← Chapters

တောင်တန်းတစ်ရာ၏ တိုက်ခိုက်မှု

Vol. 10 Ch. 930

တောင်တန်းတစ်ရာ၏ တိုက်ခိုက်မှု

Vol. 10 Ch. 930

ချန်းဖန်၏ ရောက်ရှိလာမှုက လေမဲ့မြို့တော်အား လှုပ်နှိုးလိုက် သလိုပင်။

"ဘုန်း…"

ရုတ်ချည်းပင် မြို့တော်၏ အပြက်ဘက်၌ များစွာသော အစီအရင်ကြီးများ ပေါ်ထွက် လာကာ ၎င်းတို့ တစ်ခုချင်းစီမှာ ကြာပန်းများ ကဲ့သို့ ပွင့်အာကြလေ၏။ အဇူရာနှင့် မဟူရာ အလင်းများသည် တဖျတ်ဖျတ် လက်နေကာ နတ်ဘုရား သားရဲများက ဟစ်ကြွေး ကြသည်။ မရေမတွက်နိုင်သော သင်္ကေတ စာလုံးများသည် လွင့်ပျံနေကာ အနက်ရောင် နဂါး ပုံရိပ်ယောင် တစ်ခုကလည်း ကောင်းကင်၌ ပျံဝဲနေသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

တစ်ခဏ အတွင်းမှာပင် လေမဲ့မြို့တော် တစ်ခုလုံးကား အစီအရင် ရာချီ၏ ကာကွယ်မှုဖြင့် လင်းလက် နေတော့၏။ ထိုအစီအရင် တစ်ခုချင်းစီမှာ ရွှေအမြုတေ အဆင့် တစ်ယောက်ကို အသာအယာ တားဆီးနိုင်ရာ အားလုံး စုပေါင်းပါက ရွှေအမြုတေ အဆင့် အယောက် တစ်ရာပင် မြို့တော်ကို ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ချန်းဖန်မှာမူ ထို အစီအရင်များကို ဂရုစိုက်ခြင်း မရှိချေ။ သူက တည်ငြိမ်စွာပင် လေမဲ့မြို့တော်ဆီသို့ ဦးတည်နေဆဲ ဖြစ်သည်။

"ကျင့်ကြံသူချန်း… ကျေးဇူးပြုပြီး ခဏလောက် ရပ်ပါဦး"

အသံနှင့် အတူ လေမဲ့မြို့တော်ထဲမှ အလင်း တစ်ခု ကောင်းကင်ဆီ ပျံတက်လာ၏။ ထိုအလင်းက လေထဲ၌ ရပ်ကာ အနက်ရောင် ဝတ်စုံဝတ် အဘိုးအို တစ်ယောက် အဖြစ် ပြောင်းလဲသွားသည်။ သူကား ဖန်မိသားစု၏ ခေါင်းဆောင် ဖန်ဝူဟောင်ပင် ဖြစ်လေသည်။

"ကျင့်ကြံသူချန်း… ဖန်မိသားစုက ခင်ဗျားကို တစ်ခါမှ မစော်ကားခဲ့ဖူးဘူး… ဘာလို့ ဖန်မိသားစုရဲ့ ပိုင်နက်ကို ကျူးကျော် လာရတာလဲ"

ဖန်ဝူဟောင်က လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။

"တစ်ခါမှ မစော်ကားဘူး ဟုတ်လား… မင်းတို့က ငါ့ကို အကြိမ်ကြိမ် လုပ်ကြံခဲ့တာ မဟုတ်ဘူးလား… ငါ မိုး‌ကြိုးကပ်ဘေးကို ဖြတ်ကျော်နေတဲ့ အချိန်မှာလည်း ဖန်ကျိချူက ပျောက်ပျက်ခြင်း ကောင်းကင်ဓားနဲ့ လာတိုက်ခိုက်ခဲ့တယ်… ‌ဒါတောင် မင်းတို့က ငြင်းချင်တာလား"

ချန်းဖန်က အေးစက်စက် နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။

"ကျင့်ကြံသူချန်းက ဘာအကြောင်းကို ပြောနေတာလဲ… ဆရာဦးလေး ဖန်ကျိချူက လွန်ခဲ့တဲ့ နှစ်တစ်ထောင် လောက်တည်းက ကွယ်လွန်သွားခဲ့တာ… ကျင့်ကြံသူချန်း လူမှားတာ ဖြစ်ရမယ်"

