← Chapters

နတ်ဘုရား ခန္ဓာ ပြည့်စုံခြင်း

Vol. 10 Ch. 925

နတ်ဘုရား ခန္ဓာ ပြည့်စုံခြင်း

Vol. 10 Ch. 925

ယခုအချိန်၌ ချန်းဖန် မည်မျှ အထိ အစွမ်းထက်နေပြီနည်း။

ရွှမ်ဝူ ဓမ္မအသွင် အပြင် သူသည် အဇူရာ သက်ရှည် ခန္ဓာ ကျင့်စဉ်ကို ဆယ်နှစ်ကျော် ကြာအောင် ကျင့်ကြံခဲ့ရာ ထိုကျင့်စဉ် အကြောင်းကို လက်ဖမိုး အလား သိရှိ ထားခဲ့သည်။ ထို့အပြင် သူသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ရာကျော်၏ ချီစွမ်းအင်များကိုလည်း စုပ်ယူထားခဲ့ရာ ကောင်းကင် အဆင့် ရွှေအမြုတေ တစ်ခုပင် ဖွဲ့စည်း၍ပင် ရနေပြီ ဖြစ်သည်။

"ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး…"

ထိုအတွေးနှင့် အတူ ချန်းဖန်၏ ခန္ဓာကိုယ်ထဲတွင် ရှိသော နတ်ဘုရား စက်ဝိုင်းက စတင်ကာ လှုပ်ရှား လာ၏။ ၎င်းသည် ကမ္ဘာ သစ်ပင်၏ အသွင်ကို ယူကာ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအား အလုံးစုံကို စုပ်ယူလေသည်။ ချန်းဖန်သည် ထိုကျင့်စဉ် တစ်ခုဖြင့်ပင် ရှေးဟောင်း နတ်ဆိုး မင်းသားနှင့် တန်းတူ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်က ကျေနပ်ခြင်း မရှိသေးချေ။

ပတ်ဝန်းကျင်ရှိ သစ်သား ဒြပ်စင် အမတေ ချီများသည် ပင်လယ်ထဲမှ ရိုင်းစိုင်းသော လှိုင်းများ ကဲ့သို့ သူ့ထံသို့ တိုးဝင်နေ၏။ ၎င်းတို့က ချန်းဖန်၏ ပတ်လည်၌ ဝန်းရံကာ တောင်တန်း အရွယ် အဇူရာ စွမ်းအားများ အဖြစ် ဖွဲ့စည်းကြသည်။ ချန်းဖန်သည် ကောင်းကင်သို့ ပျံတက်၍ ဒွါရပေါက် အလုံးစုံကို ဖွင့်ကာ ထိုစွမ်းအားများကို စုပ်ယူတော့သည်။

ထို့နောက် ချန်းဖန်သည် မြေရိုင်းတောင်ထိပ်၌ လောကကို အုပ်စိုးသည့် နတ်ဘုရား တစ်ပါး အလား ပြန်လည် ထိုင်လိုက်သည်။ သူ၏ ပတ်လည်တွင်မူ အမတေ ချီပင်လယ်က ဝန်းရံလျှက် ရှိနေခဲ့သည်။

"ဒီလို စွမ်းအားမျိုး… စီနီယာချန်းက ရွှေအမြုတေ နောက်ဆုံး အဆင့်ကို ဝင်နေတာလား"

မူဟုန်တိ၏ မျက်လုံးများမှာ အံ့ဩမှုဖြင့် ပြူးကျယ်နေကာ လင်းဝူဟွာ၏ မျက်နှာမှာမူ ကြောက်ရွံ့မှုဖြင့် ဖြူရော်နေ၏။ သူမသည် များစွာသော အရှင်သခင်များ အဆင့်တက်သည်ကို တွေ့မြင်ဖူးသော်လည်း ချန်းဖန်နှင့် နှိုင်းယှဉ်နိုင်သူကိုမူ မတွေ့မြင်ခဲ့ဖူးချေ။

"သခင်က အစောကြီးတည်းက ရွှေအမြုတေ နောက်ဆုံး အဆင့်တွေထက် ပိုပြီး အစွမ်းထက် နေခဲ့တာ… သူက အခု ကောင်းကင် အရှင် တစ်ယောက် ဖြစ်‌ဖို့ ကြိုးစားနေတာလို့ ငါတော့ ထင်တယ်"

