ကောင်းကင် ရတနာ
Vol. 10 Ch. 926
"ဘယ်သူလဲ…"
မိန်းကလေး သုံးယောက်မှာ ထိတ်လန့်တကြား ဖြစ်သွားကြ၏။
ယခု အချိန်၌ ချန်းဖန်၏ စွမ်းအားကို မြောက်နတ္ထိနယ် တစ်ခုလုံး မလှန်ဝံ့ချေ။ လော့ချန်ရှန်း ပင်လျှင် သူ၏ ရှေ့၌ လေးစားမှု ပြသရသည်။ သို့တိုင်အောင် သူ့အား မည်သူက လာရောက် တိုက်ခိုက်ဝံ့သနည်း။
သူတို့အား ပို၍ ထိတ်လန့်စေသည်က ချန်းဖန်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာ ဖြစ်သည်။ ချန်းဖန်၏ ခန္ဓာကိုယ်သည် ယခု အခိုက်အတန့်၌ အားနည်း နေသည့်တိုင် တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာထက် ပို၍ မာကျောနေဆဲ ဖြစ်သည်။
"အဲဒါက ကောင်းကင်အရှင် တစ်ယောက်များလား…"
လင်းဝူဟွာက တုန်တုန်ရီရီဖြင့် ရေရွတ် လိုက်၏။
လူတိုင်းကား အလွန်တရာ ရင်ခုန်နေကြပြီ ဖြစ်သည်။ မြောက်နတ္ထိနယ်၌ ကောင်းကင်အရှင် တစ်ယောက် သာလျှင် ရှိပြီး ထိုတစ်ယောက်မှာ ဝမ်မိသားစု၏ အရှင် နက္ခတ်ပင်လယ် ဖြစ်သည်။ အကယ်၍ ၎င်းကသာ ကောင်းကင်အရှင် နက္ခတ် ပင်လယ် ဖြစ်ပါက ထိုအရာမှာ ဝမ်မိသားစုက ချန်းဖန်အား တိုက်ရိုက် စစ်ကြေညာလိုက်ခြင်း ဖြစ်သည်။
"မဖြစ်နိုင်ဘူး… ကောင်းကင်အရှင် နက္ခတ် ပင်လယ်က မြောက်နတ္ထိနယ်က ပျောက်နေတာ ကြာပြီ… သူ ပြန်ရောက်လာတယ်လို့ ဘာသတင်းမှ မကြားမိပါဘူး"
ကျိုးကျူရှင်းက ဆို၏။
ကောင်းကင်အရှင်များသည် အသက် သောင်းချီ နေနိုင်သည့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်သည်။ သူတို့သည် တစ်နေရာတည်းတွင် စောက်ချ နေလေ့မရှိပဲ အမြဲတမ်း လှည့်လည် သွားလာ နေတတ်ကြသည်။ ကောင်းကင်အရှင် နက္ခတ်ပင်လယ် ဝမ်ရှင်းဟယ်သည် သူ၏ နက္ခတ် ကြယ်တာရာ ကျင့်စဉ်များဖြင့် ထင်ရှားပြီး အမြဲတမ်း အာကာသထဲသို့ ခရီးထွက် နေတတ်သူ ဖြစ်သည်။
"ဒါဆို သူက ဝမ်ရှင်းဟယ် မဟုတ်ဘူးပေါ့…"
မိန်းကလေးများမှာ နားမလည်နိုင်အောင် ဖြစ်သွားကြ၏။
"အဲဒီ စွမ်းအားက ကောင်းကင်အရှင် တစ်ယောက်ရဲ့ စွမ်းအား ဖြစ်ပုံ မရဘူး… အဲဒါက တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာနဲ့ နည်းနည်း ဆင်တယ်… နေဦး မဟုတ်သေးဘူး… အဲဒါက ကောင်းကင် ရတနာများလား"
ကျိုးကျူရှင်း၏ မျက်လုံးများက ရုတ်ချည်းပင် အရောင်ပြောင်း သွားလေ၏။
တစ်ချိန်တည်း၌ ကောင်းကင်ရှိ တိမ်တိုက်များ အကြားတွင်…
အနီရောင် သွေးစက်များသည် ချန်းဖန်၏ ခန္ဓာကိုယ်မှ တစ်စက်ပြီး တစ်စက် ကျဆင်းနေ၏။ သို့သော်လည်း ကမ္ဘာသစ်ပင်၏ ကုစားမှု အောက်၌ မျက်စိ တစ်မှိတ် အတွင်းမှာပင် ထိုဒဏ်ရာက ပြန်လည် သက်သာ လာခဲ့သည်။
