ကြီးမားသော အမြတ်အစွန်း
Vol. 47 Ch. 462
ခါးသီးနာကျင်မှုသည် အလိုအလျောက် တုံ့ပြန်မှုကို ဖြစ်ပေါ်စေတတ်၏။ ဤအနေအထားတွင် ကံကြမ္မာဆိုးတခု သူတို့အပေါ်သို့ ကျရောက်လာသည်အထိ စောင့်ဆိုင်းနေစရာ မလိုတော့။
သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခြင်း၏ သက်ရောက်မှုများကို သူတို့အနေနှင့် အတိအကျ မမြင်နိုင်စေကာမူ ဤတိုးတက်မှုကို တော်ဝင်မျိုးနွယ်စုများအနေနှင့် မနှစ်မြို့သည်ကတော့ အမှန်ပင်။
အဆင့်မြင့်မားသော စွမ်းအားစုဆောင်းခြင်းနယ်ပယ်များဟူသည် သူတို့ကိုယ်တိုင်နှင့် သူတို့၏ အရင်းနှီးဆုံး သူငယ်ချင်းများသာ ပိုင်ဆိုင်ခွင့်ရှိသည့် တန်ဖိုးကြီး ကစားစရာအရုပ်တခုနှင့် တူနေ၏။
ယခုတော့ ထိုအရုပ်ကို အောက်ခြေလူတန်းစားများပါ ကိုင်တွယ်ထိတွေ့ခွင့် ရသွားကြလေပြီ။
ထိုအခါ စွမ်းအားစုဆောင်းခြင်းနယ်ပယ်များသို့ တက်လှမ်းရာတွင် မရှိမဖြစ် အရေးပါသည့် သွေးဗီဇသည်လည်း အရေးမပါတော့သော သဘောသို့ သက်ရောက်သွား၏။ အကျိုးဆက်အနေနှင့် တော်ဝင်မျိုးနွယ်စုများ၏ ဂုဏ်ဒြပ်မှာလည်း များစွာ ထိခိုက်သွားခြင်းပင်။
တချိန်တည်းမှာပင် ဤပြောင်းလဲမှုကြောင့် တခြားချီစွမ်းအားပညာရှင်များ၏ အင်အားနှင့် အဆင့်အတန်းကလည်း ဆထက်တံပိုး တိုးပွားလာလေရာ သူတို့အား များစွာ ခံရခက်စေတော့သည်။
သူတို့အနေနှင့် သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်းသည် မကောင်းကြောင်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ခြင်းမရှိ။ ထိုနည်းလမ်းကို မကျင့်ကြံကြရန်လည်း ကျန်လူများကို ဖိအားပေးနိုင်ခြင်းမရှိ။ ထိုအခါ နည်းလမ်းဟောင်းကြီးအတိုင်း တိမ်တိုက်လင်းနို့၏ နည်းလမ်းကို အပုတ်ချရန်သာ ကြိုးစားရုံရှိတော့သည်။
သိပ်မကြာမီ တိမ်တိုက်လင်းနို့အား ပစ်မှတ်ထားတိုက်ခိုက်သည့် စကားသံများ၊ သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အား ဝင်ရောက်နိုင်သည့်နည်းလမ်းကို သွားပုတ်လေလွင့် ပြောသံများ စတင်ပျံ့လွင့်လာ၏။
"ဘာ..ဘာ... သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်တဲ့နည်းလမ်း ဟုတ်လား တကယ့်ကို ရယ်စရာပါပဲကွာ"
"သူနဲ့ တွဲဖက်သောက်သုံးဖို့ ဆေးတမျိုးလဲ လိုသေးသတဲ့ ဒီကောင် ငွေရှာနေတာပဲကွ"
"ဒီကောင်သာ တကယ့်စေတနာရှင်ဆိုရင် ယန်သုံးပါးဆေး ဖော်စပ်တဲ့နည်းလမ်းကို လူထုကြားထဲ ချပြလိုက်ပါလား"
"သိပ်မှန်တာပေါ့ နောက်ဆုံးတော့ ဒီကောင်ဟာလဲ ရွံစရာပါပဲကွာ လူကောင်းလုံးလုံး မဟုတ်ပါဘူး"
