← Chapters

ရောင်းချခြင်း

Vol. 46 Ch. 460

ရောင်းချခြင်း

Vol. 46 Ch. 460

စုအိမ်တော်အတွင်းတွင် ဖြစ်သည်။

ချီမင်းဖန်က စုချန်းကို မျက်လုံးကြီးပြူးကာ စိုက်ကြည့်ရင်း ပြောလိုက်၏။

"မင်းသားလေးစု မင်းဟာ မယုံနိင်လောက်အောင် အသက်ပြင်းတာပဲ ကျုပ် မင်းကို အရင်ကတည်းက ပြောတယ် မင်းအတွက် စိတ်ချရတဲ့ ကိုယ်ရံတော်တချို့ ပို့ပေးထားမယ်လို့ ဒါပေမဲ့ မင်း သဘောမတူခဲ့ဘူး ခု တွေ့ပြီလား မင်း သေသွားနိုင်တယ်ကွ"

"ဒါပေမဲ့ ကျုပ် မသေဘူးလေဗျာ"

စုချန်း၏ လေသံကတော့ အရေးမစိုက်သည့်ဟန်ပင်။

"ဒီတကြိမ်ပဲ မင်း လွတ်နိုင်မယ်ကွ သူတို့ဘက်ကတော့ မအောင်မြင်မချင်း ထပ်ပြီး ကြိုးစားလာအုံးမှာပဲ"

စုချန်းက ခေါင်းညိတ်လိုက်သည်။

"ဒါကိုတော့ ကျုပ်လဲ တွေးထားပြီးသားပါ ဒါကြောင့် ဒီမတိုင်ခင် သူတို့ကို ရှင်းပစ်မလားလို့"

ထိုစကားကို ကြားလိုက်သည်နှင့် ချီမင်းဖန် အားရပါးရ ရယ်မောလိုက်သည်။

"ဟား ဟား ဟား မင်းသားလေးစုက သေသေချာချာ စဥ်းစားထားပြီးသားပဲကိုး သိပ်မှန်တာပေါ့ လက်ဦးမှုရယူခြင်းဟာ အကောင်းဆုံးနည်းလမ်းပဲလေ တော်ဝင်မျိုးနွယ်စုတွေဘက်က သူတို့ရဲ့ ဝှက်ဖဲကို ထုတ်ပြလိုက်ပြီးဆိုတော့ မင်းဘက်လဲ မင်းရဲ့ဝှက်ဖဲဖြစ်တဲ့ ကျုပ်တို့ကို ထုတ်ပြဖို့အချိန်ရောက်ပြီ ဘယ်သူက ပိုပြီးအားကောင်းသလဲ ကြည့်ရသေးတာပေါ့ မင်းသားလေးစုကသာ ဒီအတွက် ငွေကြေးနည်းနည်းပါးပါး စိုက်ထုတ်ပေးမယ်ဆိုရင် သူတို့ကို မြေလှန်ပစ်ဖို့ ကျုပ်ဘက်က ဝန်မလေးလှပါဘူးလေ"

ချီမင်းဖန်ပြောသည့် ငွေကြေးနည်းနည်းပါးပါး ဆိုသည်မှာ ယန်သုံးပါးဆေးရောင်းရငွေ၏ ဆယ်ရာခိုင်နှုန်းလောက်ပင် တာသွားလိမ့်မည်မှန်း စုချန်း ကောင်းကောင်းသဘောပေါက်ထားလေသည်။

ဆယ်ရာခိုင်နှုန်းဟူသည် ဖြတ်ခနဲ ကြားလိုက်လျင် မများလှဟု ထင်စရာရှိသော်လည်း တကယ်တမ်းတွင်တော့ မူလကျောက်တုံး သန်းနှင့်ချီပေသည်။

စုချန်းက ခေါင်းခါပြလိုက်၏။

"ဒီကိစ္စအတွက် ငွေအများကြီးသုံးဖို့ ကျုပ် မရည်ရွယ်ထားဘူးဗျ တိတိကျကျ ပြောရရင် ငွေမကုန်ဘူးဆိုရင်တော့ ခင်ဗျားတို့ဆီမှာ အကူအညီတောင်းဖို့ ကျုပ် မစဥ်းစားဘူး"

