မိသားစု တစ်ခုနှင့် လူတစ်ယောက်
Vol. 10 Ch. 932
"ဖန်မိသားစု ရှုံးသွားပြီ…"
ဝမ်ရွှမ်ဖုန်းက ခြောက်ကပ်စွာ ရေရွတ် လိုက်၏။
သူ၏ ဘေး၌ ကြယ်တာရာများကို ဝန်းရံ၍ ရပ်နေသော ဝမ်ရွှမ်လုံမှာမူ တိတ်ဆိတ် နေခဲ့သည်။ သူသည် ချန်းဖန်ကို ငေးမော ကြည့်နေ၏။ သူ၏ မျက်ဝန်းများကမူ လေးစားမှုများ၊ ကြောက်လန့်မှုများဖြင့် ပြည့်လျှမ်းနေခဲ့သည်။
"ငါ့အကိုရဲ့ ဒီလို ပုံစံမျိုးကို ငါတို့တွေ မိသားစု ဘိုးဘေးနဲ့ တွေ့တုန်း တစ်ခါပဲ မြင်ဖူးတယ်…"
ဝမ်ရွှမ်ဖုန်းမှာ သူ၏ အကိုကို ကြည့်ကာ ကြောက်လန့် သွား၏။
ဝမ်မိသားစု၏ ဘိုးဘေးကား မြောက်နတ္ထိနယ်၏ တစ်ဦးတည်းသော ကောင်းကင်အရှင် တစ်ဖြစ်လည်း အရှင် နက္ခတ်ပင်လယ် ဝမ်ရှင်းဟယ်ပင် ဖြစ်သည်။
"အကိုက တကယ်ကြီး ချန်းပေ့ရွှမ်းကို ဘိုးဘေး ရှင်းဟယ်လို မြင်နေတာလား… ဘယ်လို ဖြစ်နိုင်မှာလဲ"
ဝမ်ရွှမ်ဖုန်းက ထိုအတွေးကို ခေါင်းခါ၍ ဖယ်ထုတ် လိုက်၏။
သို့သော်လည်း ထိုချန်းပေ့ရွှမ်း ဆိုသော ပုဂ္ဂိုလ်ကား အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ သူသည် ကောင်းကင်အရှင် မိသားစု တစ်ခုကိုပင် တစ်ယောက်တည်း ရှင်းပစ်ခဲ့သည်။ သို့ဖြစ်ရာ မြောက်နတ္ထိနယ်၌ မည်သူက သူ့အား တားဆီးနိုင်တော့မည်နည်း။
ဝမ်မိသားစု ခေါင်းဆောင် ဝမ်ထျန်ချန်း ပင်လျှင် ဘိုးဘေး ရှင်းဟယ်၏ အကူအညီ မရပါက ဝမ်မိသားစု အနေဖြင့် ချန်းဖန်ကို တားဆီးနိုင်မည် မဟုတ်ကြောင်း စိတ်ထဲမှ ဝန်ခံမိသည်။
တစ်ချိန်တည်း၌ နင်းမိသားစု၊ ဟူမိသားစု၊ တိုင်ယီ ဂိုဏ်း စသည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များမှာလည်း ဖြူရော် နေကြပြီ ဖြစ်သည်။
အင်အားကြီး ဖန်မိသားစု ပင်လျှင် ချန်းဖန်၏ အရှေ့၌ ပုရွက်ဆိတ် ကဲ့သို့ နင်းချေ ခံရသည်။ အင်အား အရ ဆိုလျှင် သူတို့သည် ဖန်မိသားစုထက်ပင် ပို၍ အားနည်းသေးရာ ချန်းဖန်သာ အမှန်တကယ် လာရောက် တိုက်ခိုက်ပါက ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
"သောက်ပြဿနာပဲကွာ… ဟူရှောင် ဆိုတဲ့ ခွေးကောင်"
ဟူယွမ်ရှိုက ဒေါသတကြီး အော်လိုက်၏။
အခြားသော ဟူမိသားစု၏ အကြီးအကဲများ မှာလည်း ကြောက်လန့် နေကြပြီ ဖြစ်လေသည်။ ဟူမိသားစုသည် ကောင်းကင်အရှင် မိသားစုများ အနက် ချန်းဖန်နှင့် ဆက်ဆံရေး အဆိုးရွားဆုံး ဖြစ်သည်။ သို့ဖြစ်ရာ ဟူမိသားစုထံသို့ ချန်းဖန် ရောက်မလာဟု မည်သူမျှ အာမ မခံနိုင်ချေ။
"ဒီနေ့ ကမ္ဘာကြီးက ပြောင်းပြန်လည် နေတာလား…"
ဝူဝမ်တင်က ဖြူရော်စွာ ပြုံးရင်း ခေါင်းအား ခါယမ်း လိုက်၏။ ထိုဝမ်မိသားစု၏ ဘိုးဘေးကား ဖြစ်ပျက် သမျှကို အိပ်မက်ကဲ့သို့ ခံစားနေရပုံ ပေါ်သည်။
