လူတိုင်းအား ဆွံ့အစေခြင်း
Vol. 10 Ch. 929
ချန်းဖန် ဓားအလင်းအား ဖျက်ဆီးပြီးသည်နှင့် ကြောက်မက်ဖွယ် တိတ်ဆိတ်မှုသည် ကမ္ဘာ တစ်ခုလုံးတွင် ပျံ့နှံ့သွား၏။ မရေမတွက်နိုင်သော လူများသည် ချန်းဖန်အား ငေးကြောင်ကာ ကြည့်နေမိကြသည်။ သူတို့သည် အသံ တစ်ချက်ပင် မထွက်ရဲကြချေ။
"သူက တကယ်ပဲ ရှုံးသွားတာလား"
လော့ချန်ရှန်းက ရေရွတ်ရင်း ခေါင်းအား ငုံ့လိုက်သည်။ အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့သည် သူ၏ မျက်လုံးများ၌ နေရာယူနေ၏။
"သူ တကယ်ပဲ ရှုံးသွားတာလား…"
နင်းမိသားစု ခေါင်းဆောင်ကလည်း ရေရွတ်လိုက်၏။ သူ၏ မျက်နှာကား ဆယ်နှစ်ခန့် ပိုမို အိုစာသွားသလိုပင် ထင်ရသည်။
ထိုအခိုက်အတန့်၌ မည်သူမျှ အဖြစ်မှန်ကို လက်မခံနိုင်ကြချေ။ ဖန်ကျိချူသည် ကောင်းကင် အရှင် နက္ခတ် ပင်လယ်နှင့်ပင် ယှဉ်၍ တိုက်ခိုက်ခဲ့ကာ ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံးရှိ လူများနှင့်ပင် နှိုင်းယှဉ်နိုင်သူ ဖြစ်သည်။ သို့သော်လည်း သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုသည် ချန်းဖန်အား သတ်ရန် မဆိုထားနှင့် ဒဏ်ရာရအောင်ပင် မတတ်နိုင်ခဲ့ချေ။
တစ်ချိန်တည်း၌ ဖန်မိသားစု၏ အကြီးအကဲများမှာမူ မျက်စိမျက်နှာပျက် နေကြပြီ ဖြစ်လေသည်။ ဖန်ကျိချူသည် သူတို့ ဖန်မိသားစု၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ် ပင်လျှင် ချန်းဖန်ကို လုပ်ကြံရာ၌ ကျဆုံးခဲ့ရရာ မည်သူက သူ့အား အနိုင်ယူနိုင်တော့မည်နည်း။
အခြားတစ်ဖက်၌ မူဟုန်တိနှင့် ယွင်ရီအာ တို့မှာ ချန်းဖန်၏ အနိုင်ရရှိမှု အတွက် အောင်ပွဲခံ နေကြပြီ ဖြစ်လေသည်။
"စီနီယာချန်းက အရမ်း အစွမ်းထက်တာပဲ… ကောင်းကင် ရတနာတောင် သူ့ကို အနိုင် မယူနိုင်ဘူး"
"ငါပြောသားပဲ စီနီယာချန်းက ပြိုင်ဘက်ကင်း ပါဆို…"
လင်းဝူဟွာ၏ အေးစက်စက် မျက်နှာတွင် နွေးထွေးမှုနှင့် ပျော်ရွှင်မှု တို့က ဖြတ်ပြေးနေသည်။ ကျိုးကျူရှင်း ပင်လျှင် ပြုံးနေခဲ့သည်။ သို့သော်လည်း သူ၏ မျက်လုံးတွင်မူ စိတ်ပျက်မှု အရိပ်အငွေ့ တစ်ချို့က ရှိနေခဲ့လေသည်။
"ကလန့်…"
