ရပ်တန့်၍ မရနိုင်သည့် နတ်ဘုရား ခန္ဓာ
Vol. 10 Ch. 928
အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို အောက်ပါအတိုင်း အဆင့် ငါးခု ခွဲခြားထား၏။
(၁) အခြေခံ အဆင့်
(၂) စဦး အောင်မြင်ခြင်း အဆင့်
(၃) ထူးခြား အဆင့်
(၄) ပြည့်စုံခြင်း အဆင့် နှင့်
(၅) အထွတ်အထိပ် အဆင့်
စဦး အောင်မြင်ခြင်း အဆင့်ကို အောင်မြင်သည်နှင့် ကျင့်ကြံသူသည် မူလ အဆင့် တစ်ယောက်ကို လက်ဗလာဖြင့် သတ်ဖြတ်လာနိုင်မည် ဖြစ်သည်။ ထူးခြား အဆင့်တွင်မူ ကျင့်ကြံသူသည် ရွှေအမြုတေ အဆင့်နှင့် ကွာခြားတော့မည် မဟုတ်ချေ။
"နတ်ဘုရား ခန္ဓာကိုယ် ပြည့်စုံခြင်း အဆင့်ကို ရောက်ရှိခဲ့ပြီးတဲ့နောက် ငါဟာ မသေမျိုး တစ်ယောက် ဖြစ်လာခဲ့ပြီ… အခု ဆိုရင် ငါက ကောင်းကင် အရှင် တစ်ယောက်နဲ့တောင် ယှဉ်ပြီး တိုက်ခိုက်နိုင်ပြီ"
ချန်းဖန် စကားပြောနေစဉ်မှာပင် ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များသည် လုံးဝ ပျောက်ကွယ် သွားတော့၏။ ချန်းဖန်၏ ခန္ဓာကိုယ်သည် သလင်းကျောက် အလား ကြည်လင်နေသည်။ မရေမတွက်နိုင်သော သင်္ကေတများမှာ သူ့အား ဝန်းရံထား၏။
မိုးကြိုး ကပ်ဘေးကား လုံးဝ ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။
"ကလန့်…"
ချန်းဖန်က လက်ကို မြှောက်ကာ သူ့ထံသို့ တိုးဝင်လာသည့် ကောင်းကင်ဓားကို တားဆီး လိုက်သည်။
တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာကိုပင် ချိုးဖဲ့နိုင်သည့် ဓားအလင်းသည် ချန်းဖန်၏ လက်၌ အသာအယာပင် တိုးဝင် ပျောက်ကွယ် သွားလေသည်။
"ဘာလဲ…"
ကျိုးကျူရှင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩ သွား၏။
သူ့အနေဖြင့် ချန်းဖန်သည် အလွန် အစွမ်းထက်ကာ ရွှမ်ဝူ အသွင်သို့ ပြောင်းလဲ နိုင်ကြောင်း သိထားသော်လည်း ချန်းဖန်၏ ခန္ဓာကိုယ်မှာ ထိုမျှ အစွမ်းထက်လိမ့်မည် ဟု မထင်မှတ်ထားခဲ့ချေ။
"သူက ပျောက်ပျက်ခြင်း ကောင်းကင်ဓားကို လက်နဲ့ တားလိုက်တာလား… သူ့လက်က ဘာမှ ဒဏ်ရာရ မသွားဘူးလား…"
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ လော့ချန်ရှန်း ပင်လျှင် အလွန် အံ့ဩ နေခဲ့၏။
"အကိုချန်ရှန်း… ကောင်းကင် ရတနာ တစ်ခုကို အဲဒီလို တားဆီးလို့ ရတာလား"
ခရမ်းရောင် လနတ်သမီးက မျက်လုံး အဝိုင်းသားဖြင့် မေးလိုက်သည်။