"ဒီလိုကောင်မျိုးက တီထွင်ဖန်တီးလိုက်တဲ့ လျှို့ဝှက်နည်းလမ်းမှာ အားနည်းချက်တခုခုတော့ သေချာပေါက် ရှိနေမှာပဲ"
"ဟုတ်တယ်ဗျို့ လူတွေအနေနဲ့ သေချာ သတိထားသင့်တယ် နောင်တဆိုတာ နောင်မှရတယ်လို့ ဆိိုရိုးစကား ရှိတယ်မလား"
"လွန်ခဲ့တဲ့ ရက်တချို့က ကျုပ် တခု ကြားထားတယ် ဒီနည်းလမ်းအတိုင်း လေ့ကျင့်တာ လူတချို့ ရူးကုန်သတဲ့ "
"ကျုပ်လဲ အဲဒီအတိုင်း ကြားထားတယ်ဗျ"
၎င်းတို့သည် ရောင်းချသူ၏ ကိုယ့်ကျင့်တရားနှင့် အကျင့်သိက္ခာကို ဦးတည်တိုက်ခိုက်ကြရာမှ ၎င်းရောင်းချသည့် ပစ္စည်းမှာလည်း မယုံကြည်ရကြောင်း ပြောဆိုကြ၏။ တစုံတယောက်အား တိုက်ခိုက်ရာတွင် အထက်ပါနည်းလမ်းသည် ပြောစရာမလိုလှအောင် ထိရောက်သည့် နည်းလမ်း ဖြစ်နေသည်ကတော့ အမှန်ပင်။
တဖက်တွင်လည်း ကိုင်းဟွမ်ကောင်းကင်ဘုံတုန်းက လစ်လျူထားခဲ့သော်လည်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အား ဝင်ရောက်နိုင်သည့် အခြေအနေကိုတော့ တော်ဝင်မျိုးနွယ်စုများဘက်မှ လစ်လျူမထားကြောင်း ထို အပုတ်ချပြောဆိုသံများက ဖော်ပြနေသကဲ့သို့ ရှိလေသည်။
သို့တိုင်အောင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အား ဝင်ရောက်နိုင်သည့် နည်းလမ်း၏ ရောင်းအားကလည်း ကြောက်စရာကောင်းလောက်အောင် မြင့်မားလာနေ၏။ တချိန်တည်းမှာပင် တိမ်တိုက်လင်းနို့နှင့် ပတ်သက်သည့် စိတ်ပျက်စရာ ကောလဟာလများကလည်း အိပ်မက်နယ်ပယ်နှင့် ကျန်နေရာများသို့ပါ ပျံ့လွင့်စပြုလာလေသည်။
၎င်းမှာ အတော်ပင် ရယ်စရာကောင်းလှ၏။ လူအများစုမှာ တိမ်တိုက်လင်းနို့ မည်သူမည်ဝါမှန်းပင် မသ်ိကြ။ ၎င်းနှင့် ပတ်သက်သော ကောလဟာလများကိုတော့ ကြားသ်ိပြီးကြလေပြီ။
သို့သော် ယန်သုံးပါးဆေးကို သောက်သုံးပြီး တိမ်တ်ိုက်လင်းနို့၏ နည်းလမ်းအတိုင်း လေ့ကျင့်ရာမှ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အား ဝင်ရောက်သွားနိုင်သည့် ချီစွမ်းအားပညာရှင်များ တဦးပြီး တဦး ပေါ်ပေါက်လာသည့်နောက်တွင်တော့ အဆိုပါ ကောလဟလများသည် နေလာ၍ နှင်းပျောက်ရသည့်ပမာ ပျောက်ကွယ်ကုန်ကြ၏။ ၎င်းကောလဟလများ နောက်ကွယ်မှ လူများ၏ ရည်ရွယ်ချက်အစစ်အမှန်ကိုလည်း လူတိုင်း သဘောပေါက်ကုန်ကြလေသည်။ ထိုအခါ လူတိုင်းလိုလိုသည် တိမ်တိုက်လင်းနို့အား ထောက်ခံလာကြ၏။
စုချန်းအနေနှင့် တော်ဝင်မျိုးနွယ်စုများအား ဖိနှိပ်ရန် အကြံအစည်ကို ကိုယ်တိုင်ကိုယ်ကျပင် လှုပ်ရှားရန်ပင် မလိုအပ်တော့။
လူသားမျိုးနွယ်ကြီးတခုလုံး အင်အား မြင့်မားလာခြင်းဟူသော ပြောင်းလဲမှုကြီးကား ရထားတစင်းသဖွယ် အရှိန်ပြင်းပြင်းနှင့် လာနေခဲ့ပြီ ဖြစ်သည်။
သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အား ဝင်ရောက်နိုင်ရန် ကြိုးစားနေသည့် လူအုပ်ကြီးအား ရန်တန့်ရန် နည်းလမ်းမရှိကြောင်း သဘောပေါက်လိုက်သည့် အချိန်တွင်တော့ တော်ဝင်မျိုးနွယ်စုများကိုယ်တိုင်လည်း တိမ်တိုက်လင်းနို့၏ စိတ်ကူးစိတ်သန်းကို စတင်သဘောပေါက်စ ပြုလာ၏။
________×××____________×××________
ထိုအချိန်တွင် စုချန်းသည်ကား သပိတ်ဝင် အိပ်ဝင် ရရှိလာသည့် ငွေကြေးများအား ပျော်ပျော်ကြီး စတင်ရေတွက်နေပြီ ဖြစ်သည်။
ကောလဟလများထဲမှ တခုတော့ မှန်၏။ စုချန်း အမှန်တကယ်ပင် ငွေရှာနေခြင်း ဖြစ်သည်။
ဆယ်ရက်ဟူသော အချိန်အတောအတွင်း စုချန်း၏ ရောင်းအားမှာ မိတ္တူစောင်ရေ ၃၄၀၀၀ထိ ရောက်ရှိလာ၏။ သို့သော် ကိုင်းဟွမ်ကောင်းကင်ဘုံကို ရောင်းချခဲ့စဥ်က ရောင်းအားကိုတော့ မမှီသေး။ ၎င်းမှာ ကောလဟလများ၏ သက်ရောက်မှုကြောင့်ပင် ဖြစ်ဟန်တူသည်။
တဖက်တွင် စုချန်းက ရောင်းကြေးကို အိပ်မက်အမှုန် နှစ်ရာထိ မြှင့်တင်ထားလေရာ အမြတ်အစွန်းမှာ အဆင့်နိမ့်မူလကျောက်တုံး ၆၈မီလျံထိ ရှိလာပြီ ဖြစ်သည်။ ဤနေရာတွင် တခြား အမြတ်အစွန်းများကို ထည့်တွက်ထားခြင်း မရှိသေး။
အမှန်တော့ အထက်တွင် ဖော်ပြခဲ့သည့် ပမာဏမှာ စုချန်း၏ ဝင်ငွေအကုန် မဟုတ်သေး။
စုချန်းတွင် နောက်ထပ် ငွေဝင်လမ်းကြောင်းကြီးတခု ရှိနေသေး၏။
၎င်းမှာ ယန်သုံးပါးဆေးပင် ဖြစ်သည်။
စုချန်း တီထွင်လိုက်သော နည်းလမ်းအား ဝယ်ယူသူ ၃၄၀၀၀သာ ရှိသည်ဟူသော အဓိပ္ပာယ်သည် ထိုနည်းလမ်းအား လေ့ကျင့်သူ ၃၄၀၀၀သာ ရှိသည်ဟု မဆိုလိုချေ။ တစုံတယောက် သိရှိထားသော နည်းလမ်းသည် အခြားလူများထံသို့ အလွယ်တကူ လက်ပြောင်းရောက်ရှိသွားနိုင်သည် မဟုတ်ပါလား။ ခိုးယူလုယက်ခြင်းအားဖြင့်လည်း ထိုနည်းလမ်းသည် တခြားလူများထံသို့ ရောက်ရှိသွားနိုင်၏။
ပို၍ အဓိကကျသောအချက်မှာ စုချန်း၏ နည်းလမ်းသည် အောင်မြင်နိုင်ချေ ၃၀ရာခိုင်နှုန်းသာ ရှိလေရာ ဤနည်းလမ်းအား ကျင့်ကြံအားထုတ်သူ တဦးစီတိုင်းသည် ယန်သုံးပါးဆေး သုံးဖုံစာစီ လိုအပ်သည်ဟူသော အဓိပ္ပာယ်မျိုး သက်ရောက်နေ၏။
ထို့ကြောင့် လူပေါင်း ၃၀၀၀၀၀မျှ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် ယန်သုံးပါးဆေး တစ်မီလျံမျှ သုံးရလိမ့်မည်ဟု စုချန်း တွက်ချက်နိုင်၏။
လူဆိုသည်မှာ ကောင်းမွန်သော အရာတခုတွေ့ပါက စမ်းသပ်ကြည့်လိုသော ဆန္ဒမျိုး ရှိကြ၏။ ထိုအချိန်တွင် ယန်သုံးပါးဆေး အမှန်တကယ် ထိရောက်ကြောင်း သိလာကြသောအခါ နောင်အခါတွင် ဆေးပြတ်လပ်သွားမည် စိုးရိမ်၍ အလုအယက် ဝယ်ယူကြတော့သည်။
