← Chapters

တွေ့ဆုံပွဲ

Vol. 47 Ch. 463

တွေ့ဆုံပွဲ

Vol. 47 Ch. 463

"ဘယ်လို မင်းက ရှည်လျားရစ်ခွေမြို့တော်ကို သွားမလို့ ဟုတ်လား"

စုအိမ်တော်၏ ပင်မခန်းမဆောင်တွင် ထိုင်နေသော တိမ်တိုက်ကျားသစ်က တအံ့တသြနှင့် မေးလိုက်သည်။

စုချန်းက ပြန်ဖြေလိုက်သည်။

"ဒီတခေါက် ကျုပ် ငွေအတော်ရလိုက်တယ် ဒီငွေတွေကို ကျုပ်ရဲ့အင်အား တိုးမြင့်လာအောင်လုပ်တဲ့နေရာမှာ အသုံးချဖို့ ကျုပ် စဥ်းစားထားတယ် ဘယ့်နှယ်လဲ မင်းလိုက်ခဲ့ပါလား မင်းလဲ အကျိုးရှိမှာပါ"

"ကောင်းပြီလေ"

ငွေဖြုန်းမည်ဟူသော အသံကို ကြားလိုက်သည်နှင့် တိမ်တိုက်ကျားသစ်၏ စိတ်ဝင်စားမှုသည် ချက်ချင်း မြင့်တက်လာ၏။

ရှည်လျားရစ်ခွေမြို့တော်သည် လောင်စန်းနိုင်ငံ၏ မြို့တော်ဖြစ်သည်။ အကောင်းဆုံးသော ရတနာများနှင့် အရင်းအမြစ်များသည် ထိုမြို့တော်တွင် စုဝေးနေ၏။ ကံမကောင်းအကြောင်းမလှသည်မှာ ထိုမြို့တော်တွင် နေထိုင်ခဲ့စဥ်က သူတို့သည် ကျောင်းသားများသာ ဖြစ်လေရာ လေ့ကျင့်ရင်း သင်ယူရင်းနှင့်သာ အချိန်ကုန်ခဲ့ရ၏။ ငွေဖြုန်းရန် အချိန်မရခဲ့။ မြို့တော်အတွင်း၌သာ နေထိုင်ခဲ့ရ၍ အတွေ့အကြုံဟူသည်မှာလည်း များများစားစား မရခဲ့။ ယခုတော့ စုချန်းက ရူးသွပ်လောက်ချင်စရာ ငွေပမာဏနှင့် စျေးဝယ်ထွက်ရန် ပြောလာသောအခါ တိမ်တိုက်ကျားသစ်အနေနှင့် စိတ်မဝင်စားပဲ အဘယ်မှာ ရှိအံ့နည်း။

စုချန်းတွင် နောက်ထပ် စိတ်ကူးတခုတော့ ရှိနေသေး၏။ ၎င်းမှာ ကုချိန်းလွှာနှင့် တွေ့ဆုံရန်ပင် ဖြစ်သည်။ သူ့အနေနှင့် သူမကို လွမ်းဆွတ်နေသည် မဟုတ်ပါလား။

လွန်ခဲ့သော ရက်တချို့က ကုချိန်းလွှာသည် အလုပ်ကိစ္စနှင့် ရှည်လျားရစ်ခွေမြို့တော်သို့ ရောက်ရှိလာ၏။ ထိုအကြောင်းကိုလည်း စုချန်းက သိထားပြီး ဖြစ်သည်။ သူနှင့် ကုချိန်းလွှာသည် အမြဲတစေ အဆက်အသွယ်ရှိနေသည် မဟုတ်ပါလား။ ထိုအကြောင်းကို သိကတည်းက စုချန်းကလည်း စိတ်ကို ဆုံးဖြတ်ပြီးလေပြီ။

ငွေအမြောက်အများ ရရှိထားသည့် လူငယ်တိုင်းလိုလိုသည် ၎င်းတို့၏ ချစ်သူမိန်းကလေးများအား အကောင်းဆုံး ဂရုစိုက်တတ်ကြ၏။ စုချန်းကော ဘာအသားနှင့် ထုလုပ်ထားသည်မို့နည်း။

အစီအစဥ်ဆွဲပြီးသည်နှင့် စုချန်းသည် တိမ်တိုက်ကျားသစ်နှင့် သံမဏိကို ခေါ်ကာ မြို့တော်မှ ထွက်ခွာလာခဲ့လေသည်။

ဆယ်ရက်ခန့်အကြာတွင်တော့ သူတို့သုံးယောက်သည် ရှည်လျားရစ်ခွေမြို့တော်သို့ ရောက်ရှိလာ၏။