သူမသည် နူးညံ့ ကောင်းကင်ဂိုဏ်းတွင် မွေးဖွားလာသူ ဖြစ်ရာ ကောင်းကင် ရတနာများ အကြောင်းကို အတော်အတန် သိရှိထားသူ ဖြစ်သည်။ ကောင်းကင် ရတနာများသည် ရွှေအမြုတေ အဆင့်များကိုပင်လျှင် တို့ဟူးများ အလား လှီးဖြတ်နိုင်သည်။ ကောင်းကင် ရတနာများနှင့် ရင်ဆိုင်ရပါက တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာများပင် ကျဆုံးရသည်။
"ရနိုင်တယ်… ဒါပေမဲ့ ကောင်းကင် အရှင်ရဲ့ ခန္ဓာကိုယ်နဲ့မှ ဖြစ်နိုင်လိမ့်မယ်"
လော့ချန်ရှန်းက ခေါင်းအား ငုံ့ကာ အဖြေပေး လိုက်၏။
တစ်ချိန်တည်း၌ ဖန်ကျိချူမှာလည်း ထိတ်လန့် နေခဲ့ပြီ ဖြစ်လေသည်။ သူက ချန်းဖန်ကို ကြည့်ကာ မေးလိုက်၏။
"အဲဒါက ဘယ်လို နတ်ဘုရား စွမ်းအားမျိုးလဲ… မင်း ငါ့ရဲ့ ကောင်းကင်ဓားကို ဘယ်လို တားလိုက်တာလဲ"
"ဪ… ဒါလား… ဝူတန်လက်ဝါးလို့ ခေါ်တယ်…"
ချန်းဖန်က ပြန်ဖြေ လိုက်သည်။
"ဝူတန် မကလို့ ဘာတန် လက်ဝါး ဖြစ်ဖြစ် ငါ မင်းကို သတ်မယ်…"
ဖန်ကျိချူက အော်ဟစ်ကာ သူ၏ ဓမ္မ စွမ်းအားများကို ကောင်းကင်ဓား အတွင်း ထည့်သွင်းလိုက်၏။
"ဘုန်း…"
မရေမတွက်နိုင်သော သင်္ကေတများသည် ပျောက်ပျက်ခြင်း ကောင်းကင်ဓား၏ ကိုယ်ထည်တွင် ဖြစ်ပေါ် လာသည်။ ထိုသင်္ကေတများသည် မရဏပြည်၏ စွမ်းအားကို သယ်ဆောင်ကာ အနက်ရောင် မျဉ်းများ အဖြစ် ပြောင်းလဲလေ၏။
"ဥပဒေဿ…"
ဖန်ကျိချူကား နောက်ဆုံး၌ သူ၏ ဝှက်ဖဲကို အသုံးပြုခဲ့ပြီ ဖြစ်လေသည်။
ကောင်းကင် ရတနာများသည် လောက၏ ဥပဒေဿ စွမ်းအားကို သယ်ဆောင်ထားကြသည်။ ဒဏ္ဍာရီလာ တားမြစ် ကျင့်စဉ်များမှ လွဲ၍ မည်သည့် ရွှေအမြုတေ အဆင့်မှ လောက၏ ဥပဒေဿကို မလွန်ဆန် နိုင်ဝံ့ကြချေ။
"ဝှစ်…"
အဆုံးမဲ့သော အနက်ရောင် မျဉ်းများသည် ချန်းဖန်ထံသို့ တိုးဝင် လာကြ၏။
"သေလိုက်တော့…"
ဖန်ကျိချူက အေးစက်စွာဖြင့် ရေရွတ် လိုက်သည်။
သို့သော်လည်း မမျှော်လင့်စွာပင် ချန်းဖန်၏ လက်မှ အဇူရာ အလင်းများ ထွက်ပေါ် လာသည်။ ထိုအလင်းများသည် တံတိုင်းသဖွယ် ချန်းဖန်အား ကာရံကာ အနက်ရောင် မျဉ်းများကို တားဆီးလေ၏။
"ကလန့်… ကလန့်…"
အဇူရာ အလင်းများနှင့် အနက်ရောင် မျဉ်းများ ထိပ်တိုက်တွေ့ရာ သတ္တုချင်း ထိခတ်သည့် အသံများ ထွက်ပေါ်လာသည်။ အနက်ရောင် မျဉ်းများသည် လောက၏ ဥပဒေဿ စွမ်းအားကို သယ်ဆောင်ထားသည့်တိုင် အဇူရာ အလင်းများ၏ အလုံးကို ပိတ်ပင်ခြင်းကို ခံရလေသည်။
"အသုံးမဝင်ဘူး… မင်းနေရာမှာ ဝမ်ရှင်းဟယ် ဆိုရင်တော့ ငါ ကြောက်မိလိမ့်မယ်… ဒါပေမဲ့ ရွှေအမြုတေ အဆင့် တစ်ယောက် ကိုင်ထားတဲ့ ကောင်းကင် ရတနာက ငါ့ကို ဘယ်လို ထိခိုက်စေနိုင်မှာလဲ"