ဖန်ဝူဟောင်က ခေါင်းခါရင်း ဆိုလိုက်သည်။

"ကောင်းကင်ဓားက မင်းတို့မြို့ထဲ ပျံသွားတာကို ငါ မြင်တယ်… မင်းက ငါ့ရဲ့ မျက်လုံးကို မေးခွန်းထုတ်ချင်တာလား"

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။

"ကျင့်ကြံသူချန်း… အဲဒါက နားလည်မှု လွဲတာ ဖြစ်မှာပါ… တစ်ယောက်ယောက်က ဖန်မိသားစုကို မနာလိုပြီး ချောက်ချတာ ဖြစ်နိုင်ပါတယ်"

ဖန်ဝူဟောင်က လေးနက်သော အမူအရာဖြင့် ဆက်ပြောသည်။

"ဆေးဧကရာဇ် တစ်ယောက် အနေနဲ့ ‌အခြားလူတွေရဲ့ ချောက်ချမှုကို မယုံပဲ သေချာ သုံးသပ် စေလိုပါတယ်"

"ကောင်းပြီလေ… ဒါဆို အစီအရင်တွေ ဖွင့်ပြီး ငါ့ကို ဘိုးဘေးနယ်မြေဆီ ဝင်ခွင့်ပေး… ပျောက်ပျက်ခြင်း ကောင်းကင်ဓားက အဲဒီမှာ ရှိလား ဆိုတာ ငါ ကိုယ်တိုင် ကြည့်မယ်"

ချန်းဖန်က ပြောလိုက်သည်။

"အဲဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး… ပျောက်ပျက်ခြင်း ကောင်းကင်ဓားက ကျုပ်တို့ မိသားစုရဲ့ ရတနာပါ… မိသားစု‌ ခေါင်းဆောင်နဲ့ မဟာ အကြီးအကဲတွေက လွဲလို့ ဘယ်သူမှ တွေ့ခွင့် မြင်ခွင့် မရှိပါဘူး"

"ငါ မြင်နိုင်တယ် မမြင်နိုင်ဘူး ဆိုတာ မင်း ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး"

ချန်းဖန်က ပြောကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ အဇူရာ စွမ်းအားက သူ၏ ခြေထောက် အောက်မှ ထွက်ပေါ်လာကာ မဟာ အစီအရင်များ ထံသို့ တိုးဝင် သွားသည်။

"အဲဒါက ဘာသဘောလဲ… မင်းက ငါတို့ မြို့ကို ကျူးကျော်ချင်နေတာလား"

ဖန်ဝူဟောင်၏ မျက်နှာက အလွန်အမင်း အေးစက် သွားသည်။

"ချန်းပေ့ရွှမ်း… ငါ‌မင်းကို သတိပေး လိုက်မယ်… မင်းဘက်က တိုက်ခိုက်ချင်တယ် ဆိုရင် ငါတို့ကလည်း ကြောက်နေမှာ မဟုတ်ဘူး… နောက်မှ ဆေးဧကရာဇ် ဆိုတဲ့ ဘွဲ့ကို မထောက်ဘူး လာမပြောနဲ့"

"ဘုန်း…"

ဖန်ဝူဟောင်၏ စကားဆုံးသည်နှင့် စွမ်းအင် စီးကြောင်းများက ကောင်းကင်၌ သွယ်လျှက် သွား၏။ ထိုစွမ်းအင် စီးကြောင်း တစ်ခုချင်း စီသည် ရွှေအမြုတေ အဆင့်ကို သတ်ဖြတ်နိုင်သည့် အင်အားကို သယ်ဆောင် ထား၏။ လေမဲ့မြို့တော် အတွင်းရှိ အရှင်သခင်များကား တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်လေသည်။

"ပြောတာ တော်လောက်ပြီ…"

ချန်းဖန်က နှာခေါင်းရှုံ့ကာ လက်ညိုးအား ဆန့်ထုတ်လိုက်၏။ ရုတ်တရက် ဖန်ဝူဟွာ၏ ခန္ဓာကိုယ်က ပေါက်ကွဲကာ မြူများ အဖြစ် ပြောင်းလဲ သွားသည်။

