစနစ်မရှိဟူသော စကားမှာ တကယ်ပင် မှန်ကန်ပေ၏။
အရိပ်စွမ်းအင်သည် အင်အားကြီးမှားသည် မှန်သော်လည်း အလင်းသည် အရိပ်နှင့် အမှောင်ထု၏ ထာဝရ ရန်သူပင် မဟုတ်ပါလား။
ယခုလည်း လရောင်ကဲ့သို့သော အလင်းရောင်များကြောင့် ကမ္ဘာဦးသွေးပုံရိပ်၏ အရိပ်အခိုးအငွေ့တဝက်ခန့်မှာ လုံးဝ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သည်မှာ မီးတောက်မီးလျံများသာတည်း။ မီးတောက်များသည် အစွမ်းထက်သည်မှန်သော်လည်း အရိပ်စွမ်းအင်မပါဝင်တော့၍ ၎င်း၏ ဖောက်ထွင်းနိုင်စွမ်းအားမှာ များစွာ လျော့ကျသွားတော့သည်။
ယန်ဖွင့်လှစ်ခြင်းပညာရှင်များဟူသည် ကိုယ်ပိုင်ခုခံကာကွယ်ရေးနည်းစနစ်အသီးသီးကို ပိုင်ဆိုင်ထားကြသည် ဖြစ်လေရာ ခံတပ်နှင့် တူလှသည်။ ယခုလည်း ကမ္ဘာဦးသွေးပုံရိပ်၏ စွမ်းအင်များ ယုတ်လျော့သွားသည်နှင့် ၎င်းတို့အသီးသီးက ခုခံကာကွယ်ရေးနည်းစနစ်များကို အသက်သွင်းလိုက်ကြ၏။ ရန်သူအနေနှင့် မည်မျှပင် အင်အားကြီးမားစေကာမူ ၎င်းတို့၏ အသက်ကို နှုတ်ယူလိုပါက အနှီ ကာကွယ်ရေးနည်းစနစ်များနှင့်သာ ဦးဆုံး ရင်ဆိုင်ရပေတော့မည်။
စုချန်းအတွက်တော့ အကြပ်ရိုက်သွားစေသည့် အခြေအနေပင်။ ကမ္ဘာဦးသွေးပုံရိပ်၏ စွမ်းအင်သည် ထုထည်ကြီးကြီးမားမား ကျန်ရှိနေသေးသော်လည်း ရန်သူများကို တချက်တည်းနှင့် သတ်ပစ်ရန် ခဲယဥ်းသွားချေပြီ မဟုတ်ပါလား။
သို့သော် ...
အသိညဏ်မဲ့သည့် လူများသည် သေရမည်ကို ကြောက်ရွံ့ခြင်း မရှိကြပေ။ ယခုလည်း ကနဦး ထိန်းချုပ်ခံထားရရာမှ ပြန်လည် သတိရလာသည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သည် စုချန်း၏ အစွမ်းအစကို သဘောမပေါက်သေးလေရာ စုချန်းအား သတ်ဖြတ်နိုင်ရန်သာ အားထုတ်လာ၏။
ထိုအချိန်မှာပင် စုချန်းက ၎င်းထံသို့ ခုန်ဝင်လိုက်၏။ ကမ္ဘာဦးသွေးပုံရိပ်ကလည်း ၎င်း၏ လက်သီးဖြင့် ထိုးချလိုက်လေသည်။
"သူနဲ့ ထိပ်တိုက်ရင်မဆိုင်နဲ့"
ကျန်တယောက်က အထိတ်တလန့်နှင့် လှမ်းအော်သတိပေးလိုက်၏။
သို့သော် ထိန်းချုပ်ခံထားရာမှ လွတ်မြောက်လာသည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ကား အနည်းငယ်မျှပင် ကြောက်လန့်ခြင်းမရှိပဲ ပြန်လည် တိုက်ခိုက်လိုက်လေသည်။
တခါတရံသည် မသိနားမလည်ခြင်းသည် အောင်မြင်မှုဆီသို့ ပို့ဆောင်ပေးတတ်၏။ တခါတရံတွင်တော့ မသိနားမလည်ခြင်းကြောင့်ပင် အရှုံးနှင့် ရင်ဆိုင်ရတတ်လေသည်။
ထိုအရှုံးအတွက် ပေးဆပ်ရသော ရလဒ်မှာကား သေခြင်းတရားသာတည်း။
အုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ စွမ်းအင်လှိုင်းများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားပြီး စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာလေသည်။
