ပြင်းထန်သော တိုက်ပွဲ
Vol. 10 Ch. 931
"ဘယ်လိုဖြစ်နိုင်မှာလဲ…"
မရေမတွက်နိုင်သော လူများမှာ လေမဲ့ မြို့တော် ဆီသို့ ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွားကြ၏။ လွန်ခဲ့သည့် တစ်ခဏကပင် အစီအရင်များ၊ ဖန်မိသားစု ကျင့်ကြံသူများ စည်ကားခဲ့သည့် ထိုနေရာကား လုံးဝ ဗလာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူတို့က လက်သီး တစ်ချက်တွင်ပင် ဤကဲ့သို့ ပျောက်ကွယ် သွားခဲ့ရသည်လား။
"အစွမ်းထက်လိုက်တဲ့ တိုက်ခိုက်မှု…"
"ဝမ်မိသားစုရဲ့ ကောင်းကင်အရှင် နက္ခတ် ပင်လယ်တောင် အဲ့လောက် အစွမ်း မထက်ဘူး မလား…"
နင်းမိသားစု၊ ဝမ်မိသားစု၊ ဟူမိသားစုတို့ အပါအဝင် ကောင်းကင်အရှင် မိသားစုများ အားလုံးမှာလည်း လုံးဝ ဆွံ့အနေ၏။
ဖန်မိသားစုသည် ချန်းဖန်၏ တိုက်ခိုက်မှု တစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ချေ။ ထိုအရာက သူသည် ကောင်းကင်အရှင် မိသားစု တစ်ခုကို လွယ်ကူစွာ ရှင်းလင်းနိုင်သည်ဟု ဆိုလိုခြင်းပေလော။
"ကောင်းကင်အရှင် မိသားစုတွေက နှစ်သောင်းချီ တည်ရှိခဲ့ကြတာ… ဘယ်လို လုပ်ပြီး ဒီလို လွယ်လွယ်ကူကူ ဖျက်ဆီးခံရမှာလဲ… အဲဒါက ဖန်မိသားစုရဲ့ တကယ့် စွမ်းအား မဟုတ်ဘူး"
ဝူဝမ်တင်က ခေါင်းခါရင်း လေးနက်စွာ ပြောလိုက်၏။
ထို့နောက် ပျက်စီးနေသော လေမဲ့ မြို့တော်ဆီမှ အစက်အပျောက် အချို့ ထွက်ပေါ်လာ၏။ ၎င်းတို့မှာ ဖန်ဝူဟောင်၊ ဖန်ဝူယန်နှင့် ဖန်မိသားစုတို့၏ ထိပ်တန်း ကျင့်ကြံသူများပင် ဖြစ်သည်။
ဖန်ဝူဟောင်၏ ဆံပင်များသည် ပျံ့ကြဲနေ၏။ သူ၏ အနက်ရောင် ဝတ်စုံမှာလည်း စုတ်ပြတ်ကာ သွေးများဖြင့် စွန်းထင် နေခဲ့ပြီ ဖြစ်လေသည်။
ချန်းဖန်၏ လက်သီးကား အလွန်ပင် အစွမ်းထက် လွန်းသည်။ ထိုတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သူများမှာ ထိပ်တန်း ဓမ္မ ရတနာများနှင့် ထိပ်တန်း ရွှေအမြုတေကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများသာ ဖြစ်သည်။ ဖန်မိသားစု၏ ကျန်ရှိသော အဖွဲ့ဝင် များမှာမူ အသတ်ခံလိုက်ရပြီ ဖြစ်သည်။
"ချန်းပေ့ရွှမ်း… မင်း ငါ့ရဲ့ ဖန်မိသားစု အားလုံးကို သတ်ရဲတယ်ပေါ့… ငါ မင်းကို ပြန်ပြီး လက်စားချေမယ်… မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို မဖျက်ဆီး နိုင်မချင်း ငါ လက်လျှော့မှာ မဟုတ်ဘူး"
ဖန်ဝူဟောင်ကား ဒေါသဖြင့် ရူးသွပ် မတတ်ဖြစ် နေခဲ့ပြီ ဖြစ်သည်။