ချန်းဖန်က အေးစက်စွာ ပြုံးရင်း လက်အား တွန်းထုတ်လိုက်၏။ ထိုအခါ အဇူရာ အလင်းများမှာ ဖြန့်ကျက်ကာ အနက်ရောင် မျဉ်းများအား နောက်ဆုတ်ရန် ဖိအား ပေးသည်။ အဆုံး၌ ဖန်ကျိချူမှာ ချန်းဖန်၏ တန်ပြန် ဖိအား အောက်၌ နောက်သို့ပင် ဆုတ်လိုက်ရ၏။
"မင်း လုပ်ရဲတယ်ပေါ့…"
ဖန်ကျိချူက အော်ဟစ်ရင်း ဓားအား လှည့်ကာ ချန်းဖန်အား တစ်ချက် ခုတ်ထစ်လိုက်၏။ ထို့နောက် သူက အနက်ရောင်လေ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ပျက်ခြင်း ကောင်းကင်ဓားနှင့် အတူ ပျောက်ကွယ် သွားတော့၏။ ထိုအရာကား ဖန်မိသားစု၏ လျှို့ဝှက် ရွေ့လျားခြင်း ကျင့်စဉ်ပင် ဖြစ်လေသည်။
ယခုတစ်ကြိမ်တွင်မူ ချန်းဖန်သည် သူ့အား တိုက်ခိုက်ခွင့် မပြုတော့ချေ။ ချန်းဖန်၏ မျက်လုံးများသည် ရွှေရောင် အလင်းဖြင့် တောက်ပကာ ကမ္ဘာလောအား ဖြန့်ကျက်လာ၏။
"မင်း ဘယ်ကို သွားမှာလဲ…"
ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုး လိုက်သည်။ ထိုအခါ သူ၏ နောက်ရှိ အဆုံးမဲ့ သင်္ကေတများမှာ အဇူရာ ကောဇောလွှာ အသွင် ပြောင်းလဲကာ ဖန်ကျိချူ၏ နောက်သို့ လိုက်လေ၏။
"နတ်ဘုရား သတ်ဖြတ်ခြင်း ကျင့်စဉ်…"
ဖန်ကျိချူက ချန်းဖန်အား ခုတ်ပိုင်း လိုက်သည်။
"ဘုန်း…"
ကောင်းကင် ရတနာ၏ အဆုံးမဲ့ စွမ်းအားများသည် မိုင်တစ်သောင်း ဧရိယာကိုပင် ဖြန့်ကျက် သွား၏။ ထို့အတူ မရေမတွက်နိုင်သော ဥပဒေဿ စွမ်းအားများမှာလည်း အရပ်မျက်နှာ မျိုးစုံသို့ ပျံ့နှံ့ သွားသည်။ သူ၏ ပတ်လည်ရှိ အနက်ရောင် လေသည်လည်း လေဆင်နှာမောင်းများ အသွင်သို့ ပြောင်းလဲလေ၏။
"ခရက်… ခရက်…"
လောကရှိ အရာအားလုံး စတင် ယိုယွင်း လာသည့်တိုင် ချန်းဖန်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက ရိုးရှင်းစွာပင် လက်အား မြှောက်လိုက်၏။
"ဒေါင်…"
ကြီးမားသော ခေါင်းလောင်း တစ်ခုကို တီးလိုက်သကဲ့သို့ အသံတစ်ခု ထွက်ပေါ် လာသည်။ မြေပြင်သည် ပြင်းထန်စွာ လှုပ်ခတ် သွား၏။
ထို့နောက် တစ်စက္ကန့်မျှ အကြာ၌…
"ဘုန်း…"
မိုင်ထောင်ချီ ဧရိယာ အတွင်း၌ မိုးကြိုး ထစ်ချုန်းသံများ ဖြစ်ပေါ်လာသည်။ ထိုအခါ တောင်တန်း၊ သစ်ပင်၊ သားရဲနှင့် ကျင့်ကြံသူ အားလုံးမှာ တုန်လှုပ် ကုန်ကြလေသည်။ ချန်းဖန် အနေဖြင့် တိုက်ပွဲအား မိုင်ပေါင်းများစွာ အကွာသို့ ရွှေ့ပြောင်း ထားခဲ့ခြင်းက ကံကောင်းသည်ဟု ဆိုရပေမည်။ သို့မဟုတ်လျှင် တိုက်ပွဲ၏ အရှိန်တွင်ပင် ကျိုးကျူရှင်းနှင့် မိန်းကလေး သုံးယောက်မှာ သေဆုံးနေလောက်ပြီ ဖြစ်၏။
"ကြောက်ဖို့ကောင်းလိုက်တာ… သူက အရမ်း အစွမ်းထက်တာပဲ"
