ကိုယ့်ထောင်ချုပ်တွင် ကိုယ်တိုင်မိခြင်း
Vol. 020 Ch. 1905
သိမ်းငှက်နက်က မသင့်တော်သော မှတ်ချက်အား ပြောဆိုမိရာ ဖီးနစ်က သူ့အား ဒေါသထွက်သည်မှာ ဖြစ်သင့်ပေသည်။ သို့သော်လည်း ထိုလူများနှင့် မည်သို့သက်ဆိုင်သနည်း။
“သူက မလေးမစားပြောတာ မသင့်တော်ဘူး။ ဒါပေမဲ့ သူ့အမှားအတွက် သေသင့်လို့လား” ရီဖူရှင်းက ထိုလူကို ကြည့်ကာ ပြောသည်။ သူ၏အသံက အေးစက်နေသည်။
“သေချာတာပေါ့” ထန်ဟိုင်ကုန်းမြေမှ တန်ခိုးရှင်က ပြန်ပြောသည်။
“သူ အသတ်ခံရသင့်တယ်” နောက်လူတစ်ယောက်ကလည်း ပြောသည် “ဝူထုံကျွန်းက တခြားနေရာများနှင့် မတူပေ။ သူတို့အားလုံးက တောင်းဆိုမှုတစ်ခုအတွက် ရောက်လာခြင်းဖြစ်သည်။ ဖီးနစ်က သူတို့အား အလေးမထားရာ သူမကို ချဉ်းကပ်ရန် အခွင့်အလမ်းတစ်ခု လိုနေသည်။ ယခု သိမ်းငှက်နက် မလေးမစား စကားပြောဆိုရာ သူ့အား သတ်ဖြတ်ကာ သူမအား မျက်နှာလုပ်နိုင်သည်။
“ဒါဆိုရင်လည်း ကျုပ်ရဲ့ စီးတော်သားရဲကို မလေးမစားလုပ်တဲ့အတွက် မင်းတို့အားလုံး သေသင့်တယ်” ရီဖူရှင်းက သူတို့အား ကြည့်ကာ အေးစက်စွာ ပြောသည်။
“မကောင်းဆိုးဝါးတိရိစ္ဆာန်တစ်ကောင်က ထိုက်တန်လို့လား” ထန်ဟိုင်ကုန်းမြေမှ တန်ခိုးရှင်က နှာခေါင်းရှုံ့သည်။
သူက ပြောရင်းဖြင့် စွမ်းအားများကို ထုတ်လွှတ်ကာ ရီဖူရှင်းတို့အား ဖိအားပေးလာသည်။ ရီဖူရှင်းတို့သည်လည်း အဆင့်မြင့်အင်အားစုတစ်ခုမှ ဖြစ်နိုင်သည်ကို သူသိသော်လည်း သူတို့က သိပ်အလေးမထားပေ။ သူတို့သည် ထန်ဟိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုတစ်ခုမှ လာခြင်းဖြစ်သည်။
သူက သိမ်းငှက်နက်ရှိရာသို့ လေထုအား ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်တွင် ပြင်းထန်သော မီးလျှံများပေါ်လာကာ ဧရာမမီးလက်ဝါးသည် အောက်ကို ကျဆင်းလာ၏။
သူက အမှန်တကယ် တိုက်ခိုက်လိုက်သည်။
အနီးအနားမှ တန်ခိုးရှင်များအားလုံး အံ့အားသင့်သွားကြသည်။ ထန်ဟိုင်ကုန်းမြေမှ လူများက ထိုမျှ ဆုံးဖြတ်ချက် ပြတ်သားမည်ဟု မထင်ထားကြပေ။
ထန်ဟိုင်ကုန်းမြေမှ တန်ခိုးရှင်ကား အဆင့်ရှစ်ရန်ဟောင်ဖြစ်သည်။ မီးတောက်လက်ဝါးသည် သိမ်းငှက်နက်ရှိရာသို့ ဆင်းသက်လာ၏။ ထိုစဉ် လူရိပ်တစ်ခုသည် ရှေ့ကိုတက်လာကာ မီးတောက်အား ကာကွယ်သည်။ မိုးကြိုးအလင်းတန်းများသည် မီးလက်ဝါးကို လာရောက်ဖြတ်သန်းကာ အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားစေ၏။