ထိုစကားကို ကြားသည်နှင့် ချီမင်းဖန်က ခါးသီးသော လေသံနှင့် ရယ်မောလိုက်သည်။

"ဘာလဲ ရှင်သန်ခြင်းကျောင်းတော်ဟာ မင်းအတွက် တစ္ဆေသူရဲတကောင်နဲ့ တူနေတယ်ပေါ့ ဟုတ်လား ကျုပ်တို့နဲ့ ပတ်သက်ရင် သတိကြီးကြီးထားတယ်ပေါ့ ဟုတ်လား"

စုချန်းက ခေါင်းခါပြလိုက်သည်။

"မဟုတ်ဘူး ရှင်သန်ခြင်းကျောင်းတော်ဟာ တစ္ဆေသူရဲနဲ့ တူနေလို့ မဟုတ်ဘူး ဒါက မဟာမိတ်တွေကြားမှာ ရှိနေရမဲ့ သတ်မှတ်ချက်တခုကြောင့်ပဲ မဟာမိတ်တွေဆိုတာ သိပ်ပြီး နီးကပ်သွားလို့မရဘူးဗျ သိပ်နီးကပ်သွားရင် ကျုပ်ဟာ ခင်ဗျားတို့ရဲ့ မဟာမိတ်အဆင့်ကနေပြီး အဖွဲ့ဝင်ဘဝကို လျောကျသွားလိမ့်မယ်"

စုချန်း၏ စကားကြောင့် ချီမင်းဖန် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

"မင်းသားလေးစု မင်း ပြောတာ အဓိပ္ပာယ်ရှိပါပေတယ် မင်းရဲ့မာနကိုလည်း ကျုပ်အနေနဲ့ အသိအမှတ်ပြုပါတယ် ဒါပေမဲ့ ကျုပ်တို့အကူအညီ မပါပဲ သူတို့ကို မင်း ဘယ်လိုရင်ဆိုင်မလဲ သူတို့မှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဆိုလို့ ဝမ်ကျန်းယုတယောက်တည်း မဟုတ်ဘူး အနည်းဆုံး သုံးယောက်တော့ ရှိလိမ့်မယ် သူတို့အားလုံးကို အန်းစီယွမ် ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး"

"ကျုပ်ရဲ့ လက်ရှိအင်အားက သူတို့ကို ရင်ဆိုင်ဖို့ မလုံလောက်သေးတာတော့ အမှန်ပဲ ဒါပေမဲ့ သိပ်တော့ မကြာလောက်တော့ပါဘူးလေ"

"သိပ်မကြာလောက်တော့ဘူး ဟုတ်လား"

စုချန်း၏ စကားကြောင့် ချီမင်းဖန် ကြက်သေသေသွား၏။

စုချန်း ဘာကိုဆိုလိုသနည်း။

"လက်ရှိ ကျုပ်အင်အားက ရန်သူတွေကို အနိုင်မယူနိုင်လောက်သေးဘူး ဒါပေမဲ့ အချိန်တခုကြာရင် ဒီအနေအထားကို ရောက်လာလိမ့်မယ်လို့ ဆိုလိုတာပါဗျာ"

ထိုစကားကြောင့် ချီမင်းဖန် ရယ်မောလိုက်၏။

"မင်းသားလေးစု မင်း ရယ်စရာများ ပြောနေတာလား မင်းဟာ သွေးဆူပွက်ခြင်းနယ်ပယ်မှာ ရှိစဥ်ကတည်းက ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တွေကို အနိုင်ယူခဲ့ဖူးတယ်ဆိုတာ ကျုပ်သိတယ် ဒါပေမဲ့ ဒီလို စွမ်းဆောင်ရည်မျိုးက လုံးဝ မရှိတာမဟုတ်ဘူး မူလကမ္ဘာကြီးမှာ ဒီလို စွမ်းဆောင်နိုင်တဲ့ ပါရမီရှင်တွေ အများကြီးပဲ ဒါပေမဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကို ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်က အနိုင်ယူဖို့ဆိုတာကတော့ ရယ်စရာကောင်းလွန်းတယ် အိပ်မက်ဆန်လွန်းတယ်"