ဤသည်မှာ ယုံတမ်းစကားမဟုတ်။ အပြင်လောကတွင် အမှန်တကယ် ဖြစ်ပျက်နေခြင်း ဖြစ်သည်။ ထိုအခါ စုချန်းတို့ ကြိုတင်ထုတ်လုပ်ထားသည့် ဆေးပုလင်း တစ်မီလျံပင် မလုံလောက်တော့ပဲ ဖြစ်လာ၏။ ငွေကြေးတတ်န်ိုင်သည့် လူတချို့ဆိုလျင် ဆေးပုလင်းအများအပြားကို ဝယ်ယူသိုလှောင်ကာ အမြတ်တင်၍ ရောင်းချကြ၏။ ထိုအတွက် စုချန်းကတော့ မည်သို့မှ သဘောမထား။ ရှင်သန်ခြင်းကျောင်းတော်သာလျင် မနေနိုင် မထိုင်နိုင် ဒေါသထွက်နေရှာ၏။
ဤသို့နှင့် စုချန်းတို့ နှစ်လခန့် ကြိုတင်ဖော်စပ်ထားသည့် ဆေးပုလင်းများအားလုံး ပြောင်သလင်းခါသွားတော့သည်။
စုချန်းအဖို့ကား သပ်ိတ်ဝင် အိတ်ဝင်ပေတည်း။
ဤနောက်ပိုင်းတွင်တော့ စုချန်းက နောက်ထပ် ယန်သုံးပါးဆေးဝါးများ မဖော်စပ်တော့။ အကြောင်းမှာ မလိုအပ်သောကြောင့်ပင်။
သုံးလမြောက်တွင်တော့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အား သွေးဗီဇမလိုပဲ ဝင်ရောက်နိင်သည့်နည်းလမ်းသည် ရောင်းကုန်သလောက် ဖြစ်သွား၏။
ထိုအခါ တိမ်တိုက်လင်းနို့က တကွက်ရွှေ့လိုက်ပြန်သည်။
၎င်းမှာ ယန်သုံးပါးဆေးဖော်စပ်သည့်နည်းလမ်းအား လူထုအကြားသို့ ချပြလိုက်ခြင်းပင်တည်း။
လူအများကြားတွင် ယန်သုံးပါးဆေးဖော်မြူလာအား ဝယ်ယူလိုသည့် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင် များစွာ ကျန်နေသေးသော်လည်း ဤတကြိမ်တွင်တော့ စုချန်းက ဆေးဖော်စပ်နည်းကို ရောင်းချရန် စီစဥ်ထားခြင်းမရှိတော့။
တကယ်တော့ ယန်သုံးပါးဆေးဖော်စပ်နည်းသည် ဘာမှခက်လှသည်မဟုတ်။ ပါဝင်ပစ္စည်းများကလည်း ရှာရလွယ်ကူပြီး ဆေးဖော်စပ်နည်းကလည်း ရိုးရိုးရှင်းရှင်းသာ။ မည်သည့် ဆရာအဆင့် အဂ္ဂိရပ်ပညာရှင်မဆို အချိန်နည်းနည်းပေးရုံနှင့် ဤဆေးမျိုးကို ဖော်စပ်သွားနိုင်ဖွယ်ရာရှိသည်။
ယခုလည်း ဆေးဖော်စပ်နည်းကို စုချန်း ချပြလိုက်သည့်အချိန်က အံကိုက်ပင်။ အကြောင်းမှာ မရေမတွက်နိုင်သော အဂ္ဂိရပ်ပညာရှင်များသည် ဤဆေးကို ဖော်စပ်နိုင်ရန် တဖြည်းဖြည်း နီးစပ်လာကြသောကြောင့်ပင်။
ယခုတော့ စုချန်းက ဖော်မြူလာကို ချပြလိုက်သောကြောင့် ထိုအဂ္ဂိရပ်ပညာရှင်များ၏ ကြိုးစားအားထုတ်မှုတိုင်းသည် အချည်းနှီး ဖြစ်ကုန်ကြ၏။ ဆေးဝါးစျေးနှုန်းများမှာလည်း ချက်ချင်းဆိုသလို ပုံမှန် ပြန်ဖြစ်သွားလေရာ ဆေးသိုလှောင်ထားသူများမှာ ခွက်ခွက်လန်ကုန်ကြလေသည်။