ကောင်းကင်အရှင် မိသားစု ခေါင်းဆောင်များ အပါအဝင် မရေမတွက်နိုင်သော လူများမှာ တုန်ရီ ကုန်ကြလေ၏။
ထိုကမ္ဘာပျက်မတတ် စွမ်းအား၏ ရှေ့မှောက်၌ မည်သည့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူနှင့် အကာအကွယ် အစီအရင်မျှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာက အမှန်ပင် ကမ္ဘာ၏ စွမ်းအား ဖြစ်၏။
" အခြေတည် ဝိညာဉ် အဆင့်တွေကို ဘာလို့ ကောင်းကင် အရှင်တွေလို့ ခေါ်တယ် ဆိုတာ နောက်ဆုံးတော့ ငါနားလည်ခဲ့ပြီ"
ကျိုးကျူရှင်းက ဖြူရော်စွာ ပြုံးရင်း ရေရွတ် လိုက်၏။
"တကယ်တော့ သူတို့က သေမျိုးတွေနဲ့ မဆိုင်တဲ့ နတ်ဘုရားတွေပဲ"
တစ်ချိန်တည်း၌ စစ်မြေပြင်တွင်…
"ဘုန်း…"
ပုံရိပ် နှစ်ခုသည် တစ်ခုကို တစ်ခု တိုက်မိကာ ချက်ချင်းပင် နောက်သို့ ပြန်လည် ဆုတ်သွားကြ၏။
ဖန်ကျိချူသည် နောက်သို့ ခြေလှမ်းတစ်ရာမျှ ဆုတ်လိုက်ရကာ သူ၏ ခန္ဓာကိုယ် တစ်ဝက် နီးပါးမှာ ပျက်စီးမတတ် ဖြစ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေ သူကား ကောင်းကင် အရှင် တစ်ဝက်မျှသာ ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ ထိုသို့သော ထိပ်တိုက် တွေ့မှုမျိုးကို တောင့်မခံနိုင်ချေ။
တစ်ချိန်တည်း၌ ချန်းဖန်မှာမူ လေထဲ၌ တည်ငြိမ်စွာပင် ရပ်နေဆဲ ဖြစ်သည်။ သူ၏ ဆံပင်များ၊ အင်္ကျီလက်များသည် လေနှင့် အတူ လွင့်မြောနေ၏။
"နောက်တစ်ကြိမ် လာစမ်း…"
ချန်းဖန်က အော်ဟစ်ကာ လက်သီးအား ပစ်လွှတ် လိုက်၏။ ဖန်ကျိချူမှာလည်း ချန်းဖန်အား အနည်းငယ် ထိတ်လန့်နေသည့်တိုင် ဓားအား မြှောက်၍ ပြန်လည် တိုက်ခိုက်လိုက်သည်။
"ဘုန်း…"
ကောင်းကင်အရှင် ခန္ဓာကိုယ် ပိုင်ရှင်နှင့် ကောင်းကင် ရတနာဓား ပိုင်ရှင်တို့၏ ထိုတိုက်ပွဲကား ဒဏ္ဍာရီတွင်အောင် အလွန် ပြင်းထန်လွန်း လှ၏။
ကြီးမားသော ဘီလူးကြီးများ အပြန်အလှန် ထုရိုက်နေသည့် အလား… တောင်တန်းကြီးများ လဲပြိုကျနေသည့် အလား… မြစ်များ ပြောင်းပြန် စီးဆင်းသည့် အလား…။
"တတိယကြိမ်မြောက် တိုက်ခိုက်မှု…"
"စတုတ္ထ အကြိမ်မြောက်…"
"ဘုန်း…"
ပဉ္စမ အကြိမ်မြောက် ထိပ်တိုက် တိုက်ခိုက်မှု အပြီး၌ ချန်းဖန်မှာ အနည်းငယ် တုန်ရီသွား၏။ သို့သော်လည်း ဖန်ကျိချူ၏ ခန္ဓာကိုယ်မှာမူ ပျက်စီးသွားလေသည်။ သူသည် ချန်းဖန် ကဲ့သို့ အစွမ်းထက် ခန္ဓာကိုယ်ကို ပိုင်ဆိုင် မထားရာ တိုက်ပွဲ၏ အကျိုးဆက်ကို တောင့်ခံနိုင်စွမ်း မရှိခဲ့ချေ။
"ထာဝရ ခန္ဓာ…"