ထိုအချိန်မှာပင် လူရိပ်တရိပ်သည် ကြောက်စရာအမြန်နှုန်းဖြင့် ပြေးလွှားလာပြီး စုချန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။ ကုချိန်းလွှာပင် ဖြစ်သည်။

သူမသည် စုချန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူမ၏ မျက်လုံးအစုံမှာကား ပျော်ရွှင်မှုကြောင့် ဝင်းလက်တောက်ပနေလေသည်။

"ဘာလို့ ခုချိန်ထိ ကြာနေတာလဲ"

စုချန်း ပြုံးလိုက်သည်။

"ခရီးက အရမ်းဝေးတယ်လေကွာ ကျုပ်တို့လဲ မြန်နိုင်သမျှ မြန်အောင်လာခဲ့တာပဲ"

ကုချိန်းလွှာက စုချန်း၏ နဖူးကို သူမ၏ လက်ချောင်းများဖြင့် ညင်သာစွာ ခေါက်လိုက်သည်။

"ရှင်ဟာလေ လူမိုက်ပဲ ကျွန်မ ရှင့်ကို မပြောဘူးလား တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ကို ဝယ်ခဲ့ပါလို့"

တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ဟူသည်မှာ လေပေါ်တွင် ပျံသန်းနိင်သည့် မူလကိရိယာကြီးတမျိုး ဖြစ်သည်။ ၎င်းကိရိယာကို မူလကျောက်တုံးများဖြင့် စွမ်းအင်ပေးပြီး လူများက ၎င်းအပေါ်တွင် ထိုင်လျက်သား စီးနင်းလိိုက်ပါနိုင်၏။ အသုံးဝင်သည်နှင့်အမျှ အလွန်တန်ဖိုးကြီးမား၍ မူလကျောက်တုံး သန်းနှင့်ချီကာ ကျသင့်သွားနိုင်၏။

လက်ရှိတွင် စုချန်းအဖို့ ငွေကြေးအမြောက်အများ ပိုင်ဆိုင်ထားပြီဖြစ်၍ ဇိမ်ခံပစ္စည်းတချို့တလေအတွက် ငွေကြေးဖြုန်းတီးရန် အချိန်ကျပေပြီ။

ထိုအခါ စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"ကျုပ်တို့ ပျံသန်းခြင်းလမင်းစန္ဒာအလုပ်ရုံကို သွားကြမယ်ဆိုရင်ကော ဘယ့်နှယ်လဲ"

ပျံသန်းခြင်းလမင်းစန္ဒာအလုပ်ရုံဟူသည် မြို့တော်၏ နံပါတ်တစ် မူလကိရိယာအရောင်းဆိုင်ဖြစ်ပြီး အမျိုးမျိုးအဖုံဖုံသော ရတနာပစ္စည်းများကို ရောင်းချလျက်ရှိသည်။

တန်ဖိုးကြီးမူလကိရိယာများ ဝယ်ယူလိုသည်ဆိုပါက ထိုနေရာသည် အသင့်တော်ဆုံးပင်။

စုချန်း၏ မေးခွန်းကို ဖြေရန်ဟန်ပြင်လိုက်စဥ်မှာပင် အဝေးဆီမှ အသံတသံ ထွက်ပေါ်လာ၏။

"သတ္တမမြောက်အငယ်တန်းညီမလေး မင်း မနက်စောစော တလမ်းလုံးပြေးလာတာ ဒီလူကို တွေ့ဖို့လား"

သူတို့အားလုံး အသံထွက်ပေါ်လာရာ နေရာဆီသို့ ချာခနဲ လှည့်ကြည့်လိုက်ကြသည်။ ထိုစဥ် သူတို့ရှိရာသို့ လျှောက်လာသော လူငယ်တယောက်ကို အားလုံး မြင်တွေ့လိုက်ရ၏။

သူက စုချန်းကို မြင်သည်နှင့် စေ့စေ့စပ်စပ် ကြည့်ရှုရင်း ပြောလိုက်သည်။

"မင်း နေ့ကော ညကော စဥ်းစားနေတဲ့ စုချန်းဆိုတာ သူပဲလား သူ့ကို ကြည့်ရတာ သာမာန်ပါပဲလား"

"ရှင် စကားကောင်းကောင်း မပြောတတ်ရင် ပါးစပ်ပိတ်ထားစမ်းပါ"

ကုချိန်းလွှာကို ဒေါသတကြီးနှင့် ပြောလိုက်သည်။ ထို့နောက် သူမက စုချန်းဘက်သို့ လှည့်ရင်း ပြောလိုက်၏။