ကျိုးကျူရှင်းက အခိုင်အမာ ဆိုသည်။ သူကား အားလုံးထဲ၌ ကောင်းကင်အရှင် အဆင့်နှင့် ပို၍ နီးစပ်သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ကောင်းကင် အရှင်များ၏ စွမ်းအားကို ကောင်းစွာ နားလည်၏။

"ဘုန်း…"

ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များက စတင် ဖြစ်ပေါ်လာသည်နှင့် တစ်ကီလိုမီတာ ပတ်လည်ရှိ အရာအားလုံးမှာ စတင် ယိုယွင်း ပျက်စီးလာသည်။

"ဘုန်း…"

ချန်းဖန်၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်ပေါက် သုံးရာ့ ခြောက်ဆယ်ခုမှာ ကြောက်မက်ဖွယ် အသံများကို ထုတ်လွှတ်လေ၏။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်မှာလည်း စိန်ကျောက် အလား မြေပြင်ကို ကျော်လွန်ကာ ကောင်းကင်အထိ  တောက်ပ လာ၏။

သို့သော်လည်း သူကား နတ်ဘုရား စက်ဝိုင်း၏ ဒုတိယ အသွင်ပြောင်းခြင်းကို အောင်မြင်ရန် အနည်းငယ် ဝေးကွာနေဆဲ ဖြစ်သည်။ အကယ်၍ မည်သည့် အထောက်အပံ့မျှ မပါပဲ ကျင့်ကြံပါက ချန်းဖန် အနေဖြင့် နောက်ထပ် သုံးနှစ်ခန့် ထပ်မံ ကျင့်ကြံရလိမ့်မည် ဖြစ်သည်။

"ဟူး…"

ချန်းဖန်က သက်ရှည်ဆေးကို ထုတ်ယူကာ ၎င်းအား ဝါးမြိုလိုက်၏။

"ဘုန်း…"

ရုတ်တရက် မြေပြင်သည် ငလျင် လှုပ်ခတ်သည့် အလား တုန်ရီလာသည်။ ကြောက်မက်ဖွယ် ချီစွမ်းအားသည် အကြိမ်ကြိမ် ပေါက်ကွဲကာ  ချန်းဖန်၏ ခန္ဓာကိုယ်မှာလည်း သုံးမီတာခန့် အထိ ကြီးမားလာ၏။

သို့သော်လည်း ချန်းဖန်မှာ ထိုအချင်းအရာကို ဂရုစိုက်ဟန် မရချေ။ သူ၏ မျက်နှာမှာ ဆုံးဖြတ်ချက် ပြတ်သားခြင်းများဖြင့် ပြည့်နှက် နေသည်။

"ဘုန်း…"

ချန်းဖန်၏ ခန္ဓာကိုယ် အရွယ်အစားမှာ ပို၍ ကြီးမားလာသည်။

တစ်ခဏ အတွင်းမှာပင် ထိုအရာက ဆယ်မီတာခန့် အထိ မြင့်မားလာ၏။ အဇူရာ အလင်းသည် အရေပြားရှိ အက်ရာများကို ဖြတ်သန်းကာ ထွက်ပေါ် တောက်ပနေလေသည်။

သက်ရှည်ဆေးကား ကောင်းကင် ဆေးပင် နှစ်ဆယ့်နှစ်ခု အပြင် အဆင့်မြင့် ရွှေအမြုတေ ဆယ့်သုံးခုထဲရှိ ချီစွမ်းအင်များကိုပါ စုပ်ယူထားသေးရာ ၎င်း၏ စွမ်းအားမှာ မြစ်များစု စုပေါင်း စီးဆင်းမှု ကဲ့သို့ ရပ်တန့်၍ မရနိုင်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဟူး…"

ကမ္ဘာ သစ်ပင်၏ ပုံရိပ်သည် ချန်းဖန်၏ နောက်ကျောတွင် ထွက်ပေါ်လာ၏။ ၎င်းသည် ဘယ်ညာယိမ်းနွဲ့ ကခုန်ကာ စတင် ကြီးထွားလာသည်။

မီတာ နှစ်ထောင်…

မီတာ သုံးထောင်…

အဆုံး၌ ထိုပုံရိပ်ကား မီတာကိုးထောင် အမြင့်သို့ပင် ရောက်ရှိလာသည်။

"ဝှစ်… ဝှစ်…"