ကောင်းကင် ပျောက်ပျက်ခြင်းဓားသည် နောက်သို့ မိုင်ရာချီ လွင့်စဉ်၍ မြေကြီး အတွင်းသို့ နစ်မြုပ်သွား၏။ သို့တိုင် အောင် ၎င်းသည် လမ်းတစ်လျှောက်ရှိ မီတာ သုံးထောင် မြင့်မားသော တောင်တစ်ခုကို ခုတ်ပိုင်း သွားသေးသည်။
ချန်းဖန်မှာမူ လေထဲတွင် တည်ငြိမ်စွာ ရပ်တည်နေဆဲ ဖြစ်သည်။ သူ၏ အင်္ကျီလက်များ၊ ဆံပင်ရှည်များသည် လေနှင့် အတူ လွင့်မြော နေကြ၏။ သူ၏ အမူအရာက ထိုအောင်မြင်မှု အတွက် ဂုဏ်ယူနေဟန် တစ်စွန်းတစ်စပင် မရှိချေ။
"အကိုချန်ရှန်း… သူက တကယ်ကြီး နိုင်သွားတာလား"
ခရမ်းရောင် လနတ်သမီးမှာ အဖြစ်မှန်ကို လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။
"ကောင်းကင်အရှင်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလို့ မရနိုင်ဘူး… တကယ်လို့ ဖန်ကျိချူသာ ကောင်းကင်အရှင် တစ်ယောက် ဖြစ်မယ် ဆိုရင်တော့ ချန်းပေ့ရွှမ်းကို ဒဏ်ရာ ရအောင် လုပ်ကောင်း လုပ်နိုင်လိမ့်မယ်… ကံမကောင်းတာက သူက အခြေတည် ဝိညာဉ် အဆင့်ကို အခုထိ မရောက်သေးဘူးလေ"
လော့ချန်ရှန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
တစ်ချိန်တည်း၌ ချန်းဖန်မှာ မြေပြင်၌ လဲလျောင်းနေသော ပျောက်ပျက်ခြင်း ကောင်းကင်ဓား ထံသို့ ပျံသန်း သွားနေခဲ့သည်။ သို့သော်လည်း သူကောက်ယူရန် ဟန်ပြင်လိုက်စဉ်မှာပင် ဓားသည် အရောင် ခပ်ဖျော့ဖျော့ကို လွှတ်ကာ အဝေးသို့ ပျံသန်း သွား၏။
"မင်းက ထွက်ပြေးချင်တာလား…"
ချန်းဖန်က အေးစက်စက် ရယ်မောကာ ဓား၏ နောက်သို့ လိုက်သွား၏။
ထိုသို့ မလိုက်ခင် သူသည် လင်းဝူဟွာနှင့် ကျိုးကျူရှင်းတို့ကို ဤနေရာမှ ထွက်ခွာရန် မှာကြားခဲ့သေးသည်။ လူများစွာ၏ အာရုံမှာ ချန်းဖန်ထံတွင်သာ ဖြစ်ရာ ဤအချိန်က သူတို့ ရှောင်တိမ်းရန် အကောင်းဆုံးသော အချိန် ဖြစ်သည်။
"ကောင်းကင် ရတနာက ထွက်ပြေးဖို့ ကြိုးစား နေတာလား…"
လူတိုင်းမှာ ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့် နေကြ၏။ သူတို့သည် ကောင်းကင် ရတနာ ထွက်ပြေးသည် ဆိုသော အကြောင်းကို တစ်ခါမျှ မကြားဖူးကြချေ။
လော့ချန်ရှန်းက ခေါင်းအား ခါယမ်းကာ ရေရွတ် လိုက်သည်။
"မဟုတ်ဘူး… အဲဒါက ဖန်ကျိချူပဲ… သူရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က ကောင်းကင် ရတနာထဲ ဝင်ပြီး ထိန်းချုပ်တာ… ချန်းပေ့ရွှမ်းက အစွမ်းထက်တယ် ဆိုပေမဲ့ ကောင်းကင် ရတနာကိုတော့ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလေ… အဲဒီတော့ ရတနာထဲမှာ ပုန်းနေသမျှ သူ အန္တရာယ် ကင်းတယ် လို့ ဆိုနိုင်တယ်"