"သူက ကျွန်မရဲ့ စတုတ္တအစ်ကိုဝမ်းကွဲ ကုကျင်းတန်တဲ့ သူက ဘဝင်လေဟပ်နေတာ သူပြောတာ ရှင် စိတ်မရှိနဲ့နော်"

ကုချိန်းလွှာတွင် အစ်ကိုရင်းတယောက်သာ ရှိသည်။ သို့သော် သူမ အဖေဖက်မှာ မောင်နှမဝမ်းကွဲ အတော်များများတော့ ရှိနေ၏။ ကုကျင်းတန်မှာ ထိုအထဲမှ တယောက် ဖြစ်သည်။

လူတယောက်သည် မိမိ မမြင်ဖူးသော လူတယောက်အား တွေ့သည်နှင့် ရောက်ရောက်ချင်းဆောက်နှင့်ထွင်းဆိုသလို နှိပ်ကွပ်လိုက်ခြင်းအတွက် ဖြစ်နိုင်ချေ နှစ်မျိုးသာရှိကြောင်း စုချန်း ကောင်းစွာ သဘောပေါက်ထား၏။

ပထမဖြစ်နိုင်ချေမှာ ပင်ကိုယ်သဘာဝအရကိုက မာနကြီးမောက်မာခြင်းကြောင့် ဖြစ်သည်။ ဒုတိယဖြစ်နိုင်ချေမှာကား လှုံ့ဆော်မှုတချို့ ရှိနေခြင်းကြောင့်ပင်။

ကုချိန်းလွှာ၏ စကားအရ ကုကျင်းတန်သည် ပင်ကိုယ်သဘာဝအရ မောက်မာနေခြင်းမှန်း စုချန်း သိလိုက်၏။ သူ့အနေနှင့် ထိုအတွက် စိတ်ကွက်နေစရာ အကြောင်းမရှိ။

ထိုစဥ် ကုကျင်းတန်က ပြောလိုက်ပြန်သည်။

"သတ္တမမြောက်ညီမလေး ဟိုမှာ ထန်မျိုးနွယ်စုတွေက မင်းကို စောင့်နေတယ် ဒါကို မင်းက ဒီမှာလာပြီး သူနဲ့တွေ့နေတယ် တော်ကြာ တစုံတခု ပြသနာတက်ခဲ့ရင် ကျုပ် မင်းကို သတိမပေးခဲ့ဘူးလို့ အပြစ်မတင်နဲ့နော်"

စုချန်း အခြေအနေကို ချက်ချင်း သဘောပေါက်သွား၏။ သူက မေးလိုက်သည်။

"ချိန်းလွှာ မင်းမှာ တခြားအလုပ် ကျန်နေသေးတာလား"

ကုချိန်းလွှာက မျက်လွှာပင့်ရင်း ပြောလိုက်၏။

"ဘာမှမဟုတ်ပါဘူး ကျွန်မ မတွေ့ချင်တဲ့ လူတချို့နဲ့ တွေ့ဖို့ရှိနေတာပါပဲ ထားလိုက်ပါ သူတို့ စောင့်ပါစေ ကျွန်မတို့ ပျံသန်းခြင်းလမင်းစန္ဒာဆိုင်ကိုပဲ အရင်သွားကြတာပေါ့"

ကုကျင်းတန်က ချက်ချင်းပင် ကန့်ကွက်လိုက်သည်။

"ဘယ်ဖြစ်မလဲ ဟိုမှာ ဆဌမအစ်ကိုထန်က မင်းကိုတွေ့ဖို့ ကိုယ်တိုင် ခွင့်တောင်းထားတာလေ မင်း ခုချက်ချင်း သွားရမယ်"

စုချန်းက ပြေရာပြေကြောင်း ဝင်ပြောလိုက်သည်။

"အလုပ်ကိစ္စက ပိုအရေးကြီးတာပေါ့ချိန်းလွှာ မင်း သွားလိုက်ပါ ကျုပ်တို့ နောက်မှ အေးအေးဆေးဆေး တွေ့လို့ရပါတယ်"

စုချန်းကိုယ်တိုင်က ထိုသို့ ပြောလာလေရာ ကုချိန်းလွှာ ဘာမှ မတတ်နိုင်ပဲ သဘောတူလိုက်ရ၏။

"ကောင်းပြီလေ ကျွန်မ လေလှိုင်းနန်းဆောင် ကောင်းကင်အထပ် ပဥ္စမမြောက်အခန်းမှာ စောင့်နေမယ် ရှင် ဆက်ဆက်လာခဲ့"

"ကောင်းပါပြီဗျာ"

