← Chapters

ပေါက်ကွဲနေသည့်မုန်တိုင်း

Vol. 47 Ch. 461

ပေါက်ကွဲနေသည့်မုန်တိုင်း

Vol. 47 Ch. 461

အိပ်မက်နယ်ပယ်တခုလုံး ဆူညံပွက်လောရိုက်နေ၏။

ထိတ်လန့်စရာ ကြော်ငြာကို ပထမဆုံး မြင်လိုက်သူက ကျယ်လောင်စွာ ထအော်လိုက်သည်။

"ဟာ...ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ထို့နောက်တွင်ကား လူတိုင်းလိုလိုသည် ကြော်ငြာမှ မျက်လုံးမခွာနိုင်ကြတော့။

ချီစွမ်းအားပညာရှင်များဟူသည်ကား အဆင့်နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ချီစွမ်းအားနှင့် ပတ်သက်လျင် စိတ်ဝင်စားကြသည်သာ။ ကြော်ငြာက်ို မြင်သည်နှင့် ၎င်းတို့၏ နှလုံးသားများသည် ဆုပ်ညှစ်ခံထားရသလို ခံစားလိုက်ကြရ၏။ ၎င်းတို့အားလုံး ၎င်းတို့ မြင်တွေ့နေရသောအရာကို မယုံနိုင်ပဲ ဖြစ်နေကြလေသည်။

"သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိင်မဲ့နည်းလမ်းတဲ့လား ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"အရင်တုန်းက ဒီနည်းလမ်းမျိုး ရှိတယ်လို့ ဘယ်သူကမှ သက်သေမပြန်ိုင်သေးဘူးမလား"

"ရိုက်စားလုပ်တာ ဒါ လိမ်တာပဲ ဖြစ်ရမယ်"

"ဟုတ်တယ် ကျုပ်တို့ ဒါကို ဖော်ထုတ်ရမယ်"

လူတိုင်း၏ စိတ်ထဲတွင် ပထမဆုံး ဖြစ်ပေါ်လာမည်မှာ မယုံကြည်မှုနှင့် ဒေါသပင် ဖြစ်သည်။

ထိုအချိန်မှာပင် တယောက်က ထအော်လိုက်၏။

"ဟေ့ ကြည့်စမ်း ရောင်းတဲ့လူက တိမ်တိုက်လင်းနို့ပဲ တိမ်တိုက်လင်းနို့ဆိုတာ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်တဲ့ နည်းလမ်းကို ရောင်းချခဲ့တဲ့လူမလား"

တိမ်တိုက်လင်းနို့ဟူသော နာမည်ကို ကြားလိုက်သည်နှင့် လွန်ခဲ့သော ဆယ်နှစ်ခန့်က တလောကလုံးအား ကသောင်းကနင်းဖြစ်စေခဲ့သော နာမည်ဖြစ်ကြောင်း လူတိုင်းလိုလို အမှတ်ရလာ၏။

တိမ်တိုက်လင်းနို့။

သူသည်ကား သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်အား ဝင်ရောက်နိုင်မည့်နည်းလမ်းကို အိပ်မက်အမှုန် တရာတည်းနှင့် ရောင်းချခဲ့၏။

ယခုလည်း လာပြန်ချေပြီ။

သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မည့်နည်းလမ်းကို အိပ်မက်အမှုန် ၂၀၀ ဆိုပါကလား။

တိမ်တိုက်လင်းနို့ဟူသော နာမည်ကို ကြားလိုက်သည်နှင့် ကြော်ငြာသည် လိမ်လည်မှုမဟုတ်ကြောင်း လူတိုင်းလိုလို သဘောပေါက်လာ၏။

တစုံတယောက်ကား ရှာမှရှား လုပ်ရပ်တခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ချေပြီတကား။

"ဝိုး"

"သိပ်ကောင်းတယ်"

"တိမ်တိုက်လင်းနို့ သိပ်တော်တယ်"

"ဂုဏ်ပြုပါတယ် တိမ်တိုက်လင်းနို့"

"တိမ်တိုက်လင်းနို့ အသက်ရှည်ပါစေ"