နှစ်ဘက်တိုက်ခိုက်သည်ကိုမြင်လျှင် ဖီးနစ် ငြိမ်သက်သွားသည်။ သူမ၏မီးတောက်မျက်လုံးများသည်ကား တိုက်ပွဲကို မဆိုင်သလို ကြည့်နေ၏။
“သားရဲကို ထုတ်ပေး... ဒါဆို ကျုပ်တို့က ဒီကိစ္စကို မသိသလို နေပေးမယ်” ထန်ဟိုင်ကုန်းမြေမှ ရန်ဟောင်က လေထဲတွင် မီးတောက်များရစ်ပတ်လျှက် ပြောသည်။
ရီဖူရှင်းက တစ်ဘက်လူအား ကြည့်သည်။ သည်လူများကား အမှန်တကယ် ဟာသမြောက်၏။
“စီနီယာပေ့ကုန်း... သူတို့ထပ်ပြီး တိုက်ခိုက်ရင် သတ်လိုက်...” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
“ကောင်းပါပြီ အိမ်တော်သခင်...” ပေ့ကုန်းအော့က ပြောသည်။ သူက ရီဖူရှင်းအား အိမ်တော်သခင်ဟု ခေါ်သည်ကိုကြားလျှင် တစ်ဘက်မှလူများ၏အမူအရာက ပြောင်းလဲသွားသည်။ ရီဖူရှင်းက အိမ်တော်သခင်လား...။
သူက ကုန်းမြေတစ်ခုမှ ထိပ်သီးအင်အားစုတစ်ခုကို ဆက်ခံထားသည်လား။
ဤသည်က ဖြစ်နိုင်ချေ နည်းလှသည်။
သတ်ဖြတ်မည်တဲ့လား...။
တစ်ဘက်ရန်ဟောင်၏နတ်အာရုံသည် ကောင်းကင်ကို ဖုံးအုပ်သွားသည်။ ပိုမိုပြင်းထန်သော မီးလျှံများသည် ပေါက်ကွဲထွက်လာကာ လေထုသည် မီးတောက်အစီအရင်တစ်ခုဖြစ်လာပြီး အရာအားလုံးကို သန့်စင်၏။
ထိုအစီအရင်အတွင်း၌ မရေမတွက်နိုင်သော ရှေးဟောင်းသင်္ကေတများဖြစ်ပေါ်လာ၏။ ၄င်းတို့သည် ကြောက်မက်ဖွယ် ဖျက်ဆီးအားများကို သယ်ဆောင်ထားကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းတို့အားလုံးမှာ မီးတောက်အစီအရင်ထဲ၌ ပိတ်မိသွားပြီး မီးလျှံများဖြင့် လောင်မြိုက်ခံရတော့မည့်အလားဖြစ်လာသည်။
“အတင့်ရဲတယ်...”
ပေ့ကုန်းအော့ကလည်း မဟာလမ်းစဉ်စွမ်းအားကို ထုတ်ဖော်၏။ မိုးကြိုးနတ်ဘုရားတစ်ပါး လေထဲပေါ်လာကာ ကောင်းကင်တွင် မရေမတွက်နိုင်သော လျှပ်စီးတန်းများဖြစ်ပေါ်လာသည်။ ၄င်းတို့သည် မိုးကြိုးအရံအတားသဖွယ်ဖြစ်လာပြီး မီးတောက်များအား ရီဖူရှင်းထံသို့သို့ မရောက်စေရန် ကာကွယ်ပေးသည်။
ဘုန်း...
မိုးကြိုးလျှပ်စီးများဆင်းသက်လာကာ တစ်ဘက်တန်ခိုးရှင်ထံသို့ ပြေးဝင်သွားကြသည်။ နှစ်ဘက်လုံးတွင် တူညီသော အရေအတွက်ရှိပေသည်။ အရှေ့နတ်ဘုရားတံဆိပ်သည် လူဆယ်ယောက်ကိုသာ ခေါ်ဆောင်ခွင့်ပြုသည်။
အနီးအနားမှ တန်ခိုးရှင်များအားလုံးက နေရာဖယ်ပေးကြသည်။ တချိန်တည်းတွင် သူတို့က စွမ်းအားများကို ထုတ်ကာ တိုက်ပွဲလှိုင်းများကို ခုခံကာကွယ်ကြရ၏။
ဟူး...