ကမ္ဘာသစ်ပင်၏ ပုံရိပ် ပြီးပြည့်စုံစွာ ဖွဲ့စည်း ပြီးသည်နှင့် သန်းထောင်ချီသော စွမ်းအင် စီးကြောင်းများသည် ချန်းဖန်ထံသို့ ပျံသန်းလာကာ ကမ္ဘာသစ်ပင်၏ စုပ်ယူခြင်းကို ခံကြ၏။ ထိုစွမ်းအင် စီးကြောင်း တစ်ခုသည်ပင် မူလ အဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်ရာ ကမ္ဘာ သစ်ပင်မှာ မူလ အဆင့် သန်းထောင်ချီထက်ပင် ပို၍ အစွမ်းထက်သည် ဟု ဆိုနိုင်ပေသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

ချီစွမ်းအင်များသည် ချန်းဖန်၏ ပတ်လည်၍ ဝန်းရံကာ ဖိအားပေးကြပြန်သည်။ ထိုအခါ ချန်းဖန်၏ ခန္ဓာကိုယ်မှာ ပြန်လည်၍ ကြုံ့ဝင်လာ၏။

ကိုးမီတာ…

ရှစ်မီတာ…

မူလ အရွယ်အစားသို့ ပြန်လည် ရောက်ရှိသည့် အချိန်၌ သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင် အလင်းဖြင့် တောက်ပနေတော့သည်။ တစ်ချိန်တည်း၌ အဇူရာ အလင်း ဖျော့ဖျော့မှာလည်း သူ့ကို ဝန်းရံ နေလေ၏။

"ဘုန်း…"

လူတိုင်းက ချန်းဖန် နတ်ဘုရား ခန္ဓာ ရရှိသွားပြီ ဟု ယူဆနေချိန်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပေါက်ကွဲကာ ရွှေရောင် အသွေးအသားများ ပြန့်ကြဲ သွားတော့၏။

"ဘာဖြစ်တာလဲ…"

လင်းဝူဟွာမှာ ဆွံ့အ သွားလေ၏။

ရွှေအမြုတေ အဆင့် ကျင့်ကြံသူများသည် ရွှေအမြုတေ ရှိနေသမျှ သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်း နိုင်ကြသည်။ သို့သော်လည်း ထိုဖြစ်စဉ်က ကြီးမားသော စွမ်းအင်ကို လိုအပ်သလို နှစ်ပေါင်းများစွာသော အချိန်ကိုလည်း ပေးရမည် ဖြစ်သည်။ ထို့ကြောင့်ပင် ကျင့်ကြံသူ များစွာသည် ခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်းရန်ထက် လူပြန်ဝင်စားရန်ကိုသာ ရွေးချယ်ကြ၏။

ချန်းဖန်၏ လက်ရှိ အဆင့်ဖြင့် ဆိုလျှင် ခန္ဓာကိုယ် အပြည့်အဝ ပြန်လည် ဖွံ့ဖြိုးရန် နှစ်ရာဂဏန်းခန့် စောင့်ရပေလိမ့်မည် ဖြစ်သည်။

"သခင်က သူ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်ကို အဆင့်တက်နေတာ မဟုတ်ဘူးလား… ဘာလို့ သူက ပေါက်ကွဲ သွားတာလဲ"

ကျိုးကျူရှင်းမှာ အဖြစ်အပျက် အလှည့်အပြောင်းကြောင့် နားမလည်နိုင်အောင် ဖြစ်သွားသည်။

သို့သော်လည်း သူရေရွတ်နေစဉ်မှာပင် သူ၏ ရှေ့ရှိ မြင်ကွင်းများက ပြောင်းလဲ သွားသည်။ ရွှေရောင် အသွေးအသား အပိုင်းအစများသည် ပြန်လည် စုစည်းလာကာ ချန်းဖန်၏ ပုံသဏ္ဌာန် အဖြစ် ပြန်လည် ဖွဲ့စည်းလာ၏။ ကမ္ဘာသစ်ပင်သည် ယိမ်းနွဲ့ကာ အဆုံးမဲ့ ချီစွမ်းအားများဖြင့် ထိုဖြစ်စဉ်ကို ထောက်ပံ့ ပေးသည်။

အပြည့်အဝ ပြန်လည် ဖွဲ့စည်းပြီးနောက် ချန်းဖန်၏ ခန္ဓာကိုယ်မှာ ပထမ တစ်ကြိမ်ကထက် ပို၍ အရှိန်အဝါ တောက်ပ နေ၏။