ခန်းမတခုလုံး ဝမ်းသာအားရ ဂုဏ်ပြုသံများ၊ဟစ်ကြွေးသံများ ပျံ့လွင့်လာ၏။

၎င်းတို့၏ ဟစ်ကြွေးဂုဏ်ပြုသံများအတွင်းဝယ် ကြီးမြတ်သော ပုဂ္ဂိုလ်တဦး၏ ကိုယ်ကျိုးမဖက်ပဲ အနစ်နာခံပေးဆပ်မှုအတွက် လေးစားခြင်း၊ ကျေးဇူးတင်ခြင်း စသည်တို့ ပါဝင်နေ၏။

သန်းနှင့်ချီသော ချီစွမ်းအားပညာရှင်များသည် ထခုန်မိမတတ် ဝမ်းသာနေကြ၏။ သူတို့အားလုံး၏ အိပ်မက်မှာ သွေးဗီဇမလိုပဲ မြင့်မားသော စွမ်းအင်စုဆောင်းခြင်းနယ်ပယ်များသို့ ရောက်ရှိရန်ပင် မဟုတ်ပါလား။ ယခုတော့ ထိုအိပ်မက်ကို တစုံတယောက်က အကောင်အထည် ဖော်နိုင်ခဲ့လေပြီ။

ဤအောင်မြင်မှုသည် ပထမဆုံး ခြေတလှမ်းဟု ဆိုရသော် အနာဂတ်တွင် အကန့်အသတ်မရှိသည့် ဖြစ်နိုင်ချေများစွာကို မျှော်မှန်းနိုင်ပြီ ဖြစ်သည်။

ပို၍ သတိထားစရာကောင်းသည်မှာ သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်အား ဝင်ရောက်နိုင်မည့်နည်းလမ်းနှင့် သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အား ဝင်ရောက်န်ိုင်မည့်နည်းလမ်းအား ဖန်တီးနိုင်သည့်အချိန်အကြား ကွာဟချက်မှာ ဆယ့်သုံးနှစ် ဖြစ်နေခြင်းပင်။

ဆယ့်သုံးနှစ်။

တိမ်တိုက်လင်းနို့သည် သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အား ဝင်ရောက်နိုင်မည့်နည်းလမ်းကို ဖော်ထုတ်နိုင်ရန် အချိန် ဆယ့်သုံးနှစ်တိတိ ယူခဲ့ရ၏။ မည်သို့ဆိုစေ ဤအဓိပ္ပာယ်က နောင်လာမည့် တနေ့နေ့တွင် ၎င်းအနေနှင့် အလင်းတုန်ခါခြင်းနယ်ပယ်သို့သော်လည်းကောင်း၊ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်မြေသို့သော်လည်းကောင်း သွေးဗီဇမလိုပဲ ဝင်ရောက်နိုင်မည့်နည်းလမ်းကို ရှာဖွေတွေ့ရှိသွားနိုင်သည်ဟူသော သဘောကို ဆောင်နေ၏။

လူသားမျိုးနွယ်၏ အနာဂတ်မှာကား ယခုအချိန်တွင် အိပ်မက်မျှသာ မဟုတ်တော့။ အကန့်အသတ်မရှိသည့် ဖြစ်နိုင်ချေများဖြင့် စိတ်လှုပ်ရှားစရာ အရှိတရားတခု ဖြစ်လာခဲ့လေပြီ။

အဆိုပါ အရှိတရားသည် လူသားတို့အား စိတ်လှုပ်ရှားလာစေ၏။ ပျော်ရွှင်လာစေ၏။ မျှော်လင့်ချက်များဖြင့် ပြည့်လျှမ်းလာစေ၏။