ထို့နောက်တွင်ကား အနောက်မြစ်တောအုပ်သည် လူတိုင်း၏ မျက်စေ့ကျရာ နေရာသစ် ဖြစ်လာ၏။ အကြောင်းမှာ ယန်သုံးပါးဆေး၏ ပါဝင်ပစ္စည်းများအနက် တမျိုးဖြစ်သည့် အရိပ်သိမ်းငှက်မြက်ပင်မှာ ဤဒေသတွင် အလွန်ပေါကြွယ်ဝနေသောကြောင့်ပင်။
ဆေးဖော်မြူလာအား လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် အရိပ်သိမ်းငှက်မြက်ပင်၏ စျေးနှုန်းမှာ လွန်စွာ မြင့်မားလာ၏။ ထိုအချိန်တွင် စုချန်းကား အနောက်မြစ်တောအုပ်မှ အရိပ်သိမ်းငှက်မြက်ပင်များအားလုံးကို ရိပ်သိမ်းသိုလှောင်ပြီးသွားလေပြီ။ ဤတကြိမ်တွင်လည်း သိုလှောင်ရုံအတွင်းမှ အရိပ်သိမ်းငှက်မြက်ပင်များအား ထုတ်ယူရောင်းချခြင်းအားဖြင့် စုချန်းတယောက် ငွေကြေးအမြောက်အများ ရလိုက်ပြန်သည်။
ဤသို့နှင့် စုချန်းသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်မည့်နည်းလမ်းအား ရောင်းချရာတွင် တကြိမ်၊ ယန်သုံးပါးဆေးအား ရောင်းချရာတွင်တကြိမ်၊ အရိပ်သိမ်းငှက်မြက်ပင်များအား ရောင်းချရာတွင်တကြိမ် ၊ သုံးကြိမ်သုံးခါစလုံးတွင် ငွေအမြောက်အများ ရရှိလိုက်၏။
ဤသို့ဖြင့် သုံးလတာကာလအတွင်းဝယ် စုချန်းနှင့် ရှင်သန်ခြင်းကျောင်းတော်သည် ယန်သုံးပါးဆေးပုလင်းပေါင်း ၁.၁မီလျံခန့် ရောင်းချနိုင်ခဲ့ရာ မူလကျောက်တုံး ၂.၇၅ဘီလျံထိ ရရှိလိုက်၏။ ထိုအထဲမှ ၁.၆ဘီလျံမှာ စုချန်း၏ ကိုယ်ပိုင်ဥစ္စာပင် ဖြစ်သည်။ ဆေးဖော်မြူလာနှင့်အရိပ်သိမ်းငှက်မြက်ပင်၏ အကျိုးအမြတ်မှာကား ၁.၈၂ဘီလျံထိ ရှိလေရာ ကြောက်စရာ အမြတ်အစွန်းပင်တည်း။ စာရင်းချုပ်ရလျင် ရှင်သန်ခြင်းကျောင်းတော်၏ အမြတ်အစွန်းမှာ ၉၀၀မီလျံထိ ရှိလေရာ အဖွဲ့အစည်းတခုအတွက် အောင်ပွဲခံနိုင်လောက်သော ပမာဏပင် ဖြစ်သည်။
ဤစီးပွားရေးလုပ်ငန်းကြီးတခုလုံးတွင် ပြောစရာဟူ၍ ရှင်သန်ခြင်းကျောင်းတော်မှ တိမ်တိုက်လင်းနို့ဟူသည် စုချန်းမှန်း သိရှိသွားသည့် တချက်သာလျင် ပြောစရာရှိသည်။
သို့သော် စုချန်းကား ဂရုမစိုက်။ သူမည်သူမည်ဝါမှန်း ဇုမျိုးနွယ်စုများလည်း သိရှိထားသည် မဟုတ်ပါလား။
ဇုမျိုးနွယ်စုအနေနှင့် တိမ်တိုက်လင်းနို့ မည်သူမည်ဝါမှန်း စုံစမ်းနိုင်လျင် ကျန်တော်ဝင်မျိုးနွယ်စုများလည်း စုံစမ်းနိုင်သည်သာ။ ထိုအတွက် စုချန်း ဘာမှမတတ်နိုင်။
မည်သို့ဆိုစေ သူသည် တော်ဝင်မျိုးနွယ်စုများနှင့် အနှေးနှင့်အမြန် ရင်ဆိုင်ရတော့မည်မှန်း စုချန်း သိထားပြီးသားပင်။
ဤအချိန်မရောက်ခင်အထိတော့ စုချန်းအနေနှင့် မိမိ၏ ခွန်အားကို တိုးပွားသည်ထက် တိုးပွားလာအောင် လုပ်ဆောင်သွားရပေလိမ့်မည်။
ထို့ကြောင့် စုချန်း၏ နောက်ထပ် အစီအစဥ်မှာ ငွေကြေးကို ခွန်အားအဖြစ် ပြောင်းလဲပစ်ရန်ပင် ဖြစ်သည်။