တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ် ၁
Vol. 47 Ch. 464
များပြားလှသော တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များကို မြင်တွေ့ရသောအခါ စုချန်းတို့သုံးဦးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။
တကယ်တော့ ၎င်းမှာ အံ့သြစရာ မဟုတ်ချေ။ လမင်းစန္ဒာအလုပ်ရုံဟူသည် လောင်စန်းတနိုင်ငံလုံးတွင် နာမည်အကြီးဆုံး အလုပ်ရုံ မဟုတ်ပါလား။ စုချန်း၏ ၇၈၀မီလျံမျှသော မူလကျောက်တုံးများသည်ပင် ဤတထပ်တည်းရှိ တိမ်တိုက်ထိုးခွင်းလွန်းပျံယာဥ်များကို ဝယ်ယူရန် မလုံလောက်ပေ။
၎င်းကို မြင်သောအခါ စုချန်း၏ စိတ်ထဲတွင် သူပိုင်သော ငွေကြေးသည် ဘာမှမဟုတ်သေးပါလားဟု ခံစားလိုက်ရ၏။
အမှန်တကယ် ချမ်းသာကြွယ်ဝသူများသည် အဆင့်မြင့်မူလကျောက်တုံးများကိုသာ အခြေခံငွေကြေးအဖြစ် သုံးစွဲလေ့ရှိကြ၏။ သူ့အနေနှင့် ထိုအဆင့်သို့ ရောက်ရန် အဝေးကြီး လိုနေသေးပါကလား။
"ဒါလေးကြည့်ပါအုံးရှင် ဒါလေးက ခရမ်းရောင်အလင်းတန်းလွန်းပျံယာဥ်လို့ ခေါ်တယ် သူ့ရဲ့ အကြီးမားဆုံး အားသာချက်က မြန်တာပဲ မြန်တာမှ ခြေလှမ်းသုံးဆယ်ကို အသက်တရှုစာလောက်နဲ့ သွားနိုင်တဲ့အထိ မြန်တယ်"
အမျိုးသမီးကား အမျိုးမျိုးအဖုံဖုံသော လွန်းပျံယာဥ်များကို လက်ညိုးထိုးလိုက်၊ ရှင်းပြလိုက်နှင့် ကြော်ငြာနေတော့သည်။
ခြေလှမ်းဟူသည် မူလချီစွမ်းအားပညာရှင်များအကြားတွင် အကွာအဝေးကို ဖော်ပြရန် သုံးစွဲလေ့ရှိသည့် အတိုင်းအတာ ယူနစ်ဖြစ်သည်။ ထိုခြေလှမ်းမှာလည်း သာမာန်လူများ၏ ခြေလှမ်းကို ဆိုလိုခြင်းမဟုတ်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး၏ တခါခုန်စာကို ခြေတလှမ်းဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ ဆိုလိုသည့် အသက်တကြိမ် ရှုချိန်တွင် ခြေလှမ်းသုံးဆယ် သွားနိုင်သည် ဟူသော အဓိပ္ပာယ်မှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက် အကြိမ်၃၀ ခုန်ရာတွင် ရောက်ရှိနိုင်သည့် အကွာအဝေးကို ဤလွန်းပျံယာဥ်က အသက်တခါ ရှုလိုက်ရန် ကြာသည့် အချိန်တွင်း သွားနိုင်သည်ဟု ဆိုလိုလိုက်ခြင်းပင်။
ကြောက်စရာ အမြန်နှုန်းပေတကား။
သာမာန် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တစီးသည်လည်း အသက်တကြိမ်ရှုချိန်တွင် ခြေလှမ်း ဆယ်လှမ်းအထိ သွားနိုင်၏။ ခရမ်းရောင်အလင်းတန်းလွန်းပျံယာဥ်ကား ခြေလှမ်းသုံးဆယ်ထိ သွားနိုင်လေရာ အလွန်မြန်သည်ဟု သတ်မှတ်ရပေလိမ့်မည်။
သို့တိုင်အောင် စုချန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"အတွင်းခန်းက ကျဥ်းလွန်းတယ် ပြီးတော့ ဒီယာဥ်ရဲ့ ခံနိုင်ရည်ကလဲ နည်းလွန်းတယ်"