"ဘုန်း…"

ရွှေရောင် အမတေ စွမ်းအားများသည် ချန်းဖန်၏ ခန္ဓာကိုယ်၌ တောက်ပနေသည်။ ထိုစွမ်းအားသည် တောင်တန်းများထက်ပင် ပို၍ လေးလံဟန်ရကာ ကျောက်ဆောင်ကိုပင် ဖုန်မှုန့် အဖြစ် ပြောင်းလဲ ပစ်နိုင်ဟန် ရသည်။

"ဒါက ကောင်းကင်အရှင်တွေပဲ ပိုင်ဆိုင်နိုင်တဲ့ ခန္ဓာကိုယ် ဖြစ်ရမယ်"

ကျိုးကျူရှင်းက သက်ပြင်းရှိုက်ရင်း ရေရွတ် လိုက်သည်။

"ဘုန်း…"

သို့သော်လည်း သူ အံ့အားသင့်၍ မဆုံးသေးခင်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ပိုမို ပြင်းထန်စွာ ပေါက်ကွဲ သွားပြန်၏။ ထိုပေါက်ကွဲမှုမှာ အလွန် ပြင်းထန်ရကား သူ၏ ဦးခေါင်းမှ လွဲ၍ အရာ အားလုံးမှာ သွေးမှုန်စများ အဖြစ် ပြောင်းလဲ သွားသည်။

"ရှဲ… ရှဲ…"

ကမ္ဘာသစ်ပင်၏ ထောက်ပံ့မှု အောက်၌ ချန်းဖန်၏ ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ ပြန်လည် ဖွဲ့စည်း လာပြန်၏။ ကျိုးကျူရှင်းကား ချန်းဖန်၏ နောက်တဖန် ပြန်လည် ဖွဲ့စည်းလာသော ခန္ဓာကိုယ်ကို ကြည့်၍ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာပင် အသုံးမဝင်တော့ဟု တွေးလိုက်မိသည်။

သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်လေ၏။

"ဘုန်း… ဘုန်း… ဘုန်း…"

"ငါးကြိမ်မြောက်… ခြောက်ကြိမ်မြောက်… ခုနစ်ကြိမ်မြောက်…"

ပေါက်ကွဲမှု တစ်ခု ပြီးတိုင်း ကမ္ဘာ သစ်ပင်သည် ချန်းဖန်၏ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းပေးမြဲ ဖြစ်သည်။ နောက်ဆုံး ပေါက်ကွဲမှုများ၌ ဆိုလျှင် ၎င်းသည် ချန်းဖန်၏ ခန္ဓာကိုယ်ကို မော်လီကျူးများ အဖြစ်မှ ပြန်လည် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်၏။

ချန်းဖန် ကဲ့သို့ ပြန်လည် ဖွဲ့စည်းနိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် ရွှေအမြုတေ အဆင့် ဤလောက၌ ရှိမည် မထင်ချေ။ ထရီလျံ ချီသော အစိတ်အပိုင်းများ အဖြစ်မှ ပြန်လည် ဖွဲ့စည်းခြင်း… ထိုအရာကား ကြားရရုံဖြင့်ပင် ရူးနိုင်လောက်သော သတင်း ဖြစ်သည်။

"ဟူး…"

ချန်းဖန်၏ ခန္ဓာကိုယ်သည် ကိုးကြိမ်မြောက် ပြန်လည် ဖွဲ့စည်းလာ၏။ မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် ဆံနွယ်စများ၊ ကြွက်သားများ၊ အရေပြားများ စသည်ဖြင့် နေသားတကျ ပြည့်စုံစွာ ပြန်လည် တပ်ဆင်သည်။ အရေပြား၌ စီးဆင်းနေသည့် အနက်ရောင် အလင်း တစ်ခုမှာလည်း အဇူရာရောင်သို့ ပြောင်းလဲ၏။

မိန်းကလေး သုံးယောက်ကား ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေကြပြီ ဖြစ်လေသည်။

"ဒါက… ဘယ်တော့မှ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်လား… ဒဏ္ဍာရီတွေ အရဆို ကောင်းကင် အရှင်တွေရဲ့ ခန္ဓာကိုယ်က ဘယ်တော့မှ မသေဆုံးဘူးတဲ့… နောက်ဆုံးတော့ အဲဒါရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတာ ငါမြင်ရပြီ"