စုချန်း ရယ်မောရင်း ပြောလိုက်သည်။

ကုချိန်းလွှာ လှည့်ထွက်သွား၏။ ကုကျင်းတန်လည်း သူမနောက်မှ လိုက်ပါသွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် သူမက တစုံတရာကို သတိရလာဟန်ဖြင့် ကုကျင်းတန်ကို ပြောလိုက်သည်။

"စုချန်း လမင်းစန္ဒာအလုပ်ရုံကို မသိဘူး ဒီတော့ ရှင် သူတို့ကို လိုက်ပို့ပေးလိုက်"

"ကျုပ်က ဟုတ်လား"

ကုကျင်းတန် ကြက်သေသေသွား၏။

ကုချိန်းလွှာက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

"ဆဌမမြောက်အစ်ကိုက ကျွန်မကို တွေ့ချင်တာလေ ရှင့်ကို တွေ့ချင်တာမှမဟုတ်တာ ဒီတော့ ရှင်လိုက်လိုက် မလိုက်လိုက် အရေးမကြီးဘူး ဒီတော့ ရှင့်အနေနဲ့ ဒီမှာနေပြီး စုချန်းတို့ကို နည်းနည်းပါးပါး ကူညီပေးလိုက်တော့ မကောင်းဘူးလား"

ကုကျင်းတန်၏ မျက်နှာပေါ်တွင် မနှစ်မြို့ဟန် ပေါ်လာ၏။

"ကျုပ်လို သခင်လေးတယောက်က ဒီလူ သွေးဗီဇမရှိတဲ့လူတွေကို လိုက်ပြီး ကူညီပေးရမယ်တဲ့လား"

"ရှင်မသွားရင် ကျွန်မလဲ မသွားဘူး တာဝန်က နှစ်ယောက်လုံးမှာ ရှိတယ် တာဝန်မကျေရင် နှစ်ယောက်လုံး အပြစ်ပေးခံရမှာ ကျွန်မကတော့ အပြစ်ပေးခံရလဲ ဂရုမစိုက်ဘူး ဒါပေမဲ့ တယောက်ယောက်ကတော့ ဒီလို မဖြစ်ချင်ဘူးနဲ့တူတယ် ဟုတ်ရဲ့လား"

ကုချိန်းလွှာက အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

"မင်း..မင်း"

ကုကျင်းတန် ဒေါသထွက်လာဟန်တူသည်။ အတန်ကြာစဥ်းစားပြီးမှ သူက ပြောလိုက်သည်။

"ကောင်းပြီလေ မင်း နိုင်သွားပြီ"

ထို့နောက် သူက စုချန်းတို့ရှိရာသို့ လျှောက်သွားရင်း မသာမယာနှင့် ပြောလိုက်သည်။

"သွားကြမယ်"

စုချန်းက ကုချိန်းလွှာကို လှမ်းကြည့်လိုက်ရာ သူ့ထံသို့ အဓိပ္ပာယ်ပါပါ ပြန်ကြည့်နေသော သူမကို မြင်လိုက်ရ၏။

သူတို့နှစ်ယောက် သိကျွမ်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တယောက် ဘာတွေးနေသည်ကို မပြောပဲနှင့် သိနိုင်ကြ၏။ ကုချိန်းလွှာ၏ အကြည့်ကို မြင်သည်နှင့် ကုကျင်းတန်ကို ပညာပေးရန် ပြောနေကြောင်း စုချန်း ချက်ချင်း သဘောပေါက်လိုက်သည်။ သူက ကြိတ်ရယ်မောရင်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

သို့သော် စုချန်းတွင် ကွဲပြားခြားနားသော အစီအစဥ်မျိုး ရှိနေ၏။

ကုချိန်းလွှာကား သူမတို့မျိုးနွယ်စုမှ တန်ဖိုးမဖြတ်နိုင်သည့် သခင်မလေး ဖြစ်သည်။ သူမ လုပ်လိုရာကို စိတ်ထင်သလို လုပ်နိုင်၏။ စုချန်းမှာကား တချိန်ကျလျင် ကုမျိုးနွယ်စု၏ သမက် ဖြစ်လာမည့်သူ ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ပို၍ သတိထားသင့်သည် မဟုတ်ပါလား။

ကုကျင်းတန်ကို ကြည့်ပြန်လျင်လည်း ၎င်းသည် သဘာဝအရကိုက မာနကြီးပုံရ၏။ သူ့အပေါ် မလိုတမာ ဟုတ်ပုံတော့မရ။ ထို့ကြောင့် စုချန်းအနေနှင့် ၎င်းကို တမင်သက်သက် ဒုက္ခပေးရမည်မှာ စဥ်းစားစရာပင်။ တချိန်တည်းမှာပင် စုချန်း၏ စိတ်ထဲတွင် ပြုလုပ်ရမည့် အစီအစဥ်ကို ကြိုတင်စဥ်းစားထားပြီးလေပြီ။