လေမဲ့မြို့တော်သည် ဖန်မိသားစု၏ ဘိုးဘေး နယ်မြေ မဟုတ်သော်လည်း များစွာသော ဖန်မျိုးနွယ်များ နေထိုင်ရာ နေရာ ဖြစ်သည်။ ထို့အပြင် ဖန်မိသားစု၏ ရင်းမြစ် အများစုမှာလည်း ထိုနေရာမှ ရရှိခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ လေမဲ့ မြို့တော် တစ်ခုလုံးမှာ ချန်းဖန်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ဖန်ဝူဟောင်ကို ပို၍ ရူးသွပ်စေသော အရာကား ချန်းဖန်၏ တိုက်ခိုက်မှု၌ မိစ္ဆာ အစောင့်အရှောက် တပ်မဟာများကိုပါ ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။
မိစ္ဆာ အစောင့်အရှောက် တပ်မဟာ တစ်ခုချင်းစီမှာ မူလ အဆင့် တစ်သောင်း၊ ရွှေအမြုတေ အဆင့် တစ်ရာဖြင့် ပေါင်းစပ် ဖွဲ့စည်းထားကာ ဟန်ရှုံး သတ်မှတ်ချက်ဝင်များကိုပင် အနိုင်ယူ နိုင်ကြသည်။ သို့သော်လည်း ယခုတွင်မူ ထိုတပ်မဟာများမှာကား ရုပ်လုံး ထွက်မပြရသေးခင်မှာပင် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဖန်ဝူဟောင် အနေဖြင့် မည်ကဲ့သို့ မရူးသွပ်ပဲ နေနိုင်မည်နည်း။
"မိစ္ဆာကောင်… ဖန်မိသားစုက မင်းကို ရအောင် သတ်မယ်ကွ…"
"မင်းမသေမချင်း ငါတို့ မင်းနောက်ကို လိုက်မယ်"
ဖန်ဝူရှန်နှင့် ဖန်ဝူယန်တို့ကလည်း ဒေါသတကြီး အော်ဟစ် လိုက်ကြသည်။
"ကောင်းပြီလေ… မင်းတို့ သဘောပဲ… ဒါပေမဲ့ အရင်ဆုံးတော့ ငါ့လက်က ရအောင် ပြေးကြဦး"
ချန်းဖန်က နှာခေါင်းရှုံ့ကာ ဖန်ဝူရှန်ထံသို့ ဦးတည် လိုက်၏။ သူက ချက်ချင်းပင် ထိုဖန်မိသားစု၏ အကြီးအကဲအား လက်သီးဖြင့် ထိုးကာ သတ်ဖြတ် ပစ်လိုက်သည်။
"ပြေးကြ…"
ဖန်ဝူဟောင်နှင့် အခြားလူများမှာ ထိတ်လန့်သွားကာ အလင်းတန်းများ အဖြစ် ထွက်ပြေးကြတော့၏။
"မင်းတို့က ပြေးချင်တာလား…"
ချန်းဖန်က ရယ်မောကာ သူတို့နောက်သို့ လိုက်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်မျှ အကြာ၌ ဖန်ဝူဟောင်နှင့် အခြားလူများမှာ ရုတ်ချည်းပင် လေထဲ၌ ပျောက်ကွယ်သွားသည်။
ချန်းဖန်သည် သူတို့ ပျောက်ကွယ် သွားရသည့် အကြောင်းရင်းကို ကောင်းစွာ သိ၏။ သူတို့ကား ကမ္ဘာ၏ ခွန်ရှု့နယ်မြေ ကဲ့သို့သော အခြား ကမ္ဘာတစ်ခုထံ ဝင်ရောက်သွားခြင်း ဖြစ်လေသည်။
ချန်းဖန်က ထိုအရပ်သို့ ကြည့်ကာ ရွှေရောင် လီမီးတောက် ကျင့်စဉ်ကို အသက်သွင်း လိုက်၏။ ထိုအခါ ရွှေရောင် မီးအလင်းတန်း နှစ်ခုမှာ သူ၏ မျက်လုံးမှ ထွက်ပေါ်လာကာ ထိုနေရာသို့ ဦးတည် တိုးဝင် သွားသည်။
"ဘုန်း…"
ထို့နောက် လေဟာနယ်သည် တုန်ခါလာကာ ကြီးမားသော ကမ္ဘာကြီး တစ်ခုမှာ ချန်းဖန်၏ ရှေ့၌ ပေါ်လာခဲ့သည်။ ၎င်းသည် မိုင် တစ်ရာမျှ ကြီးမားကာ လေထု ဟိန်းဟောက်သံ များဖြင့် ပြည့်နှက်နေ၏။ မီတာ တစ်ရာမျှ ရှည်လျားသော အနက်ရောင် နဂါးများသည် ထိုကမ္ဘာကို ပတ်ကာ ပျံသန်းနေကြသည်။
တစ်ချိန်တည်း၌ ကြောက်မက်ဖွယ် စွမ်းအားသည် ထိုကမ္ဘာ၌ နိုးထ နေခဲ့လေသည်။ ၎င်းသည် မရဏပြည်မှ လေထုအလား ကြောက်မက်ဖွယ် ဖိအားကို ကမ္ဘာလောကသို့ ထုတ်လွှတ်နေ၏။
