← Chapters

ကောင်းကင် ရတနာကို လက်ဗလာဖြင့် တိုက်ခိုက်ခြင်း

Vol. 10 Ch. 927

ကောင်းကင် ရတနာကို လက်ဗလာဖြင့် တိုက်ခိုက်ခြင်း

Vol. 10 Ch. 927

"ဘုန်း… ဘုန်း…"

မိုးကြိုး ကပ်ဘေးက အဆုံးမဲ့ လျှပ်စီးတန်းများကို ထုတ်လွှတ်၍ ချန်းဖန်အား ပစ်ခတ်နေ၏။

တစ်ချိန်တည်း၌ အနက်ရောင် ဓားအလင်းသည် ကောင်းကင်အား ထက်ပိုင်းပိုင်းသည်။ ၎င်း၏ အောက်၌ တောင်တန်းများသည် လဲပြိုကာ နေမင်း၏ အရှိန်အဝါမှာလည်း ပျောက်ကွယ်သွား၏။

"ကောင်းကင်အရှင် တစ်ပါးရဲ့ အစစ်အမှန် စွမ်းအား…"

ကျိုးကျူရှင်းက ကောင်းကင်သို့ မော့ကြည့်ရင်း ရေရွတ် လိုက်၏။

ကောင်းကင် ရတနာ တစ်ခုသည် နိုးထလာသည်နှင့် အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်၏ စွမ်းအားကို ထုတ်ဖော် နိုင်သည်။ ကျိုးကျူရှင်းသည် သူ၏ ဘဝ တစ်လျှောက်လုံး၌ ထိုသို့သော ဓားစွမ်းအား မျိုးကို မမြင်ခဲ့ဖူးချေ။ ထိုတိုက်ခိုက်မှု၏ ရှေ့မှောက်၌ ဝမ်ရွှမ်လုံ၊ လီချန်းတို့ ပင်လျှင် ပုရွက်ဆိတ်များ ကဲ့သို့ သတ်ဖြတ် ခံရလိမ့်မည် ဖြစ်သည်။

"အဲဒီဓားက တကယ့်ကို ကောင်းကင် ရတနာပဲ… ကျူးဝမ် မျိုးနွယ်ရဲ့ ကောင်းကင် ခုတ်ပိုင်းခြင်း ဓားတောင် သူနဲ့ ယှဉ်ရင် အားနည်းမှာ သေချာတယ်"

လင်းဝူဟွာမှာ ကောင်းကင်ရှိ ကြီးမားသော ဓားအလင်းကို မြင်ကာ စိတ်လှုပ်ရှား လာခဲ့သည်။ တစ်ချိန်တည်း၌ အခြား မိန်းကလေး နှစ်ယောက်မှာမူ တုန်ရီ နေကြပြီ ဖြစ်သည်။ သူတို့သည် ကျိုးကျူရှင်း၏ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် ဓား၏ အရှိန်အဝါတွင်ပင် သေဆုံးသွားလောက်ပြီ ဖြစ်၏။

ချန်းဖန်သည် ကမ္ဘာပျက် မတတ် ဓားချက်၏ မျက်နှာချင်းဆိုင် အရပ်၌ ရပ်ကာ သူ၏ ဓားအား ခုတ်ထစ် လိုက်သည်။

"စကြဝဠာ ဖျက်ဆီးခြင်း…"

ချန်းဖန်သည် ထိုဓားကျင့်စဉ်ကို အရှင် ယွင်ထျန်းဆီမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုဓားကျင့်စဉ်အား တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာနှင့် အတူ သူ၏ ဓမ္မ စွမ်းအားကိုပါ ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်ရာ အလွန် ပြင်းထန် လှ၏။

"ဘုန်း…"

ဓားအလင်း နှစ်ခု ထိပ်တိုက် တွေ့ရာ ပြင်းထန်သော ပေါက်ကွဲသံ တစ်ခု ပေါ်ထွက် လာသည်။သို့သော်လည်း နောက်တစ်စက္ကန့်မျှ အကြာ၌…

"ကလန့်…"