စုချန်း ပြောလိုက်သည့်အတိုင်းပင် ခရမ်းရောင်အလင်းတန်းလွန်းပျံယာဥ်ကား အသေးစားယာဥ်ငယ်မျှသာ ဖြစ်ပြီး လူနှစ်ဦးသာ တင်ဆောင်နိုင်၏။
ယာဥ်သေးငယ်သည်က သိပ်ပြသနာမရှိဟု ဆိုနိုင်သေး၏။ သို့သော် အဓိကပြသနာမှာ ဤယာဥ်၏ တည်ဆောက်ပုံအရ စွမ်းအင်များကို အမြန်နှုန်းအတွက် အသုံးပြုထားခြင်းကြောင့် ခံနိုင်ရည်ပိုင်းတွင် များစွာ ယုတ်လျော့သွားခြင်းပင်။
တကယ်တော့ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များသည် ပျံသန်းရေးကိရိယာသက်သက် မဟုတ်ပဲ ယာဥ်၏ ခံနိုင်ရည်ပိုင်းကလည်း အရေးကြီး၏။ သို့မဟုတ်ပါက လူတယောက်၏ လက်သီးတချက်တည်းနှင့် ယာဥ်သည် ပျက်စီးသွားပေလိမ့်မည်။ ထိုအခါ သန်းနှင့်ချီသော မူလကျောက်တုံးများမှာလည်း အဟောသိကံ ဖြစ်သွားရပေလိမ့်မည်။
ခရမ်းရောင်အလင်းတန်းလွန်းပျံယာဥ်သည် အလွန် မြန်သည်မှန်သော်လည်း မူလစွမ်းရည်တမျိုးလောက်တော့ မမြန်နိုင်။ ထို့ကြောင့် စုချန်းက ဤယာဥ်ကို သဘောမကျနိုင်ပဲ ဖြစ်နေလေသည်။
၎င်းကို မြင်သည်နှင့် ကုကျင်းတန်က ရေရွတ်လိုက်သည်။
"ကြည့် ကြည့် ဇာတ်လမ်းက စနေပြီ သူ တစီးပြီး တစီး ကြည့်လိုက် ငြင်းလိုက်နဲ့ လုပ်တော့မယ်"
စုချန်း၏ စကားကို ကြားသည်နှင့် အမျိုးသမီးက နောက်ထပ် ယာဥ်တစီးဆီသို့ ခေါ်ယူသွားပြန်သည်။ ထို့နောက် သူမက ရှင်းပြပြန်၏။
"ဒီတစီးကျတော့ကော ဒီယာဥ်ကိုတော့ ရွှေတောင်ကုန်းလွန်းပျံယာဥ်လို့ခေါ်တယ် ရွှေစင်သတ္တုအဆီအနှစ်တွေနဲ့ ရောစပ်ဖန်တီးထားတဲ့အတွက် အလွန်မာကြောတယ် သူ့ရဲ့ ခံနိုင်ရည်ကလဲ ၁၅၀ထိ ရှိတယ်"
ကျန်မူလကိရိယာများနှင့် မတူသည်မှာကား တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များကို အဆင့်မြင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့် ဟူ၍ အုပ်စုသုံးစုသာ ခွဲထားခြင်း ဖြစ်သည်။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များနှင့် ထိုထက်အဆင့်နိမ့်သူများသည် အဆင့်နိမ့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များကိုသာ သုံးစွဲလေ့ရှိကြ၏။
သို့သော် ဤယာဥ်ကိုလည်း စုချန်းက ငြင်းပယ်လိုက်ပြန်သည်။
"ဒီယာဥ်ကျပြန်တော့လဲ နှေးလွန်းတယ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ရဲ့ ပျမ်းမျှ အမြန်နှုန်းလောက်တောင် မရှိဘူး ခရမ်းရောင်အလင်းတန်းယာဥ်ရော ဒီယာဥ်ရောဟာ အစွန်းတဖက်စီကို ရောက်နေလွန်းတယ် ခင်ဗျားတို့မှာ ဒီထက်ကောင်းတာ ရှိသေးလား"
ထိုစကားကို ကြားသည်နှင့် ကုကျင်းတန်က တွေးလိုက်သည်။
ဒီထက် ပိုကောင်းတာလဲ မင်း မတတ်နိုင်ပါဘူးကွာ သိပ်လေကြီးမနေစမ်းပါနဲ့....