"အဲ့လိုကိုး…"
ချန်းဖန်က အေးစက်စက် ပြုံးရင်း ရေရွတ် လိုက်သည်။
ပျောက်ပျက်ခြင်း ကောင်းကင်ဓား ပျောက်ကွယ် သွားပြီးနောက် ချန်းဖန်သည် ထိုဓားမှာ လေမဲ့မြို့တော်၌သာ ပုန်းကွယ်နေခြင်း ဟု ထင်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ထိုဓား၏ တည်နေရာ အမှန်မှာ ချန်းဖန်၏ အရှေ့၌ ပေါ်လာခဲ့ပြီ ဖြစ်သည်။
"ဖန်မိသားစုက ကောင်းကင် အရှင် တစ်ယောက်ကို ပိုင်ဆိုင်ခဲ့ဖူးတယ် ဆိုတော့… သူက လေဟာနယ်ကို ခွဲပြီး သီးခြား ကမ္ဘာငယ် တစ်ခုကို ဖန်တီးနိုင်ခဲ့တာ မဆန်းဘူး"
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။
သီးခြား ကမ္ဘာငယ် တစ်ခု ရှိခြင်းသည် ကောင်းကင်အရှင် မိသားစုများ မြောက်နတ္ထိနယ်၌ အချိန်ကာလ ကြာမြင့်စွာ တည်မြဲရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ လေမဲ့မြို့တော်သည် ပျက်စီးသွားပြီ ဖြစ်သည့်တိုင် ဖန်မိသားစုသည် ကမ္ဘာငယ်ကို မှီခိုကာ မြို့တော်အသစ် တစ်ခုကို အချိန်မရွေး ပြန်လည် တည်ဆောက်နိုင်ပေသည်။
"ဝမ်မိသားစုရဲ့ ကမ္ဘာငယ်ကရော ဘယ်လောက် အစွမ်းထက်နေမလဲ ငါသိချင်မိတယ်… အဲဒီ အထဲမှာ ကျင့်ကြံသူတွေ အများကြီး ရှိနေမှာလား"
ချန်းဖန်မှာ ဝမ်မိသားစု အကြောင်း တွေးမိသော်လည်း ချက်ချင်းပင် ပြန်လည် မေ့ဖျောက်လိုက်သည်။
တစ်ချိန်တည်း၌ ဖန်မိသားစု၏ ကမ္ဘာငယ်သည် ပြင်းထန်စွာ တုန်ခါနေ၏။ အတွင်းရှိ စံအိမ်များမှ ကျင့်ကြံသူများမှာ အပြင်သို့ ထွက်လာကာ အပေါ်သို့ မော့ကြည့် နေကြသည်။
သူတို့သည် အလွန်အမင်း ရှေးဆန်သော ဝတ်စုံများကို ဝတ်ဆင် ထားကြ၏။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားများမှာမူ ဖန်ဝူဟောင်၊ ဝူဝမ်တင် တို့ကဲ့သို့ အစွမ်းထက်ကြောင်း ဖော်ပြနေ၏။ သူတို့ကား ဖန်မိသားစု၏ ခေါင်းဆောင်ဟောင်းများနှင့် မဟာ အကြီးအကဲဟောင်းများပင် ဖြစ်လေသည်။
"ချန်းပေ့ရွှမ်း… ဖန်မိသားစုရဲ့ စွမ်းအားက မင်း ထင်ထားတာထက် ပိုတယ်ကွ…"
ဖန်ဝူဟောင်က ကမ္ဘာငယ်ထဲမှ နေ၍ ပောာ်ဟစ် လိုက်၏။
"မင်းတို့ရဲ့ ကောင်းကင်အရှင် အသက်ရှင် နေသေးရင်တော့ ငါကြောက်ချင် ကြောက်မိလိမ့်မယ်… ဒါပေမဲ့ အဲဒီ အဘိုးကြီးတွေကို အနိုင်ယူဖို့ ဆိုတာကတော့ ငါ့ အတွက် အလွယ်လေးပဲ"
ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကောင်းကင်အား ဆွဲဖဲ့ လိုက်၏။
"ဘုန်း…"
ရုတ်တရက် ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်မှာ ပွင့်ထွက် သွားသည်။ အနက်ရောက် လေသည် ရုတ်ချည်းပင် တိုက်ခိုက်လာကာ ယင်ချီများကလည်း လောကသို့ ပျံ့နှံ့လာ၏။ ၎င်းတို့ ထွက်ပေါ်လာကာ အရပ်တွင်မူ အက်ကွဲရာ တစ်ခု ဖြစ်ပေါ်နေသည်။ ချန်းဖန်ကား ကမ္ဘာငယ် တစ်ခု၏ လေဟာနယ် အကာအကွယ်ကို ထိုနည်းဖြင့် ဆွဲခွဲ ပစ်လိုက်ပြီ ဖြစ်လေသည်။