"သူက ကောင်းကင်ရတနာကို လက်နဲ့ တားပြီး ဖန်မိသားစုကို အနိုင်ယူခဲ့တယ်… မြောက်နတ္ထိ နယ်မှာ သူ့လို လူတစ်ယောက် ပေါ်လာတာ အကောင်းလား ဒါမှမဟုတ် အဆိုးလား"
ဝူချင်းယန်က သက်ပြင်းချရင်း ဆိုလိုက်၏။ မည်သို့ပင် ဆိုစေကာမူ သူတို့ ဝူမိသားစုမှာ ချန်းဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိရာ အခြား မိသားစုများနှင့် ယှဥ်လျှင် ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။
အားလုံးထဲ၌ ဝူရှောင် တစ်ယောက်သာ တုန်ရီ နေ၏။ သူမသည် ထိုနေ့က ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်တွင် ဝူညီအမအား ချန်းဖန်ကို ကာကွယ် မပေးရန် ပြောဆိုခဲ့သူ ဖြစ်သည်။
"မြေရိုင်းနယ်ရဲ့ သာမန် သမားတော် တစ်ယောက်က ဒီလောက် အစွမ်းထက်မယ် လို့ ဘယ်သူက တွေးမိမှာလဲ"
ဝူရှောင်က ရေရွတ်ကာ လက်သီးအား တင်းတင်း ဆုပ်လိုက်မိ၏။
တစ်ချိန်တည်း၌ များစွာသော ကြည့်ရှုသူ များမှာ လုံးဝ ဆွံ့အနေကြဆဲ ဖြစ်သည်။ သူတို့သည် မည်သို့ ပြောရမှန်း မသိကြချေ။
ဖန်မိသားစုသည် ကျိလန်ပြည်နယ်၌ နှစ်သောင်းချီ လွှမ်းမိုးခဲ့သော မိသားစု ဖြစ်သည်။ ကောင်းကင်အရှင် ချပေးခဲ့သော အုတ်မြစ်ဖြင့် သူတို့သည် မရေမတွက်နိုင်သော အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှား နိုင်ခဲ့သည်။
သို့သော်လည်း ယခုတွင်မူ တစ်စုံတစ်ယောက်က လေမဲ့မြို့တော်ကို ဖျက်ဆီးကာ သူတို့၏ အိမ်ကို ပြောင်းပြန်လှန် ပစ်ခဲ့သည်။
"သူက တကယ်ပဲ မိသားစု တစ်ခုလုံးကို တစ်ယာက်ထဲ ရှင်းပစ်ခဲ့တာလား"
အကြီးအကဲ ချန်းယန် တီးတိုး ရေရွတ် လိုက်၏။
"ဒီနေ့က စပြီး ချန်းပေ့ရွှမ်းဟာ မြောက်နတ္ထိနယ်နဲ့ ဒုတိယမြောက် အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီ…"
အကြီးအကဲ စီတုမှာမူ အကြီးအကဲ ချန်းယန်၏ ရေရွတ်သံကို ကြားကာ ပို၍ပင် ဖြူရော် သွားခဲ့လေ၏။
…
တစ်ချိန်တည်း၌ ဖန်မိသားစု၏ ကမ္ဘာငယ်တွင် ချန်းဖန်သည် ဖန်မိသားစု မဟာ အကြီးအကဲ၏ ခန္ဓာကိုယ်ကို နင်း၍ ရပ်နေ၏။
ထိုပြိုင်ဘက်ကင်း ကျင့်ကြံသူကား အဆင့်ရှစ် ရွှေအမြုတေကို ပိုင်ဆိုင်ထားကာ တစ်ချိန်က မြောက်နတ္ထိနယ်၏ အုပ်ချုပ်သူပင် ဖြစ်ခဲ့ဖူးသည်။ သူသည် ဝမ်ရွှမ်လုံနှင့် လီချန်းတို့ကိုပင် အနိုင်ယူနိုင်သူ ဖြစ်သော်လည်း ယခုတွင်မူ ချန်းဖန်၏ အရှေ့၌ ပုရွက်ဆိတ် ကဲ့သို့ နင်းချေခံ နေရပြီ ဖြစ်သည်။