"ချန်းပေ့ရွှမ်း… မင်း လုပ်ရဲတယ်ပေါ့"

နောက်တစ်စက္ကန့် အကြာ၌ ဒေါသတကြီး အော်ဟစ်သံ တစ်ခုမှာ လေမဲ့ မြို့တော် အတွင်း၌ ပျံလွင့်သွားတော့၏။

ဖန်ဝူဟွာ၏ ကိုယ်ပွား တစ်ခုကို ဖျက်ဆီး ပြီးနောက် ချန်းဖန်က ခြေတစ်လှမ်း လှမ်းကာ မြို့တော် အပေါ်သို့ ပျံတက် လိုက်သည်။ သူ၏ မျက်လုံးများသည် တဖျတ်ဖျတ် တောက်ပ နေ၏။

မိသားစု တစ်ခုနှင့် လူတစ်ယောက် တို့၏ တိုက်ပွဲကား စတင်ချေတော့မည် ဖြစ်လေသည်။

တစ်ချိန်တည်း၌ မြောက်နတ္ထိနယ် တစ်လွှားရှိ မ‌ရေမတွက်နိုင်သော ကျင့်ကြံသူများသည် လေမဲ့မြို့တော် တည်ရှိရာ ဘက်သို့ လှမ်းကြည့် နေကြသည်။

"သူက မိသားစု တစ်ခုလုံးနဲ့ ယှဉ်ပြီး တိုက်ခိုက်တော့မယ်ပေါ့… ဝမ်ရှင်းဟယ် နောက်ပိုင်း ဒီလို တိုက်ပွဲမျိုး တစ်ခါမှ မမြင်ခဲ့ရဘူး"

ဝူမိသားစု အကြီးအကဲ ဝူဝမ်ချန်းက ရေရွတ် လိုက်သည်။

"ဘိုးဘေး… ဆေးဧကရာဇ် နိုင်မယ်လို့ ဘိုးဘေး ထင်လား"

ဝူချင်းယန်က မေးသည်။

"ကောင်းကင်အရှင် မိသားစုတိုင်းက မထင်မှတ်ထားလောက်အောင် အစွမ်းထက် ကြတယ်… ဖန်မိသားစု လေမဲ့မြို့တော်ကို နှစ်သောင်းချီ စိုးမိုးခဲ့တာပြီးတော့ သူတို့မှာ ဘာတွေ ရှိနေမယ် ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး… ဒါပေမဲ့ ချန်းပေ့ရွှမ်း ဆိုတာကလည်း ငါတို့ တွေးဖူးသမျှထဲမှာ အလျှို့ဝှက်ဆုံး လူပဲ… သူက ကောင်းကင် ရတနာ တစ်ခုကိုတောင် လက်ဗလာနဲ့ အနိုင်ယူခဲ့တာ… တကယ်လို့ တစ်ဖက်ဖက်က ဆိုရင်တောင် လွယ်ကူမယ် မထင်ဘူး"

ဝူဝမ်တင်က ခပ်ဖြည်းဖြည်း ခေါင်းခါရင်း ဆိုလိုက်သည်။

"ကောင်းကင်အရှင် မိသားစု တစ်ခုတောင် သူ့ကို အနိုင်ယူဖို့ မလွယ်ကူတော့ဘူး ဆိုတဲ့ သဘောပေါ့"

ဝူဝမ်တင်၏ အဖြေကြောင့် ဝူချင်းယန်နှင့် များစွာသော ဝူမိသားစုဝင်များမှာ ကျောများပင်ချမ်းမိ သွားကြတော့သည်။

ထိုကဲ့သို့သော အဖြစ်အပျက် ဝူမိသားစု တစ်ခုတည်းတွင်သာ ဖြစ်ပျက်နေခြင်း မဟုတ်ချေ။ နင်းမိသားစု၊ ဟူမိသားစုနှင့် အခြား ကောင်းကင်အရှင် မိသားစုများ၊ လျှို့ဝှက်ဂိုဏ်းများတွင်မှာပါ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