ချန်းဖန်သည် အပေါ်သို့ မော့ကာ သူ့အား တိုက်ခိုက်လာသည့် လက်နက်အား ကြည့်လိုက်သည်။ ၎င်းသည် လူသား ဝိညာဉ်တို့ကို ပိုင်းဖြတ်နိုင်သည့် ကောက်ရိတ်ဓားနှင့် ဆင်တူ၏။ ၎င်း၏ ကိုယ်ထည်ကမူ ဘလက်ဟိုးနှင့် ဆင်တူသည့် အနက်ရောင် အလင်း တစ်ခုကို ထုတ်လွှတ် နေ၏။ ချန်းဖန်သည် ထိုဓားကို ကြည့်ကာ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်နှင့် ရင်ဆိုင်ရသည့် အလား ခံစား လိုက်ရသည်။
"ကောင်းလိုက်တဲ့ဓား…"
ချန်းဖန်က စိတ်လိုလက်ရ ချီးကျူး လိုက်သည်။
ထိုဓားအား ကိုင်ထားသူမှာကား အနက်ရောင်ဝတ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် အသက် လေးဆယ်ခန့် အရွယ် ရှိကာ ဖြူရော်သော မျက်နှာနှင့် ပို၍ ဖြူရော်သော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထား၏။ သူ၏ မျက်နှာကမူ မည်သည့် ခံစားချက်ကိုမျှ ဖော်ပြထားခြင်း မရှိပါချေ။ ချန်းဖန်သည် ဝတ်စုံနက်ကို ကြည့်ကာ သူ၏ စွမ်းအားမှာ ဖန်ချမ့်ကျွယ်၊ ဖန်ချန်းကျိတို့နှင့် ဆင်တူသည်ဟု မှတ်ချက် ချလိုက်မိ၏။
"မင်းက ငါ့ကို ချောင်းပြီး အလစ်တိုက်ရဲတယ်ပေါ့… တကယ် သတ္တိရှိတာပဲ… မင်းနာမည်က ဘယ်သူလဲ"
ချန်းဖန်က အေးဆေးစွာပင် ဝတ်စုံနက်အား မေးလိုက်၏။
"ဖန်ကျိချူ…"
ဝတ်စုံနက်က တိတ်တဆိတ် ဆိုသည်။
"ဖန်ကျိချူ… ဟုတ်လား…"
ကျိုးကျူရှင်းမှာ ထိုနာမည်ကို ကြားပြီးနောက် အနည်းငယ် တုန်ရီသွားသည်။
"သူက ဖန်မိသားစုရဲ့ ဒဏ္ဍာရီလာ ပါရမီရှင်ပဲ… သူက အခုဆို အနည်းဆုံး နှစ်ငါးထောင်လောက် အသက်ရှင် ပြီးပြီ… သူက ကောင်းကင်အရှင် နက္ခတ် ပင်လယ်ရဲ့ မိတ်ဆွေဟောင်း ဖြစ်သလို ရန်သူဟောင်းလည်း ဖြစ်တယ်… သူတို့ နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုက အရှင် နက္ခတ် ပင်လယ် အခြေတည် ဝိညာဉ် အဆင့်ကို တက်တော့မှ ရပ်တန့် သွားခဲ့တာ"
ကျိုးကျူရှင်း၏ စကားကို ကြားပြီးနောက် လင်းဝူဟွာနှင့် မူဟုန်တိတို့မှာ ဆွံ့အ သွားခဲ့သည်။ အကယ်၍ ထိုဝတ်စုံနက်သာ ကောင်းကင် အရှင် နက္ခတ် ပင်လယ်၏ ပြိုင်ဘက် ဖြစ်ခဲ့သည် ဆိုပါက အလွန် အစွမ်းထက်မည်မှာ သေချာပေသည်။
"သတိထားပါ သခင်… ဖန်ကျိချူက လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းလောက်တည်းက ကောင်းကင် အရှင် ဖြစ်ဖို့ နီးကပ်နေပြီ… သူ အခု ဘယ်လောက် အစွမ်းထက်လဲ ဘယ်သူမှ မသိနိုင်ဘူး… သူ့ရဲ့ လက်ထဲက ဓားက ပျောက်ပျက်ခြင်း ကောင်းကင် ရတနာဓားလို့ ခေါ်တယ်… အဲဒါကို မရဏပြည်ရဲ့ အနက်ရောင် သံနဲ့ လုပ်ထားပြီးတော့ အေးခဲ ငရဲရဲ့ အဆင့်ကိုး အေးခဲ မုန်တိုင်းနဲ့ သန့်စင်ထားတာ… အဲဒါက အာကာသကိုတောင် လှီးနိုင်တဲ့ အထိ အစွမ်းထက်တယ်"
ကျိုးကျူရှင်းက ချန်းဖန်အား အော်ဟစ်ကာ သတိပေးလိုက်သည်။
"သူက ဝမ်ရှင်းဟယ်ကိုတောင် မနိုင်ဘူးပေါ့"