အဇူရာ သက်ရှည် ခန္ဓာကိုယ် ပြည့်စုံခြင်း အဆင့်ကို ရောက်ပြီးနောက် ချန်းဖန်သည် အလွန် အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ သူနှင့် ယှဉ်ပါက သာမန် အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်၏ ခန္ဓာကိုယ် ပင်လျှင် အားနည်း ပေလိမ့်မည်။
သူသည် ကမ္ဘာငယ်သို့ ဝင်ရောက်ချင်းမှာပင် ဖန်မိသားစု မဟာ အကြီးအကဲဟောင်းများ၏ ဆီးကြို တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင် ကမ္ဘာငယ်၏ မိစ္ဆာ အစောင့်အရှောက် တပ်မဟာ နှစ်ခုနှင့်ပါ ရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်း သူသည် လက်သီးချက် အနည်းငယ် ဖြင့်ပင် ထိုလူအားလုံးကို ရှင်းလင်း နိုင်ခဲ့သည်။ ယခု ဆိုလျှင် ကမ္ဘာငယ်ထဲ၌ ဖန်မိသားစုဝင် အနည်းငယ် သာလျှင် ကျန်ရစ်ခဲ့တော့၏။
"မင်းက မိစ္ဆာ… ယုတ်မာ ရက်စက်တဲ့ မိစ္ဆာကောင်"
ဖန်ဝူဟောင်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေ၏။
ထိုမိစ္ဆာကောင်ကား သူ၏ ရှေ့တွင်ပင် ဖန်မိသားစု၏ တပ်မဟာများနှင့် မဟာ အကြီးအကဲဟောင်းများကို သတ်ဖြတ် ပစ်ခဲ့သည်။ အကယ်၍ ထိုအကောင်အား မိစ္ဆာဟု မခေါ်လျှင် မည်သူ့အား မိစ္ဆာဟု ခေါ်ရမည်နည်း။
"မိစ္ဆာ ဟုတ်လား…"
ချန်းဖန်က နှာခေါင်းရှုံ့ကာ လက်တစ်ဖက်ကို ဆန့်ထုတ်၍ ဖန်ဝူဟောင်အား ဖမ်းဆီးလိုက်၏။ ထို့နောက် သူက လက်ကို ဖျစ်ညှစ်ကာ ဖန်ဝူဟောင်၏ ခန္ဓာကိုယ်၊ ဝိညာဉ် ရတနာနှင့် နတ်ဘုရား စိတ်ဝိညာဉ် သုံးခု စလုံးကို တစ်ပြိုင်တည်း ဖျက်ဆီးပစ်လိုင်သည်။
အဆုံးသတ်၌ ကမ္ဘာငယ်ထဲတွင် မည်သူမျှ မကျန်ရှိတော့ချေ။ သို့သော်လည်း ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်ကာ ရေရွတ် လိုက်၏။
"ဖန်ကျိချူ… မင်း မိသားစု တစ်ခုလုံး အသတ်ခံနေရတာကို မင်းက ဒီအတိုင်း ကြည့်နေနိုင်တာလား… ငါ့အထင် ပြောရရင် မင်းအနေနဲ့ ဒီကမ္ဘာငယ်ရဲ့ စွမ်းအားကို သုံးပြီး တိုက်ခိုက်လို့ ရပါသေးတယ်"
"ဟမ့်…"
အေးစက်သော နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာ၏။
ထို့နောက် မီတာ တစ်ထောင် အရှည်ရှိသော အနက်ရောင် နဂါးများသည် မြေအောက်မှ ပျံထွက်လာသည်။ ထိုနဂါးများသည် လေထုတွင် အတူတကွ ပေါင်းစည်းကာ ဝတ်စုံနက် လူတစ်ယောက် အဖြစ် ပြောင်းလဲ သွား၏။ သူကား ဖန်ကျိချူပင် ဖြစ်လေသည်။
ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားများ အရ ဖန်ကျိချူသည် ခန္ဓာကိုယ် ဖျက်ဆီး မခံရခင် ထက်ပင် ပို၍ အစွမ်းထက် နေပုံရသည်။ ပျောက်ပျက်ခြင်း ကောင်းကင်ဓားမှာမူ သူ၏ လက်၌ တုန်ခါ နေ၏။