"မင်း လုပ်ရဲတယ်ပေါ့…"
ဖန်မိသားစု၏ များစွာသော မဟာ အကြီးအကဲဟောင်းများမှာ ဒေါသတကြီး အော်ဟစ် လိုက်ကြ၏။
"ဟဟ…"
ချန်းဖန်က အနည်းငယ် ရယ်မောလိုက်ကာ ကမ္ဘာငယ်၏ လေဟာနယ် အကာအရံ တစ်ခုလုံးကို ထပ်မံ၍ ဆွဲဖျက် ပစ်လိုက်သည်။
"ရပ်စမ်း…"
ဖန်မိသားစု၏ မဟာ အကြီးအကဲဟောင်း များမှာ အနက်ရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ချန်းဖန်ထံသို့ တိုးဝင် လာကြ၏။ ထိုအကြီးအကဲဟောင်းများကား သက်တမ်း ကုန်ရန် အလွန် နီးကပ်နေသူများ ဖြစ်သည်။ စွမ်းအားအရ ဆိုရလျှင် သူတို့သည် လက်ရှိခေတ်၏ ထိပ်တန်း ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ကဲ့သို့ အစွမ်းထက် ကြပေသည်။
သို့သော်လည်း ချန်းဖန်မှာမူ အနည်းငယ်ပင် နောက်တွန့်သွားခြင်း မရှိချေ။ သူ၏ ပုံစံက ပို၍ပင် တည်ငြိမ်လာပုံ ရသည်။
"ဘုန်း…"
ရွှေအမြုတေ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ များစွာ၏ စုပေါင်း တိုက်ခိုက်မှုက မည်မျှ အစွမ်းထက် သနည်း။ မည်သူမျှ ထိုအရာကို မမြင်ဖူး ကြချေ။
"ဘုန်း…."
တစ်ချိန်တည်း၌ ချန်းဖန်၏ ခန္ဓာကိုယ်မှ အဇူရာ အလင်း တစ်ခု တောက်ပလာသည်။ ထိုအလင်းသည် မဟာ အကြီးအကဲများ၏ အနက်ရောင် စွမ်းအားများကို ကျော်လွန်ကာ ကမ္ဘာငယ် တစ်ခုလုံး အထိ လွှမ်းမိုးသွား၏။
"ဘုန်း… ဘုန်း… ဘုန်း…"
အနက်ရောင် အလင်းများနှင့် အဇူရာ အလင်းတို့ ထိပ်တိုက် တွေ့ဆုံကြရာ နားစည် ကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
တိုက်ပွဲ၏ အရှိန်သည် မိုင်ငါးရာ အကာအဝေး အတွင်းရှိ မြေပြင်ကိုပင် အက်ကွဲ သွားစေ၏။ ထိုဧရိယာ အတွင်းရှိ သက်ရှိများမှာမူ ချက်ချင်းပင် ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထိုအထဲ၌ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများပင် လွတ်မြောက်ခဲ့ခြင်း မရှိခဲ့ချေ။
"ကြောက်ဖို့ ကောင်းလိုက်တာ… ကြောက်ဖို့ ကောင်းလိုက်တာ"
များစွာသော ကြည့်ရှု့သူများ၏ မျက်နှာများကား ဖြူရော် နေကြပြီ ဖြစ်လေသည်။ ထိုသို့သော တိုက်ပွဲမျိုးကား မိသားစု ခေါင်းဆောင်များပင် ရုတ်ချည်း သေဆုံးသွားနိုင်သော တိုက်ပွဲမျိုး ဖြစ်သည်။
နာရီဝက် ကြာပြီးနောက်…
ကမ္ဘာငယ် အတွင်းရှိ ဆူညံသံများမှာ တိတ်ဆိတ် သွား၏။ အနက်ရောင် အလင်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားကာ အဇူရာ အလင်း တစ်ခုသာလျှင် ကျန်ရှိတော့သည်။
လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။ ဖန်မိသားစုကား ရှုံးနိမ့် သွားခဲ့ပြီ ဖြစ်လေသည်။
***