ဓားသည် ကျိုးပဲ့သွားကာ ချန်းဖန်မှာလည်း မြေပြင်သို့ ပြုတ်ကျသွား၏။

"ဘုန်း…"

ကျယ်လောင်သော အသံနှင့် အတူ မြေပြင်၌ ကြီးမားသော အပေါက်ကြီး တစ်ခု ပေါ်ပေါက်လာ၏။ ထိုတိုက်ခိုက်မှုတွင် ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝက် နီးပါးကား ပျက်စီးမတတ် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။ အကယ်၍ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ဝတ်စုံကြောင့်သာ မဟုတ်လျှင် ချန်းဖန်မှာ ယခုထက် ပို၍ ဒဏ်ရာများပင် ရနေလောက်ပြီ ဖြစ်သည်။

"မင်းမှာ နောက်ထပ် တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ တစ်ခု ရှိနေတာပဲ… ငါ့ရဲ့ ဓားချက်ကို တားဆီးနိုင်တာ မဆန်းကြယ်ဘူး… နောက်တစ်ကြိမ် တိုက်ခိုက်မှုကိုရော ထပ်ပြီး ခုခံနိုင်မလား ကြည့်ရသေးတာပေါ့"

ဖန်ကျိချူက ချန်းဖန်အား ငုံ့ကြည့်ကာ ပြောလိုက်၏။

"ဆက်ပြီး တိုက်ခိုက်ကြတာပေါ့…"

ချန်းဖန်က အလင်းတန်း အသွင် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်လာသည်။

သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်သည် ပြည့်စုံခြင်း အဆင့်သို့ ရောက်လုနေပြီ ဖြစ်ရာ ဒဏ်ရာများမှာ မျက်စိ တစ်မှိတ် အတွင်းမှာပင် ပြန်လည် ကောင်းသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ လက်ထဲရှိ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ နှစ်ခုမှာလည်း အပြည့်အဝ နိုးထနေပြီ ဖြစ်ရာ သူသည် အလွန်အမင်း အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။

"အသုံးမဝင်ဘူးကွ…"

ဖန်ကျိချူက လေထု၌ပင် ရပ်ရင်း သူ၏ ဓားအား ညင်သာစွာ ခါယမ်းလိုက်၏။

"ဝှစ်…"

အသံလှိုင်း တစ်ခုသည် ပျောက်ပျက်ခြင်း ကောင်းကင်ဓားမှ ထွက်ပေါ်လာကာ ကောင်းကင် တစ်ခွင်ကို သိမ်းကြုံး ဖြတ်သန်း သွား၏။ ၎င်း၏ ရိုက်ခတ်မှု၌ ချန်းဖန်မှာ နောက်သို့ ခြေလှမ်း တစ်ထောင်ခန့် ပြန်လည် လွင့်စဉ် သွားခဲ့သည်။

သို့သော်လည်း ချန်းဖန်က ချက်ချင်းပင် ရှေ့သို့ ပျံသန်းလာကာ တိုက်ခိုက်ပြန်သည်။

"ဘုန်း… ဘုန်း…"

ကြောက်မက်ဖွယ် လှိုင်းများက လေထု၌ ဖြစ်ပေါ်နေသည်။

များစွာသော ဓားအလင်းများသည် ကောင်းကင်၌ ယှက်ဖြာနေကာ တောင်တန်း များပင်လျှင် လေထဲ၌ လွင့်ပျံနေသည်။ တိုက်ပွဲ၏ ဧရိယာကား မိုင်တစ်ထောင် အထိ ကျယ်ပြန့်လာရာ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ နောက်သို့ ဆုတ်ကာ ရှောင်တိမ်း လိုက်ကြရသည်။

ထိုအချိန် တိုက်ပွဲနှင့် မိုင်သုံးထောင်ခန့် အကွာ၌…

"အကိုလော့… ဘယ်သူနိုင်မယ်လို့ ထင်လဲ"

ခရမ်းရောင် လနတ်သမီးက မေးလိုက်၏။ သူမသည် အစဉ်အမြဲ လှပနေ၏။ သူမ၏ နှုတ်ခမ်းများမှာ ဖူးရွနေကာ သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက် နေသည်။