ဖန်ကျိချူ၏ နတ်ဘုရား စိတ်ဝိညာဉ်က စူးရှသော အသံဖြင့် အော်ဟစ် လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ လျှင်မြန်စွာ ပြန်လည် ဖွဲ့စည်း လာ၏။
အမှန်တကယ်တွင်မူ ဖန်ကျိချူသည် ထာဝရ ခန္ဓာကို ပိုင်ဆိုင်ထားခြင်း မရှိချေ။ သူသည် အခြေတည် ဝိညာဉ် အဆင့်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို နားလည် ရရှိထားခြင်း ကြောင့်သာ ယခုကဲ့သို့ ခန္ဓာကိုယ်အား ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"အဲဒီ လှည့်ကွက်လေးနဲ့ ငါ့ကို လှည့်စားနိုင်မယ် ထင်နေတာလား…"
ချန်းဖန်က ရှေ့သို့ တစ်လှမ်း တိုးကာ လက်သီးဖြင့် ထိုးလိုက်၏။ ဖန်ကျိချူသည် ထိုတိုက်ခိုက်မှုကို ဓားဖြင့် ဆီးကြို၍ ကာသည့်တိုင် တားဆီးနိုင်ခြင်း မရှိပဲ နောက်တစ်ကြိမ် ခန္ဓာကိုယ် ဖျက်ဆီးခံရပြန်၏။
"ငါ မင်းကို လုံးဝ မသတ်နိုင်ဘူး ဆိုတာ မယုံဘူးကွ…"
နောက်တစ်ကြိမ် ခန္ဓာ ပြန်လည် ဖွဲ့စည်းပြီးနောက် ဖန်ကျိချူ၏ မျက်လုံးများကား ရဲရဲနီ နေခဲ့ပြီ ဖြစ်လေသည်။ သူက ရူးသွပ်သွားဟန် ရကာ အသံကုန် အော်ဟစ် လိုက်၏။
"ကောင်းကင်ဓား အတွက် သွေး…"
"ခရက်…"
ရုတ်တရက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေါက်ကွဲကာ သွေးရောင် အလင်း အသွင် ပြောင်းလဲ သွား၏။ ထိုအလင်းက ပျောက်ပျက်ခြင်း ကောင်းကင်ဓားအား ဝန်းရံကာ အားဖြည့်သည်။ ဖန်ကျိချူကား သူ နှစ်ထောင်ချီ ကျင့်ကြံခဲ့သည့် တန်ခိုးရှင် ခန္ဓာအား စတေးကာ ကောင်းကင် ရတနာ၏ စွမ်းအားကို အမြင့်ဆုံးထိ မြှင့်တင်နေခဲ့ပြီ ဖြစ်လေသည်။
"ဘုန်း…"
ရုတ်တရက် ပျောက်ပျက်ခြင်း ကောင်းကင်ဓား၏ အရှိန်အဝါသည် မြင့်တက်လာကာ သွေးရောင် အလင်း အဖြစ် ပြောင်းလဲ သွား၏။ ထိုဓားကား ၎င်း၏ အမြင့်ဆုံး စွမ်းအား အထိ ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။
သို့သော်လည်း ကြီးမားသည့် ဖိအားအောက်၌ ချန်းဖန်မှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက လက်သီးကို မြှောက်ကာ သူ့ထံသို့ တိုးဝင်လာသည့် ဓားအား ညင်သာစွာပင် ထိုးနှက် လိုက်၏။
"ကလန့်…"
အံ့အားသင့်စွာပင် ဓားအလင်းကား ချန်းဖန်၏ ဗလာဖြစ်သော လက်သီးချက်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ချေ။ ၎င်းက ချက်ချင်းပင် အရောင် မှေးမှိန်ကာ နောက်သို့ ပြန်လည် လွင့်စဉ် သွားတော့၏။
ရန်သူသည် မည်သည့် နတ်ဘုရား စွမ်းအား၊ ဓမ္မ အစီအရင်နှင့် နတ်ဘုရား လက်နက်တို့အား သုံးနေစေကာမူ ချန်းဖန်၏ နတ်ဘုရား ခန္ဓာအား ရပ်တန့်၍ မရနိုင်ခဲ့ချေ။
***