ချီမင်းဖန်၏ စကားမှာ ခြွင်းချက်မရှိ မှန်ကန်ပေ၏။ ချီစွမ်းအားနယ်ပယ်များအကြား ခြားနားမှုမှာ တူညီသည် မဟုတ်ပေ။ ယ

ပိုဆိုးသည်မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်နှင့် အလင်းတုန်ခါခြင်းနယ်ပယ်အကြား ခြားနားမှုမှာ များစွာ ကွာခြားနေခြင်းပင်။ ၎င်းကို ဝမ်ကျန်းယုနှင့် ကျန်ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များ၏ အင်အားကို နှိုင်းယှဥ်ကြည့်လျင်ပင် အတိုင်းသား မြင်သာပေသည်။

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များဟူသည်ကား လေပါ်တွင် ပျံသန်းနိုင်၏။ မ်ိုးကြိုးမုန်တိုင်းများကို စိတ်ရှိသလို ဖန်တီးနိုင်၏။ ၎င်းတို့၏ စွမ်းဆောင်ရည်မှာ လူသားများ စွမ်းဆောင်ရည်ကို ကျော်လွန်သွားခဲ့ပြီး ဖြစ်သည်။ တချိန်တုန်းကဆိုလျင် အလင်းတုန်ခါခြင်းနယ်ပယ်ကို ရောက်ရှိနိုင်သည့် အမြင့်ဆုံးနယ်ပယ်ဟုပင် လူသားများက ယူဆခဲ့ဖူးကြ၏။

မည်သို့ဆိုစေ အလင်းတုန်ခါခြင်းနယ်ပယ်သည် ချီစွမ်းအားနယ်ပယ်များအနက် အထွတ်အထိပ်နယ်ပယ်ဟူ၍ အချိန်အတိုင်းအတာတခုထိ ကိုယ်စားပြုနေခဲ့၏။ ယခုတိုင်အောင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များသည် လူသားတိုင်းအတွက် ကြောက်စရာအင်အားစုတရပ် ဖြစ်နေသေးသည်ကတော့ အမှန်ပင်။

ယေဘုယျအားဖြင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်သည် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် ၅ယောက်ခန့်ကို အနိုင်ယူနိုင်၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်သည်ကား မြောက်များလှစွာသော ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။

အလင်းတုန်ခါခြင်းနယ်ပယ်တွင် ကြာပန်းအုတ်မြစ်ခုနှစ်လွှာဟူ၍ ရှိ၏။ တလွှာချင်းစီတိုင်းသည် အင်အားအတိုင်းအတာတခုကို ကိုယ်စားပြုလေသည်။

ဥပမာအနေနှင့် ပြရလျင် ဇုမျိုးနွယ်စုမှ ဦးလေးဆယ့်တစ်သည် ကြာပန်းအုတ်မြစ်အလွှာ အဆင့်တစ်ထိသာ ပေါက်ရောက်အောင်မြင်ထားသေးသော်လည်း ကျန့်ပါ့ရှန်းအပါအဝင် ထိပ်သီး ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များအား အလွယ်တကူ အနိုင်ယူနိုင်ခဲ့၏။ စုချန်းကသာ ဦးလေးဆယ့်တစ်၏ အားနည်းချက်ဖြစ်သော ဇုချန်းညိုကို လှည့်ကွက်တရပ်အနေနှင့် မသုံးခဲ့လျင် ထိုတိုက်ပွဲ၏ ရလဒ်က ဘာဖြစ်လာမည်မှန်း လူတိုင်း သိထားပြီးသားပင်။

ဝမ်ကျန်းယုသည်ကား ကြာပန်းအုတ်မြစ်အလွှာ သုံးဆင့်ထိ ပေါက်ရောက်အောင်မြင်ထားသူ ဖြစ်သည်။ သူ့အင်အားမှာ ဦးလေးဆယ့်တစ်ထက်ပင် သာလွန်နေ၏။ ထိုမျှသာမကသေး တော်ဝင်မျိုးနွယ်စုများဘက်တွင် ဝမ်ကျန်းယုနှင့် အဆင့်တူ ပညာရှင် ၂ယောက် ကျန်ရှိနေသေးသည်။