စကားဆုံးသည်နှင့် လော့ချန်ရှန်းက အနောက်မြောက် အရပ်သို့ လှမ်းမျှော်ကာ ကြည့်လိုက်၏။
"ငါ့အထင် ပြောရရင် ဖန်ကျိချူက အိမ်ကို ပြန်ပြေးနေတာပဲ"
သူ၏ စကားက အခြားလူများကို အံ့ဩ တုန်လှုပ် သွားစေသည်။
ဤသို့ဆိုလျှင် ချန်းဖန်က ဖန်ကျိချူကို ငါးစာလုပ်ကာ ဖန်မိသားစု ထံသို့ သွားနေခြင်းလော။ သူက ဖန်မိသားစု တစ်ခုလုံးကိုပါ ရှင်းပစ်ချင် နေသည်လော။
"ဟုတ်တယ်… ကျိလန် ပြည်နယ်က အဲဒီ အရပ်မှာ ရှိနေတာ… ချန်းပေ့ရွှမ်းကတော့ ဖန်မိသားစုရဲ့ နယ်မြေကို မုန်တိုင်းထန်စေတော့မယ် ထင်တယ်"
"သူ့ကို စိတ်တိုကြီးချန်းလို့ ခေါ်ကြတာ မအံ့ဩတော့ဘူး… ကောင်းကင်အရှင် နက္ခတ် ပင်လယ်ရဲ့နောက်ပိုင်း ဘယ်သူကမှ ကောင်းကင် အရှင် မိသားစု တစ်ခုကို စိန်မခေါ်ဝံ့ကြတော့ဘူး… သူက ပထမဆုံး တစ်ယောက် ဖြစ်လိမ့်မယ်"
"ဖန်မိသားစုတော့ ဒုက္ခ ရောက်ပြီပဲ"
များစွာသော အကြီးအကဲများက ခေါင်းများအား ခါယမ်း လိုက်ကြလေသည်။
…
တစ်ချိန်တည်း၌ ဖန်မိသားစု စံအိမ်တွင် များစွာသော ဖန်မိသားစုဝင်များသည် ရေမှန် တစ်ခု၏ ရှေ့တွင် စုစည်း နေကြသည်။ ထိုရေမှန်ကား မှော်ရတနာ တစ်ခု ဖြစ်ကာ ချန်းဖန်နှင့် ဖန်ကျိချူတို့၏ တိုက်ပွဲကို တိုက်ရိုက် ဖော်ပြပေးနိုင်၏။
"ဘယ်လိုဖြစ်နိုင်မှာလဲ… သူက ဘိုးဘေးဖန်ကို အနိုင်ယူခဲ့တယ်… နောက်ပြီး အခု သူက ငါတို့ မိသားစု တစ်ခုလုံးရဲ့ နောက်ကိုပါ လိုက်နေပြီ"
"မဟာ အစီအရင်ကို ဖွင့်ပြီး တပ်မဟာတွေကို ဆင့်ခေါ်စမ်း… ကောင်းကင်အရှင် မိသားစု ဆိုတာ ဘာလဲ သိရအောင် သူ့ကို ပြရမယ်"
"သဘောတူတယ်… သူ စော်ကားတာကို ငါတို့ ခေါင်းငုံ့ မခံနိုင်ဘူး"
အံ့သြ ဒေါသထွက်နေဟန် ရသော ဖန်မိသားစု အကြီးအကဲများမှာ တစ်ယောက် တစ်ပေါက် အော်ဟစ် နေကြ၏။
တတိယ အကြီးအကဲ ဖန်ဝူရှန်က ခြေသို့ တက်လာရင်း…
"ဆူညံ မနေကြနဲ့တော့… ကျုပ်တို့ ဘာလုပ်သင့်လဲ ဆိုတာ စဉ်းစားကြ"
"ဟမ့်… ချန်းပေ့ရွှမ်း လာရဲရင် ငါတို့ကလည်း သူ့ကို သင်ခန်းစာ တစ်ခု ပေးရမှာပေါ့"
နဝမ အကြီးအကဲ ဖန်ဝူယန်က နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။