စုချန်း၏ စကားကြောင့် အမျိုးသမီးက ပြုံးလိုက်၏။
"ဧည့်သည်တော်ကြီးတွေက ဒီထက်ပိုကောင်းတာ လိုချင်တယ်ဆိုရင်လဲ ကျွန်မတို့ဆီမှာ နည်းနည်းပါးပါး ရှိပါတယ် ဒီတစီးကို ကြည့်ပါအုံး ဒီယာဥ်ကိုတော့ ဘဲငန်းအလျင်ယာဥ်လို့ ခေါ်ပြီး အနက်ရောင်ရေရွှေစင်နဲ့ ပြုလုပ်ထားတယ် သူ့ခံနိုင်ရည်ကတော့ ၅၀ထိ ရှိပြီး အသက်တရှုစာမှာ ခြေလှမ်းဆယ်လှမ်းထိ သွားနိုင်တယ်"
စုချန်းက ဘဲငန်းအလျင်ယာဥ်ကိုကြည့်ရင်း မှတ်ချက်ပြုလိုက်သည်။
"ဒီယာဥ်ကျတော့လဲ တောက်ပြောင်လွန်းတယ် ကျုပ် ထွက်ပြေးရမဲ့အချိန်မှာ သူ့ရဲ့ တောက်ပြောင်မှုက ကျုပ် ရန်သူတွေကို ဆွဲဆောင်မိသလို ဖြစ်နေလိမ့်မယ်"
အမျိုးသမီးကား အရောင်းစာရေး ပီသလှသည်။ အနည်းငယ်မှ စိတ်ကွက်ခြင်းမရှိပဲ တစီးပြီး တစီး ဆက်လက် ပြသနေ၏။ သူမ ညွှန်ပြနေသည့် ယာဥ်များမှာလည်း ပို၍ ပို၍ အဆင့်အတန်း မြင့်လာလေသည်။ တဖက်တွင်လည်း သူမ၏ စုချန်း ငွေမည်မျှ သုံးနိုင်မည်ကို စဥ်းစားတွက်ချက်လျက်ရှိသည်။
စုချန်းကို ကြည့်ပြန်လျင်လည်း ၎င်း၏ ပြောပေါက်ဆိုပေါက်နှင့် စီစစ်ရွေးချယ်နေပုံက အလွန်ပင် အကျိုးသင့်အကြောင်းသင့် နိုင်လွန်း၏။ ဤအချက်က စုချန်းသည် ငွေသုံးနိုင်သူဖြစ်ကြောင်း ညွှန်ပြလျက်ရှိလေသည်။
တဖက်တွင်ကား ကုကျင်းတန်က စုချန်းတယောက် သိပ်မကြာခင် အရှက်ကွဲတော့မည်ဟု တွေးတောနေ၏။ ထိုအခါ သူက စုချန်းတို့နှင့် ရောယောင်အရှက်ကွဲခြင်းမရှိစေရန် နောက်သို့ တဖြည်းဖြည်း ဆုတ်လိုက်သည်။
ထိုအချိန်တွင် အမျိုးသမီးကား ဇိမ်ခံပစ္စည်းအဆင့် ယာဥ်များကို စတင်ပြသလျက်ရှိလေပြီ။