__________×××___________×××_______

အိပ်မက်နယ်ပယ်တခုလုံးကား အကြီးအကျယ် စိတ်လှုပ်ရှားပျော်ရွှင်နေကြပြီ ဖြစ်သည်။

သို့သော် စိတ်မသက်မသာ ဖြစ်နေသော လူတစုလည်း အမှန်တကယ်ပင် ရှိနေ၏။

ထိုအထဲမှ အများစုမှာ တော်ဝင်မျိုးနွယ်စုများပေတည်း။

သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းသည် မည်မျှပင် ပြီးပြည့်စုံသည် ဆိုစေကာမူ သူတို့အတွက်တော့ ခြိမ်းခြောက်မှုတခု မဟုတ်။ သို့သော် သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိင်မည့်နည်းလမ်း ပေါ်ပေါက်လာသော အခါတွင်တော့ သူတို့ အတော်များများ၏ စိတ်ထဲတွင် ခြိမ်းခြောက်မှုဟု ခံစားလာရပြီ ဖြစ်သည်။

ယနေ့တွင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်း ပေါ်ပေါက်လာပါက အနာဂတ်တွင် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်း ပေါ်ပေါက်လာနိုင်သည် မဟုတ်ပါလား။ သို့ဆိုလျင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်၊ အတွေးကိုယ်ထင်ပြခြင်းနယ်ပယ်၊ အဆိုပါ နယ်မြေများသို့ ဝင်ရောက်နိုင်မည့်နည်းလမ်းများ မပေါ်လာဟု မည်သူမှ မပြောနိုင်။ နောက်ဆုံးတွင် အထွတ်အထိတ်ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်နိုင်မည့် နည်းလမ်းပင် ပေါ်ပေါက်လာနိုင်၏။

ဒဏ္ဍာရီတခု မှားယွင်းနေကြောင်း လူအများ သိလာသောအခါ အဆိုပါ ဒဏ္ဍာရီအား ဝန်းရံတည်ဆောက်ထားသည့် အရာများအားလုံးအပေါ် လူသားတို့၏ ယုံကြည်မှုမှာလည်း ပြိုလဲပျက်စီးသွားနိုင်သည် မဟုတ်ပါလား။

၎င်းမှာ ဖန်သားပြင်ပေါ်မှ အက်ရာလေးတခုကြောင့် ဖန်သားနံရံကြီးတခုလုံး ပြိုကျသွားသည်နှင့် အလားတူပေသည်။

သံသယ၊ ဒေါသနှင့် စိတ်လှုပ်ရှားမှုပြီးနောက် လူအများကြား စတုတ္တမြောက် ဖြစ်ပေါ်လာသည့် ခံစားမှုမှာ အကြောက်တရားပင် ဖြစ်သည်။

အတက်အကျ ခံစားချက်လှိုင်းလုံးများနောက်တွင်တော့ စမ်းသပ်ရန် အချိန်ကျလာခဲ့ပေပြီ။

ထိုနည်းလမ်း အစစ်အမှန် ဟုတ်မဟုတ် သူတို့ စမ်းသပ်သင့်သည် မဟုတ်ပါလား။

ကျေးဇူးတင်စရာကောင်းသည်မှာ စမ်းသပ်မှုကုန်ကျစရိတ်က သိပ်မများလှခြင်းပင်။

ထိုအခါ တစုံတယောက်က တိမ်တိုက်လင်းနို့၏ နည်းလမ်းကို ဝယ်ယူလိုက်၏။

ချက်ချင်းဆိုသလိုပင် နည်းစနစ်၏ အားနည်းချက်ကို သူ တွေ့ရှိသွား၏။ သူက ထအော်လိုက်သည်။

"ဒါ ပြီးပြည့်စုံတဲ့ နည်းလမ်း မဟုတ်သေးဘူးဗျို့ ယန်သုံးပါးဆေးဆိုတဲ့ ဆေးတမျိုး လိုနေသေးတယ် ဒါပေမဲ့ ဒီနည်းလမ်းရဲ့ အောင်မြင်နိုင်ချေကတော့ ၃၀ရာခိုင်နှုန်းထိ ရှိတယ်"

သူ့အသံမှာ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေ၏။

ထိုစဥ် တယောက်က မေးလိုက်ပြန်၏။

"ဒါနဲ့ နေပါအုံး ယန်သုံးပါးဆေးဆိုတာ ဘာလဲ"

"ကျုပ်လဲ မသ်ိဘူး"

"ကျုပ်လဲ တခါမှ မကြားဖူးဘူး"