ကျိုးကျူရှင်း၏ လက်များသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေကာ သူ၏ မျက်လုံးများမှာ ချန်းဖန်ကို ငေးမောကြည့် နေ၏။ သူသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့် တစ်ယောက် ဖြစ်ပြီး ကောင်းကင် အရှင် တစ်ယောက် ဖြစ်လာရန်မှာ သူ့ဘဝ ရည်မှန်းချက် ဖြစ်သည်။ သူသည် ချန်းဖန်၏ နောက်ကို လိုက်ရင်း သူ၏ ရည်မှန်းချက်မှာ ပို၍ နီးကပ်လာသလို ခံစား လိုက်မိ၏။

တစ်ချိန်တည်း၌ ချန်းဖန်သည် ကောင်းကင်သို့ မမှိတ်မသုံ ‌ကြည့်နေခဲ့သည်။

"ဘုန်း…"

အဇူရာ မိုးကြိုးတိမ်တိုက်များနှင့် အတူ မိုးကြိုးကပ်ဘေးကား ရောက်ရှိလာတော့မည် ဖြစ်သည်။

"ကောင်းတယ်ဟေ့…"

ချန်းဖန်က အော်ဟစ် ရယ်မော လိုက်၏။ ထို့နောက် သူက မိုးကြိုး တိမ်တိုက်များ ထံသို့ ပျံတက်ကာ ခန္ဓာကိုယ်အား ဖွင့်လှစ်၍ ယီသစ်သား ဒြပ်စင် လျှပ်စီးများကို ကျရောက်ခွင့် ပြုလိုက်သည်။ ကမ္ဘာ သစ်ပင်၏ ကုစားမှုတွင် လျှပ်စီးများကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများသည် ချက်ချင်းပင် ပြန်လည် ပျောက်ကင်း နေခဲ့လေ၏။

မိုးကြိုးကပ်ဘေး၏ ပြုပြင်မှု၌ ချန်းဖန်၏ ခန္ဓာကိုယ်သည် ပို၍ပင် အစွမ်းထက် လာ နေခဲ့သည်။

အဆုံး၌ သူ၏ ခန္ဓာကိုယ်၌ တောက်ပနေသော အဇူရာ အလင်းသည် မှေးမှိန် ပျောက်ကွယ် လာ၏။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ သွေးများမှာလည်း အဇူရာရောင်မှ ‌အနီရောင်သို့ ပြန်လည် ပြောင်းသွားခဲ့သည်။ သူကား မကြာခင်၌ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ပြည့်စုံစေနိုင်တော့မည် ဖြစ်သည်။

"ခရက်…"

ထိုအခိုက်အတန့်မှာပင် ရုတ်တရက် အနက်ရောင် ဓားအလင်း တစ်ခုသည် ကောင်းကင်ကို ထက်ပိုင်းကာ ချန်းဖန်ထံသို့ ကျဆင်းလာ၏။ ထိုဓားအလင်းသည် နတ်ဆိုးအရှင်၏ အရှိန်အဝါကို သယ်ဆောင်ထားကာ မီတာ တစ်သောင်းခန့် ရှည်လျားလေသည်။

ဓား၏ လမ်းတစ်လျှောက်၌ တောင်တန်းများသည် ထက်ပိုင်းပြတ်ကာ လေထုမှာလည်း ကွဲအက်ရ၏။

"ဝှစ်…"

ချန်းဖန်၏ ခန္ဓာကိုယ်သည် မူလ နေရာမှ ပျောက်ကွယ်သွားကာ မိုင်အနည်းငယ် အကွာ၌ ပြန်လည် ပေါ်လာခဲ့သည်။ သို့သော်လည်း သူ၏ လှုပ်ရှားမှုမှာ အနည်းငယ် နောက်ကျ သွားရကား သူ၏ ခန္ဓာကိုယ်၌ ‌ဒဏ်ရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အလစ် တိုက်ခိုက်မှုသည် သူ၏ ညာဘက် ပခုံးမှ နေ၍ ဘယ်ဘက် ဝမ်းဗိုက်တိုင် ရှည်လျား၏။ ထိုအရာကား ချန်းဖန်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်လု နီးပါး အထိ ခုတ်ပိုင်းသွားခဲ့ခြင်း ဖြစ်သည်။

***

All Chapters