"ဒီယာဥ်ကိုတော့ ငန်းပျံယာဥ်လို့ခေါ်တယ် ခံနိုင်ရည်၆၀ရှိပြီး ခြေလှမ်းနှစ်ဆယ်ထိ မြန်တယ် အလင်းတန်းအမြောက်တွေလဲ ပေါင်းစပ်တည်ဆောက်ပေးထားတယ် အမြောက်တွေက နောက်ပြန်ပစ်လို့ရတဲ့အတွက် ထွက်ပြေးနေတဲ့အချိန်မှာတော့ ရှင့်အနေနဲ့ ရန်သူတွေကို တိုက်ခိုက်လို့ရတယ်"
သို့သော် စုချန်းက ခေါင်းကို ခါယမ်းလိုက်ပြန်၏။
ဤတကြိမ်ဝယ်ယူမှုသည် သူ့အသက်ကို ကာကွယ်ရန် အကြီးမားဆုံး ဝယ်ယူမှု ဖြစ်သည်။ ထို့ကြောင့် အကောင်းဆုံးယာဥ်အတွက်သာ ငွေသုံးမည်ဟု စုချန်းက ဆုံးဖြတ်ထားလေသည်။
နောက်ဆုံးတော့ သူ့တွင် ငွေကြေးအလုံအလောက် ရှိနေခဲ့ပြီ မဟုတ်ပါလား။
ထိုအခါ သူက လိုရင်းကို တည့်တည့်ပင် ပြောလိုက်၏။
"ခင်ဗျားတို့ဆီမှာ ခြေလှမ်း အစိတ်ထက် ပိုမြန်ပြီး ၁၂၀လောက်ခံနိုင်ရည်ရှိတဲ့ ယာဥ်မျိုး ရှိသလား ဒါတင်မကသေးဘူး ဒီယာဥ်ဟာ လူ ၃ယောက်ကနေ ၇ယောက်ထိ သယ်ဆောင်နိုင်ရမယ် သယ်ယူပြောင်းရွှေ့တဲ့နေရာမှာလဲ လွယ်ကူရမယ်"
ထိုစကားကြောင့် အမျိုးသမီး၏ မျက်နှာမှာ ကြည့်ရဆိုးလောက်အောင် ရုပ်ပျက်သွား၏။
စုချန်း၏ တောင်းဆိုမှုမှာ မနိမ့်လှ။ အထူးသဖြင့် သယ်ယူရ လွယ်ကူရမည်ဟူသော တချက် ပါဝင်နေ၏။ ဆိုလိုသည်မှာ ထိုယာဥ်တွင် အရွယ်အစားကို ခြုံ့ပစ်နိုင်သည့် လေဟာနယ်မူလပုံစံကွက် ပါဝင်ရမည်ဟု ဆိုလိုနေခြင်းပင်။
"ဒီလို သီးခြားတည်ဆောက်ထားတဲ့ ယာဥ်မျိုးက ရှာရမလွယ်ဘူး ပြီးတော့ စျေးနှုန်းကလဲ အတော်ကို မြင့်လိမ့်မယ်ရှင့်"
"ခင်ဗျားတို့မှာ ဒီယာဥ်မျိုး ရှိသလား မရှိဘူးလား ဒါကိုပဲ ပြောစမ်းပါ"
စုချန်းက ခပ်ပြတ်ပြတ်ပင် မေးလိုက်သည်။
၎င်းကိုကြည့်ရင်း ကုကျင်းတန်က တွေးလိုက်သည်။
မင်းတို့မှာ ဒီလိုယာဥ်မျိုး မရှိရင် ကံကောင်းတာပဲ ရှိများရှိနေလို့ကတော့ ဒီကောင်ဟာ အဆမတန် စျေးဆစ်ပြီး အရောင်းအဝယ်ပျက်အောင် လုပ်ပါလိမ့်မယ်...