"အဲဒါ ဘာမှန်းတောင် ကျုပ် မသိဘူးဗျို့"

လူအတော်များများက ခေါင်းခါပြလိုက်ကြ၏။

"ကျုပ်သိပြီ ဒီ ယန်သုံးပါးဆေးကိုလဲ တိမ်တိုက်လင်းနို့ပဲ ဖန်တီးထားတာ ဖြစ်ရမယ် သူဟာ ယန်သုံးပါးဆေးနဲ့ နည်းစနစ် ပေါင်းစပ်ပြီး သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိင်မဲ့ နည်းလမ်းကို တီထွင်နိုင်ခဲ့တာပဲ ဖြစ်ရမယ် သိပ်ကောင်းတဲ့ စိတ်ကူးစိတ်သန်းပဲဗျို့ လက်စသတ်တော့ ဒီလူဟာ ပါရမီရှင်တယောက်တင် မဟုတ်ဘူး ထိပ်တန်း အဂ္ဂိရပ်ပညာရှင်တယောက်လဲ ဖြစ်နေတာပဲကိုး"

"ဒီတော့ ဒီနည်းစနစ်ကို ဖန်တီးခဲ့တဲ့လူနဲ့ ယန်သုံးပါးဆေး တီထွင်ဖော်စပ်နိုင်ခဲ့တဲ့လူဟာ တယောက်တည်းပဲပေါ့"

"ကျုပ်တို့ ယန်သုံးပါးဆေးကို တွေ့ရင် တိမ်တိုက်လင်းနို့ကို တွေ့ပြီဗျို့"

လူတိုင်း ဝမ်းသားအားရနှင့် ထအော်လိုက်ကြ၏။

ယန်သုံးပါးဆေးသည် တိမ်တိုက်လင်းနို့ကို တွေ့ရှိနိုင်ရန် လမ်းစဟု သူတို့အားလုံး ယူဆလိုက်ကြသည် မဟုတ်ပါလား။ သို့သော် တိမ်တိုက်လင်းနို့အား အဘယ်ကြောင့် လိုက်ရှာချင်ကြသနည်း ဟူသော မေးခွန်းကိုတော့ လူတိုင်း၏ မသိစိတ်ထဲတွင် မေးမြန်းရန် ရှောင်ကြဥ်လိုက်ကြသည်။

၎င်းမှာ ကျေးဇူးတရားကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့မဟုတ် လုယက်ရန်လည်း ဖြစ်နိုင်၏။

တိမ်တိုက်လင်းနို့အား သတ်ဖြတ်ရန်လည်း ဖြစ်သွားနိုင်သည်။

မည်သူ သိနိုင်အံ့နည်း။

လူတိုင်းတွင် ကိုယ့်အတွေးနှင့်ကိုယ် ရှိကြသည်မဟုတ်ပါလား။ တချို့သည် ကျေးဇူးသိတတ်၏ တချို့မှာ လောဘကြီး၏။ တချို့မှာ အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြတတ်၏။ တချို့မှာ အမုန်းတရားမှလွဲ၍ ကျန်တာဘာမှမသိချေ။

လူအမျိုးမျိုး စိတ်အထွေထွေသာတည်း။

အရေးကြီးသည်မှာ ယန်သုံးပါးဆေးဟူသည် ဘာမှန်း မသိရသေးသည်မှလွဲ၍ ကျန်အားလုံးသည် အစစ်အမှန် ဖြစ်နေခြင်းပင်။ တိမ်တိုက်လင်းနို့ဟူသော အမည်ကို ကြားလိုက်သည်နှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ သွေးဗီဇမလိုပဲ ဝင်ရောက်နိုင်မည့်နည်းလမ်းသည် အတုမဟုတ်မှန်း လူတိုင်း သဘောပေါက်ထားပြီးလေပြီ။

မည်သို့ဆိုစေ အိပ်မက်နယ်ပယ်တခုလုံး အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ကတော့ အမှန်ပင်။