ပေ့ကုန်းအော့သည် အလင်းတန်းအသွင်သို့ တိုက်ရိုက်ပြောင်းလဲသွားကာ တစ်ဘက်လူထံသို့ ပျံသန်းသွားသည်။ သူကား သာမန်မျက်လုံးဖြင့် လိုက်မှီရန်ပင် ခက်ခဲအောင် မြန်ဆန်၏။ ဘန်းခနဲမြည်သံနှင့်အတူ အလင်းတန်းသည် ကောင်းကင်သို့ ပျံတက်သွားသည်။ သူတို့၏ခန္ဓာကိုယ်များသည် ကောင်းကင်သို့ တက်သွားကာ မဟာလမ်းစဉ်၏အစီအရင်သည်လည်း ကောင်းကင်သို့ ပျံတက်သွား၏။
ချက်ချင်းပင် ဖျက်ဆီးအား အရှိန်အဝါ ပျောက်ကွယ်သွားသည်။ ကောင်းကင်တွင် လူနှစ်ယောက် ပေါ်လာ၏။ တစ်ဘက်လူက ဂရုမစိုက်ပေ။ ပေ့ကုန်းအော့အား တိုက်ခိုက်နိုင်သည့် အင်အား သူတို့တွင် ရှိပေသည်။ ထို့အပြင် သူတို့အုပ်စုသည် ရီဖူရှင်းတို့ထက် သန်မာ၏။
သို့သော်လည်း ပေ့ကုန်းအော့၏အတွေးထဲတွင် ရီဖူရှင်း၏စွမ်းအားဖြင့် တစ်ဘက်အုပ်စုကို အလွယ် အသာစီးရနိုင်သည်။
တခြားသော တန်ခိုးရှင်များက ရီဖူရှင်းထံသို့ တိုက်ရိုက်ရောက်လာကြသည်။ သူတို့အထဲတွင် သတ္တမအဆင့်ရန်ဟောင် နှစ်ဦး ပါဝင်သည်။ အင်ပါယာဟယ်လျန်သည်လည်း ရှေ့တက်ကာ ရင်ဆိုင်သည်။ ရီဖူရှင်းက နောက်နားတွင် မဆိုင်သလို ရပ်နေသော ရန်တုံ့ချင်းအား ပြောသည် “စီနီယာရန်...ကျေးဇူးပဲ”
ရီဖူရှင်းစကားကိုကြားလျှင် ရန်တုံ့ချင်းသည် အံ့ကြိတ်ကာ တိုက်ခိုက်ရန် ပြင်သည်။ သူကား ရီဖူရှင်းနောက်ကို တချိန်လုံးလိုက်နေရာ ယခု အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
ရီဖူရှင်းသည် အလွန်ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းသည်ဟု တွေ့ရှိလာရသည်။ သူသည် တကယ့်ခွန်အားအစစ်အမှန်ကို မထုတ်ဖော်သော်လည်း သတ္တမအဆင့်ရန်ဟောင်တစ်ဦးနှင့်တိုက်ခိုက်ရန် အခက်အခဲမရှိဟု သူခံစားရသည်။
တခြားလူများကလည်း စတင်တိုက်ခိုက်ကြလျှင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။ ဖီးနစ်အား ဖိတ်ကြားခဲ့သောလူငယ်က ရီဖူရှင်းတို့အား လှမ်းကြည့်သည်။ သူ့တွင် ထူးခြားသောအရှိန်အဝါရှိကာ မောက်မာသော မျက်လုံးများရှိ၏။ သူက အဆင့်နိမ့်သူများအား ဂရုမစိုက်သည့်အလား...။
ကြောက်မက်ဖွယ်ကောင်းသော မီးတောက်တစ်ခု ဖြစ်ပေါ်လာကာ မဟာလမ်းစဉ်၏မီးပြင်းဖိုတစ်ခုသည် သူ့နောက်၌ ပေါ်လာ၏။
ထိုမီးပြင်းဖိုကား သူ၏နတ်ဝင်ရိုးဖြစ်ကာ ၄င်းက ဝိညာဉ်လက်နက်နှင့်ပေါင်းစပ်လျှက် မီးတောက်ကို သန့်စင်ကာ သူ့ကို ပိုမိုသန်မာစေသည်။
ရွှေရောင်မီးတောက်များသည် ပြင်းထန်သော အပူရှိန်ကို ပိုင်ဆိုင်ပြီး ဖြတ်သန်းသွားသမျှ အရည်ပျော်စေနိုင်၏။ ချက်ချင်းပင် သူ့အား ဗဟိုပြုကာ မီးပင်လယ်တမျှ မီးလျှံများသည် ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ထံသို့ ဝါးမျိုရန် ပျံ့လွင့်လာသည်။ သူ၏ထီမထင်သော မျက်နှာတွင် အေးစက်သော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။
သို့သော်လည်း ရီဖူရှင်းနောက်မှ သိမ်းငှက်နက်ကား သူ့ကို သနားစဖွယ်ကောင်းသည့်လူအလား ကြည့်နေသည်။
{သည်အကောင်က သူ့ဆရာကို တိုက်ခိုက်ရဲသည်။ သူက အဆင့်နိမ့်ရန်ဟောင်မျှသာ။ သူ့တွင် အက်ကြောင်းမဲ့ဝင်ရိုးရှိသောကြောင့် မိမိကိုယ်ကိုယ် ပြိုင်စံရှားပြီဟု ထင်နေဟန်ရသည်။ မည်မျှ သနားစရာကောင်းလိုက်သနည်း။ သူကား မည်သို့ သေဆုံးသွားမည်ကိုပင် သိလိုက်မည် မဟုတ်ပေ။}
ရီဖူရှင်းက သူ့ထံသို့ တိုးဝင်လာသော မီးတောက်များအား တစ်ချက်ကြည့်၏။ သို့သော်လည်း မီးတောက်များကား သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ပေ။
ဝှစ်...
