← Chapters

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 46 Ch. 459

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 46 Ch. 459

ဝေလျန်ချန်း၏ လက်ချက်မိသွားကတည်းက လောင်းရှောက်ယူ၏ ဝိညာဥ်သည် ပိတ်လှောင်ခြင်းခံလိုက်ရပြီး အသေကောင်ပမာ အိပ်ယာပေါ်တွင် လဲလျောင်းနေခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်။

၆နှစ်။

လောင်းရှောက်ယူ အိပ်ယာပေါ်တွင် လဲလျောင်းနေခဲ့သည့်အချိန်မှာ ၆နှစ်ပင် ကြာမြင့်သွားခဲ့လေပြီ။

ထို၆နှစ်အတွင်း လောင်းရှောက်ယူ အသက်နှင့်ကိုယ် မြဲနေသေးသည်မှာ ချန်းစုအမည်ရှိ သမားတော်၏ ကုသပေးမှုကြောင့်ပင်။

ထို၆နှစ်လုံးလုံး လောင်းချိန်းကျန်း ထိုင်နေခဲ့သည်တော့မဟုတ်။ သားဖြစ်သူအား ကုသနိုင်မည့် နည်းလမ်းအမျိုးမျိုးကို လိုက်ရှာနေခဲ့သည်သာ။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုမှန်သမျှသည် အဟောသိကံသာ ဖြစ်သွားခဲ့ရ၏။

သမားတော်ချန်း၏ ဆေးတမျိုးတည်းသည်သာလျင် လောင်းရှောက်ယူ မိနေသည့်အဆိပ်ကို အတိုင်းအတာတခုထိ တားဆီးနိုင်စွမ်း ရှိပေသည်။

ချန်းစု၏ ကိုယ်ရေးရာဇဝင်ကို စကတည်းက လောင်းချိန်းကျန်း သံသယမကင်းခဲ့။ ချန်းစုသည် စုချန်းပင် ဖြစ်ရမည်ဟု သူ ယူဆထားခဲ့၏။

သို့သော် ၎င်းကို အတည်ပြုရန်တော့ လောင်းချိန်းကျန်း မဝံ့ရဲခဲ့။ သူ ကြောက်ရွံ့နေခဲ့၏။

အကယ်၍ ချန်းစုသည် စုချန်း ဖြစ်နေခဲ့လျင် သူ ဘာဆက်လုပ်ရမည်နည်း။

ထိုအဖြေကို သူ မစဥ်းစားချင်။ ထိုရလဒ်ကို သူ ရှောင်လွဲလို၏။

သို့သော် အနှေးနဲ့အမြန်ဆိုသလို ထိုအခြေအနေကို သူ ရင်ဆိုင်ရမည်သာ။

ထိုနေ့ကား ယခုပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ချေပြီတကား။

ကွဲကြေသွားသော ဆေးပုလင်းအား မြင်တွေ့လိုက်သည်နှင့် တပြိုင်နက်၊ စုချန်း၏ အသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ဘာတွေ ဖြစ်လာမည်မှန်း လောင်းချိန်းကျန်း သဘောပေါက်လိုက်လေပြီ။

စုချန်း၏ အသံက ထပ်မံ ပျံ့လွင့်လာပြန်သည်။

"အချိန်ဟာ ရွှေထက်ရှားတယ် ကျုပ်အနေနဲ့ စကားပြောပြီး အချိန်ဖြုန်းမနေနိုင်ဘူး ခင်ဗျားမှာ ရွေးစရာနှစ်ခုရှိတယ် ပထမတခုက ကျုပ်ကို သတ်ဖို့ နောက်တခုက ကျုပ်ကို ကူညီဖို့ပဲ ဒုတိယတခုကို ခင်ဗျား ရွေးမယ်ဆိုရင်တော့ မြေခွေးလိုက်ခွေးတွေကို ထိန်းချုပ်ပြီး ကျုပ်ကို သွားခွင့်ပြုလိုက် ကျုပ် ဒီနေရာကို လွတ်သွားတာနဲ့ ခင်ဗျားသားရဲ့ အဆိပ်ကို လုံးဝကောင်းသွားအောင် ကုသပေးမယ် ပြီးတာနဲ့ ခင်ဗျားနဲ့ ကျုပ်နဲ့အကြား ဘာပတ်သက်မှုမှ မရှိတော့ဘူး နောက်ပိုင်း ဘာဆက်လုပ်မလဲဆိုတာကတော့ ခင်ဗျား သဘောပဲ"