ဤမျှဆိုလျင် စုချန်း ရင်ဆိုင်ရမည့် အန္တရာယ် မည်မျှ ကြီးမားကြောင်း မြင်သာနေ၏။

ယခုလည်း စုချန်း၏ စကားကို ကြားသောအခါ ချီမင်းဖန်အဖို့ ဘာပြောရမှန်းမသ်ိတော့ပဲ ရယ်မောမိတော့သည်။

စုချန်းက ပြောလိုက်ပြန်၏။

"ဒါကြောင့် ကျုပ်ရဲ့အင်အား အမြန်ဆုံး တိုးပွားလာစေမဲ့ နည်းလမ်းတမျိုးကို ကျုပ် ကြံဆနေတာပေါ့"

ချီမင်းဖန် ခေါင်းခါလိုက်သည်။

"ဘယ်လိုမှမဖြစ်နိုင်ဘူး ကုန်ကုန်ပြောရရင် မင်းအနေနဲ့ စွမ်းအင်အရင်းအမြစ်ပင်လယ်ကြီးတခုလုံးကို အသုံးပြုထားနိုင်ခဲ့ရင်တောင် ခေါင်းအစ ခြေအဆုံး မူလကိရိယာတွေချည်းပဲ တပ်ဆင်ထားရင်တောင် မကုန်နိုင်မခန်းနိုင်တဲ့ မူလကျောက်တုံးတွေကို သုံးန်ိုင်ခဲ့ရင်တောင် မင်းတယောက်တည်း ဒီရန်သူတွေကို ရင်ဆိုင်ဖို့....."

ပြောနေရင်းနှင့်ပင် တစုံတခုကို တွေးတောမိဟန်ဖြင့် ချီမင်းဖန် ပါးစပ်ကြီး ပြဲခနဲ ဖြစ်သွား၏။

ထို့နောက် သူက စုချန်းကို ပြူးကျယ်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်သည်။

စုချန်း ဟက်ခနဲ ရယ်မောလိုက်၏။

"တွေ့လား ခင်ဗျားတောင် ကျုပ် အစီအစဥ်ကို တွေးမိသွားပြီ"

ချီမင်းဖန် ပါးစပ်အဟောင်းသား ဖြစ်နေ၏။

"မင်း...မင်း...စီစဥ်နေတာ..."

စုချန်း ခေါင်းညိတ်လိုက်သည်။

"အချိန်ကျပြီဗျ ခင်ဗျားကိုယ်တိုင်လဲ ဒီလိုနေ့ ရောက်လာဖို့ စောင့်နေရတာ အချိန်ကြာခဲ့ပြီမလား"

ချီမင်းဖန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ကျုပ်တို့စောင့်နေတာ အတော်ကြာသွားပြီ

________×××_________×××_________

အိပ်မက်နယ်ပယ်အတွင်းတွင် ဖြစ်သည်။

စုချန်း အိပ်မက်နယ်ပယ်အတွင်း ရောက်လျင်ရောက်ချင်းမှာပင် အိပ်မက်ဝိညာဥ်လုလု ပေါ်လာ၏။

"လေးစားစရာကောင်းတဲ့ အိပ်မက်အရာရှိကြီးရှင်...ကျွန်မကို မဆင့်ခေါ်တာတောင်ကြာပြီ သနားစရာလုလုကို မေ့နေပြီပေါ့လေ"

(ယခင် အခန်းများတွင် လုလုနှင့် စုချန်းအကြား အသုံးအနှုံးများကို မင်း ကျုပ် စသည်ဖြင့် သုံးခဲ့သော်လည်း သဘာဝမကျဟု ခံစားမိ၍ ရှင် ကျွန်မ စသည်ဖြင့် ပြောင်းလဲသုံးနှုံးသွားမည်ဖြစ်သည်....ပုံ စာရေးသူ)

စုချန်း ပြုံးလိုက်၏။

"ခုက ဆင့်ခေါ်တာ မဟုတ်ဘူးလား"

"အို ဒါက မတူဘူးလေရှင်"