ချန်းဖန်က ဂရုမစိုက်ဟန် ခပ်လေးလေး ရယ်မော လိုက်၏။
"မင်းက သေချင်နေတာပဲ…"
ဖန်ကျိချူ၏ မျက်လုံးများက အလွန်အမင်း အေးစက် လာသည်။
ထို့နောက် သူက ဓားကို ဝှေ့ယမ်းကာ အရိပ် တစ်ခု အဖြစ် ပျောက်ကွယ်သွား၏။ စက္ကန့်ဝက်မျှ အကြာ၌ သူက ချန်းဖန်၏ အနောက်၌ ပြန်လည် ပေါ်လာသည်။ ထို့နောက် သူက အနက်ရောင် ဓားဖြင့် တိုက်ရိုက် ပိုင်းချလိုက်လေသည်။
"ကလန့်…"
ထိုတိုက်ခိုက်မှုကား မည်သို့မျှ မျှော်လင့် မထားသည့် ရှု့ဒေါင့်မှ ကျဆင်း လာခြင်း ဖြစ်သည်။
ချန်းဖန်သည် ဘေးသို့ တစ်လှမ်းလှမ်းကာ လက်ကို မြှောက်၍ တိုက်ခိုက်မှုကို တားဆီး လိုက်၏။
"ဘုန်း…"
ဖန်ကျိချူသည် တစ်ကြိမ် တိုက်ခိုက်ပြီးသည်နှင့် တစ္ဆေ တစ်ကောင် အလား ပြန်လည် ပျောက်ကွယ် သွားကာ အခြား ရှု့ဒေါင့် တစ်ခုမှ ဝင်ရောက် တိုက်ခိုက် ပြန်သည်။
"ကလန့်…"
"ကလန့်…"
မျက်စိ တစ်မှိတ် အတွင်းမှာပင် ချန်းဖန်ထံသို့ များစွာသော တိုက်ခိုက်မှုများ ရောက်ရှိ လာခဲ့၏။
ဓားချက် တစ်ချက်စီတိုင်းကို ကာကွယ်ရာ၌ ချန်းဖန်၏ လက်များမှာ ခန္ဓာကိုယ်မှ ပြတ်ထွက် သွားစမြဲ ဖြစ်သည်။ ၎င်းတို့က လျှင်မြန်စွာ ပြန်လည် ပေါ်လာနေသည့်တိုင် ထိုအရာက ချန်းဖန် အတွက် ကြီးမားသော ဒဏ်ရာများစွာ ရရှိသည့် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
"ဂရုစိုက်ပါ စီနီယာချန်း…"
လင်းဝူဟွာနှင့် မူဟုန်တိတို့က စိုးရိမ်တကြီး အော်ဟစ် လိုက်ကြ၏။
"ကလန့်…"
ချန်းဖန်သည် အခြား တိုက်ခိုက်မှု တစ်ခုကို ပခုံးဖြင့် ခံပေးလိုက်ပြန်၏။ ၎င်းက ချန်းဖန်၏ အရေပြားကို ဖြတ်လှီးကာ အရိုးကိုပင် အက်ကွဲ သွားစေသည်။ သို့သော်လည်း ထိုအချိန်က ချန်းဖန် အတွက် အခြား လက်တစ်ဖက်ဖြင့် ကောင်းကင် ခုတ်ပိုင်းခြင်း နတ်ဆိုးဓားကို ဆွဲထုတ်ရန် လုံလောက်ပေသည်။
"ကလန့်…"
ဓား လက်ထဲသို့ ရောက်သည်နှင့် ချန်းဖန်၏ အရှိန်အဝါသည် ပြိုင်ဘက်ကင်း ဓားသမား တစ်ယောက် အလား ပြောင်းလဲ သွားသည်။ သူသည် ဓားကို ဝှေ့ယမ်းကာ ပျောက်ပျက်ခြင်း ကောင်းကင်ဓား၏ တိုက်ခိုက်မှု အချို့ကို တားဆီး လိုက်၏။
ချန်းဖန်သည် မိုးကြိုးကပ်ဘေးကို ရင်ဆိုင် နေရရာ သူ၏ စွမ်းအား တစ်ဝက်ခန့်ကို လျှပ်စီးများအား ခုခံရာ၌ အသုံးပြု နေရသည်။ သို့သော်လည်း ဖန်ကျိချူသည် သူ့အား အားပြန်ဖြည့်ရန် အချိန် မပေးခဲ့ချေ။ သူသည် ကောင်းကင်ရတနာ၏ အားကိုးဖြင့် ချန်းဖန်အား တရစပ် တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ချန်းဖန်၏ လက်နက် ပေါ်ထွက်လာမှုက တိုက်ပွဲ ချိန်ခွင်လျှာကို ပြန်လည် တည်ငြိမ် သွားစေ၏။
"ကလန့်…"
နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ အပြီး၌ ဖန်ကျိချူမှာ နောက်သို့ပင် ဆုတ်ခွာ လိုက်ရ၏။ ချန်းဖန်မှာမူ မူလ နေရာ၌ ရပ်နေဆဲ ဖြစ်သည်။
"သက်သက် အချိန်ဖြုန်း နေတာပဲ… မင်းက ကောင်းကင်အရှင် တစ်ယောက် မဖြစ်သေးဘူး… ငါက ကောင်းကင်အရှင်ရဲ့ ခန္ဓာကိုယ်ကို ရပြီးပြီ… မင်း မပြောနဲ့ ဝမ်ရှင်းဟယ်တောင် ငါ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး"
ချန်းဖန်က တည်ငြိမ်စွာ ဆိုလိုက်၏။
"တကယ်လား…"
ဖန်ကျိချူ၏ မျက်လုံးများက အနည်းငယ် မှေးစင်း သွားသည်။ သူက ချက်ချင်းပင် ဓားအား ဝှေ့ယမ်းကာ အထဲရှိ ရတနာ ဝိညာဉ်အား နှိုးလိုက်သည်။
"ရား…"
ရုတ်တရက် အနက်ရောင် ကောင်းကင်ဓားထံမှ ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာကာ ကီလိုမီတာ သုံးထောင် အကွာအဝေးထိ လွင့်ပျံသွား၏။ ထိုဧရိယာ အတွင်းရှိ ကျင့်ကြံသူများသည် ကောင်းကင်သို့ ပျံတက်၍ တိုက်ပွဲ ဖြစ်ပွားရာ အရပ်သို့ လှမ်းမျှော်ကြည့် ကြလေသည်။
"ဘာတွေဖြစ်နေတာလဲ… အဲဒါက ကောင်းကင် ရတနာ တစ်ခုလား… တစ်ယောက်ယောက်က ရှေးဟောင်းဆေး ပြည်နယ်ထဲမှာ ကောင်းကင် ရတနာကို အသုံးပြုလိုက်တာလား"
မျက်စိမှိတ်ကာ ကျင့်ကြံနေသည့် ဆေးသခင်၏ မျက်လုံးများက ရုတ်ချည်းပင် ပွင့်လာသည်။
ကောင်းကင် ရတနာများသည် ကောင်းကင် အရှင် တစ်ပါး ကဲ့သို့ အစွမ်းထက်ကြကာ ကီလိုမီတာ တစ်သောင်း အကွာအဝေးကိုပင် သက်ရောက်စေနိုင်ကြသည်။ ထို့ကြောင့်ပင် မြောက်နတ္ထိနယ်ရှိ မိသားစုတိုင်း လိုလိုမှာ အဖြစ်အပျက်ကို ခံစား သိရှိ လိုက်ကြလေသည်။
"ဖန်မိသားစုက စပြီး လှုပ်ရှား နေပြီ ထင်တယ်"
ဟူယွမ်ရှိုက ပြောသည်။
"ဒါက ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ… တကယ်လို့ သူပါ ချန်းပေ့ရွှမ်းကို မနိုင်ဘူး ဆိုရင် ဝမ်မိသားစု ဝင်ပါမလား ဆိုတာကိုပဲ ငါတို့ စောင့်ရတော့မယ်…"
နင်းမိသားစု ခေါင်းဆောင်ကလည်း ရေရွတ် လိုက်၏။
"ပျောက်ပျက်ခြင်း ကောင်းကင် ဓားရဲ့ အကူအညီနဲ့ ဆိုရင် ဦးလေးဖန်က ကောင်းကင် အရှင် တစ်ပါးလောက် အစွမ်းထက် နေပြီ… သူ ချန်းပေ့ရွှမ်းကို နိုင်လောက်မှာပါ"
ဖန်မိသားစု ခေါင်းဆောင်က သက်ပြင်း တစ်ချက် ချ၏။
ထိုအခိုက်အတန့်၌…
မရေမတွက်နိုင်သော မျက်လုံးများသည် မြောက်နတ္ထိနယ် ရှေးဟောင်းဆေး ပြည်နယ်သို့ စူးစိုက် ကြည့်နေကြလေသည်။
ထိုနေရာရှိ နက်ရှိုင်းသော တောအုပ်ထဲတွင်မူ ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခုသည် နေရာယူနေ၏။ ကောင်းကင်ဓား၏ အနက်ရောင် စွမ်းအားများသည် ကောင်းကင်မှ ရေတံခွန် တစ်ခုအလား သွန်ကျနေသည်။
မြောက်နတ္ထိနယ်၏ ဂန္တဝင်တွင်မည့် တိုက်ပွဲကား စတင်ခဲ့ပြီ ဖြစ်လေသည်။
***