ပေါက်ကွဲမှုနှင့်အတူ မသ်ိနားမလည်ရှာသော ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သည် နောက်သို့ လွင့်စင်သွား၏။ သူ့လက်နှစ်ချောင်းလုံးမှာလည်း လက်ရာပင်မပီတော့ပဲ စုတ်ပြတ်ကုန်လေသည်။ အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်မသွားသည်မှာ ထို ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ အင်အားက အတော်လေး ကောင်းမွန်နေခဲ့သောကြောင့်ပင် ဖြစ်သည်။
တဖက်တွင်လည်း ၎င်း၏ ငွေစန္ဒာသိမ်းငှက်အလင်းရောင်ကြောင့် ကမ္ဘာဦးသွေးပုံရိပ်၏ ပုံသဏ္ဍာန် အနည်းငယ် ပျက်ယွင်းသွား၏။ ထို့ကြောင့် ကမ္ဘာဦးသွေးပုံရိပ်အနေနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ပြုလုပ်ရန် ခဲယဥ်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ၎င်း၏ တုံ့ပြန်နိုင်စွမ်းမှာ ဤမျှလောက်သာ ဖြစ်သည်။
အကြောင်းမှာ ချက်ချင်းဆိုသလိုပင် စုချန်းက လေထဲသို့ ခုန်ထွက်ပြီး ဝံပုလွေဓားကို ဆွဲထုတ်ကာ ၎င်း၏ လည်မြိုကို အားရပါးရ ခုတ်ပိုင်းလိုက်သောကြောင့်ပင်။
တိုက်ပွဲစဥ်တလျှောက်လုံး စုချန်းအနေနှင့် ဝံပုလွေဓားကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ရလေပြီ။ သူသည် တတ်နိုင်သမျှ ဓားကို အသုံးမပြုလို။ စွမ်းအင် အလွန်အမင်း ကုန်ခန်းစေသောကြောင့် ဖြစ်သည်။
ထိုအချိန်မှာပင် မမြင်နိုင်သော လက်သီးချက်တချက်က စုချန်းကို နောက်ကျဘက်မှ ထိုးချလာ၏။
ပြင်းထန်သော နာကျင်မှုကြောင့် စုချန်း လွှတ်ခနဲ ရေရွတ်ပြီး လက်ထဲရှိဓားကို ဝေ့ယမ်းကာ နောက်ဆုတ်ပေးလိုက်ရသည်။ ဓားချက်ကြောင့် ဦးခေါင်း ရှစ်ခေါင်းခန့် ပြတ်ထွက်သွား၏။
ထိုအထဲတွင် စုချန်းအား ဒဏ်ရာရရှိအောင် တိုက်ခိုက်လိုက်သူ မပါ။ ၎င်းမှာ နောက်ဆုံး ကျန်ရစ်သည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ပင် ဖြစ်သည်။
ရန်သူ၏ လက်သီးချက် ထိမှန်သွားပြီးနောက် သူ့ခြေထောက်များသည် ခဲဆွဲထားသကဲ့သို့ လှုပ်ရှားရသည်မှာ အလွန်ခက်ခဲလာကြောင်း စုချန်း တွေ့လိုက်ရသည်။
"အားလုံး ဝိုင်းတိုက်ကြဟေ့ ဒီကောင့်ရဲ့ သွေးဗီဇစွမ်းအင်က ကုန်ခန်းနေပြီ ကြာကြာမခံတော့ဘူး ကျုပ် လက်သီးမှန်သွားလို့ ဒီကောင် ခြေထောက်မလှုပ်နိုင်တော့ဘူး ဝိုင်းတိုက်ကြစမ်း"
၎င်းက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
၎င်းအသုံးပြုလိုက်သည့် ကောင်းကင်ဘုံလက်သီးနည်းစနစ်မှာ အလွန်အမင်း အစွမ်းမထက်သလို အသုံးပြုရသည်မှာလည်း ခက်ခဲ၏။ သို့သော် ၎င်းနည်းစနစ်တွင် ထူးခြားသော စွမ်းရည်တခုတော့ ရှိလေသည်။ ၎င်းမှာ လက်သီးချက်ထိမှန်ခံရသူသည် မည်မျှပင် အင်အားကြီးမားစေကာမူ လှုပ်ရှားမှုများ တုံ့ဆိုင်းနှေးကွေးသွားခြင်းပင် ဖြစ်သည်။ ၎င်း၏ သက်ရောက်မှုမှာကား ကိုယ်ခန္ဓာစွမ်းအင်အဆင့် မြင့်မားသူဆိုလျင် လက်သီးဒဏ်ကို အချိန်တိုတောင်းစွာသာ ခံစားရလေ့ရှိပြီး စွမ်းအင်နည်းပါးသူဆိုပါက လက်သီးဒဏ်ကို အချိန်ကြာမြင့်စွာ ခံစားရလေ့ရှိခြင်းပင်။
စုချန်း၏ လက်ရှိအဆင့်အတန်းအရကား လက်သီးဒဏ်ကို အနည်းဆုံး သုံးစက္ကန့်ကြာအောင် ခံစားရပေလိမ့်မည်။