"တကယ်လို့ သူသာ ဖန်မိသားစုကို ဒူးထောက်အောင် လုပ်နိုင်ခဲ့ရင် ကောင်းကင်အရှင် နက္ခတ်ပင်လယ် (ဝမ်ရှင်းဟယ်) ရဲ့နောက် အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်"

များစွာသော လူများမှာ စိတ်ထဲမှ ကြိတ်ကာ မှတ်ချက်ချ လိုက်မိကြ၏။

တစ်ချိန်တည်း၌ ချန်းဖန်မှာမူ တိမ်များ အကြား၌ ရပ်ကာ လေမဲ့မြို့တော်အား ငုံ့ကြည့် နေ၏။ သူ၏ မျက်လုံးများက နက်ရှိုင်းကာ တည်ငြိမ်နေသည်။

"တစ်ခုရွေး… ဖန်ကျိချူနဲ့ ကောင်းကင်ဓားကို လွှဲပေးမလား… အသေခံမလား"

သူက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်၏။

"ဘဝင် ရူးပဲ…"

"အိပ်မက်မက်နေတာလား…"

" … "

မရေမတွက်နိုင်သော ကျိန်ဆဲသံများက လေမဲ့မြို့တော်ထဲမှ ထွက်ပေါ်လာသည်။ သူတို့သည် မြို့တော်၏ ခံစစ်ကို အကြွင်းမဲ့ ယုံကြည်ရာ ချန်းဖန်အား တားဆီးရန် ယုံကြည်ချက် ရှိကြ၏။

"မင်းတို့က လိပ်လို ပုန်းပြီး နေတာနဲ့ လုံခြုံပြီလို့ ထင်နေတာလား…"

ချန်းဖန်က ပြုံးလိုက်သည်။

"ဒီနေ့ ငါ မင်းတို့ကို ခွန်အားရဲ့ အဓိပ္ပာယ် အကြောင်း သင်ပြပေးရတာပေါ့"

ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ကာ လက်ချောင်းများကို ဆုပ်လိုက်၏။

"ဘုန်း…"

အားလုံး၏ အကြည့်များ အောက်မှာပင် မီတာ တစ်သောင်း မြင့်မားသော တောင်တန်း တစ်ခုမှာ မြေပြင်မှ မြင့်တက်လာကာ လေမဲ့ မြို့တော်ထံသို့ တိုးဝင်သွား၏။

"ဘာလဲ…"

ဖန်ဝူယန်နှင့် အခြား အကြီးအကဲများမှာ ဆွံ့အ သွားကြ၏။

ထိုတောင်တန်းကား မြို့တစ်မြို့ထက်ပင် ကြီးမားသည်။ သို့တိုင်အောင် ချန်းဖန်သည် ၎င်းကို လက်တစ်ဖက်တည်းဖြင့် မကာ သူတို့ထံသို့ လွှင့်ပစ်ခဲ့သည်။ ထိုအရာက မည်သို့နည်း။

"ဘုန်း…"

တောင်တန်းက လေမဲ့မြို့တော်၏ အကာအကွယ် အလင်းအား ပြင်းထန်စွာ ဝင်ဆောင့်လေ၏။

ရုတ်တရက် မရေမတွက်နိုင်သော အကာအကွယ် ဓမ္မ အစီရင်များမှာ အသက်ဝင်ကာ လှုပ်ရှား လာကြသည်။ ဖီးနစ်ငှက်က ကောင်းကင်သို့ ပျံတက်လာ၏။ ဓားချီသည် တောက်ပသော အလင်းကို သယ်ဆောင်ကာ ဝောာင်တန်းကို ခုတ်ဖြတ်သည်။ အနက်ရောင် နဂါးကလည်း ပျံသန်းကာ တောင်တန်းအား မရန် ကြိုးစားလေ၏။

သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်လေသည်။

"ဒုတိယ တောင်တန်း…"

"တတိယ.. "

"စတုတ္ထ…"

ချန်းဖန်အတွက် တောင်တန်း တစ်ခုကို ဆင့်ခေါ်ရန် အတွက် လက်တစ်ချက် ဝှေ့ရန်သာ လိုအပ်၏။  တစ်ခဏ အတွင်းမှာပင် သူသည် တောင်တန်း ရာချီကို ဆင့်ခေါ်ကာ လေမဲ့ မြို့တော်အား အဆက်အပြတ် တိုက်ခိုက် နေခဲ့ပြီ ဖြစ်လေသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