"ဒီအချိန်မှာ ချန်းပေ့ရွှမ်း အသက်ရှင်နိုင်ပါ့ မလား ဆိုတဲ့ မေးခွန်းကိုပဲ ညီမ မေးသင့်တယ်"

လော့ချန်ရှန်းက ပြောသည်။

"တကယ်ပဲ ကောင်းကင် ရတနာ တစ်ခုက အဲ့လောက် စွမ်းတာလား"

‌ခရမ်းရောင် လနတ်သမီးက မယုံကြည် နိုင်စွာ ရေရွတ်လိုက်၏။

ချန်းဖန်သည် လောကအား ထိန်းချုပ်ကာ မဟာ အကြီးအကဲ ဆယ့်သုံးယောက်ကိုပင် သတ်ဖြတ်ခဲ့သည်။ သူကား ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံးဝင်များနှင့်ပင် နှိုင်းယှဉ်နိုင်သူ ဖြစ်သည်။ ထိုကဲ့သို့သော သူက ကောင်းကင် ရတနာ တစ်ခုကို မတားဆီး နိုင်သည်လား။

"ဘုန်း…"

သူတို့ စကားပြောစဉ်မှာပင် ပျောက်ပျက်ခြင်း ကောင်းကင်ဓားသည် ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝက်ကို ခုတ်ထစ်သွား၏။ ချန်းဖန်၏ အခြေအနေကား အလွန် ဆိုးရွား နေခဲ့ပြီ ဖြစ်သည်။

သူသည် ရှေးဟောင်း နတ်ဆိုး မင်းသား ထက်ပင် ပို၍ အစွမ်းထက်သူ တစ်ယောက် ဖြစ်သော်လည်း ယခုအချိန်၌ သူ၏ စွမ်းအား အများစုမှာ မိုးကြိုးကပ်ဘေး၏ ပိတ်ပင် တားဆီးထားခြင်းကို ခံထားရသည်။ သို့ဖြစ်ရာ ယခု အချိန်၌ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့ကိုယ်သူ မသေဆုံးစေရန် ကြိုးစားခြင်းသာ ဖြစ်လေ၏။

"နှမြောစရာပဲ… သူက ဒုတိယ ကျွင်းအိုချန်း ဖြစ်လာလိမ့်မယ်လို့ ငါ ထင်ထားတာ…"

ခရမ်းရောင် လနတ်သမီးက သက်ပြင်း တစ်ချက် ချလိုက်၏။ သို့သော်လည်း သူမ၏ မျက်လုံးများက ပို၍ပင် တောက်ပ လာနေခဲ့သည်။

လော့ချန်ရှန်းမှာမူ တိတ်ဆိတ် နေ၏။

"ဒီတစ်ကြိမ်မှာ ချန်းပေ့ရွှမ်း တကယ်ပဲ  ‌သေတော့မှာလား…"

မိုင်ပေါင်း သိန်းချီ အကွာအဝေး၌ ကောင်းကင် အရှင် မိသားစု ခေါင်းဆောင်များမှာ ပြုံးနေကြ၏။

"မင်းတို့ကို ငါမပြောဘူးလား… ဦးလေးဖန် ပျောက်ပျက်ခြင်း ကောင်းကင်ဓားကို ကိုင်ထားတဲ့ အခါ ဆိုရင် ကျွင်းအိုချန်းနဲ့ လီဟိုရှင်းတို့တောင် မနိုင်ပါဘူး လို့"

ဖန်မိသားစု ခေါင်းဆောင်က ဝင်ကြွားစွာ ဆို၏။

တစ်ချိန်တည်း၌ တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ နိုးထပြီးသော ကောင်းကင် ရတနာ တစ်ခု၏ စွမ်းအားကား အမှန်တကယ်ပင် ပြင်းထန် လွန်းလှသည်။ ချန်းဖန်သည် ဖန်ကျိချူအား သတ်ဖြတ်ရန် မဆိုထားနှင့်၊ မိမိ မသေဆုံးရန်ပင် မနည်း ခုခံ နေရသည်။

"ဘုန်း…"