လုလုက ခါးထောက်ရင်း ပြောလိုက်၏။

"ကျွန်မဟာ ရှင့်ရဲ့ ကိုယ်ပိုင်အိပ်မက်ဝိညဥ်လေ အိပ်မက်ဝိညာဥ်တိုင်းဟာ သူ့ဧည့်သည်အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးရတာ ထုံးစံပဲ ဒါပေမဲ့ ဒီအတောအတွင်း ရှင်ဟာ ကျွန်မကို တခါမှ ဆင့်မခေါ်ဘူး အိပ်မက်နယ်ပယ်ထဲမှာလဲ ဘာပစ္စည်းမှ မဝယ်ဘူး ရှင်ဟာ ရှေးဟောင်းအာကင်နာနည်းစနစ်တချို့ လေ့ကျင့်ဖို့အတွက်ကလွဲပြီး အိပ်မက်အမှုန်တွေ မသုံးတာလဲ ကြာလှပြီ ဒီလိုလုပ်တာ ကျွန်မရဲ့ အမြတ်နှုန်းကို ကျဆင်းစေတယ် ခုဆိုရင် ကျွန်မဟာ သာမာန်ဧည့်သည်တွေရဲ့ ဝေယျာဝိစ္စတွေလောက်ကိုပဲ ဆောင်ရွက်ရင်းနဲ့ အသက်ဆက်နေရတယ် ကျွန်မရဲ့ အမြတ်နှုန်းကလဲ တောက်လျောက်ကို ကျဆင်းနေပြီ ရှင် သိရဲ့လား"

ပြောရင်းဆိုရင်းနှင့်ပင် လုလုသည် စိတ်ထွက်လာဟန်တူ၏။ ကြမ်းပြင်ကို ခြေဆောင့်ကာ ကလေးဆိုးကြီးသဖွယ် ပြုမူနေတော့သည်။

၎င်းကို ကြည့်ရင်း စုချန်းက စနောက်လိုက်၏။

"ဒါဆိုရင်လဲ ခင်ဗျားအနေနဲ့ ကျုပ်ရဲ့ ကိုယ်ပိုင်အိပ်မက်ဝိညာဥ် မလုပ်တော့နဲ့လေဗျာ"

စုချန်း၏ စကားကြောင့် လုလု ပို၍ ဒေါသထွက်လာ၏။

"အို ကျွန်မတို့ အိပ်မက်ဝိညာဥ်တွေဆိုတာ အင်မတန် သစ္စာရှိရတယ်ရှင့် ဧည့်သည်တွေကို ဒီလို လွယ်လွယ်နဲ့ ပြောင်းလို့မရဘူး ပြောင်းချင်ရင် ရှင်သေသွားမှပဲရမယ် ရှင့်ကို ကြည့်ရတာ အလွယ်တကူ သေမဲ့ပုံလဲ မပေါ်ဘူး ထားလိုက်ပါလေ ကျွန်မကိုယ်က ကံဆိုးတာပါ"

ပြောရင်းနှင့်ပင် လုလု ခေါင်းငုံ့သွား၏။

ထိုအခါ စုချန်းက ပြောလိုက်၏။

"သိပ်လဲ စိတ်ပျက်မနေပါနဲ့လေ ဒီတခါ ခင်ဗျားကို ကျုပ် အခွင့်အရေးတခု ပေးလိုက်မယ်"

"ဘာအခွင့်အရေးလဲရှင့်"

"ဘယ်လို အခွင့်အရေးမျိုးလဲဆိုတော့ ဘာမှမလုပ်ရပဲ နှစ်ရာနဲ့ချီအောင် ခင်ဗျား ထိုင်နေရင်း အမြတ်တွေရနေမဲ့ အခွင့်အရေးမျိုးပေါ့ ဘယ့်နှယ်လဲ"

စုချန်း၏ စကားကြောင့် လုလု တွေခနဲ ဖြစ်သွား၏။

ထိုအချိန်မှာပင် ဗဟုသုတခန်းမ၏ အလင်းမျက်နှာပြင်ပေါ်၌ အောက်ပါစာတန်းများ အစီအရီ ပေါ်ပေါက်လာလေသည်။

ရောင်းချခြင်း...သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်း

စျေးနှုန်း...အိပ်မက်အမှုန် ၂၀၀

ရောင်းချသူ...တိမ်တိုက်လင်းနို့

All Chapters