ထိုအခိုက်တွင် အလွန်တရာ စူးရှပြင်းထန်သော ဓားအလင်းတစ်ခု လေထဲဖြစ်ပေါ်လာကာ တစ်ဘက်လူထံသို့ တိုးဝင်သွားသည်။ တစ်ဘက်လူသည် ချက်ချင်းပင် အန္တရာယ်၏အငွေ့အသက်များကို ခံစားလိုက်ရသည်။
ဓားသည် လေထုကို ဖြတ်ပြေးသွားကာ တစ်ဘက်လူအား ထွင်းဖောက်သွား၏။ ၄င်းကား တားဆီးသော နတ်ဝင်ရိုးမှာလည်း အစိတ်စိတ်ကွဲထွက်သွားသည်။
ဘန်း...
ရန်ဟောင်လူငယ်၏မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။ သူ့ပါးစပ်မှ သွေးများစီးကျလာ၏။ သူ၏ခေါင်းထဲကို အတွေးတစ်ခု ဝင်ရောက်လာသည်။ မည်သို့ ဖြစ်နိုင်မည်နည်း။
သူ၏ပြီးပြည့်စုံသောဝင်ရိုးသည် ဓားတစ်ချက်ကိုပင် မခံနိုင်။
သို့သော်လည်း သူကား ထိုမျှသာ တွေးနိုင်သည်။ ဓားက သူ့အား ဖြတ်သန်းသွားပြီးနောက်တွင် သူ့ခန္ဓာကိုယ်သည် ဓားစွမ်းအားများ ရုန့်ရမ်းစွာ လှိုက်စားကြပြီး မကြာခင် သူသည် တဆတ်ဆတ်တုန်လာသည်။
“မဟုတ်ဘူး...”
ထိုအခိုက်တွင် သူသည် အပိုင်းပိုင်းအစစ ဖြစ်သွားကာ လေထဲ အမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွားတော့သည်။
ပတ်ဝန်းကျင်မှလူများအားလုံးမှာ မင်တက်နေကြသည်။ သူတို့က မည်သို့ဖြစ်သွားသည်ကိုပင် နားမလည်လိုက်ကြ။ ထန်ဟိုင်ကုန်းမြေမှ ထိပ်သီးအင်အားစု၏ဆက်ခံသူတစ်ဦးက ဤသို့ သေဆုံးသွားသည်လား။
အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်၊ ပါရမီရှင်တစ်ဦး...။ သူက ရီဖူရှင်းအား အလွယ်တကူ ဖိနှိပ်နိုင်မည်ဟု ထင်ခဲ့သည်။ ယခု ဓားတစ်ချက်ဖြင့် အသတ်ခံရ၏။
ထန်ဟိုင်ကုန်းမြေမှ တန်ခိုးရှင်များအားလုံးက တိုက်ခိုက်နေရင်း လူငယ်ပျောက်ကွယ်သွားရာနေရာသို့ လှမ်းကြည့်ကြသည်။ သူတို့အားလုံး၏မျက်နှာများ ပြာနှမ်းသွားကြ၏။ အရာအားလုံးက မြန်ဆန်လွန်းရာ သူတို့ တုန့်ပြန်ရန် နှေးကွေးနေခဲ့ကြသည်။
ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခုကို ကြားရသည်။ ထိပ်သီးတန်ခိုးရှင်နှစ်ဦး တိုက်ခိုက်နေစဉ် ထန်ဟိုင်ကုန်းမြေမှ တန်ခိုးရှင်သည် သူတို့၏ဆက်ခံသူ အသတ်ခံရကြောင်း သိလိုက်၏။ နှစ်ဘက်ထိတွေ့မှုတွင် သူ့ခန္ဓာကိုယ်မှ သွေးများဆူပွက်သွားကာ ပါးစပ်မှ သွေးတစ်လုပ်အန်သည်။
***