လက်ရှိတွင် စုချန်းသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လေးယောက်အား သတ်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ရန်သူဘက်မှ အင်အားအတော်ပင် ကျန်ရှိနေသေး၏။
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ကျန်ရှိသော လူများအားလုံးသည် စုချန်းအား မီးကုန်ယမ်းကုန် စတင်တိုက်ခိုက်လိုက်ကြတော့သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများ စုချန်းထံသို့ ဦးတည်ပျံသန်းလာခဲ့လေပြီတည်း။
ထိုအချိန်မှာပင် စုချန်း၏ ကိုယ်ခန္ဓာသည် ၎င်းတို့၏ မြင်ကွင်းမှ ရိပ်ခနဲ ပျောက်ကွယ်သွား၏။
စုချန်း၏ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို ယခင်တည်းက မြင်ဖူးသော ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သည် အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်၏။ ထိုအခါ သူက နောက်သို့ လျန်မြန်စွာ ခုန်ဆုတ်ပြီး အကာအကွယ်တခုကို ဖန်တီးထားလိုက်လေသည်။
သို့သော် စုချန်းကား သူ့ဘေးနားတွင် ပေါ်လာခြင်းမရှိပဲ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တဦး၏ နောက်တွင်သာ ပေါ်ပေါက်လာ၏။ စုချန်း၏ လက်ဝါးကလည်း ၎င်းသွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်၏ ကျောပြင်ကို တည့်မတ်စွာ ထိမှန်သွားလေသည်။
သနားစရာ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်သည် လေထဲသို့ လွင့်စင်သွားပြီး လမ်းခုလတ်မှာပင် ပေါက်ကွဲသွား၏။
ထိုအချိန်မှာပင် လူတိုင်း၏ တိုက်ခိုက်မှုက စုချန်းထံသို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။
သို့သော် စုချန်းဟူသည်ကား သာမညောင်ညမဟုတ်။ ကမ္ဘာဦးသွေးပုံရိပ်သည် ချက်ချင်းပင် ဘေးနားရှိ လူနှစ်ယောက်ကို ဖမ်းချုပ်ပြီး ၎င်းတို့ကို ဒိုင်းသဖွယ် အသုံးပြုလိုက်၏။ မက်ခ်အကာအကွယ်ကလည်း အလွှာပေါင်းများစွာ ပေါ်ပေါက်လာကာ စုချန်းအား ခေါင်းမှ ခြေဖျားတိုင် ကာကွယ်ထားလိုက်လေသည်။ တချိန်တည်းမှာပင် စုချန်းက အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်ကို ထပ်မံဖော်ထုတ်ကာ သူ့ကိုယ်သူ ကာကွယ်ထားလိုက်သေး၏။ သို့သော် လူပေါင်းများစွာ၏ တပြိုင်နက်တည်း တိုက်ခိုက်မှုက ပြင်းထန်လှပေရာ စုချန်းခမျာ နောက်သို့ လွင့်စင်သွားလေသည်။
သူ့ပါးစပ်မှလည်း သွေးများ ပွက်ခနဲ အန်ကျလာ၏။ ပထမဆုံးအကြိမ် စုချန်း သွေးအန်ခဲ့ရလေပြီ။
သွေးအန်ရုံသာမက စုချန်း၏ တကိုယ်လုံးမှလည်း သွေးများ ယိုစီးကျနေ၏။
စုချန်း၏ အခြေအနေကို ကြည့်ရင်း ရန်သူများ ပိုမို စိတ်ဓာတ်တက်ကြွလာကြလေသည်။
"မင်းတော့ သေဖို့ သေချာနေပြီ"
စကားဆုံးသည်နှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သည် ဓားကို ဝင့်လျက် စုချန်းထံသို့ ခုန်ဝင်လာ၏။