ဤတကြိမ်တွင်တော့ မင်လန်းအနေနှင့် တိမ်တိုက်လင်းနို့အတွက် ကြော်ငြာပေးနေစရာ မလိုတော့။ လူသတင်းလူချင်းဆောင်ရုံမျှနှင့်ပင် လုံလောက်သွားခဲ့လေပြီ။

တညတည်းနှင့်ပင် ဤသတင်းသည် ခုနှစ်ပြည်ထောင်လုံးအား ပျံ့နှံ့သွား၏။ တိမ်တိုက်လင်းနို့ဟူသော အမည်ကိုလည်း မသ်ိသူ မရှိသလောက် ဖြစ်သွားလေသည်။

တချိန်တည်းမှာပင် မူလကမ္ဘာကြီး၏ လမ်းကြိုလမ်းကြားများအတွင်းရှိ ဆေးဆိုင်များတွင် ယန်သုံးပါးဆေးများ အသီးသီး ရောင်းချလျက်ရှိကြောင်း လူတိုင်း သိရှိလာကြ၏။

ထိုအခါကျမှ တိမ်တိုက်ကျားသစ် ဘယ်လောက်ပါးနပ်မှန်း လူတိုင်း သဘောပေါက်သွားကြလေသည်။ အကြောင်းမှာ ၎င်းသည် များပြားလှသော ယန်သုံးပါးဆေးများအား ကြိုတင်ထုတ်လုပ်ထားသောကြောင့်ပင်။ ၎င်းကို ကြည့်ရုံနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်မည့်နည်းလမ်းက အောင်မြင်ခဲ့သည်မှာ အချိန်အတော်ကြာပြီမှန်း မြင်သာ၏။ တိမ်တိုက်ကျားသစ်အနေနှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နိုင်ရန် အချိန်ယူနေခြင်းသာ။

သ်ိပ်မကြာမီ ယန်သုံးပါးဆေးကို အသုံးပြုကာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့် ပထမဆုံးသော ချီစွမ်းအားပညာရှင်တဦး ပေါ်ပေါက်လာ၏။

ယခင် ကိုင်းဟွမ်ကောင်းကင်ဘုံကို လေ့ကျင့်ထားကြသည့် ချီစွမ်းအားပညာရှင်များကလည်း တိမ်တိုက်ကျားသစ်၏ နည်းလမ်းသစ်ကို အလုအယက်ပင် ဝယ်ယူအားပေးကြ၏။ ထိုအထဲမှ အတော်များများသည်လည်း တိမ်တိုက်ကျားသစ်၏ နည်းလမ်းအတိုင်း တသွေမတိမ်း လေ့ကျင့်ကာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များ ဖြစ်ကုန်ကြလေသည်။

ဤနည်းအားဖြင့် သွေးဗီဇမရှိသည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လူတန်းစားတရပ်သည် မူလကမ္ဘာကြီးပေါ်တွင် မုန်တိုင်းကြီးတခု တိုက်ခတ်လိုက်သကဲ့သို့ အရှိန်ပြင်းပြင်းနှင့် ပေါ်ထွက်လာတော့သည်။

အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှ၏။ ရက်အနည်းငယ်မျှသာ ကြာလိုက်သည်ဟု ထင်ရသည်။ လူအတော်များများမှာ ဘာဖြစ်နေမှန်းပင် သဘောမပေါက်လိုက်ကြချေ။ သို့သော် နေရာတိုင်းတွင်တော့ သွေးဗီဇမရှိသော ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်များ ဝုန်းဒိုင်းကြဲပေါ်ပေါက်လာသည်ကတော့ အမှန်ပင်။

လူသားမျိုးနွယ်တခုလုံး ကြီးစွာသော စိတ်လှုပ်ရှားမှုကြောင့် ရူးသွပ်လုမတတ် ဖြစ်ကုန်ကြသည်။

သွေးဗီဇမပိုင်ဆိုင်သော သာမာန်လူတန်းစားများအဖို့ကား ကြီးမားသော အောင်ပွဲပေတည်း။

တော်ဝင်မျိုးနွယ်စုများအဖို့ကား အရှိုက်ကို အထိုးခံလိုက်ရသည်နှင့် တူနေ၏။

All Chapters