ချန်းဖန်သည် အလွန် အစွမ်းထက်သူ တစ်ယောက် ဖြစ်သော်လည်း ဖန်မိသားစု မှာလည်း ကောင်းကင်အရှင် မိသားစု တစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်သောင်းချီ အတွင်း၌ ဖန်မိသားစုသည် ဘိုးဘေးနယ်မြေ၌ များစွာသော လျှို့ဝှက် အစီအရင်များ၊ ထောင်ချောက်များကို တပ်ဆင် ထားခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ သူတို့၏ ခွင့်ပြုချက် မရပါက ကောင်းကင်အရှင် တစ်ယောက်ပင် ဖန်မိသားစုထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။
"ကျုပ် အထင် ပြောရရင် သူက ကျုပ်တို့ရဲ့ ဘိုးဘေးနယ်မြေကိုတောင် ရှာတွေ့မှာ မဟုတ်ဘူ"
အခြား ဖန်မိသားစုဝင် တစ်ယောက်ကလည်း ယုံကြည်ချက် ရှိစွာ ဆိုလိုက်၏။
သူတို့သည် ချန်းဖန်၏ စွမ်းအားကို ကြောက်လန့်မိသည့်တိုင် သူတို့၏ ခံစစ်ကို ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။
တစ်ချိန်တည်း၌ တိုက်ပွဲသတင်းကား မြောက်နတ္ထိနယ် တစ်ခုလုံးကို မုန်တိုင်း ကဲ့သို့ ပျံ့နှံ့နေဆဲ ဖြစ်သည်။
"ချန်းပေ့ရွှမ်းက ကောင်းကင် ရတနာ ကိုင်ထားတဲ့ ဖန်ကျိချူကို အနိုင်ယူလိုက်တယ် တဲ့"
"အခုဆိုရင် ချန်းပေ့ရွှမ်းက ဖန်မိသားစု ရှိတဲ့ နေရာကို ဦးတည်နေပြီ"
မရေမတွက်နိုင်သော လူများသည် တိုက်ပွဲနှင့် နောက်ဆက်တွဲ အကြောင်းကို စိတ်ဝင်တစား ပြောဆို ဆွေးနွေး နေကြလေ၏။
"ဒါပေမဲ့ ကောင်းကင်အရှင် မိသားစုတွေက ပေ့ဟန်နယ်ကို နှစ်သောင်းချီ အုပ်စိုးခဲ့ကြတာလေ… ဘယ်သူမှ သူတို့ကို သွားမစရဲကြဘူး… ချန်းပေ့ရွှမ်းရဲ့ အပြုအမူက နည်းနည်း ရဲတင်းလွန်း မနေဘူးလား"
"ပြောဖို့ စောသေးတယ်… ချန်းပေ့ရွှမ်းက ကောင်းကင် ရတနာ တစ်ခုကိုတောင် အနိုင်ယူ ခဲ့တာလေ… သူက ဖန်မိသားစုကိုလည်း နိုင်ချင် နိုင်မှာပေါ့"
လူတိုင်းသည် သူတို့၏ နားနှင့် မျက်စိကို ဖန်မိသားစု ထံသို့သာ အစွမ်းကုန် ပို့လွှတ် ထားကြ၏။ ကောင်းကင် အရှင် မိသားစု များမှာ သူတို့၏ အင်အားကို သုံးကာ မြောက်နတ္ထိနယ်၌ ထင်တိုင်းကြဲခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် သာမန် မိသားစု များမှာ သူတို့ ကျရှုံးသည်ကို မြင်တွေ့လိုကြပေသည်။