လောင်းချိန်းကျန်း အသက်ကို အားရပါးရ ရှုသွင်းလိုက်သည်။

သူ ဘာမှပြောနိုင်စွမ်းမရှိတော့။

သူနှင့် စုချန်းတို့ နှစ်ဦးလုံးသည် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ နှစ်ဦးအကြား အထူးတလည် ဆွေးနွေးညှိုနှိုင်းနေရန် မလိုတော့။

လောင်းချိန်းကျန်း စကားအပို ပြောမနေတော့။ သူ့လက်အောက်ငယ်သားတယောက်ထံမှ မြေခွေးလိုက်ခွေးအား သူကိုယ်တိုင် လက်ပြောင်းယူလိုက်၏။ ထိုသို့ မလုပ်ထားပါကလည်း စုချန်း ဤလူအုပ်ကြားမှ ဖြတ်သွားသည်နှင့် ကျန်လူများအားလုံး လက်ပိုက်ကြည့်နေသည့်တိုင် ခွေးကတော့ မုချ ထဟောင်ပေလိမ့်မည်။

ထို့နောက် သူက လူတိုင်းကို သူ့အပါးမှ ထွက်ခွာသွားရန် အမိန့်ပေးလိုက်လေသည်။

မြေခွေးလိုက်ခွေးသည်ကား စုချန်း တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ဤပုဂ္ဂိုလ်ကား သူ့ပစ်မှတ်မှန်း သဘောပေါက်လိုက်လေရာ ရုန်းကန်စပြုလာ၏။ ကျယ်လောင်စွာ ဟောင်ရန် ဟန်ပြုလာ၏။

သို့သော် လောင်းချိန်းကျန်း၏ လက်များမှာကား မြဲမြံလှသည်။ ထို့ပြင် သူ့လက်ချောင်းများအတွင်းမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကလည်း လှောင်အိမ်တခုသဖွယ် ခွေးအား ချုပ်နှောင်ထားလေရာ မြေခွေးလိုက်ခွေးခမျာ လှုပ်ဖို့ဝေးစွ၊ ဟောင်ပင်မဟောင်န်ိုင်ရှာ။ ငြီးတွားသံမျှသာ ထွက်လာနိုင်ရှာ၏။

ထိုစဥ် မြေခွေးလိုက်ခွေး၏ ရုန်းကန်မှုမှာ ပို၍ ပြင်းထန်လာ၏။ လောင်းချိန်းကျန်း၏ လက်ထဲမှပင် သိပ်မကြာခင် ထွက်ပြေးလွတ်မြောက်သွားတော့မည့် အနေအထားပင်။

ထိုအခိုက်အတန့်မှာပင် အရိပ်များနှင့် ဖုံးကွယ်ထားသည့် လူတယောက် သူ့ရှေ့သို့ ရောက်လာကြောင်း လောင်းချိန်းကျန်း ခံစားလိုက်ရသည်။

သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြ၏။

စုချန်း၏ အသံက လောင်းချိန်းကျန်း၏နားအတွင်းသို့ တိုးဝင်လာပြန်၏။ ဤတကြိမ်တွင်တော့ စုချန်းက လျှို့ဝှက်အသံပို့နည်းဖြင့် ပြောလိုက်ခြင်းမဟုတ်။ သာမာန်လေသံနှင့် ပြောလိုက်ခြင်း ဖြစ်သည်။ အသံမှာ အလွန်တိုး၏။ နှစ်ဦးကြားသာရုံမျှသာ ရှိသည်။

"သိပ်ကျေးဇူးတင်တယ် လောင်းမျိုးနွယ်အကြီးအကဲခင်ဗျာ"

ထို့နောက် သူက မြေခွေးလိုက်ခွေးကို လက်နှင့်ပွတ်သပ်ပေးလိုက်လေရာ ခွေးမှာ ရုတ်ချည်းပင် ငြိမ်သက်သွား၏။ အနည်းငယ်မှပင် လှုပ်ရှားခြင်းမရှိတော့။

ထို့နောက် စုချန်းတယောက် လုံးဝ ပျောက်ကွယ်သွား၏။

ထိုအခါကျမှ စုချန်းသည် သူအသက်ရှင်လွတ်မြောက်နိုင်ရန် စနစ်တကျ စီစဥ်ထားမှန်း လောင်းချိန်းကျန်း သဘောပေါက်လိုက်၏။ ထိုအချိန်တွင် သူ့လက်အောက်ငယ်သားများက ပတ်ဝန်းကျင်အနှံ့တွင် စုချန်းအား သဲသဲမဲမဲပင် လိုက်လံရှာဖွေနေကြလေသည်။ သူတို့အနေနှင့် စည်းသုံးထပ်အတွင်းမှ စုချန်း လုံးဝ မလွတ်မြောက်နိုင်ဟု ယူဆထားကြ၏။ နောက်ဆုံးတွင် စုချန်းတယောက် တောင်ပေါ်သို့ ပြန်တက်သွားပြီဟု သူတို့အားလုံး ယူဆလိုက်ကြလေသည်။