ဖန်ကျိချူသည် အဖန်တလဲလဲ ခုတ်ထစ် နေ၏။ ပျောက်ပျက်ခြင်း ကောင်းကင်ဓားသည် လေဟာနယ်ကို ခွဲဖျက်ကာ ဓားအလင်းများကို အဆက်အပြတ် ထုတ်လွှတ်နေသည်။

"ကလန့်…"

နောက်ဆုံး၌ ချန်းဖန်၏ လက်ထဲရှိ ကောင်းကင် ခုတ်ပိုင်းခြင်း နတ်ဆိုးဓားသည် အပိုင်းပိုင်း ပြတ်တောက် သွားတော့၏။ မည်သို့ပင် ဆိုစေကာမူ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာမှာ ကောင်းကင် ရတနာ တစ်ခုအား ယှဉ်ရန် အားနည်းလွန်းပေသည်။

"လာစမ်း…"

ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ထဲမှ အနီရောင် လှံတစ်ခုအား ထုတ်ယူ၍ မီးပျံလွှားငှက် အဖြစ် ပြောင်းလဲကာ ဖန်ကျိချူထံ ပစ်လွှတ် လိုက်သည်။

"အဲဒါက ငါတို့ရဲ့ အနီရောင် ပျံလွှားလှံ မလား…"

နင်းမိသားစု ခေါင်းဆောင်မှာ ကြည့်ကာ ဆွံ့အ သွား၏။ သူတို့သည် နောက်ဆုံး တိုက်ပွဲ၌ ထိုတစ်ဝက်တစ်ပျက် ကောင်းကင် ရတနာကို ချန်းဖန်ထံ၌ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

"ဒါပေမဲ့ ထိန်းချုပ်တဲ့ ကျင့်စဉ် မရှိပဲ ဘယ်လိုလုပ်ပြီး သူက လှံကို အပြည့်အဝ နှိုးနိုင်ရတာလဲ"

သူက နားမလည်စွာ ရေရွတ် လိုက်သည်။ သူ မသိသည့် အရာကား ချန်းဖန်မှာ ကျင့်ကြံခြင်း စကြဝဠာကို စိုးမိုးခဲ့သည့် မြောက်ပိုင်း ကောင်းကင်အရှင် တစ်ယောက် ဖြစ်ခဲ့သည် ဆိုခြင်းကိုပင်။

"ဝှစ်…"

မီးပျံလွှားငှက်သည် အရှိန်ပြင်းစွာ လောင်ကျွမ်းရင်း ဖန်ကျိချူ ထံသို့ တိုးဝင် သွား၏။ ၎င်းကား တောက်ပသော အနီရောင် အလင်းကို ထုတ်လွှတ်ကာ နင်းမိသားစု မဟာ အကြီးအကဲ အသုံးပြုစဉ်ကထက်ပင် ပို၍ အစွမ်းထက် နေပုံ ရသည်။

သို့သော်လည်း ကောင်းကင် ရတနာကို ရင်ဆိုင်ရာ၌ ၎င်းက အသုံးမဝင်ခဲ့ချေ။

"ကလန့်… ကလန့်…"

ရှစ်ကြိမ်မြောက် တိုက်ခိုက်မှု အပြီး၌ မီးပျံလွှားငှက်မှာ ပေါက်ကွဲကာ မီးကြယ်များ အဖြစ် ပြောင်းလဲသွားတော့၏။ ထိုအရာကား တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာနှင့် ကောင်းကင် ရတနာတို့ အကြားမှ ကွာခြားချက်ပင် ဖြစ်လေသည်။

"မဟူရာ မုန်တိုင်း ပုတီးစေ့…"

"မိစ္ဆာသတ် တိုင်ရီဓား…"

" … "

ချန်းဖန်သည် များစွာသော တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာများကို တစ်ခုပြီး တစ်ခု ထုတ်ကာ တိုက်ခိုက်၏။ သို့သော်လည်း ၎င်းတို့ တစ်ခုချင်းစီကား မကြာခင်မှာပင် ဖန်ကျိချူ၏ ဓားချက်၏ ပျက်စီးသွားရစမြဲ ဖြစ်သည်။