"မင်းက ဖန်မိသားစုရဲ့ ကောင်းကင် ရတနာကို ထိန်းချုပ်ရတဲ့သူ ဆိုတော့ ဒီကမ္ဘာငယ်ရဲ့ စွမ်းအားကို ဘယ်လို သုံးရမလဲ ဆိုတာကိုပါ သိမှာ သေချာတယ်… ဒီကမ္ဘာငယ်က မိုင်တစ်ရာလောက်ပဲ ကျယ်ဝန်းတယ် ဆိုပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီး ဖွဲ့စည်းဖို့ အတွက် ကောင်းကောင်း လုံလောက်တယ်… ဒါပေမဲ့ မင်းက သူ့ရဲ့ စွမ်းအားကို ယူလိုက်တာ ဆိုတော့ ဒီကမ္ဘာငယ်က ပိုပြီး အားနည်း သွားခဲ့တယ်… ဒါကြောင့်ပဲ ငါက ကမ္ဘာငယ်ရဲ့ အကာအရံကို ဖျက်ဆီးပြီး ဖန်မိသားစု တစ်ခုလုံးကို သတ်နိုင်ခဲ့တာ… မင်းက ကိုယ့်အတွက် ဖန်မိသားစု တစ်ခုလုံးကို ထိုးကျွေးခဲ့တာပဲ"
ချန်းဖန်က ဖန်ကျိချူကို ကြည့်ကာ ဆိုလိုက်၏။
"ဟမ့်… မင်း စိုးရိမ်ပေးဖို့ မလိုဘူး… ပျောက်ပျက်ခြင်း ကောင်းကင်ဓား ရှိနေသရွေ့ ဖန်မိသားစုက ပြန်လာနိုင်တယ်"
ဖန်ကျိချူ၏ လေသံက အလွန်အမင်း အေးစက်နေ၏။
"ချန်းပေ့ရွှမ်း… အရင်ဆုံး မင်းကိုယ်မင်း စိုးရိမ်သင့်တယ်… မင်းရောက်နေတဲ့ နေရာက ဝမ်ရှင်းဟယ်တောင် ဝင်မလာရဲတဲ့ နေရာပဲ"
ထို့နောက်…
သူက လက်အား ဆန့်ထုတ်လိုက်၏။
"ဓား…"
"ဘုန်း…"
ကမ္ဘာငယ် တစ်ခုလုံးမှာ တုန်ရီ သွားသည်။ အနက်ရောင် မုန်တိုင်းနှင့် လေဝဲများသည် နေရာ အနှံ့ဖွဲ့စည်းလာ၏။
"ဘုန်း…"
အနက်ရောင် အလင်း တစ်ခုသည် ကမ္ဘာငယ်၏ ဗဟိုနေရာမှ တိုးထွက်လာကာ ဖန်ကျိချူ၏ လက်သို့ ဆင်းသက်၏။ စက္ကန့် တစ်ခုချင်းစီတိုင်း၌ ဖန်ကျိချူ၏ စွမ်းအားမှာ မယုံကြည်နိုင်လောက်အောင် တိုးတက် လာနေခဲ့၏။ အဆုံးသတ်၌ သူက ကောင်းကင် ရတနာနှင့် ကမ္ဘာငယ်၏ စွမ်းအား နှစ်ခု စလုံးကို အသုံးပြုကာ ဓားအား ခုတ်ထစ်လိုက်သည်။
"ဘုန်း…"
ထိုတိုက်ခိုက်မှုကား တင်းဟိုင် ပုလဲ၏ တိုက်ခိုက်မှု ကဲ့သို့ အစွမ်းထက် လွန်းသည်။ ထို့ကြောင့်ပင် ကမ္ဘာငယ် ပိုင်ရှင်ကို ကောင်းကင်အရှင်များ ပင်လျှင် ယှဉ်၍ မတိုက်ဝံ့ကြခြင်း ဖြစ်သည်။ ထိုအရာက ကမ္ဘာ တစ်ခုကို ထိပ်တိုက် တိုက်ခိုက်ရသည်နှင့် မကွာခြားပေ။
"ဘုန်း…"
အနက်ရောင် ဓားအလင်းသည် ကောင်းကင်အား ထက်ပိုင်းဖြတ်သွားသည်။ ရုတ်တရက် ကမ္ဘာသည် တုန်ခါလာကာ အရာရာမှာ စတင် ပြိုပျက်လာ၏။
"ဖန်ကျိချူ… ငါ့ကို စော်ကားမိတာက မင်း ဘဝမှာ နောင်တ အရဆုံး ကိစ္စ ဖြစ်လာလိမ့်မယ်"
ချန်းဖန်က တည်ငြိမ်စွာ ရေရွတ် လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်း ကဲ့သို့ ကြည်လင်နေသော ညာဘက်လက်အား မြှောက်ကာ လက်သီးအား ဆုပ်၍ ထိုးထုတ်လိုက်တော့၏။
…
ထျန်းဟောင်ဂြိုဟ်သက် ၁၂၉၆၅၃ ခုနစ်၊ ခုနစ်လပိုင်း၂၇ ရက်…
ချန်းဖန်သည် လေမဲ့မြို့တော်ကို ဖျက်ဆီးကာ ဖန်မိသားစု တစ်ခုလုံးကို ရှင်းလင်းပစ်ခဲ့၏။
ထိုသတင်း ပျံ့နှံ့သွားသည်နှင့် မြောက်နတ္ထနယ် တစ်ခုလုံး ဆွံ့အ သွားကြတော့သည်။
***