ပတ်ဝန်းကျင်တခုလုံး ငြင်းသံခုန်သံများနှင့် ဆူညံနေ၏။ စုချန်းနောက်သို့ သူတို့ ဆက်လိုက်သင့်၊ မလိုက်သင့် ငြင်းခုန်နေကြခြင်းပင်။

သို့သော် လောင်းချိန်းကျန်းကား တခွန်းမှဝင်မပြောပဲ အသက်ဝိညာဥ်ကင်းမဲ့နေသကဲ့သို့ ငူငူကြီး မတ်တပ်ရပ်နေလေသည်။ သူ့ရင်ထဲတွင်တော့ ရယ်ချင်သလို၊ ငိုချင်သလိုနှင့် အီလယ်လယ် ဖြစ်နေ၏။

"အကြီးအကဲ အဆင်ပြေရဲ့လားခင်ဗျာ"

လက်အောက်ငယ်သားတယောက်က လောင်းချိန်းကျန်းအား လှမ်းမေးလိုက်သည်။

ထိုအခါကျမှ လောင်းချိန်းကျန်းတယောက် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ဖြစ်သွား၏။ သူက ပြန်မေးလိုက်သည်။

"မင်းတို့ ဘာဆက်လုပ်မယ် စဥ်းစားထားကြသတုန်း"

ထိုလူက ပြန်ဖြေလိုက်သည်။

"ကြည့်ရသလောက် စုချန်းဟာ လမ်းကြောင်းပြောင်းသွားပြီနဲ့တူတယ် ကျုပ်တို့ သူ့နောက်ကို လိုက်သွားရင် အန္တရာယ်များနိုင်တယ် ကျုပ်တို့အနေနဲ့ စည်းသုံးထပ်ကိုပဲ သေချာ ထိန်းထားသင့်တယ်ထင်တာပဲခင်ဗျ ပြီးတော့ စုချန်းရဲ့အင်အားကလည်း လျော့တွက်လို့မရဘူးဆိုတော့..."

မြေပြင်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရင်း လူတိုင်း သေရမည်ကို ထိတ်လန့်နေကြသည် မဟုတ်ပါလား။

အဆိုပါ လက်အောက်ငယ်သားကား နောက်ဆုံးစကားကို အတော်လေး သတိထား၍ ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် လောင်းချိန်းကျန်းကား ဒေါသမထွက်သည့်အပြင် ၎င်း၏ အကြံပြုချက်ကိုပင် ခေါင်းညိတ်လက်ခံလိုက်လေသည်။

"ကောင်းပြီ မင်းပြောတာ မဆိုးဘူး အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့"

"ကောင်းပါပြီခင်ဗျာ"

အနှီ လက်အောက်ငယ်သားသည် လောင်းချိန်းကျန်းအား ဖြတ်ခနဲ ကြည့်ပြီး လှည့်ထွက်သွား၏။ ဘာမှတော့မပြော။ သူ့စိတ်ထဲတွင်လည်း လောင်းချိန်းကျန်းတယောက် အစုလိုက်အပြုံလိုက် သေဆုံးနေသော အလောင်းများကို မြင်တွေ့လိုက်ရ၍ ထိတ်လန့်တုန်လှုပ်နေသည်ဟု ယူဆထားသည် မဟုတ်ပါလား။

လောင်းချိန်းကျန်းကား နေရာတွင် ခြေစုံရပ်ရင်း သူ့တပည့်များနှင့် ကျန်မျိုးနွယ်စုဝင်များ ဤပတ်ဝန်းကျင်တွင် ရှိမနေတော့သည့် လူတယောက်ကို ဖမ်းဆီးနိုင်ရန် အားထုတ်နေကြပုံကို တွေဝေစွာ ငေးမောကြည့်ရှုနေလေသည်။

စုချန်းကား တောင်ခြေတနေရာတွင် မတ်တပ်ရပ်ရင်း တောင်ပေါ်သို့ လှမ်းကြည့်နေ၏။

တောင်ကြောတခွင်လုံးတွင်ကား မီးအိမ်များ ထိန်ထိန်လင်းလျက် နေ့ခင်းသဖွယ် ရှိလေသည်။

"ဒီကောင်တွေ ဒီည အိပ်ဖို့ အစီအစဥ် မရှိဘူးနဲ့တူတယ်"