မြောက်နတ္ထိနယ်၏ ကောင်းကင်အရှင် မိသားစုများမှာမူ ထိုမြင်ကွင်းကို ကြည့်ကာ ရင်နာ နေမိကြ၏။ မည်သို့ပင် ဆိုစေ ထိုရတနာများမှာ သူတို့၏ ပိုင်ဆိုင်မှုများ ဖြစ်ခဲ့သည် မဟုတ်ပါလား။

တစ်ချိန်တည်း၌ သူတို့သည် ချန်းဖန်ကို ကြည့်ကာ မေးခွန်းထုတ် နေမိကြသည်။ ထိုအကောင်ကား သူတို့၏ မျိုးဆက် မဟုတ်သည့် အပြင် သူတို့၏ ကျင့်စဉ်များကိုလည်း မကျင့်ကြံဖူးသူ မဟုတ်ချေ။ သို့တိုင်အောင် သူက မည်သည့် နည်းလမ်းကို သုံး၍ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာများကို ထိန်းချုပ် နေသနည်း။

"လေးဆယ့်ရှစ်ချက်မြောက်…"

ဖန်ကျိချူမှာ အမူအရာ ကင်းမဲ့စွာ ဆက်လက် ခုတ်ထစ်နေ၏။ နောက်ဆုံးဖြစ်ရသော တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာကို ဖျက်ဆီး ပြီးနောက် သူက ချန်းဖန်အား ကြည့်လိုက်သည်။

"မင်းမှာ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ မရှိတော့ဘူး… ငါ့ကို ဘယ်လို ဆက်ပြီး တားမလဲ"

ချန်းဖန်၏ ပါးစပ်သည် သွေးများဖြင့် ပေကျံ နေကာ သူ၏ ရှေးဟောင်း နတ်ဆိုး ဝတ်စုံမှာလည်း သုံးဆယ့်ခြောက်ပိုင်း ကွဲကာ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်၌ သူ၏ ပုံစံသည် အလွန်အမင်း အားနည်းနေဟန် ရ၏။

သို့သော်လည်း ချန်းဖန်မှာ အနည်းငယ်ပင် ကြောက်လန့်ပုံ မရချေ။ သူက အေးဆေးစွာပင် ပြုံးလိုက်၏။

"မင်း ဘာပြုံးနေတာလဲ…"

ဖန်ကျိချူမှာ ရုတ်တရက် ကြောင်သွားကာ မေးလိုက်၏။

ချန်းဖန်က မျက်လုံးအား ပိတ်လိုက်သည်။

"မင်း သတိမထားမိဘူးလား… မိုးကြိုး ကပ်ဘေးက ပြီးသွားပြီ"

ဖန်ကျိချူက ကောင်းကင်သို့ မော့ကြည့် လိုက်ရာ မိုးကြိုးတိမ်တိုက်များ စတင် ပျောက်ကွယ် နေသည်ကို တွေ့မြင် လိုက်ရသည်။ ကောင်းကင်ကား ခဏ အတွင်းမှာပင် လုံးဝ ကြည်ရှင်းလာ၏။

"ဟမ့်… မိုးကြိုးကပ်ဘေးရဲ့ အကူအညီ မပါလည်း ငါမင်းကို သတ်နိုင်တယ်"

ဖန်ကျိချူက နှာခေါင်းရှုံ့ကာ သူ၏ ခန္ဓာကိုယ်အား ပေတစ်သောင်း အမြင့်ထိ ရောက်အောင် ပြောင်းလဲ လိုက်သည်။ ထို့နောက် သူက ကောင်းကင်ဓားအား မြှောက်ကာ ခုတ်ထစ် လိုက်တော့၏။

"အဲဒါက ငါ့ရဲ့ နတ်ဘုရား ခန္ဓာက အောင်မြင် သွားပြီလို့ အဓိပ္ပာယ် ရတယ်…"

ချန်းဖန်က သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။

ထို့နောက် သူက လက်အား မြှောက်ကာ ဖန်ကျိချူ၏ ဓားအလင်းအား တိုက်ရိုက် ထိုးနှက် လိုက်တော့သည်။

***

All Chapters