"ခနလေးစောင့်ပါရှင်"
အမျိုးသမီးက စုချန်းအား တောင်းပန်လိုက်၏။
သူမအနေနှင့် အကြီးအကဲများဆီမှ ခွင့်ပြုချက်တောင်းခံရန် လိုအပ်မှန်း စုချန်း သဘောပေါက်ပြီးသားပင်။
သူ တောင်းဆိုလိုက်သည့် ယာဥ်မျိုးမှာ အတော်လေး ရှားပါးသည် မဟုတ်ပါလား။ ၎င်းတို့တွင် တစီးတလေ ရှိလျင်ပင် ၎င်းတို့အတွက် အရေးပါသော လူစားမျိုးကိုသာ ရောင်းချင်ပေလိမ့်မည်။
သိပ်မကြာမီ အမျိုးသမီးတယောက် ပေါ်လာ၏။ ပထမ အမျိုးသမီးက ထိုအမျိုးသမီးနောက်မှ လိုက်ပါလာ၏။
ထိုအမျိုးသမီးကား အလွန်လှပြီး နှစ်လိုဖွယ်ရာ ရှိလေသည်။ စုချန်းတို့ကို မြင်သည်နှင့် သူမက ပြုံးရွှင်သော အမူအရာနှင့် နှုတ်ဆက်လိုက်၏။
"လမင်းစန္ဒအလုပ်ရုံရဲ့ ချွေ့မြှောက်လင် ဧည့်သည်တော်တွေကို နှုတ်ခွန်းဆက်ပါတယ် ဧည့်သည်တော်ကြီးရဲ့ နာမည်ကို သိပါရစေရှင်"
"ကျုပ်နာမည် စုချန်းပါ"
"အိုး မင်းသားလေးစုချန်းကိုး"
ချွေ့မြှောက်လင်က စုချန်းအား ပြုံးရွှင်သော အမူအရာနှင့် ဦးညွတ်ပြီး နေရာထိုင်ခင်း ပေးလိုက်၏။ ထို့နောက် ကျန်အမျိုးသမီးအား လဖက်ရည်ယူလာရန် အချက်ပြလိုက်သည်။ ထို့နောက် သူမက စကားစ၏။
"မင်းသားလေးစု လိုချင်တဲ့ယာဥ်မျိုးက ထိပ်တန်းအဆင့် ယာဥ်တွေထဲမှာ ပါတယ် ဒီလိုယာဥ်မျိုးက ဒီလို ဆိုင်သေးသေးလေးမှာတော့ တွေ့နိုင်ဖို့ သိပ်မလွယ်တာ အမှန်ပါပဲရှင်"
သူမ၏ ကနဦးစကားကြောင့် စုချန်း မျက်မှောက်ကုတ်လိုက်သည်။
သူမက စကားဆက်ပြန်၏။
"ဒါပေမဲ့ မင်းသားလေးစု တကယ်လိုချင်တယ်ဆိုရင်တော့ ကျွန်မတို့ တစီးတလေလောက် ကြံဆောင်ပေးလို့ရပါတယ် စျေး အဆင်ပြေမယ်ဆိုရင်ပေါ့ ဒီတော့ ကျွန်မတို့ စျေးနှုန်းကလေး အရင်ညှိုကြည့်ရင် ကောင်းမယ်ထင်တယ်"
တဖက်က စျေးညှိလိုကြောင်း စုချန်း သဘောပေါက်လိုက်သည်။
"စျေးနှုန်းက ဘယ်လောက်လဲဗျ"
"အဆင့်နိမ့်မူလကျောက်တုံး တစ်ရာမီလျံလောက်တော့ ကျသင့်မယ်ရှင့်"
ထိုစျေးနှုန်းကြောင့် တိမ်တ်ိုက်ကျားသစ်နှင့် သံမဏိတို့ပင် မျက်လုံးပြူးသွား၏။ စုချန်း၏ မျက်နှာမှာကား ပကတိအတိုင်း တည်ငြိမ်နေလေသည်။
သူက ပြောလိုက်၏။
"စျေးကြီးနေတယ်ဗျ"
ကုကျင်းတန် ကြိတ်ရယ်မောလိုက်၏။
စျေးကြီးတယ်တော့ ပြောနေပြီ...ပြီးရင် မတန်တဆ စျေးဆစ်မယ်...အရောင်းအဝယ်ပျက်အောင်လုပ်မယ်...
အရာအားလုံးမှာ သူ ကြိုတင်မှန်းဆထားသကဲ့သို့ ဖြစ်လာနေပြီ မဟုတ်ပါလား...