ထိုအခိုက်အတန့်၌ လေမဲ့မြို့တော် တစ်ခုလုံးမှာ တုန်ရီ၍ပင် နေခဲ့၏။ လေမဲ့မြို့တော်၏ ဓမ္မ အစီအရင်များသည် ကောင်းကင် အရှင် တစ်ယောက်၏ ကျူးကျော်မှုကိုပင် ခုခံနိုင်သည့်တိုင် ချန်းဖန်၏ တိုက်ခိုက်မှုများ အောက်တွင်မူ ကစဉ့်ကလျား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"သူက ကောင်းကင်အရှင် တစ်ယောက်ရဲ့ စွမ်းအားကို ပိုင်ဆိုင်နေပြီလား…"

များစွာသော ပရိသတ်များမှာ စတင်ကာ ချောက်ချား နေကြပြီ ဖြစ်လေသည်။

ရွှေအမြုတေ အဆင့် တစ်ယောက်သည် သဘာဝ၏ စွမ်းအားကို ထိတွေ့နိုင်စွမ်း ရှိကြ၏။ သို့သော်လည်း သူတို့သည် တောင်တန်း တစ်ခုကိုမူ မ နိုင်စွမ်း မရှိကြချေ။ ထို့ကြောင့်ပင် ချန်းဖန်၏ တောင်တန်းများကို အသုံးပြုသော တိုက်ခိုက်မှုက သူတို့အား အံ့အားသင့်စေခြင်း ဖြစ်သည်။

"ခရက်… ခရက်…"

လေမဲ့မြို့တော်၏ အကာအကွယ် ဓမ္မ အစီရင်များမှာ တစ်ခုပြီး တစ်ခု စတင်ကာ ပေါက်ကွဲကုန်ကြ၏။ တောင်တန်း တစ်ရာ၏ တိုက်ခိုက်မှု အပြီးတွင်မူ ဓမ္မ အစီအရင်များ၏ သုံးပုံ တစ်ပုံသာလျှင် ကျန်ရှိပေတော့သည်။

"ဟူး…"

ဖန်ဝူဟောင်မှာ ရပ်တန့်သွားသော ချန်းဖန်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ပင် ချလိုက်မိသည်။ သို့သော်လည်း သူ စိတ်သက်သာရာ မရခင်မှာပင် ချန်းဖန်က သူ၏ လက်သီးများကို ဆုပ်ကာ မြို့တော်ဆီသို့ တိုးဝင်လာ၏။

"တောင်တန်းတွေက သတိပေးရုံ သက်သက်ပဲ… ဒါကမှ ငါ့ရဲ့ အစစ်အမှန် တိုက်ခိုက်မှုပဲ"

ပထမ၌ ချန်းဖန်၏ လက်သီးမှာ သာမန် ထင်ရသော်လည်း ရှေ့သို့ တစ်လက်မတိုးတိုင်း အဆထောင်ချီ ပိုမို အစွမ်းထက် လာ၏။ အဆုံးသတ်၌ ကမ္ဘာမြေကြီးပင်လျှင် စတင် တုန်လှုပ်လာကာ ကောင်းကင်မှာလည်း ပြင်းထန်သော ဖိအားကြောင့် တွန့်ရှုပ်၍ပင် လာခဲ့သည်။ ကောင်းကင်နှင့် မြေကြီး အကြားရှိ အာကာသသည် ကြီးမားသော လက်သီးဖြင့် ပြည့်နှက်ကာ အရာရာကို ဖျက်ဆီးရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

"ဘုန်း…"

လက်သီးချက် ကျဆင်းသည်နှင့် လေမဲ့မြို့တော် တစ်ခုလုံးမှာ ကြက်ဥ တစ်လုံး အလား ကွဲအက် သွား၏။ မြို့တော် အတွင်းရှိ အရာ အားလုံးမှာလည်း ဖုန်မှုန့် အဖြစ် ပြောင်းလဲ သွားတော့သည်။

ထိုတိုက်ခိုက်မှုမှ မည်သည့် အရာမျှ လွတ်မြောက်ခြင်း မရှိခဲ့ချေ။

***

All Chapters