တစ်ချိန်တည်း၌ ဆေးပညာ အစည်းအရုံး၏ လေထုမှာ မျိုးစုံသော ခံစားချက်များဖြင့် ပြည့်နှက် နေသည်။ အကြီးအကဲ စီတုနှင့် အစည်းအရုံး ခေါင်းဆောင်တို့သည် အတွေးနက် နေဟန် ငေးကြောင် နေကြသည်။
ကျန်းဟိုင်နယ် ဝူမိသားစု ဘိုးဘေး နယ်မြေ တွင်မူ ရှည်လျားသော သက်ပြင်းချသံ တစ်ခုက မကြာခဏ ထွက်ပေါ်နေသည်။
"တကယ့် ကောင်လေးပဲ… သူက မကြာခင်မှာ မြောက်နတ္ထိနယ် တစ်ခုလုံးကို အုပ်စိုး နိုင်တော့မယ်"
ဝူဝမ်တင်၏ မှတ်ချက်ချသံ တစ်ခု ထွက်ပေါ်လာသော်လည်း ချန်းဖန်နှင့် ပိုမို ရင်းနှီးသည့် ဝူညီအမမှာမူ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
ထိုအချိန်၌ အားလုံး၏ စိတ်အာရုံကို ဖမ်းစားထားသော ချန်းဖန်မှာမူ ပျောက်ပျက်ခြင်း ကောင်းကင်ဓား နောက်သို့ လိုက်နေဆဲ ဖြစ်သည်။
"ဝှစ်…"
အနက်ရောင် အလင်းသည် အသံ၏ ဆယ်ဆနှုန်းဖြင့် ကောင်းကင်ကို ဖြတ်ကာ ပျံသန်းနေ၏။ ၎င်း၏ လေထုကို ထိုးခွဲသံက စူးရှသော လေချွန်သံ ကဲ့သို့ ထွက်ပေါ် နေရာ ဘေးနားရှိ ငှက်များအား နားစည်ကွဲကာ မြေပြင်သို့ ပြုတ်ကျနေကြသည်။
ချန်းဖန်၏ အမူအရာကမူ အနည်းငယ်ပင် စိတ်ပူဟန် မရချေ။ သူက ရွှေရောင် တိမ်တိုက် တစ်ခုကို ဆင့်ခေါ်ထားကာ ဓား၏ နောက်မှ ထပ်ချက်မကွာ လိုက်ပါ နေခဲ့သည်။
"သောက် ခွေးကောင်…"
ဖန်ကျိချူက စိတ်ထဲမှ နေ၍ ကျိန်ဆဲ လိုက်သည်။
သူသည် ချန်းဖန်ထံ၌ ရှုံးနိမ့်လိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ သို့သော်လည်း ယခုတွင်မူ ခန္ဓာကိုယ် ပျက်စီးခဲ့ရသည့် အပြင် သေဘေးမှ လွတ်မြောက်ရန်ပင် ထွက်ပြေး နေရသည်။ ထိုအဖြစ်အပျက်က သူ့အား အကြီးအကျယ် ဒေါသထွက်စေသလို သူ၏ စိတ်ဓာတ်ကိုလည်း ပျက်ပြားစေ၏။
"ချန်းပေ့ရွှမ်း… တစ်နေ့ကျ ငါ မင်းကို ကျိန်းသေ ပြန်ပြီး လက်စားချေမယ်"
ရုတ်တရက် ဓားမှာ အရှိန်နှစ်ဆ မြင့်သွားကာ လေထု အတွင်း ပျောက်ကွယ် သွား၏။
ချန်းဖန်က ရွှေရောင် တိမ်တိုက်အား ရပ်တန့်ကာ ထိုအရပ်အား လှမ်းကြည့် လိုက်သည်။
ထိုနေရာရှိ တိမ်တိုက်များ၏ အထက်တွင် ကြီးမားသော တောင်ကြီး တစ်လုံးနှင့် မြို့တော်တစ်ခု တည်ရှိ၏။
လေမဲ့မြို့တော်…
၎င်းကား မြောက်နတ္ထိနယ်၏ ကောင်းကင် အရှင် မိသားစု တစ်ခု ဖြစ်သော ဖန်မိသားစု၏ အခြေစိုက်ရာ မြို့တော်ပင် ဖြစ်လေသည်။
***