ထို့နောက် စုချန်းသည် အားရပါးရ ရယ်မောလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။

__________×××___________×××_______

အမဲလိုက်ပွဲမှာ သုံးရက်ခန့် ကြာမြင့်သွား၏။

ဒုတိယမြောက်နေ့တွင် သူတို့အားလုံး တောင်ထိပ်သို့ ရောက်လာသော်လည်း ခွေးတကောင် ကြောင်တမြီးမှပင် မရှိ။ ထိုအခါ တော်ဝင်မျိုးနွယ်စုများက စုချန်းအား ရှာဖွေရန် နောက်ထပ် လူတစုကို စေလွှတ်လိုက်ပြန်သည်။

ထိုသို့ ဆက်လက်ရှာဖွေနေရခြင်းမှာလည်း စုချန်း ကြည်လင်မြစ်မြို့တော်သို့ ပြန်မရောက်သေးဟု သူတို့ သိထားသောကြောင့်ပင်။

အကယ်၍ စုချန်းသာ မြို့တော်သို့ ပြန်မရောက်သေးပါက ဤတောဤတောင်တဝိုက်တွင်သာ ရှိနေအုံးမည် မဟုတ်ပါလား။

ထိုအခါ သူတို့အားလုံး အားသွန်ခွန်စိုက်နှင့် ဆက်လက်ရှာဖွေကြပြန်၏။

သို့သော် စုချန်း ရုတ်တရက် ပျောက်ကွယ်သွားခြင်းက သူတို့၏ နှလုံးသားကို ခဲနှင့်ဆွဲထားသကဲ့သို့ လေးလံစေသည်ကတော့ အမှန်ပင်။

ထိုအချိန်တွင် စုချန်းသည် အဆိပ်ဖြေမွှေးရနံ့နန်းဆောင်၏ သီးသန့်ခန်းတခုဝယ် ဝန်ဝေစင်းနှင့်အတူ ထိုင်လျက် ဝိုင်သောက်နေလိမ့်မည်ဟု သူတို့ မည်သူမှ ထင်လိမ့်မည်မဟုတ်ချေ။

"ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး ဆရာစု ခင်ဗျားဟာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်လက်အောက်က ထွက်ပြေးလာနိုင်ခဲ့ရုံတင်မကဘူး တော်ဝင်မျိုးနွယ်စုတွေ အများကြီး ဝိုင်းပတ်ပိတ်ဆိုထားတဲ့ကြားက သူတို့အတော်များများကို သတ်ပြီး ထွက်ပြေးလာနိုင်ခဲ့သေးတယ် အံ့ရောဗျာ"

ဝန်ဝေစင်းသည် စုချန်း၏ ခွက်အတွင်းသို့ ဝိုင်များငှဲ့ပေးရင်း အားရပါးရ ပြောလိုက်သည်။

"ပထမဆုံးတော့ ကျုပ်က သူတို့လူအင်အား လျော့သွားအောင် လုပ်အုံးမလို့ပဲ ဒါပေမဲ့ နောက်တော့ ကျုပ် ပြန်တွေးမိတယ် ကျုပ်သာ လောင်းချိန်းကျန်း တာဝန်ယူထားတဲ့နယ်မြေမှာ လူတွေ အများကြီး သတ်ပြီး ထွက်ပြေးသွားခဲ့ရင် ကျုပ် မြို့တော်ပြန်ရောက်လာပြီး လောင်းရှောက်ယူ ပြန်ကောင်းလာခဲ့ရင် ဒါက မေးခွန်းထုတ်စရာ ဖြစ်လာမယ်ဗျ ကျုပ်တို့အကြား ပတ်သက်မှုကို လူတွေ သတိထားမိလာနိုင်တယ်"

"ဒါနဲ့ ဆရာစုက လောင်းရှောက်ယူကို တကယ်ပဲ ကယ်တင်ပေးမလို့လား"

ဝန်ဝေစင်းက မေးခွန်းထုတ်လိုက်၏။

"တစုံတယောက်ဟာ ယုံကြည်လို့မရဘူးလို့ သတ်မှတ်ခံရပြီဆိုရင် မကောင်းတော့ဘူးဗျ ပြီးတော့ ကျုပ် စုချန်းဟာ ရန်သူတွေအပေါ်မှာတောင် စကားတည်တယ်ဆိုတာမျိုး လူတွေ သိစေချသေးတယ် ဒါ ကျုပ်အတွက်လည်း အကျိုးရှိတာပဲဗျ"