ထို့နောက်တွင်ကား သူတို့လေးယောက်သည် လမင်းစန္ဒာအလုပ်ရုံဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြ၏။

သွားနေရင်းနှင့်ပင် ကုကျင်းတန်က ငြီးတွားလိုက်သည်။

"လမင်းစန္ဒာအလုပ်ရုံဆိုတာ တကယ့်ကို ကြီးကျယ်တဲ့နေရာ ရောင်းနေတဲ့ပစ္စည်းတွေကလဲ ထိပ်တန်းတွေချည်းပဲ ဒီလိုနေရာကို သာမာန်လူတွေ ဘယ်လိုလုပ်သွားနိုင်မှာလဲ ချိန်းလွှာဟာ တော်ဝင်မျိုးနွယ်စုက လာတာဖြစ်တဲ့အတွက် စိတ်ထင်တိုင်းလုပ်တတ်တယ် သူ အဆင့်နိမ့်တဲ့ သာမာန်လူတွေရဲ့အကြောင်းကို ဘာမှ မသိသေးဘူး ဒီတော့ ကျုပ်တို့ အချိန်မကုန်အောင် တခြားနေရာတခုကို ပြောင်းသွားတာ ပိုကောင်းလိမ့်မယ်"

စုချန်း ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့လေ ကျုပ်တို့ လမင်းစန္ဒာအလုပ်ရုံကိုပဲ သွားကြမယ်",

"ဟင်း မင်းက ခုချိန်ထိ ဟန်ဆောင်နေတုန်းပဲကိုး"

ကုကျင်းတန်က ရေရွတ်လိုက်သည်။ ထို့နောက် သူက သူတို့သုံးယောက်အား အလုပ်ရုံဆီသို့ ဦးဆောင်ခေါ်ယူသွား၏။

လမင်းစန္ဒာအလုပ်ရုံသည် မြို့တော်၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး ရှည်လျားသည့် အဌဂံပုံစေတီ၏ အောက်ထဲတွင် တည်ဆောက်ထားလေသည်။

အလုပ်ရုံထဲသို့ ဝင်လိုက်သည်နှင့် အမျိုးသမီးတယေက်က သူတို့အား ဆီးကြိုနှုတ်ဆက်လာ၏။

"ဧည့်သည်တော်ကြီးတို့ ဘာများလိုအပ်ပါသလဲရှင်"

သူမ၏ အသံမှာ ပျူငှာယဥ်ကျေးလှသည်။

"ကျုပ်တို့ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တစီးလောက် အရင်ကြည့်ချင်တယ်"

တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ဟူသော အသံကို ကြားသည်နှင့် ကုကျင်းတန်၏ မျက်လုံးအစုံသည် ပြူးကျယ်ဝိုင်းစက်သွား၏။ သို့သော် တခနမျှ စဥ်းစားပြီးသည်နှင့် စုချန်းတယောက် ခုချိန်ထိ ဟန်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု သူက တွေးတောမိလိုက်သည်။

အမျိုးသမီးသည် သူတို့အား စတုတ္တမြောက်အထပ်သို့ ခေါ်ယူသွား၏။ စေတီအောက်ခြေရှိ နေရာကျဥ်းကျဥ်းလေးမှာပင် လေဟာနယ်စွမ်းအင်နှင့် ဖန်တီးထားခြင်းကြောင့် အလုပ်ရုံမှာ ကျယ်ဝန်းလှ၏။

စတုတ္တမြောက်တထပ်လုံးမှာ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များနှင့်သာ ပြည့်နှက်နေ၏။

လွန်းပျံယာဥ်များမှာ အရွယ်စုံပင် ဖြစ်သည်။ တချို့မှာ အထပ်များစွာ ပါရှိပြီး အမြောက်များပါ တပ်ဆင်ထားသည့် ယာဥ်ကြီးများ ဖြစ်သည်။ တချို့မှာ လူတဦးတည်းသာ သယ်ဆောင်နိုင်သည့် ယာဥ်ငယ်များ ဖြစ်သည်။ လေဟာနယ် ဖန်တီးထားသည့် အလုပ်ရုံနှင့်ပင် မဆံ့လောက်အောင် ကြီးမားနေသည့် ယာဥ်ကြီးများကိုလည်း ပုံရိပ်များအဖြစ် မြင်တွေ့နေရ၏။

All Chapters