စုချန်းက အမြည်းတဖတ်ကို ကောက်ဝါးရင်း ဆေးဆေးတည်ငြိမ်သော လေသံနှင့် ပြန်ဖြေလိုက်သည်။

"မှန်ပါတယ်ဗျာ ဒါကြောင့် ဆရာစုက ဒီမှာ ခနတဖြုတ်နေပြီး အခြေအနေတွေ တည်ငြိမ်သွားတဲ့အထိ စောင့်"

"မဟုတ်ဘူးဗျ ကျုပ် ဒီမှာ ခနတဖြုတ် လာနေတယ်ဆိုတာ တတိယအကြောင်းပြချက် ရှ်ိသေးတယ် အဲဒါက လုချိန်ကွမ်းပဲ ဒီရက်ပိုင်းအတွင်း လုချိန်ကွမ်း ဘယ်လိုတုံ့ပြန်သလဲဆိုတာ ကျုပ် သိချင်တယ် ဒါကိုလဲ အန်းစီယွမ်ကိုပါ တွေ့စေချင်တယ် ဒါကြောင့် ကျုပ် အချိန်ယူထားတဲ့သဘောပဲ"

ဤသုံးရက်အတွင်း လုချိန်ကွမ်း ဘာလုပ်ခဲ့သနည်း။

ဘာမှမလုပ်။

ထိုသို့ ဘာမှမလုပ်ခြင်းသည်ပင်လျင် ကြီးမားသော သစ္စာဖောက်မှု ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။

တရက်တလေဆိုလျင် ဆင်ခြေပေး၍ ရနိုင်သေး၏။ သုံးရက်တိုင်တိုင် ဘာမှထမလုပ်ပဲ လက်ပိုက်ကြည့်နေခြင်းကြောင့် လုချိန်ကွမ်းအနေနနှင့် ဆင်ခြေပေး၍ မရနိုင်တော့။

ဤအကြံအစည်များ၏ နောက်ကွယ်တွင် မည်သူ ပါဝင်နေကြောင်း စုချန်းက အန်းစီယွမ်အား သိစေလိုက်သည့် သဘောပင်။

နောက်ဆုံးတော့ ဝန်ဝေစင်း သဘောပေါက်လာ၏။

"ကျုပ်နားလည်ပြီ"

ဝန်ဝေစင်းက ခေါင်းတချက်ညိတ်ရင်း ပြောလိုက်သည်။

"ဒီတော့ ဆရာစုရဲ့ နောက်ခြေလှမ်းက ဘာလဲ"

"ခင်ဗျားက ကျုပ်ကို ကူညီပြီး ကျန်းစီချွေ့ဆီကို အကြောင်းကြားပေးစမ်းပါ ဒီကနေ့ကစပြီး ပင်လယ်ဓားပြအားလုံးကို သူ့လက်အောက်ထဲ သိမ်းသွင်းမဲ့ စီမံကိန်းကို စနိုင်ပြီးလို့ နေအုံး... အနောက်မြစ်တောအုပ်ကိုလဲ မမေ့ပါနဲ့လို့"

"ဘယ်လိုဗျ ဆရာစုက တော်ဝင်မျိုးနွယ်စုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တော့မလို့လား"

စုချန်းက လိမ္မာပါးနပ်စွာ ပြန်ဖြေလိုက်သည်။

"ကျုပ်ဟာ အနောက်မြစ်တောအုပ်က အရင်းအမြစ်တွေ အကုန်လုံးကို လက်ဝါးကြီးမအုပ်ဘူး ဒါတင်မက ရေလမ်းကြောင်းတခုလုံးကိုလည်း မထိန်းချုပ်ပဲ သူတို့အတွက် ဂယ်ပေါက်ချန်ထားပေခဲ့တယ် ဒါဟာ သူတို့ဘက်က အင်အားအကောင်းဆုံးလူဖြစ်တဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကိုယ်တိုင် ထွက်မလာအောင်လို့ပဲဗျ ခုတော့ သူတို့ဘက်က အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကိုယ်တိုင် ထွက်လာခဲ့ပြီ ဒီလိုအခြေအနေမှာ နောက်ပြန်ဆုတ်လို့ရမယ်လို့ ခင်ဗျား ထင်နေသေးတာလား ကျုပ် ပို့ခိုင်းတဲ့ သတင်းကိုသာ ပို့လိုက်စမ်းပါ သူတို့ဘက်က ကျုပ်ကို ဒေါသထွက်လာအောင် လုပ်မှတော့ ကျုပ်ကလည်း သူတို့ရဲ့ ဟိုးအောက်ခြေအုတ်မြစ်တွေထိ တူးကြည့်ရသေးတာပေါ့"

All Chapters